သတင်း

အမေရိကန်နဲ့ တရုတ် အပြန်အလှန် ကောင်စစ်ဝန်ရုံးများ ပိတ်ခိုင်း

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး ခွင့်ပြုချက်ကို ရုတ်သိမ်းလိုက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သောကြာနေ့တွင် အမေရိကန် သံရုံးသို့ အကြောင်းကြားလိုက်သည်။

ယင်းသည် အင်္ဂါနေ့က တက္ကဆက်ပြည်နယ် ဟျူစတွန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို အမေရိကန်က ပိတ်ပင်လိုက်ခြင်းကို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“အမေရိကန်နိုင်ငံ၏ ကျိုးကြောင်း ဆီလျှော်မှုကင်းမဲ့သော လုပ်ရပ်ကို တုံ့ပြန်ရန်အတွက် တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်သည် တရားမျှတပြီး လိုအပ်သော ဆောင်ရွက်ချက်ဖြစ်သည်” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ ကြေညာချက်တွင် ဖေါ်ပြထားသည်။ “ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာဆက်ဆံရေး အခြေခံ စံနှုန်းများနှင့် သံတမန်ဓလေ့ထုံးစံများနှင့် ကိုက်ညီသည်” ဟု လည်း ဆက်လက်ရေးသားထားသည်။

ထိုကောင်စစ်ဝန်ရုံးကို အချိန်အတိုင်းအတာ မည်မျှအတွင်း ပိတ်သိမ်းရမည်ကို မူ ထိုကြေညာချက်တွင် ဖေါ်ပြထားခြင်းမရှိပေ။

“အမေရိကန်နိုင်ငံသည် ထိုဖြစ်ရပ်အားလုံးအတွက် တာဝန်ရှိသည်။ အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏ မှားယွင်းသော ဆုံးဖြတ်ချက်ကို ချက်ခြင်းရုတ်သိမ်းရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို လမ်းကြောင်းမှန်သို့ ပြန်ရောက်စေမည့် အခြေအနေများဖန်တီးရန် မိမိတို့ထပ်မံတိုက်တွန်းသည်” ဟုလည်း ထိုကြေညာချက်က ဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် ဟျူစတွန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းရန် အချိန် ၃ ရက်သာပေးခဲ့သည်။ ထိုတရုတ်ကောင်စစ်ဝန်ရုံးသည် သူလျှိုနှင့် ဉာဏပစ္စည်းခိုးယူမှု အချက်အခြာနေရာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယို က ကြာသပတေးနေ့တွင်ပြောသည်။

ဟျူစတွန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်လိုက်ခြင်းအတွက် ဘေ့ဂျင်းက လက်စားချေမည်ဖြစ်ကြောင်း တရုတ် သံတမန်များနှင့် ပြည်တွင်းမီဒီယာများက သတိပေးထားသည်။

ချန်ဒူးရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးသည် တရုတ်သမ္မတရှီကျင့်ဖျင်၏ပြိုင်ဖက်ဟောင်း ဘိုရှီလိုင်ကို ပြုတ်ကျစေသော အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်နေသည်။ ဘိုရှီလိုင်၏ လက်ထောက် ထိပ်တန်းရဲအရာရှိတဦးသည် ၂၀၁၂ ခုနှစ်က ထို ကောင်စစ်ဝန်ရုံးတွင် ခိုလှုံခွင့်တောင်းခံခဲ့ပြီး အမေရိကန်သည် တိဗက်မှ အရေးပါသော အခြေအနေများကို စောင့်ကြည့်ရန် ထိုကောင်စစ်ဝန်ချုပ်ရုံးကို အသုံးပြုနေသည်။ ထိုကောင်စစ်ဝန်ချုပ်ရုံးကို ၁၉၈၅ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ဝန်ထမ်း ၂၀၀ ခန့်ရှိကြောင်း ၎င်း၏ အင်တာနက်စာမျက်နှာအရ သိရသည်။

ကိုးကား။ ။ Nikkei Asian Review

You may also like these stories:

တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲ ဘယ်လောက်ပြင်းမလဲ

တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ

အမေရိကန်ရဲ့ တောင်တရုတ်ပင်လယ် မူဝါဒ အပြောင်းအလဲ အာရှက သံသယနှင့် မျှော်လင့်ချက်များဖြင့် တုံ့ပြန်

Did you find apk for android? You can find new Free Android Games and apps.
Loading