တရုတ်-အမေရိကန် စကားစစ်ပွဲက နေပြည်တော်၏ သစ္စာခံမှုကို စမ်းသပ်နေ
မြန်မာနိုင်ငံရှိ တရုတ်နှင့် အမေရိကန် သံရုံးတို့ကြား ဖြစ်ခဲ့သော စကား စစ်ထိုးပွဲသည် စစ်အေးတိုက်ပွဲကို ပြန်ပြောင်း အမှတ်ရစရာဖြစ်သည်။ သို့မဟုတ် မြန်မာနိုင်ငံတွင် စစ်အေးတိုက်ပွဲသစ် စတင်ကြောင်း အချက်ပြလိုက်သကဲ့သို့လည်း ဖြစ်နေသလားဟုလည်း မေးစရာရှိသည်။
ထိုသို့ ဖြစ်လျှင် မိမိတို့သည် အနာဂတ်တွင် လက်ဝေခံစစ်ပွဲနှင့် ပိုမိုများပြားသော ပဋိပက္ခများကို မျှော်လင့်ပြီး ထိုအတွက် ကြိုတင် ပြင်ဆင်ရန် လိုမလို စဉ်းစားရတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများသည် အထူးသဖြင့် အချုပ်အခြာ အာဏာပိုင်မှု ဆုံးရှုံးခြင်း ပြဿနာတွင် ပိုမို ဆိုးရွားလာမည်ဖြစ်သည်ဟု မျှော်လင့်ရသည်။
လက်တွေ့ အခြေအနေတွင်မူ တရုတ်နိုင်ငံကို မြန်မာနိုင်ငံ၌ လူကြိုက်များခြင်း မရှိလှသော်လည်း နေပြည်တော်မှ အဆင့်မြင့်အရာရှိများ အနေဖြင့် ထိုသံရုံးနှစ်ခုကြား အပြန်အလှန် တိုက်ခိုက်မှုများကြောင့် အစိုးရပိုင် သတင်းစာများတွင် ကြေညာချက်များ ထွက်လာသည်ကို တွေ့ရပါက အံ့သြစရာလိုမည် မဟုတ်ပေ။
မည်သည့် ကြေညာချက်မှ ထွက်မလာလျှင်သာ အံ့သြရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံဖြစ်ပြီး ၎င်း၏ အချုပ်အခြာအာဏာကို အပေးအယူ မလုပ်သင့်ဘဲ လေးစားရမည်ဖြစ်သောကြောင့်ပင်။
မြန်မာအနေဖြင့် ဘက်လိုက်မည်ဟု ယူဆလျှင် မိုက်မဲရာ ရောက်သည်။ မြန်မာနိုင်ငံသည် အင်အားကြီး နိုင်ငံမဟုတ်သောကြောင့် ကြားနေ နိုင်ငံခြားရေးမူဝါဒကိုသာ ဆက်လက်ကျင့်သုံးမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အမေရိကန်နှင့် တရုတ်အပါအဝင် အချို့သော နိုင်ငံများကို ကျေနပ်စေမည် မဟုတ်ပေ။
တရုတ်-မြန်မာ ဆက်ဆံရေးသည် မည်သည့်အခါကမျှ ရိုးစင်းခဲ့သည် မဟုတ်သောကြောင့် ထိုကဲ့သို့ ထိခိုက်လွယ်သော အနေအထားကို ထိန်းသိမ်းထားခြင်းသည် တရုတ်နိုင်ငံဖက်မှ ပိုမိုများပြားသော သံသယများ ဖြစ်စေသည်မှာ သေချာသည်။
ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒ
၂၀၁၉ ခုနှစ် အောက်တိုဘာလက ဂျပန်သတင်းဌာန Nikkei Asian Review နှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “ ကျမတို့နိုင်ငံဟာ အရမ်းကို ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးတယ်။ ကျမအထင်တော့ ဒါဟာ ကျမတို့ နိုင်ငံလွတ်လပ်ရေးရပြီးနောက် အရမ်းကို လက်တွေ့ကျတဲ့ နိုင်ငံခြားရေး မူဝါဒဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျမတို့ဟာ သေးငယ်ပြီး ဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘူး။ အရင်ကအတိုင်းပဲ ကျမတို့ဟာ ဘယ်တုန်းကမှ အခြေအနေကို အဆုံးအဖြတ်ပေးနိုင်တဲ့ အနေအထားမှာ မရှိပါဘူး” ဟု ပြောခဲ့သည်။
အာဏာရလာပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံမှ အဆင့်မြင့်အရာရှိတဦးကို သူမ၏ ရုံးတွင် လက်ခံတွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများနှင့် အနောက်နိုင်ငံများ၏ သြဇာကြီးထွားလာခြင်းအပေါ် ကြောက်လန့်မှုများကို ကောင်းစွာ သဘောပေါက်သူဖြစ်သည်။

အမှန်တရားမှာ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံလုံးကို ကျေးဇူးတင်ရမည့် ဘ၀ရောက်နေသည်။၂၀၁၅ ခုနှစ် အတိုက်အခံ ခေါင်းဆောင်ဘဝက ဘေဂျင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့သည်။
ဘေဂျင်းသည် နှစ်နိုင်ငံ အနာဂတ် ဆက်ဆံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍအပေါ် လောင်းကြေး ထပ်ထားသည့် ခိုင်မာသော လက္ခဏာများလည်း ရှိနေသည်။
အခြားတဖက်တွင်လည်း အမေရိကန်နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားရာတွင် အရေးပါသော အခန်းမှ ပါဝင်ခဲ့သည်။
ထို့ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့နိုင်ငံရေး အကူးအပြောင်းတွင် ရင်းနှီးမြှုပ်နှံထားပြီး အကျိုးအမြတ်ကို ပြန်လည် မျှော်လင့်ထားသည်ဟု ဆိုနိုင်သည်။
တရုတ်နိုင်ငံဖက်သို့ကြည့်မည်ဆိုလျှင် မြန်မာနှင့် အင်အားကြီးအိမ်နီးချင်း တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် ဖြောင့်ဖြူးခဲ့သည်မဟုတ်။
အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးသည် ဝေးကွာသော နိုင်ငံများနှင့် ဆက်ဆံရေးထက်များစွာ ပိုမိုသိမ်မွေ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့ဖူးသည်။
လက်ရှိအငြင်းပွားမှုမတိုင်မီက တရုတ်နိုင်ငံဖက်မှ သတိပေးခဲ့ဖူးသည်။ တရုတ်ကွန်မြူနစ်ပါတီ အာဘော် Global Times သတင်းစာက ဒေါ်ဆောင်ဆန်းစုကြည်၏ NLD ပါတီ အာဏာရလာပြီး ရက်ပိုင်းအတွင်း ဆောင်းပါးတစောင်ကို ဖေါ်ပြခဲ့ပြီး တရုတ်နိုင်ငံ၏ သေနင်္ဂဗျူဟာအကျိုးစီးပွားကို ထိခိုက်စေပြီး အမေရိကန်ပြည်ထောင်စုနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ၏ ရေရှည်အကျိုးစီးပွားအတွက် အကျိုးမရှိကြောင်း ရေးသားသည်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရအတွက် ပေးလိုသော သတင်းစကားမှာ တရုတ်ကို လာမရှုပ်နဲ့ ဟူသော သတင်းစကားပင် ဖြစ်သည်။
မြန်မာနှင့် တရုတ်-အိန္ဒိယ ဆက်ဆံရေးဆိုင်ရာ စာအုပ်အများအပြားကို ရေးသားခဲ့သော သတင်းစာဆရာ၊ စာရေးဆရာ ဘာတေးလ်လင့်တနာက မြန်မာနိုင်ငံတွင် မည်သူအာဏာရနေသည်ဖြစ်စေ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကြားနေဘက်မလိုက်သော မူဝါဒသည် အမြဲတစေ အုတ်မြစ်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ဒေသတွင်း အားပြိုင်ဖက်နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံကြားတွင် ညပ်နေပြီး အရှေ့ဖက်တွင်လည်း ယခင်က အနောက်နိုင်ငံများ၏ မဟာမိတ်ဖြစ်ခဲ့သော ထိုင်းနိုင်ငံရှိနေသောကြောင့် ထိုအချက်သည် အံ့သြစရာမဟုတ်ကြောင်း သူပြောသည်။
ဘဲကင် ပြတင်းပေါက်မှ ပျံထွက်သွားခြင်း
အရပ်သားဖြစ်စေ စစ်ယူနီဖေါင်းဝတ်ဖြစ်စေ မြန်မာခေါင်းဆောင်များသည် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး သတိထားကြရသည်။
ယခင်က တရုတ်နိုင်ငံကို အကြီးအကျယ် မှီခိုရခြင်းကြောင့် မြန်မာပြည်သူများအကြား မကျေမနပ်ဖြစ်ကြရသည်။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် စစ်အစိုးရ ခေါင်းဆောင်များသည် တရုတ်နိုင်ငံနှင့် ခပ်ခွာခွာနေရန် စဉ်းစားပြီး တရုတ်အပေါ် အကြီးအကျယ် မှီခိုအားထားရခြင်းကို လျှော့ချရန် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။
၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အများအပြားလုပ်ဆောင်ခြင်းဖြင့် မြန်မာ၏ မျှော်လင့်ချက်မှာ နိုင်ငံတကာ အသိုင်းအဝန်းသို့ ပြန်လည်ဝင်ရောက်ရေးနှင့် အပစ်ပယ်ခံနိုင်ငံအဆင့်ကို ခွာချနိုင် ရေးဖြစ်သည်။
ပြုပြင်ပြောင်းလဲရေးသမားဖြစ်သည်ဟုဆိုကြသော ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန် လက်အောက်တွင် မြန်မာနိုင်ငံနှင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများအကြား ဆက်ဆံရေး တိုးတက်လာသည်။ မြန်မာ-အမေရိကန် ဆက်ဆံရေး တိုးတက်လာခြင်းကို မြန်မာပြည်သူများက ယေဘုယျအားဖြင့် သဘောကျပြီး အမေရိကန် အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းသည်ကို ကြိုဆိုကြသည်။
ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လာခြင်းကို အသိအမှတ်ပြုပြီး သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်လည်ပတ်သည်။ မြန်မာနှင့် အမေရိကန်အကြား ဆက်ဆံရေး အလျှင်အမြန် ကောင်းမွန်လာခြင်းသည် တရုတ်နိုင်ငံကို အံ့သြ စိတ်ပျက်စေခဲ့သည်။ တရုတ်နိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံမှ ဖြစ်ရပ်များသည် သေနင်္ဂဗျူဟာအရ ဆုံးရှုံးမှုဖြစ်နေသည်။ သမ္မတ ဦးသိန်းစိန်လက်အောက်တွင် တရုတ်သြဇာ မြန်မာတွင် ကျဆင်းမှုကို မိမိတို့ မြင်တွေ့ခဲ့ရသည်။
ဦးသိန်းစိန် လက်အောက် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ဟန်ချက် ပြန်ချိန်ခြင်းသာ ဖြစ်ပြီး၊ အနောက်နိုင်ငံများ အလိုကျ လုံးလုံးလျားလျား ချိန်ညှိခြင်းမဟုတ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် အကြီးအကျယ် ဆက်လက်မှီခိုနေရကြောင်း ဂျပန်နိုင်ငံ နိုင်ငံတကာတက္ကသိုလ်မှ ကထိကနှင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စာအုပ် အများအပြားကို ရေးသားခဲ့တဦးဖြစ်သူ ဒေါက်တာအောင်မျိုးက ပြောသည်။
တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူများက ထိုစဉ်ကဖြစ်ပေါ်တိုးတက်မှုများကို “ချက်ထားသော ဘဲကင် ပြတင်းပေါက်မှ ပျံထွက်သွားခြင်း” ဆိုသည့် တရုတ်စကားပုံအဖြစ် ရည်ညွှန်းပြောဆိုကြောင်း ဝါရှင်တန်ရှိ စမစ်ဆွန် စင်တာမှ တရုတ်ရေးရာ ကျွမ်းကျင်သူ ယွန်ဆန်းက ပြောခဲ့သည်။
ထိုနောက်တွင်မူ တရုတ်နိုင်ငံသည် ထိုချက်ထားသော ဘဲကို ပြန်ဖမ်းပြီး အိုးထဲပြန်ထည့်ရန် ကြိုးစားခဲ့သည်ကို မိမိတို့ တွေ့မြင်ကြရသည်။
တနည်းအားဖြင့်ဆိုရပါက မြန်မာနိုင်ငံတွင် ခြေကုပ်ပြန်လည်ရယူရန် တရုတ်နိုင်ငံက အားထုတ်ခြင်းပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာချိန်မှ စတင်ပြီး တရုတ်နိုင်ငံသည် တဖြည်းဖြည်း ထိုသို့လုပ်ဆောင်ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် အပေါ်စီး ပြန်ရလာသည်။
ဟန်ချက်ပြန်ထိန်းခြင်းကို ဘေးချထားခြင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် တရုတ်နိုင်ငံနှင့် သင့်မြတ်ရန် လုပ်ဆောင်နေရသောကြောင့် လက်ရှိ အစိုးရအောက်တွင်မူ ဟန်ချက်ပြန်ထိန်းသော မူဝါဒကို ဘေးချထားရသည်ဟု ဒေါက်တာအောင်မျိုး ယုံကြည်သည်။
ထို့အပြင် အစိုးရနှင့် တပ်မတော်ကြားတွင် မူဝါဒရေးရာညှိနှိုင်းမှု မရှိပေ။ ဦးသိန်းစိန်အစိုးရအောက်တွင်မူ တပ်မတော်သည် အစိုးရ၏မူဝါဒအတိုင်း သွားခဲ့သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံအနေဖြင့် အခန်ကဏ္ဍတခုမှပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်က အားထားနေသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ကူညီရန် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ရှီကျင့်ဖျင်ကို ပြောခဲ့သည်။
သို့သော် စစ်ဖက်ခေါင်းဆောင်များကမူ တရုတ်-မြန်မာနယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်များကို တရုတ်နိုင်ငံက ကူညီအားပေးနေခြင်းနှင့် လက်နက်တပ်ဆင်ပေးနေခြင်းများအတွက် စိုးရိမ်မကင်းကြောင်း ဖေါ်ပြကြသည်။ ယခုအခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တပ်ပျက်နေသည်။
မည်သို့ဆိုစေကာမူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မဟာမိတ်ဖြစ်နေသည်။ ရိုဟင်ဂျာပြဿနာတွင် အစိုးရသည် တရုတ်နိုင်ငံ၏ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ နိုင်ငံရေး သြဇာကို လိုအပ်နေသည်။ သို့သော် မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံလုံးမှ အကွာအဝေးတူ ခပ်ခွာခွာနေနိုင်ပါမည်လော။ ပြဿနာမှာ ကြားနေ နိုင်ငံခြားရေး မူဝါဒပဲ ခေါ်ခေါ် ဘက်မလိုက်မူဝါဒပဲ သုံးသုံး အရင်းအနှီးတခုတော့ ပေးဆပ်ရမည့် ကိစ္စတခုဖြစ်သည်။ အလကားတော့မရ။
အတိတ်သင်ခန်းစာများအရ ဆိုပါက တရုတ်နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အပြည့်အ၀ ယုံကြည်ခြင်း မရှိပေ။ ယေဘူယျအားဖြင့်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်သည်လည်း တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး သတိထားသည်ဟု နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ ယုံကြည်ကြသည်။
အချုပ်အခြာအာဏာပိုင်မှုနှင့် အငြင်းပွားဖွယ်ရာ တရုတ်စီမံကိန်းများကြောင့် မြန်မာနိုင်ငံတွင် ကြီးထွားလာနေသော တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်ကို ကောင်းစွာ သတိထားမိသော ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်း သဘောတူညီချက်သစ်ကို အောင်မြင်စွာ ပြန်လည် ညှိနှိုင်းသည်။

ထိုသဘောတူညီချက်အရ အကြွေးပိမည့် အန္တရာယ်မရှိတော့ကြောင်း အစိုးရအရာရှိများ ပြောသည်။ အာဏာရလာပြီး နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် အငြင်းပွားဖွယ် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ထူးထူးခြားခြား နှုတ်ဆိတ်နေပြီး ထိုဆိုင်းငံ့ထားသော ရေအားလျှပ်စစ် စီမံကိန်းပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပျားအုံကို တုတ်ဖြင့် မထိုးချင်တာကို နားလည်ပေးလို့ ရသည်။
ထို့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ ဇန်နဝါရီလက လာရောက်လည်ပတ်စဉ်ကလည်း အစိုးရနှစ်ရပ် အကြား လက်မှတ်ရေးထိုး သဘောတူထားသည့် ဒေါ်လာဘီလျံပေါင်းများစွာ ကုန်ကျမည့် တရုတ်-မြန်မာစီးပွားရေး စင်္ကြန်ကို အရှိန်မြှင့်တင်မည့် မည်သည့် ကြီးမားသော စီးပွားရေး သဘောတူညီချက်မျှ မရှိခဲ့ပေ။ လတ်တလောတွင် ဘေ့ဂျင်းသည် တရုတ်နိုင်ငံက အဆိုပြုထားသည့် အဓိက စီးပွားရေး စီမံကိန်းများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ တဖြည်းဖြည်း လုပ်ဆောင်ရေး နည်းလမ်းကို လိုက်နာနေရသည်။
အဓိက ကျသည့် အချက်တခုမှာ မြန်မာနိုင်ငံသည် အင်အားနည်းပြီး မတည်ငြိမ်ခြင်းဖြစ်ပြီး ထိုအချက်သည် တရုတ်နိုင်ငံက မြင်တွေ့လိုသော အချက်ပင်ဖြစ်နေသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အမြင်၊ အနိုင်ကျင့်လိုသော သဘောထားနှင့် လက်နက်ကိုင်အင်အားစုများအပါအဝင် အုပ်စုအားလုံးကို ဝယ်ယူခြင်းဖြင့် ၎င်း၏သြဇာအာဏာကို တိုးချဲ့ရန် အားထုတ်မှုများကို ပြောင်းလဲသွားအောင် များများစားစား လုပ်နိုင်စရာလည်း မရှိပေ။
ယနေ့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ၎င်း၏ သြဇာအာဏာကို ချဲ့ထွင်ထားသည်။ မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ၎င်း၏ သြဇာကို ဆက်လက်တိုးချဲ့ပြီး ရခိုင်ပြည်နယ်နှင့် အိန္ဒိယမြန်မာနယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်များကို ဆက်လက်ထောက်ခံနေသည်။
တရုတ်နှင့် မြန်မာအရာရှိများသည် နှစ်နိုင်ငံ၏ “ဆွေမျိုးပေါက်ဖေါ်ဆက်ဆံရေး”ကို ဆယ်စုနှစ်များစွာ အစဉ်အလာအရ ချီးကျူးကြသော်လည်း လက်တွေ့တွင်မူ ထိုဆက်ဆံရေးသည် မြန်မာနိုင်ငံက အကိုကြီးဖြစ်သူ တရုတ်နိုင်ငံကို အကြောက်တရားဖြင့် တည်ဆောက်ထားသော ဆက်ဆံရေးသာ ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရေးရာများတွင် အတိတ်ကလည်း ဝင်ရောက်စွက်ဖက်ခဲ့သလို အနာဂတ်တွင် လည်း ဝင်ရောက်စွက်ဖက်နေဦးမည်သာ ဖြစ်သည်။
မြောက်ပိုင်းနယ်စပ်မှ တရုတ်သြဇာခံများ
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ အမေရိကန် ထွက်ခွာသွားရန် ပြောဆိုနိုင်ခြင်း မရှိသော်လည်း အနည်းဆုံးအနေဖြင့် တရုတ်နယ်စပ်သို့ အနောက်တိုင်း သြဇာ ပျံ့နှံ့လာသည်ကိုမူ ခွင့်ပြုမည်မဟုတ်ပေ။ (မြန်မာနိုင်ငံကို စီးပွားရေးအရ နှစ်ပိုင်းခြားပြောဆိုမည်ဆိုလျှင် ဂျပန်နှင့် အနောက်နိုင်ငံများသည် နိုင်ငံတောင်ပိုင်းကို ယူမည်ဖြစ်သည်။)
“ဘေဂျင်းသည် မြန်မာနိုင်ငံမြောက်ပိုင်းကို ယူနန်ပြည်နယ်၏ ထွေးခံအဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ထားပြီး စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုများကို စိတ်ဝင်စားခြင်း မရှိပေ” ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော သုတေသီ ဒေးဗစ် မက်သီဆန်က ဝေဖန်သည်။
ထိုအချက် မှန်ကန်နေသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှလွဲပြီး မြောက်ပိုင်းနယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသည် တရုတ်နိုင်ငံ၏ အိပ်ကပ်အတွင်း ရောက်နေကြပြီဖြစ်သည်။

“တရုတ်နိုင်ငံသံရုံး၏ တုံ့ပြန်မှုသည် ပြင်းထန်ပြီး တုန်လှုပ်စရာကောင်းသည်။ အမေရိကန်က ပြင်းထန်စွာ ပြောဆိုသောကြောင့် တရုတ်သံရုံးသည် ဆတ်ဆတ်ထိမခံ ဖြစ်သွားသည်ဟု ထင်သည်။ ၎င်းတို့ကို မြန်မာနိုင်ငံတွင် လူကြိုက် မများကြောင်း ၎င်းတို့သိကြသည်။”
“စစ်အေးတိုက်ပွဲသစ်တွင် အမှန်တကယ်ခံစားရမည့်သူများသည် မြောက်ပိုင်းမှ ပြည်သူများဖြစ်သည်။ တရုတ်နိုင်ငံသည် ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို လွှမ်းမိုးသင့်ကြောင်း ထုတ်ဖေါ်ထားပြီးဖြစ်ကာ ၎င်းတို့ သြဇာသက်ရောက်သော မည်သည့်နေရာအနီးတွင်မျှ အနောက်နိုင်ငံများကို အကပ်ခံလိုမည် မဟုတ်ပေ။”
“မြန်မာပြည်သူများအနေဖြင့် အမေရိကန်၏ ပြင်းထန်သော စကားများထက် ထိုအချက်ကို ပိုမိုစိုးရိမ်သင့်သည်”ဟု မက်သီဆင်က ဆက်လက်ဖေါ်ပြသည်။
ထိုသို့ဆိုလျှင် အမေရိကန်နိုင်ငံကို မည်သို့ စဉ်းစားမည်နည်း။ ထရမ့်လက်အောက်တွင် ရှိနေစဉ် အမေရိကန်နိုင်ငံကို မြန်မာက မည်သို့ ထိထိရောက်ရောက် တုံ့ပြန်နိုင်ပါမည်လား။
“အမေရိကန်နိုင်ငံက ဝေးကွာပြီး တရုတ်နိုင်ငံ စိတ်ပျက်မယ့် ကြေညာချက်ထုတ်တာထက် ပိုပြီး ဘာမှမလုပ်နိုင်ဘူး” ဟု လင့်တနာ ပြောသည်။
“တရုတ်က မြန်မာပြည်တွင်းရေးမှာ နည်းမျိုးစုံနဲ့ ဝင်စွက်လို့ ရတယ်။ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများအပြားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးအရ ဝင်စွက်လို့ရတယ်” ဟုလည်း ဆွီဒင် သတင်းစာဆရာနှင့် ဒေသအရေး ကျွမ်းကျင်သူ လင့်တနာ ပြောသည်။
မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍကို သံသယရှိကြောင်း မက်သီဆင်ကလည်း ပြောသည်။
“အမေရိကန်ရဲ့ မြန်မာနိုင်ငံနဲ့ သွေးစည်းချစ်ကြည်မှု ကတိတွေကို ယုံလို့မရဘူး။ အဓိကအချက်က အမေရိကန်ဟာ တဖြည်းဖြည်း အားနည်းလာပြီး ဂုဏ်သိက္ခာကျဆင်းတဲ့ အင်အားကြီးနိုင်ငံဖြစ်နေပြီး ဝါရှင်တန်အတွက် အကျိုးရှိရင် မဟာမိတ် မိတ်ဆွေတွေကိုတောင် သစ္စာဖေါက်တဲ့ သမိုင်းကြောင်းလည်း ရှိနေတယ်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ တိုးတက်မှုကို အခြေခံပြီး အမေရိကန်က မြန်မာနဲ့ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်တဲ့ ခေတ်ကုန်သွားပြီ” ဟု မက်သီဆင် ပြောသည်။
လက်တွေ့တွင်လည်း မြန်မာနိုင်ငံသည် တရုတ်ဖက်မှ ခွာထွက်လာခြင်း မရှိသော်လည်း ဒေသတွင်းတွင် မိတ်ဆွေများ မဟာမိတ်များ ပိုမိုဖွဲ့စည်းလာကာ တရုတ်နိုင်ငံ၏ သြဇာကို ချိန်ညှိရန်မျှော်လင့်လာသည်။ မြန်မာနိုင်ငံသည် ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှ နိုင်ငံများနှင့် ဆက်ဆံရေးကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်သင့်သည်။
“လက်ရှိ အမေရိကန်အစိုးရရဲ့ မူမမှန်တဲ့ နိုင်ငံခြားရေးမူဝါဒအရ ဝါရှင်တန်ရဲ့ အာရှနဲ့ပတ်သက်တဲ့ ကတိကဝတ်ကိုလည်း သံသယ ရှိကြတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနဲ့ ပြင်ပကမ္ဘာ ဆက်ဆံရေးကို ချိန်ညှိချင်ရင် ဒေသတွင်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဂျပန်တို့၊ အိန္ဒိယတို့လို နိုင်ငံတွေနဲ့ ပိုမို နီးကပ်တဲ့ဆက်ဆံရေး ထူထောင်ပြီး လုပ်တာ ပိုကောင်းမယ်လို့ ကျနော်ထင်တယ်” ဟု လင့်တနာ ပြောသည်။
ထို့ကြောင့် မြန်မာ့မြေတွင် တရုတ်နှင့် အမေရိကန်တို့၏ မကြာသေးမီက အငြင်းပွားမှုကို မိမိတို့ မည်သို့ ဖွင့်ဆိုသင့်သနည်း။ မြန်မာနိုင်ငံသည် မိတ်ဟောင်းနှင့် မိတ်သစ် ဆက်ဆံရေးများကို တပြိုင်နက် စီမံနိုင်ခြင်း မရှိဖြစ်နေသော လက္ခဏာဟု ယူဆနိုင်ပါသလား။ သို့မဟုတ် ဟန်ချက်ပြန်ညှိသော မူဝါဒ ကျဆုံးမှုဟု ဆိုနိုင်ပါသလား။ မည်သို့ဆိုစေကာမူ ထိုလက္ခဏာများသည် အတိတ်နိမိတ် မကောင်းလှပေ။
(Aung Zaw ၏ Sino-US War of Words in Myanmar a Test of Naypyitaw’s Allegiances ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
အမေရိကန်နဲ့ တရုတ် အပြန်အလှန် ကောင်စစ်ဝန်ရုံးများ ပိတ်ခိုင်း