မြန်မာနှင့် ရုရှားနိုင်ငံတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ရည်ရွယ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂျေ ရွှိုင်ဂု၏ လွန်ခဲ့သောအပတ် နေပြည်တော်ခရီးစဉ်က ပြသနေသည်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် တပ်မတော်ကို ခေတ်မီအောင်ပြုလုပ်ရန် ရေရှည် စီမံကိန်းရှိပြီး ထိုလုပ်ငန်းစဉ်တွင် ရုရှားသည် အဓိက မိတ်ဆွေဖြစ်လာမည်ဟု မျှော်လင့်ရသည်။
ရုရှားက မြန်မာကို Pantsir-S1 ရေပြင်မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ Orlan-10E မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်များနှင့် ရေဒါများရောင်းချရန် ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူကြသည်။

ထိုသို့လာရောက်လည်ပတ်ခြင်းအတွက် ရာထူးသက်တမ်းရှည်ကြာလှပြီးဖြစ်သော ရုရှားကာကွယ်ရေး ဝန်ကြီးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျေးဇူးတင်သည်။ သစ္စာရှိသော မိတ်ဆွေပီသစွာ ရုရှားနိုင်ငံသည် မြန်မာနိုင်ငံအတွက် ခက်ခဲသော အချိန်များ အထူးသဖြင့် လွန်ခဲ့သော ၄ နှစ်အတွင်းတွင် ကူညီထောက်ခံကြောင်း ဗိုလ်ချုပ်မှူးကြီးကပြောကြောင်း ရုရှားမီဒီယာများက ဖေါ်ပြသည်။
ထိုခရီးစဉ်အတွင်း နေပြည်တော်တွင် လုံခြုံရေးတင်းကျပ်ထားသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့သည် လေယာဉ် ၂ စင်းဖြင့်ရောက်လာပြီး ခမ်းနားလှသော ကမ်ပင်စကီ Kempinski ကြယ်ငါးပွင့် ဟိုတယ်တွင် တည်းခိုသည်။
ရွှိုင်ဂုသည် ရုရှားသို့ ၆ ကြိမ် သွားရောက်လည်ပတ်ဖူးသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်သည်။ လွန်ခဲ့သောနှစ် ဇွန်လက သူ၏ မော်စကိုခရီးစဉ်အတွင်းတွင် ဗ်ိုလ်ချုပ်မှူးကြီးသည် ၇၅ နှစ်မြောက် ရုရှားအောင်ပွဲနေ့အခမ်းအနားသို့ တက်ရောက်သည်။ ထိုနေ့သည် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်က နာဇီဂျာမဏီ လက်နက်ချသော အထိမ်းအမှတ်နေ့ဖြစ်သည်။
အသက် ၆၄ နှစ်ရှိပြီဖြစ်သော ရွှိုင်ဂုသည် သမ္မတပူတင်ကို ဆက်ခံမည့်သူအဖြစ် ဝန်ကြီးချုပ် မစ်ခေးလ်မီရှူတင်၊ ဒုတိယဝန်ကြီးချုပ်ဟောင်း မော်စကိုမြို့တော်ဝန် ဆိုဗျာနင်တို့နှင့် အတူ ထိပ်ဆုံးမှပါဝ်ကြောင်း အနောက်တိုင်း မီဒီယာများ၏ အဆိုအရ သိရသည်။
နေပြည်တော်သို့လာရောက်စဉ် ရွှိုင်ဂုသည် သူရဲကောင်းစစ်သည် ဂူဗိမ္မန်သို့ သွားရောက်ပြီး ပန်းခွေချသည်။
ရွှိုင်ဂုကို အပြည့်အ၀ ဂုဏ်ပြုဧည့်ခံရန် တပ်မတော်ခေါင်းဆောင်များ အထူးအားထုတ်ခဲ့ကြောင်း စစ်ဖက် သတင်းရင်းမြစ်များက ဆိုသည်။
အသက် ၆၄ နှစ်ရှိပြီဖြစ်သော ရွှိုင်ဂုသည် သမ္မတပူတင်ကို ဆက်ခံမည့်သူအဖြစ် ဝန်ကြီးချုပ် မစ်ခေးလ်မီရှူတင်၊ ဒုတိယဝန်ကြီးချုပ်ဟောင်း မော်စကိုမြို့တော်ဝန် ဆိုဗျာနင်တို့နှင့် အတူ ထိပ်ဆုံးမှပါဝ်ကြောင်း အနောက်တိုင်း မီဒီယာများ၏ အဆိုအရ သိရသည်။
ရွှိုင်ဂုသည် ၂၀၁၂ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနကို စတင်တာဝန်ယူပြီး ရုရှားနိုင်ငံ၏ ကြီးမားလှသော လက်နက်ကိုင်တပ်များကို ပြုပြင်ခေတ်မီအောင်ပြုလုပ်ခြင်းကို ကြီးကြပ်သည်။
“ဒီနေ့ဆွေးနွေးပွဲတွေဟာ ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် စစ်ရေးနယ်နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ အခွင့်အလမ်းဖြစ်တယ်လို့ ကျနော်တို့မြင်ကြတယ် ”ဟု ရွှိုင်ဂုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ်ပြောသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အဖွဲ့ဝင် တနိုင်ငံအဖြစ် မြန်မာနိုင်ငံသည် ဒေသတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရေးတွင် အဓိက အခန်းမှပါဝင်နေကြောင်း မော်စကိုမှ မထွက်ခွာမီ ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒာ ဖိုမင်က ပြောသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံလက်နက်ကိုင်တပ်များက ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း သူပြောသည်။
နှစ်နိုင်ငံကာကွယ်ရေး ဝန်ကြီးဌာနများအကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင်ပြုလုပ်ရန်နှင့် စစ်ရေးနည်းပညာနယ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်အောင်လုပ်ရန် မော်စကိုက အသင့်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ရုရှားကာကွယ်ရေး ဝန်ကြီးပြောသည်။
မြန်မာနိုင်ငံသည် ရုရှားနိုင်ငံထံမှ လက်နက်များဝယ်ယူနေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး လွန်ခဲ့သောနှစ်က ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင်မှုတွင် ပါဝင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံသည် ရုရှားလုပ် MiG-29 ဂျက်တိုက်လေယာဉ် အစင်း ၃၀၊ Yak-130 ဂျက် အမောင်းသင်လေယာဉ် ၁၂ စင်း၊ Mi-24 နှင့် Mi-35P ရဟတ်ယာဉ် ၁၀ စင်းနှင့် Pechora-2M လေယာဉ်ပစ် ဒုံးကျည်စနစ် ၈ ခု တို့ကို ဝယ်ယူခဲ့သည်။ မြန်မာနိုင်ငံသည် Su-30 စစ်လေယာဉ် ၆ စင်းဝယ်ယူရန်လည်း စာချုပ်ချုပ်ဆိုထားသည်။ ရုရှားလုပ် စစ်လက်နက်များအား ပြုပြင်ထိန်းသိမ်းခြင်းကို မြန်မာနိုင်ငံရှိ ပူးတွဲပြုပြင်ထိန်းသိမ်းဌာနတွင် ပြုလုပ်သည်။
မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယတို့သည်လည်း Su-30 များကို ဝယ်ယူထားကြပြီး ထို ဘက်စုံသုံး ထိုးစစ်လေယာဉ် ပထမအသုတ်ကို ရရှိတော့မည်ဟု မျှော်လင့်ရသည်။
Pantsir-S1 များကို ဝယ်ယူရေးအတွက် မြန်မာနိုင်ငံသည် ရှည်လျှားစွာဆွေးနွေးခဲ့ရသည်။ ထိုလေယာဉ်ပစ် ဒုံးကျည်နှင့် အမြောက်စနစ်မှာ ရွှေ့ပြောင်းနိုင်သော အသေးစား စစ်ရေးနှင့် ကွပ်ကဲရေးအဆောက်အအုံအပါအဝင် သတ်မှတ်အတိုင်းအတာအတွင်း ဝင်ရောက်လာသော ရဟတ်ယာဉ်နှင့် လေယာဉ်များ၊ ခရုဇ် ဒုံးကျည်များနှင့် အတိအကျ ပစ်ခတ်နိုင်သော လေကြောင်းတိုက်ခိုက်မှုများ၏ ရန်မှ ကာကွယ်ရန်နှင့် လေကြောင်း တိုက်ခိုက်မှု အကြီးစားများတွင် လေကြောင်းခံစစ်ကို တောင့်တင်းစေရန်အတွက် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသည်။

တပ်မတော်သည် ထို Pantsir-S1 လေယာဉ်ပစ် ဒုံးစနစ်များကို မည်သည့်နေရာတွင် ချထားမည်ကို မသိရသေးသော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်တလျှောက်တွင် ချထားမည်ဟု စစ်ရေးလေ့လာသူများက ခန့်မှန်းကြသည်။
ထိုလေကြောင်းရန် ကာကွယ်ရေးစနစ်များကို မြန်မာနိုင်ငံမှ အကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသော ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇုန်အနီး ရှမ်းပြည်တွင် ချထားမည်ဟုလည်း ဧရာဝတီ သတင်းဌာနက သိရှိရသည်။
လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလက တရုတ်နိုင်ငံသည် စစ်လက်နက်ပစ္စည်းများနှင့် မောင်းသူမဲ့လေယာဉ်များကို UWSA သို့ပေးအပ်ပြီး သင်တန်းများလည်း ပို့ချခဲ့သည်။ ရဟတ်ယာဉ်တစင်း ရရှိထားကြောင်း UWSA က အတည်ပြုပြောကြားသောကြောင့် ၎င်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး လေကြောင်းဆိုင်ရာ ယာဉ်ကို ပိုင်ဆိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်လာသည်။ ထိုရဟတ်ယာဉ်ကို တရုတ်နိုင်ငံမှ မှာယူရရှိကြောင်း သတင်းများကဆိုသည်။ ၀ခေါင်းဆောင်များကမူ ကိုယ်ရေးကိုယ်ထာ ကိစ္စများနှင့် အပမ်းဖြေသော ကိစ္စများအတွက် ဝယ်ယူထားခြင်းဖြစ်ကြောင်း ပြောသည်။
ရွှိုင်ဂုသည် မြန်မာနိုင်ငံသို့ ရုရှားရေတပ် လာရောက်ရေးကိုလည်း အထူးစိတ်ဝင်စားသည်ဟု သတင်းများက ဆိုသည်။ ထိုအချက်သည် ရုရှားက မြန်မာကို အရှေ့တောင်အာရှနှင့် အရှေ့အာရှတွင် ယုံကြည်အားထားရသော သေနင်္ဂဗျူဟာ မိတ်ဆွေအဖြစ် သတ်မှတ်သည်ဆိုသည့် သူကိုယ်တိုင် ထုတ်ဖေါ်ပြောကြားသည့် အမြင်နှင့် ကိုက်ညီမည်ဖြစ်သည်။
မြန်မာနှင့် ရုရှားနိုင်ငံတို့သည် ၁၉၄၈ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်ပြီး နောင်သုံးနှစ်ကြာသောအခါ နှစ်နိုင်ငံတွင် သံရုံးများ အပြန်အလှန် ဖွင့်လှစ်ကြသည်။ တရုတ်နိုင်ငံနှင့်အတူ ရုရှားသည် ရခိုင်မြောက်ပိုင်းနေ မွတ်စလင်အကျပ်အတည်းနှင့် ပတ်သက်ပြီး ဝေဖန်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ပယ်ချရန် မဲပေးခဲ့သည်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု၏ အဆိုအရ မြန်မာသည် ၂၀၁၄ ခုနှစ်တွင် ရုရှားမှ လက်နက်နှင့် လေယာဉ် ဝယ်ယူသည့် နိုင်ငံများတွင် ပဉ္စမ အများဆုံးဖြစ်ပြီး ထိုနှစ်က ရုရှားလက်နက်များအတွက် အမေရိကန်ဒေါ်လာ ၂၀.၄ သန်း ( ကျပ် ၂၇.၂ ဘီလျှံ) သုံးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံသည် စစ်အရာရှိများကို ရုရှားနိုင်ငံရှိ စစ်ကျောင်းများတွင်လေ့ကျင့်ရန် စေလွတ်သေးသည်။ တပ်မတော်သည် ၎င်းတို့၏ အရာရှိများကို တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အစ္စရေးတို့သို့လည်း စေလွှတ်သည်။
တရုတ်၊ အိန္ဒိယနှင့် အနောက်အင်အားကြီးနိုင်ငံများနှင့် အာဏာချိန်ခွင်လျှာ ညှိရာတွင် ရုရှားသည် အကူအညီပေးတတ်သော “အကိုကြီး” ဖြစ်သည်ဟု မြန်မာကမြင်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် လက်နက်ရောင်းချမှု မြှင့်တင်ရန် ရည်ရွယ်သော ရုရှားအတွက် သေနင်္ဂဗျူဟာကျသော ဈေးကွက်ဖြစ်ကြောင်း အချို့ လေ့လာသူများက မြင်ကြသည်။
ဗြိတိန်ကိုလိုနီဟောင်းဖြစ်သော မြန်မာနိုင်ငံသည် တချိန်က ၎င်း၏လေတပ် အတွက် ဥရောပနှင့် အမေရိကန် ဂျက်တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များကိုသာ အများအားဖြင့် အသုံးပြုသည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းအပြီး စစ်တပ်က ဒီမိုကရေစီလိုလားသော အုံကြွမှုကို ရက်စက်ကြမ်းကြုပ်စွာ ဖြိုခွဲပြီးနောက် အနောက်နိုင်ငံများက မြန်မာနိုင်ငံသို့ စစ်ဖက်ရောင်းချမှုများကို ပိတ်ပင်လိုက်သောကြောင့် မြန်မာသည် တရုတ်နှင့် ရုရှားဖက်သို့ လှည့်ရသည်။ မကြာသေးမီ နှစ်များအတွင်း ရုရှားသည် တပ်မတော်အတွက် တရုတ်ထက် ပိုနှစ်သစ်စရာ စစ်လက်နက်ပစ္စည်း ရင်းမြစ်ဖြစ်လာသည်။
လက်ရှိအချိန်တွင် ရာပေါင်းများစွာသော မြန်မာတပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံ၏ အဆင်မြင့်စစ်ကျောင်းများတွင် သင်တန်းတက်ရောက်လေ့လာနေကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Military Rolls Out Red Carpet for Russian Defense Minister ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
လေကြောင်းရန် ကာကွယ်ရေး စက်လက်နက်များ ရုရှားက မြန်မာကို ရောင်းချပေးမည်
တပ်မတော်နေ့ အခမ်းအနားကို ကိုဗစ် စည်းမျဉ်းများနှင့်အညီ ကျင်းပမည်ဟု ဆို
နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်