ဆောင်းပါး

အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက်လား အချက်လား

Want create site? Find Free WordPress Themes and plugins.

မကြာသေးမီက မြန်မာနိုင်ငံရှိ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ သံရုံးများအကြား လူမှုကွန်ရက်တွင် အငြင်းပွားမှုသည် မြန်မာနိုင်ငံကို အင်အားကြီး နှစ်နိုင်ငံအကြား သံတမန်ရေးရာ အငြင်းပွားမှုအတွင်းသို့ ရောက်ရှိစေသည်။ အမေရိကန် သံတမန်တဦး၏ အတွေ့အမြင်ဆောင်းပါးတွင် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများနှင့် ဟောင်ကောင်ကို အပြင်းအထန် ဖြိုခွဲခြင်းသည် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်မှုကို ထိပါးကြောင်း စွပ်စွဲသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကချင်ပြည်နယ်မှ စည်းကမ်းမဲ့ ငှက်ပျောသီး စိုက်ခင်းများ၊ မေးခွန်းထုတ်စရာဖြစ်နေသော သတ္တုတူးဖေါ်ရေးနှင့် သစ်တောကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံမှုများနှင့် အဂတိလိုက်စားမှုများနှင့် အကြွေးဖြင့် တည်ဆောက်မည့် လုပ်ထုံးလုပ်နည်းအရ ထိန်းကြောင်းမှုကို မြန်မာနိုင်ငံဆုံးရှုံးသည့် အခြေခံအဆောက်အအုံနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းများဖြင့်ထိပါး ခြိမ်းခြောက် နေကြောင်း အမေရိကန် သံတမန်က သတိပေးသည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင် အလျှင်အမြန် ပျက်စီးခြင်းမှာ အဂတိလိုက်စားမှုနှင့် တရုတ်နိုင်ငံက ညံ့ဖျင်းစွာ စီမံသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့်ဖြစ်ကြောင်းလည်း သူထောက်ပြသည်။

အမေရိကန်သံရုံး၏ ပြောဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သံရုံးက အထက်ပါဆောင်းပါးကို ရေးသားသူသည် တရုတ်နိုင်ငံကို အကြီးအကျယ် အသရေဖျက်ကာ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု ပျက်စီးအောင် တရုတ်နှင့်မြန်မာနိုင်ငံအကြားဆက်ဆံရေးတွင် သွေးကွဲအောင် ပြုလုပ်ရန်ကြိုးစားခြင်းဖြစ်ကြောင်း ပြောသည်။ ထိုဆောင်းပါးသည် မစားရသော စပျစ်သီးကို ချဉ်သည်ဟုပြောသော အမေရိကန်၏ တရတ်မြန်မာဆက်ဆံရေးအပေါ် သဘောထားကို ပြသနေရုံသာမက ပြည်တွင်းပြဿနာများနှင့် အတ္တဆန်သော နိုင်ငံရေး အမြတ်ထုတ်မှုမှ အာရုံလွှဲရန်ကြိုးစားသည့် အမေရိကန်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။

လက်တွေ့တွင် ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံများအပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှ အမေရိကန် သံရုံးများကလည်း တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သည့် အမေရိကန်နိုင်ငံ၏ ပိုမိုတင်းမာသော သဘောထားကို လွန်ခဲ့သောအပတ်က တပြိုင်နက် ထုတ်ပြန်ကြေညာသည်။

ပိုမိုပြင်းထန်သည့် လမ်းကြောင်းမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယို၏ ဇူလိုင်လ ၁၃ ရက်နေ့က ကြေညာချက်မှ မူဝါဒအပြောင်းအလဲ ကြောင့် ဖြစ်ကြောင်း အမေရိကန် သံရုံးပြောခွင့် ရသူတဦးက ဧရာဝတီသတင်းဌာနသို့ပြောသည်။ ထိုအပြောင်းအလဲအရ အမေရိကန်ပြည်ထောင်စုသည် တောင်တရုတ်ပင်လယ်မှ ပိုင်နက်တောင်းဆိုမှုများ နှင့်ပတ်သက်ပြီး အရှေ့တောင်အာရှ ကမ်းခြေနိုင်ငံများသည် နိုင်ငံတကာဥပဒေအရ ၎င်းတို့အချုပ်အခြာအာဏာ အခွင့်အရေးများ ဆုပ်ကိုင်ထားခြင်းအပေါ် အမေရိကန်နိုင်ငံ၏ ထောက်ခံမှုကို ပိုမိုခိုင်မာစေသည်။

တချိန်တည်းတွင် ထိုအပြောင်းအလဲသည် ပင်လယ်ပြင်လွတ်လပ်မှုကိုလည်း ထောက်ခံပြီး တောင်တရုတ်ပင်လယ်မှ ဥပဒေနှင့်မညီသော ရေကြောင်းပိုင်နက်ကို အတင်းအကျပ် တွန်းအားပေးခြင်းကို အသုံးပြုသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အားထုတ်မှုကိုလည်း အမေရိကန်ပြည်ထောင်စု ဆန့်ကျင်ကြောင်း အထက်ပါ အမေရိကန် သံရုံးပြောခွင့်ရသူက အီးမေးလ်တစောင်တွင် ဖေါ်ပြထားသည်။

၂၀၂၀ ဇန်နဝါရီ တရုတ်-မြန်မာ ဆက်ဆံရေး နှစ် ၇၀ ပြည့် နေပြည်တော်အခမ်းအနား အစီအစဉ်တခုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံစဉ်/ နိုင်ငံတော်အတိုင်ပင်ခံရုံး

အမေရိကန်နိုင်ငံ၏ ရည်ရွယ်ချက်မှာ အရှေ့တောင်အာရှနိုင်ငံများကို ထောက်ခံရန် ဖြစ်ပုံရသည်။ သို့သော် ဝါရှင်တန်နှင့် ဘေ့ဂျင်းအကြား အပြန်အလှန်စွပ်စွဲချက်များကြောင့် ဒေသတွင်းနိုင်ငံများ သည် မည်သည့်ဖက်ကိုမျှမလိုက်အောင် ကြိုးစားရင်း အကျပ်အတည်းကိုလည်း ဖြစ်စေသည်။

အမေရိကန်ပြည်ထောင်စုသည် ဗိုင်းရပ်ကူးစက်မှုကြောင့် အပြင်းအထန်ခံစားနေရပြီး ထရမ့်အစိုးရသည် တရုတ်အား တရားခံရှာနေသောကြောင့် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံကို တွန်းအားပြန်လည်ပေးရန် အရှေ့တောင်အာရှရှိ အမေရိကန် သံရုံးများ အင်အားစုခြင်းသည် အံ့သြစရာမဟုတ်ကြောင်း ဘန်ကောက်မှ ချူလာလောင်ကွန် တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ လုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအင်စတီကျု ပါမောက္ခနှင့် ညွှန်ကြားရေးမှူး သစ်တင်နန် ပေါင်ဆဒ်ဟိုင်ရက် က ပြောသည်။

“အမေရိကန်-တရုတ် အားပြိုင်မှုမှာ ခတ်ကွင်းပြင်တဲ့နေရာက မြန်မာတနိုင်ငံတည်း မဟုတ်ဘူး။ အရှေ့တောင်အာရှတခုလုံး ပိုမိုကျယ်ပြန့်တဲ့ စစ်မြေပြင်ဖြစ်နိုင်တယ်” ဟု သူပြောသည်။

ဝါရှင်တန်သည် ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများကို မဟာမိတ်ပြုလုပ်ထားပြီး ဗီယက်နမ်းကို ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်သော နိုင်ငံအဖြစ် သတ်မှတ်ထားကာ တရုတ်လိုလားသော ကမ္ဘောဒီးယားနှင့် လာအိုမှအပ ကျန်နိုင်ငံများနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံကို အင်အားအပြင်းထန်ဆုံး တွန်းအားပေးနိုင်မည့် နယ်ပယ်အဖြစ်မြင်ကြောင်း ထိုပါမောက္ခက ရှင်းပြသည်။

“ဒါကြောင့် တရုတ်ကို သူ့ခြံစည်းရိုးနားမှာ ရင်ဆိုင်တာ အမေရိကန်အတွက် သေနင်္ဂဗျူဟာ အရ အဓိပ္ပါယ်ရှိတယ်” ဟု သူပြောသည်။

မြန်မာ့မြေမှ အမေရိကန်-တရုတ် အားပြိုင်မှု

အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံ ဆန့်ကျင်သည့် လှုပ်ရှားမှု စတင်လုပ်ကိုင်သောအခါ အရှေ့တောင်အာရှမှ တရုတ်သံရုံးများအနက် မည်သည့်သံရုံးမျှ မြန်မာနိုင်ငံရှိ တရုတ်သံရုံးလောက် အပြင်းအထန် တုံ့ပြန်ခြင်း မရှိပေ။

“စစ်အေးတိုက်ပွဲသစ် မြန်မာနိုင်ငံကိုရောက်လာကြောင်း ထင်ရှားနေပြီ” ဟု ဝါရင့် မြန်မာ့ရေးရာလေ့လာသူ ဘာတေးလ် လင့်တနာက ပြောပြီး အကျိုးဆက်များမှာ မြန်မာနိုင်ငံက မည်သို့ တုံ့ပြန်ဆောင်ရွက်မည်ဆိုသည်အပေါ်တွင် အကြီးအကျယ် မူတည်နေကြောင်း သူပြောသည်။

ဤနေရာတွင် မေးစရာရှိလာသော ကျိုးကြောင်းဆီလျှော်သည့် မေးခွန်းတခုမှာ အမေရိကန်ပြည်ထောင်စုသည် ဟောင်ကောင်နှင့် တောင်တရုတ်ပင်လယ်မှ ဖြစ်ရပ်များကို တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံမှ လုပ်ဆောင်မှုများနှင့် ယှဉ်ကာ တရုတ်ကို မည်သည့်အတွက် ရန်စ ရသနည်းဟူသော မေးခွန်းဖြစ်သည်။ တရုတ်နှင့် မြန်မာတို့သည် နယ်နိမိတ်ခြင်းထိစပ်နေသော်လည်း ထိုပြဿနာများနှင့် မြန်မာနိုင်ငံနှင့် အလှမ်းဝေးသည်။

ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းတခုမှာ အမေရိကန်သည် မြန်မာပြည်သူများ၏ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များကို အကောင်းဆုံးအသုံးချခြင်းဖြစ်နိုင်သည်။ မြန်မာနိုင်ငံကို ၂၀၁၀ ခုနှစ် အထိ သံလက်သီးဖြင့် အုပ်ချုပ်ခဲ့သော စစ်အစိုးရလက်အောက်တွင် ရောက်နေချိန်တွင် စစ်အစိုးရခေါင်းဆောင်ပိုင်းက အတိုက်အခံများနှင့် တိုင်းရင်းသားများကို သွေးထွက်သံယို ဖြိုခွဲသောကြောင့် လူ့အခွင့်အရေး ချိုးဖေါက်မှုဖြင့် စွပ်စွဲခံရတိုင်း တရုတ်သည် ပြည်တွင်းပြည်ပတွင် တနိုင်ငံတည်းသော မဟာမိတ်ဖြစ်နေသည်။ ၎င်း၏ ထောက်ခံမှုအတွက် အလဲအလှယ်အဖြစ် တရုတ်နိုင်ငံကို နိုင်ငံမှ သတ္တုတွင်းများ၊ သစ်တောများမှသည် ရေနံနှင့် သဘာဝဓါတ်ငွေ့အထိ သယံဇာတများ ထုတ်ယူခွင့် ပေးရသည်။

ထို့အပြင် ဆိုင်းငံ့ထားသော မြစ်ဆုံစီမံကိန်းမှသည် လက်ပံတောင်းကြေးနီစီမံကိန်းနှင့် လက်ရှိ ရပ်ဝန်းနှင့် လမ်းအစီအစဉ် စီမံကိန်းများ အပါအဝင် တရုတ်စီမံကိန်းကြီးများ၏ အများစုသည် အတင်းအကျပ်ရွှေ့ပြောင်းခိုင်းခြင်းနှင့် ၎င်းတို့လယ်မြေများ၏ သဘာဝပတ်ဝန်းကျင် အဆင့်ကို ထိခိုက်စေခြင်းဖြင့် ဒေသခံပြည်သူများ၏ ဘဝကို အကြီးအကျယ် ထိခိုက်စေသောကြောင့် ဒေသခံများ၏ ဆန့်ကျင်မှုကို ခံကြရသည်။ တရုတ်သည် ဒေသခံပြည်သူများ၏ ကံကြမ္မာကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မြန်မာနိုင်ငံမှ သယံဇာတများကို ထုတ်ယူနေမည်ကို ဒေသခံပြည်သူများ စိုးရိမ်ကြသည်။

အခြားဖြစ်နိုင်ခြေရှိသော အကြောင်းရင်းမှာ အိန္ဒိယ သမုဒ္ဒရာသို့ ဘင်္ဂလားပင်လယ်အော်မှတဆင့် တိုက်ရိုက်ဆက်သွယ်နိုင်ပြီး တရုတ်နှင့် အိန္ဒိယအကြားတွင် တည်ရှိသော မြန်မာနိုင်ငံ၏ ပထဝီန်ိုင်ငံရေးအရ အရေးပါမှုဖြစ်နိုင်သည်။ ထိုပင်လယ်အော်ရှိ ရမ်းဗြဲနှင့် မဒေးကျွန်းမှ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များတွင် တရုတ်တို့ရှိနေခြင်းကြောင့် ထိုဒေသရေကြောင်း လုံခြုံရေးသည် အမေရိကန်အတွက်လည်း စိုးရိမ်စရာဖြစ်သည်။

မြန်မာ့စီးပွားရေးနှင့် နိုင်ငံရေးတွင် တရုတ်နိုင်ငံ၏ သြဇာကြီးထွားနေခြင်းသည်လည်း အမေရိကန်နိုင်ငံ၏ စွပ်စွဲချက်များကို ကန့်ကွက်ရာတွင် ပြင်းထန်မှု နောက်ကွယ်မှ အကြောင်းရင်းဖြစ်နိုင်သည်။ ဒေါ်လာ ဘီလျံများစွာတန်သော ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများအပြင် တရုတ်နိုင်ငံသည် အစိုးရနှင့် တရုတ်နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ကြားဝင်ဆောင်ရွက်သော အခန်းမှပါဝင်နေသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာပြဿနာကြောင့် အနောက်တိုင်းရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အခြေအနေအရ ရှောင်ရှားနေသောကြောင့် စီးပွားရေးအရ တရုတ်သည် မြန်မာအတွက် အရေးပါသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရင်းမြစ်ဖြစ်သည်။

၂၀၁၂ နိုဝင်ဘာ အိုဘားမားနှင့် ဟီလာရီကလင်တန်တို့ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်နေအိမ်သို့ လာရောက်လည်ပတ်စဉ်/ AP Photo/Khin Maung Win,Pool

တရုတ်-မြန်မာဆက်ဆံရေးကို ချိုးနှိမ်ရန် အမေရိကန်များ၏ အားထုတ်မှုသည် ခါချင်ကောင် မာန်ကြီးပြီး တောင်ကြီးကို ဖြိုမည့်အကြံ အတိုင်း ကျဆုံးရမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ရန်ကုန်ရှိ တရုတ်သံရုံးက ဖေါ်ပြသည်။

“တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ရွှေလမ်းငွေလမ်းတွင် လျှောက်ရန် မြန်မာနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး ခေတ်သစ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသစ်ကို ပူးတွဲရေးသားမည်” ဟုလည်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

မြန်မာနှင့် တောင်တရုတ်ပင်လယ်နှင့်ဟောင်ကောင်ပြဿနာများကို မည်သည့်အတွက် နှိုင်းယှဉ်ပြောကြားရပါသနည်းဟု မေးမြန်းသောအခါ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးပြောခွင့်ရသူတဦးက ၎င်းတို့အနေဖြင့် ထိုပြဿနာများကို ထောက်ပြရခြင်းသည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထောက်ခံသောကြောင့်ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနသို့ပြောကြားခဲ့သည်။

“မိမိတို့သည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိပါးသော တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ မူဝါဒများနှင့် အပြုအမူများအတွက် စိုးရိမ်သည်” ဟုလည်း ထိုပြောခွင့်ရသူက ဆိုသည်။

ကြားနေနိုင်ငံခြားရေးမူဝါဒ

တရုတ်နှင့် အမေရိကန်တို့အကြား အငြင်းပွားမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရချိန်မှ စတင်ပြီး အနီးအဝေးမှ နိုင်ငံများနှင့် ဆက်ဆံရာတွင် အပြန်အလှန်အကျိုးစီးပွားကို အခြေခံပြီး စိတ်ကောင်းစေတနာကောင်း ထားကာ ကြားနေသော နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းထားသောကြောင့် အင်အားကြီးနိုင်ငံများအနေဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရန် တိုက်တွန်းသည်။

“မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများအကြား ကောင်းမွန်သော ဆက်ဆံရေးကိုသာ တွေ့မြင်လိုသည်။ ထိုသို့ကောင်းမွန်သော ဆက်ဆံရေးသည် မြန်မာအပါအဝင် ASEAN နိုင်ငံများ၏ အကျိုးစီးပွားဖြစ်သည်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။

ထို့ကြောင့် အင်အားကြီးနှစ်နိုင်ငံအကြား ထိုအငြင်းပွားမှုသည် မြန်မာနိုင်ငံအပေါ်မည်သို့ သက်ရောက်နိုင်သနည်း။

အမေရိကန်-တရုတ်အားပြိုင်မှုသည် မြန်မာနိုင်ငံအတွက် သြဇာအာဏာအချို့ဖြစ်စေမည်ဟု လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးအင်စတီကျုမှ သစ်တင်နန် ပြောသည်။ “သို့သော် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ပိုင်းသည် ဦးတည်ချက်များကို စိတ်တွင် ရှင်းရှင်းထားပြီး မည်သည့်ဖက်နှင့်မျှ အလှမ်းကွာမသွားစေဘဲ ကျွမ်းကျင်စွာ လမ်းကြောင်းရှာဖွေရမည်” ဟု သူသတိပေးသည်။

၂၀၂၀ ဇန်နဝါရီ နေပြည်တော်သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ဆိုက်ရောက်လာစဉ်/ နိုင်ငံတော်အတိုင်ပင်ခံရုံး

မြန်မာအစိုးရက မြန်မာနိုင်ငံသည် ကြားနေသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်ဟု ကြေညာနေစေကာမူ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာပြဿနာကြောင့်အနောက်နိုင်ငံများက ပစ်ပယ်ထားသောကြောင့် မြန်မာက တရုတ်နိုင်ငံဖက်သို့ ယိမ်းနေခြင်းကို လေ့လာသူအများအပြားက ဝေဖန်ကြသည်။ အိုဘားမားအစိုးရခေတ်က မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် နွေးထွေးသော ဆက်ဆံရေးရှိသည်။ သို့သော် ၂၀၁၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီးနောက် ရိုဟင်ဂျာပြဿနာကို နိုင်ငံတကာပြစ်တင်ဝေဖန်မှုဖြစ်လာသောအခါ အခြေအနေပြောင်းလဲသွားသည်။ ထိုကြောင့် ထိုပြဿနာနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအပေါ်ဆုံးဖြတ်ချက်များချရန် အမေရိကန်က အကြိမ်ကြိမ်တွန်းအားပေးနေချိန်တွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ၊ ကုလသမဂ္ဂတွင် ထောက်ခံမှုများဖြင့် ဝင်ရောက်လာသည်။

တောင်တရုတ်ပင်လယ်နှင့်ဟောင်ကောင်အခြေအနေတွင် မြန်မာနိုင်ငံနှင့် ချိတ်ဆက် ရည်ညွှန်းပြောကြားသော အမေရိကန်ကြေညာချက်အရ အနောက်နိုင်ငံများသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ရိုဟင်ဂျာ ပြဿနာသာမက အခြားကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားလာသည့် သဘောဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသူ ဆွီဒင် သတင်းစာဆရာ လင့်တနာက ယူဆသည်။

“ဒီကိစ္စကြောင့် အနောက်တိုင်းက မြန်မာနိုင်ငံကို ကျောခိုင်းလိုက်တာဟာ တရုတ်နိုင်ငံကိုပဲ အကျိုးရှိစေမယ်ဆိုတာကို အနောက်နိုင်ငံတွေက သဘောပေါက်လာတယ်လို့ ကျနော်ထင်တယ်” ဟု သူပြောသည်။

(Nan Lwin ၏ New Challenge for Myanmar as US Seeks to Loosen China’s Grip in Southeast Asia ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

အမေရိကန်နဲ့ တရုတ် အပြန်အလှန် ကောင်စစ်ဝန်ရုံးများ ပိတ်ခိုင်း

ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ မဟာမိတ်အဖြစ် ရပ်တည်နေဆဲလား

တရုတ်-အမေရိကန် စကားစစ်ပွဲက နေပြည်တော်၏ သစ္စာခံမှုကို စမ်းသပ်နေ

ကူးစက်လာသည့် အမေရိကန်နှင့် တရုတ် ပဋိပက္ခ မြန်မာ အားမပေး

Did you find apk for android? You can find new Free Android Games and apps.
Loading