မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်လိုက်သောကြောင့် စစ်ဗိုလ်ချုပ်များသည် သူ့ကိုရွေးကောက်ပွဲနိုင်ငံရေးမှ ဖယ်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ထိုသို့ဆိုခြင်းကြောင့် မြန်မာနိုင်ငံသည် အရင်လို ဒီမိုကရေစီသို့ တုံ့ဆိုင်းတုံ့ဆိုင်း ပြန်သွားရန် စတင်ပြီဟု ဆိုလိုခြင်း မဟုတ်ပေ။
စစ်တပ်က နိုင်ငံရေးနှင့် စီးပွားရေးအပေါ် ချုပ်ကိုင်မှုကို လျှော့ချပြီးနောက် လွတ်လပ်မှုအနည်းငယ်ကို မြည်းစမ်းကြည့်နိုင်သည့် အချိန်တွင် လူလားမြောက်လာသော ပိုမိုငယ်ရွယ်သည့် မျိုးဆက်တခုသည် တိုက်ပွဲ ဆက်လက် ဆင်နွှဲရန် အနေအထားကောင်းတွင် ရှိနေသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုက ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို အာဏာဖြုတ်ချလိုက်ပြီး နိုင်ငံကို ဖရိုဖရဲ ဖြစ်သွားစေသည်။ သို့သော် နိုင်ငံတံခါးဖွင့်ချိန် ဆယ်စုနှစ်တခုအတွင်း ရရှိထားသော အကျိုးကျေးဇူးများကို ပယ်ဖျက်ခြင်းသည် ပိုမိုခက်ခဲကြောင်း သက်သေပြနေသည်။
ချက်ခြင်းဆိုသလိုပင် ပြည်သူများက လမ်းမများပေါ်သို့ အလုံးအရင်းဖြင့် ထွက်လာပြီး ထိုအချိန်မှစတင်ကာ ကြိုကြားကြိုကြား ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေသည်။ ဆန္ဒပြပွဲများကို စစ်အုပ်စုက ဖြိုခွဲမှုများသည် ပိုမို အကြမ်းဖက်လာသောကြောင့် ဆန္ဒပြသူများသည် လက်နက်စွဲကိုင်လာကြသည်။
ရက်ပိုင်းအတွင်းမှာပင် လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် လူကြီးလူငယ်များသည် နိုင်ငံတွင် တရားဝင်အစိုးရ ဖြစ်ကြောင်း စင်ပြိုင်အစိုးရ NUG ကို ဖွဲ့စည်း ကြေညာကြသည်။ တိုင်းရင်းသားလူနည်းစုများနှင့် ရှေးရိုးဆန် မြန်မာနိုင်ငံတွင် လူသိရှင်ကြား အခြားလိင် ရွေးချယ်ထားသူ တဦးအပါအဝင် လူအမျိုးမျိုးဖြင့် ထိုအစိုးရကို ရည်ရွယ်ချက် ပြည့်ဝစွာ ဖွဲ့စည်းထားသည်။
ထို NUG အစိုးရသည် စစ်ကောင်စီဆန့်ကျင်ရေးတွင် တပ်ဦးမှ ရှိနေသည်။ အာဏာသိမ်းမှု၌ အဖမ်းခံလိုက်ရသော ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နိုင်ခြင်း မရှိတော့ဘဲ သာမန်ပြည်သူများအကြား စင်ပြိုင်အစိုးရ NUG က ထောက်ခံမှုအကြီးအကျယ် ရနေသည်။
ကုလသမဂ္ဂသည် စစ်ကောင်စီက ခန့်သည့်ကိုယ်စားလှယ်ကို အသိအမှတ်ပြုခြင်းအား ဆိုင်းငံ့ထားရသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေး အစိုးရကိုသာ ကိုယ်စားပြုကြောင်း ကြေညာထားသည်။
NUG ကို ပြည်ပအစိုးရများက အသိအမှတ်မပြုသေးသော်လည်း အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က NUG အစိုးရ၏ ကိုယ်စားလှယ် နှစ်ဦးကို တွေ့ဆုံခဲ့သည်။ ထို့အပြင် NUG အစိုးရသည် ကုလသမဂ္ဂတွင် အကျပ်အတည်း ဖြစ်စေခဲ့သည်။ ကုလသမဂ္ဂသည် စစ်ကောင်စီက ခန့်သည့်ကိုယ်စားလှယ်ကို အသိအမှတ်ပြုခြင်းအား ဆိုင်းငံ့ထားရသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေး အစိုးရကို ကိုယ်စားပြုကြောင်း ကြေညာထားသည်။
“စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲတွေက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အဆုံးသတ် မဟုတ်ဘဲ ပိုမိုငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ် အမြစ်တွယ်နေကြောင်း သက်သေပြနေတယ်” ဟု ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲ အဖြစ် တာဝန်ယူခဲ့သော မစ္စ ပရစ်ဆလာ ကလက်ပ်က ပြောသည်။ “တကယ်တော့ စစ်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံမှာ အသက်အရွယ်ကြီးတဲ့ မျိုးဆက်ရဲ့ခေါင်းဆောင်မှု နိဂုံးချုပ်သွားတယ် ဆိုတာကို ပြသတယ်” ဟုလည်း သူမက ဆက်ပြောသည်။
ယခုအခါ ဒီမိုကရေစီလှုပ်ရှားမှုသည် စစ်အုပ်ချုပ်ရေးကို ဆက်လက်ဆန့်ကျင်ရေး၊ ရွေးကောက်ခံ အရပ်သား အစိုးရ ပြန်လည်နေရာရရှိရေးအတွက် နိုင်ငံတကာဖိအားကို ဆက်လက်ထိန်းသိမ်းထားရေးနှင့် ဗဟိုအစိုးရကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်သော တိုင်းရင်းသားများ၏ ထောက်ခံမှု ခိုင်မာအောင် လုပ်ဆောင်ရေး စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။
“စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက အဆုံးသတ်တော့ မဟုတ်ဘဲ ပိုမိုငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက အမြစ်တွယ်နေကြောင်း သက်သေပြနေတယ်”
ဒီမိုကရေစီအရေး အားထုတ်ခဲ့သောကြောင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ မဟာမိတ်များသည် ယခင်က ဗိုလ်ချုပ်များက ဖမ်းဆီးထောင်ချထားစေကာမူ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူအောင် လှုံ့ဆော်မှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်များ ချိုးဖောက်မှုများဖြင့် စီရင်ပြီး ပြီးခဲ့သည့် တနင်္လာနေ့တွင် ထောင်ဒဏ် ၄ နှစ်ချသော်လည်း ချက်ခြင်းနီးပါး ထောင် ၂ နှစ်သို့ ပြန်လည်လျှော့ချခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ထဲတွင် တဘဝလုံးနေရမည့် အခြားစွဲချက်များကိုလည်း ရင်ဆိုင်နေရသည်။
သို့သော် ပိုမိုငယ်ရွယ်သော မျိုးဆက်များသည် ထိုတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် တိုးတက်ကောင်းမွန်သော အနေအထားတွင်ရှိနေသည်။
လူကြီးများနှင့်မတူဘဲ မြန်မာလူငယ်များ အထူးသဖြင့် မြို့ကြီးများမှ လူငယ်များသည် စိတ်ထဲတွင် ရှိသည်ကို ပြောဆိုသောကြောင့် ထောင်ချခံရမည်အား စိုးရိမ်စရာမလိုဘဲ ၎င်းတို့၏ ဘဝအချိန် အများစုကို ဖြတ်သန်းခဲ့သူများ ဖြစ်သည်။ ၎င်းတို့သည် မိုဘိုင်းဖုန်းများနှင့် Facebook ကိုလည်း အသုံးပြုခွင့််ရခဲ့ကြပြီး နိုင်ငံသည် ပိုမိုကျယ်ပြန့်သော ဒီမိုကရေစီသို့ ချီတက်နေသည်ဟု ယုံကြည်ကြသည်။
၎င်းတို့သည် နိုင်ငံမှ တိုင်းရင်းသား လူနည်းစုများနှင့် ပိုထိတွေ့ဆက်ဆံရန်လည်း စိတ်အားထက်သန်ပုံရသည်။ အမျိုးသားညီညွတ်ရေး အစိုးရတွင် တိုင်းရင်းသား အရာရှိများ ပါဝင်ရုံသာမက ၎င်းတို့၏ သယံဇာတကြွယ်ဝသည့် ပြည်နယ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသည့် အင်အားကြီးမားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မဟာမိတ်ဖွဲ့ရန်လည်း စိတ်အားထက်သန်ကြသည်။
“စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေချိန်မှာတောင် သူတို့တွေက ပိုမိုဒီမိုကရေစီကျပြီး တိုင်းရင်းသား ပေါင်းစုံပိုမိုပါဝင်တဲ့ နိုင်ငံရေးစနစ်သစ်ကို ကောက်ကြောင်းဆွဲဖို့ သူတို့တွေ ဆွေးနွေးနေကြတယ်”
“စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေချိန်မှာတောင် သူတို့တွေက ပိုမို ဒီမိုကရေစီကျပြီး တိုင်းရင်းသား ပေါင်းစုံ ပိုမိုပါဝင်တဲ့ နိုင်ငံရေးစနစ်သစ်ကို ကောက်ကြောင်းဆွဲဖို့ သူတို့တွေ ဆွေးနွေးနေကြတယ်” ဟု ယခုအခါ U.S. Institute of Peace နှင့် Asia Society တို့တွင် ဝါရင့်အကြံပေးအဖြစ် လုပ်ကိုင်နေသည့် မစ္စ ကလက်ပ်က ပြောသည်။ “အရင်က စစ်အာဏာရှင်ကို ပုန်ကန်မှုတွေမှာ ဒါမျိုးတွေ မဖြစ်ခဲ့ဘူး။ ပြည်သူ့အသံကို ဖော်ပြတဲ့ ဒီမိုကရက်တစ် အင်စတီကျုးရှင်းတွေနဲ့ ပြည်သူတွေက အတွေ့အကြုံ ရှိပြီးသွားပြီ” ဟုလည်း သူပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်၏ ဂုဏ်သတင်းမှာမူ စစ်တပ်က ရိုဟင်ဂျာမွတ်ဆလင်များအပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို သူ၏ အစိုးရအာဏာရစဉ်အတွင်း အလေးမထားခြင်းနှင့် ခုခံကာကွယ်ခဲ့ခြင်းတို့ကြောင့် အကြီးအကျယ် ထိခိုက်သွားခဲ့ပြီး ဖြစ်သည်။ စစ်တပ်က ရိုဟင်ဂျာအရပ်သားများကို သတ်သည်၊ နေအိမ်များကို မီးရှို့သည်၊ အမျိုးသမီးများကို အဓမ္မပြုကျင့်သည်ဆိုသည့် စွပ်စွဲချက်များကို ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားခဲ့သည်။
အမျိုးသားညီညွတ်ရေး အစိုးရသည်လည်း ကာလကြာမြင့်စွာ ဖိနှိပ်ခံနေရသော ရိုဟင်ဂျာများကို လျစ်လျူရှုသောကြောင့် ဝေဖန်ခံရပြီး တိုင်းရင်းသားအုပ်စုများနှင့် ခက်ခက်ခဲခဲ ဆက်ဆံနေရသော မဟာမိတ်ဖွဲ့ခြင်းသည်လည်း မည်သို့ဆက်လက်ဖြစ်ပေါ်မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
သို့သော် ရိုဟင်ဂျာပြဿနာတွင် ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်ပုံသည် သူမ၏ အစဉ်အလာများကို ဆိုးရွားသွားစေသော အချက်တချက်မျှသာဖြစ်သည်။
နေအိမ်တွင် ၁၅ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ပြန်လည် လွတ်မြောက်လာသောအခါ စစ်ဗိုလ်ချုပ်များနှင့် လက်တွဲလုပ်ရန် သဘောတူခဲ့သည်။ ထိုအလောင်းအစားကြောင့် မြန်မာနိုင်ငံ၏ ထွန်းသစ်စ ဒီမိုကရေစီသည် အကျပ်အတည်းအတွင်း ကျရောက်ခဲ့သည်။ စစ်တပ်သည် အဓိကကျသည့် ဝန်ကြီးဌာနများနှင့် လွှတ်တော်နေရာ အများအပြားကို ချုပ်ကိုင်ထားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အာဏာရနေချိန်က သဘောထားကွဲသူများနှင့် ဝေဖန်သောသတင်းသမားများကို အသံတိတ်သွားအောင် လုပ်သည့် လုပ်ငန်း တစိတ်တပိုင်းအဖြစ် တရားစီရင်ရန် ဗြိတိသျှကိုလိုနီခေတ် လုံခြုံရေးဥပဒေများကို သုံးသောကြောင့် ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသူများ စိတ်ပျက်ခဲ့ကြောင်း သြစတြေးလျ အမျိုးသား တက္ကသိုလ် (ANU) မှ ကထိက ဂျိန်းဖာဂူဆန်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်နိုင်သော ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု အကြီးအကျယ်ရှိကြောင်း အာဏာသိမ်းရာတွင် စစ်တပ်က အကြောင်းပြသည်။ ထို့ကြောင့် စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာပြီး အာဏာသိမ်းရသည်ဟု ပြောသည်။ သို့သော် လွတ်လပ်သော ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများကမူ ကြီးကြီးမားမား မသမာမှု မရှိကြောင်းပြောသည်။ အာဏာသိမ်းမှုသည် စစ်တပ်က ဝင်စွက်ခွင့်ရှိသည့် အရေးပေါ်အခြေအနေ ကြေညာသော ဥပဒေလုပ်ငန်းစဉ်ကိုလည်း ချိုးဖောက်ကြောင်း ဝေဖန်သူများက ပြောသည်။
အာဏာသိမ်းလိုက်ချိန်မှ စတင်ပြီး စစ်တပ်သည် နိုင်ငံတဝှမ်းမှ အကြမ်းမဖက်သော ဆန္ဒပြပွဲများကို သတ်ဖြတ်နှိမ်နင်းပြီး လူပေါင်း ၁၃၀၀ ကျော်ကို သတ်ဖြတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ သိရသည်။
လူထုထောက်ခံမှု ရနေဆဲဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အပေါ် စီရင်ချက်ကြောင့် အန္တရာယ်များကြားမှပင် ပိုမိုပြင်းထန်သည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာသည်။ ပြီးခဲ့သည့် တနင်္လာနေ့က မန္တလေးမြို့တွင် ဆန္ဒပြသူများသည် ကြွေးကြော်သံများကို အော်ဟစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအတွင်းက လူသိများသည့် သီချင်းများ ဆိုကြသည်။
“စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်တွေကြောင့် ပြည်သူတွေ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပေါင်းဖို့ အဓိက မောင်းနှင်နေတဲ့ လှုံ့ဆော်မှုတွေပဲ”
“ရန်ကုန်မှာ လူတွေက စစ်အုပ်စုဆန့်ကျင်တဲ့အနေနဲ့ ညဘက်တွေမှာ အိုးတွေခွက်တွေ ပြန်တီးနေကြတာတွေ့ နေရပြန်ပြီ” ဟု U.S. Institute of Peace မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင် တာဝါက ပြောသည်။ “စစ်ကောင်စီ လုပ်ရပ်တွေက ပြည်သူတွေ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပေါင်းဖို့ အဓိက မောင်းနှင်နေတဲ့ လှုံ့ဆော်မှုတွေပဲ” ဟုလည်း သူက ပြောသည်။
ရပ်ကွက်ကျေးရွာများကို စစ်တပ်၏ တိုက်ခိုက်ဖျက်ဆီးမှုမှ ကာကွယ်ရန် စတင်ပေါ်ပေါက်လာသော ထိုတပ်ဖွဲ့များကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရက တနေ့တွင် ဖက်ဒရယ်တပ်မတော် ထူထောင်ရေး မျှော်လင့်ချက်ဖြင့် ထောက်ခံနေသည်။
တချိန်တည်းတွင် “စစ်တပ်ကလည်း ပြည်သူတွေက သူတို့အမိန့်တွေကို ပိုလိုက်နာအောင် ပိုအကြမ်းဖက်နေတယ်” ဟု ဂျော့ဝါရှင်တန် တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပါမောက္ခ ခရစ္စတီးနား ဖင့်ခ်က ပြောသည်။ “အရင်က ဒါမျိုးလုပ်ရင် အောင်မြင်ခဲ့ဖူးတယ်။ ဒါပေမယ့် ဆန့်ကျင်မှုက ပိုမိုကျယ်ပြန့်ပြီး ပုံစံမျိုးစုံဖြစ်နေတော့ စစ်တပ်အနေနဲ့ သူ့ရည်မှန်းချက်အောင်မြင်ဖို့ ပိုခက်ခဲနေတယ်” ဟုလည်း သူက ပြောသည်။
(AP သတင်းဌာနက ဖော်ပြသည့် ဂရန့် ပက်ခ်နှင့် အယ်လိန်း ကာတင်ဘက်ချ်တို့၏ Myanmar democracy in new era as Suu Kyi sidelined by army ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချအပြီး ဦးဝဏ္ဏမောင်လွင် ဖနွမ်းပင်သွား
ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရသည့် ဒေါ်အောင်ဆန်းစုကြည် အမှု ၁၁ မှုထပ်ရင်ဆိုင်ရဦးမည်
စစ်ကြောရေးနှင့် ထောင်အတွင်း NLD ပါတီဝင် သေဆုံးသူ ၁၂ ဦးရှိ