အရှေ့တောင်အာရှတွင် မကြာသေးမီက မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အများအပြားကြောင့် ဒေသတွင်းတွင် တရားမဝင် မူးယစ်ဆေးထုတ်လုပ်မှု ကြီးထွားနေကြောင်း နိုင်ငံတကာအေဂျင်စီ အချို့အနေဖြင့် ကောက်ချက်ချစရာ ဖြစ်နေသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက လာအိုနိုင်ငံတွင် မက်သာဖက်တမင်းဆေးပြား ၅၅ သန်းနှင့် မက်သ် ပုံဆောင်ခဲ ၁ ဒသမ ၅ တန်ကို ဖမ်းမိပြီး ယခုနှစ်အတွင်းဆိုပါက ဆေးပြား ၁ ဘီလီယံနီးပါး၊ ဘိန်းဖြူ ၆ တန်နှင့် မက်သ် ပုံဆောင်ခဲ ၄ ဒသမ ၄ တန်ကို ဖမ်းမိခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ လွန်ခဲ့သောတနှစ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့နောက်ပိုင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေး ပြိုကွဲသွားခြင်းကြောင့် ဖြစ်ကြောင်း ဘန်ကောက်ရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC) မှ ဂျရမီ ဒေါက်ဂလပ်စ်က Reuters သတင်းဌာနသို့ ပြောသည်။
အခုလောလောဆယ်မှာ မြန်မာရဲတွေက ပုန်ကန်မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ ရင်ဆိုင်နေရတယ်။ ဒါကြောင့် တခြားကိစ္စတွေကို သူတို့ မစဉ်းစားနိုင်ကြဘူး။ မူးယစ်ဆေးဝါး ရောင်းသူတွေအတွက် လွတ်လပ်နေတယ်
“အခုလောလောဆယ်မှာ မြန်မာရဲတွေက ပုန်ကန်မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ ရင်ဆိုင်နေရတယ်။ ဒါကြောင့် တခြားကိစ္စတွေကို သူတို့ မစဉ်းစားနိုင်ကြဘူး။ မူးယစ်ဆေးဝါး ရောင်းသူတွေအတွက် လွတ်လပ်နေတယ်” ဟု ဒေါက်ဂလပ်စ်က သြစတြေးလျ ရုပ်သံလွှင့်ကော်ပိုရေးရှင်း (ABC) သို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း ပြောခဲ့သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါက်ဂလပ်စ်က Reuters သတင်းဌာနသို့ “အရင်ကတည်းကကို မြန်မာမြောက်ပိုင်းမှာ မက်သ်တွေ အကြီးအကျယ် ထုတ်လုပ်နေရာကနေ မနှစ်ကတော့ ပိုလို့တောင် တိုးလာတယ်။ နှေးကွေးသွားမယ့် အလားအလာလည်း မတွေ့ရဘူး” ဟု ပြောသည်။
သို့သော် ဝေဖန်သုံးသပ်နေသူများက ထိုအခြေအနေကို လုံးဝမတူညီသော ရှုထောင့်မှ မြင်ကြသည်။ ဒေါက်ဂလပ်စ်၏ မလွတ်မကင်း ဖြစ်နေသော စကားလုံးရွေးချယ်မှုဖြစ်သည့် “တခြားကိစ္စတွေကို သူတို့ မစဉ်းစားနိုင်ကြဘူး” ဆိုသည့် စကားသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ခြင်းကို ရည်ရွယ်သောကြောင့် သဘောမတူနိုင်သည့်အပြင် မူးယစ်ဆေးဝါးဖမ်းဆီးမှု များပြားလာခြင်းတွင် အကြောင်းရင်းများစွာ ရှိကြောင်းနှင့် ထုတ်လုပ်မှုမြင့်မားလာသည်ဟု မယူဆနိုင်ကြောင်းပြောကြသည်။
ဖမ်းဆီးရရှိမှု တိုးလာခြင်းသည် အခြားအကြောင်းများကြောင့် ဖြစ်နိုင်ပြီး ထုတ်လုပ်မှုတွင် အလားတူတိုးလာသည်ဟု မယူဆနိုင်ပေ
နယ်သာလန် အခြေစိုက် သုတေသန အဖွဲ့အစည်းဖြစ်သော Transnational Institute (TNI) က ဒီဇင်ဘာလ၌ ထုတ်ပြန်သည့် အစီရင်ခံစာတစောင်တွင် “မြန်မာနိုင်ငံသည် ကမ္ဘာတွင် အမ်ဖက်တမင်းပုံစံ စိတ်ကြွဆေး (ATS) အများဆုံး ထုတ်လုပ်သည့် နိုင်ငံမဟုတ်လျှင်ပင် အများဆုံးထုတ်လုပ်သော နိုင်ငံများအနက်မှ တနိုင်ငံဖြစ်နေပြီး ထုတ်လုပ်မှု ရုတ်တရက် အကြီးအကျယ် မြင့်မားလာသည်ဆိုသည့် သိမ်းကြုံးပြောဆိုချက်များကို သတိထားစဉ်းစားရန် လိုသည်။ ဖမ်းဆီးရရှိမှု တိုးလာခြင်းသည် အခြားအကြောင်းများကြောင့် ဖြစ်နိုင်ပြီး ထုတ်လုပ်မှုတွင် အလားတူ တိုးလာသည်ဟု မယူဆနိုင်ပေ” ဟု ရေးသားခဲ့သည်။
ယနေ့အခြေအနေတွင် မြင်သာသည့် အကြောင်းရင်းမှာ ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် ထိုင်းနှင့် လာအိုမှ နယ်စပ်လုံခြုံရေး တပ်ဖွဲ့များသည် ၎င်းတို့နယ်စပ်အသီးသီးမှ လှုပ်ရှားမှုများ အားလုံးကို ပိုမို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
နောက်ထပ် အကြောင်းရင်းတခုမှာ မူးယစ်ဆေး သယ်ဆောင်သူအသစ်များကို အသုံးပြုနေခြင်းနှင့် ထိုသယ်ဆောင်သူအသစ်များသည် အတွေ့အကြုံရင့် သယ်ဆောင်သူများ မလုပ်သည့် စွန့်စားမှုများကို ပြုလုပ်ခြင်းဖြစ်နိုင်သည်။ သို့မဟုတ် ထူးထူးခြားခြား မည်သည့်အကြောင်းမျှ မရှိဘဲလည်း ဖြစ်နိုင်သည်။ ဖမ်းဆီးရရှိမှု အရေအတွက်နှင့် ပမာဏသည် ထုတ်လုပ်မှုနှင့် မပတ်သက်ဘဲ အတက်အကျများ ရှိနေတတ်သည်။
အမ်ဖက်တမင်း သို့မဟုတ် ယာဘ (ရူးသွပ်ဆေး) အပါအဝင်ဖြစ်သော ATS ထုတ်လုပ်မှုသည် တရားဝင်ဈေးကွက်မှ ဓာတုပစ္စည်းများ ရရှိမှုအပေါ်တွင် လုံးဝမူတည်နေပြီး ဘိန်းဖြူထုတ်လုပ်သည့် ဘိန်းပင်ကဲ့သို့သော အပင်များ စိုက်ပျိုးရန် မလိုကြောင်း TNI က ထောက်ပြသည်။ ဘိန်းစိုက်ပျိုးမှုကို ဂြိုလ်တု ဓာတ်ပုံများ၊ မြေပြင်ကွင်းဆင်းမှုများအရ စောင့်ကြည့်နိုင်သည်။ ထို့ကြောင့် ATS ထုတ်လုပ်မှုကို ဖုံးကွယ်ထားရန် လွယ်ကူပြီး ထုတ်လုပ်မှုကို ခန့်မှန်းခြင်းသည် ယုံကြည်ရန် ခက်ခဲသည်ဟုလည်း ဆိုသည်။
ထုတ်လုပ်မှု တိုးလာတယ်ဆိုတဲ့ ပြောဆိုမှုအားလုံးက ရဲတွေဖမ်းဆီးရရှိမှု သတင်းအချက်အလက်တွေကိုပဲ အခြေခံပြောနေကြပြီး မြေပြင်အခြေအနေ သုတေသနအပေါ် အခြေမခံကြဘူး
ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတခုတွင် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးကုန်သွယ်မှုကို သိရှိသူတဦးက “ထုတ်လုပ်မှု တိုးလာတယ်ဆိုတဲ့ ပြောဆိုမှုအားလုံးက ရဲတွေ ဖမ်းဆီးရရှိမှု သတင်းအချက်အလက်တွေကိုပဲ အခြေခံပြောနေကြပြီး မြေပြင်အခြေအနေ သုတေသနအပေါ် အခြေမခံကြဘူး” ဟု ပြောသည်။
မြန်မာရဲတပ်ဖွဲ့၏ ရင်းမြစ်များကို မူးယစ်းဆေး နှိမ်နင်းရေးအတွက် မသုံးဘဲ အခြားကိစ္စများအတွက် သုံးနေသည်ဆိုသည့် ပြောဆိုချက်သည်လည်း အလားတူပင် ပြဿနာရှိနေသည်။ ရဲတပ်ဖွဲ့များကို ရွှေတြိဂံဒေသမှ ခေါ်ယူပြီး နိုင်ငံအတွင်း အခြားဒေသများတွင် မတည်ငြိမ်မှုများကို ထိန်းချုပ်ရန် သုံးနေသည် ဆိုသည့် ယုံကြည်လောက်သော သတင်းမရရှိပေ။
သို့ရာတွင် ဒေါက်ဂလပ်စ်၏ အမြင်ကဲ့သို့ အလားတူသော အမြင်များလည်း ရှိရာ နိုင်ငံတကာအကျပ်အတည်း လေ့လာရေးအဖွဲ့ (ICG) မှ မြန်မာဆိုင်ရာအကြံပေး ရစ်ချတ်ဟိုဆေးက ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့ Financial Times တွင် ထုတ်ဝေသည့် ဆောင်းပါးတပုဒ်တွင် “ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ကိစ္စများသည် ရဲများ၏ မူးယစ်ဆေးဝါး တိုက်ဖျက်မှုများကို လုံးဝလမ်းကြောင်း လွဲသွားစေပြီး ရာဇဝတ်ဂိုဏ်းများအတွက် အကောင်းဆုံး အခြေအနေကို ဖြစ်စေကာ တရားဥပဒေ စိုးမိုးရေး အာဏာပိုင်များ အလွယ်တကူ မရောက်နိုင်သည့် လစ်ဟာသောနေရာများတွင် အောင်မြင်စွာ လှုပ်ရှားလာကြသည်” ဟု ရေးသားသည်။
ထိုသို့ ဆိုလိုခြင်းကြောင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို သေဒဏ်များအပါအဝင် ပြင်းထန်သော ထောင်ဒဏ်များ ချမှတ်နေသည့် တရားဥပဒေစိုးမိုးရေး အာဏာပိုင်များသည် ထိုကိစ္စများမလုပ်ပါက မူးယစ်ဆေးဝါးမှောင်ခိုမှုကို နှိမ်နင်းနိုင်သည်ဆိုသည့် သဘောသက်ရောက်စေသည်။
ဒေသတွင်းမှ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို ထိုသို့မှားယွင်းစွာ ယူဆခြင်းများကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ နောက်ပိုင်းတွင်လည်း ပြုလုပ်ခဲ့ကြသည်။ မြန်မာမှ ဘိန်းနှင့် တဆင့်မြင့်ထုတ်ကုန် ဘိန်းဖြူ ထုတ်လုပ်သည့် ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်းနှင့် ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းတွင် စံချိန်တင် မြင့်မားသွားသောအခါ ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဒန်နီယယ် အိုဒွန်နာဟူးက ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာ တွေ့ဆုံမေးမြန်းခန်းတွင် “အရင်တုန်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်နေတဲ့ စစ်တပ်တွေကို ရုတ်သိမ်းပြီး စစ်အုပ်ချုပ်ရေး ချမှတ်ဖို့ ဖြန့်ကျက်ထားရတယ်” ဟု ပြောသည်။
လက်တွေ့တွင်မူ ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲများကို နှိမ်နင်းရန်နှင့် ပုန်းအောင်းနေသူများကို လိုက်လံဖမ်းဆီးရာတွင် အဓိက အသုံးပြုသည့်တပ်များမှာ ဘိန်းစိုက်ပျိုးမှုမရှိသည့် ကရင်ပြည်နယ်မှ အမှတ် ၂၂ နှင့် ၄၄ ခြေမြန်တပ်များ ဖြစ်သည်။
UNODC ၏ ပြဿနာမှာ ထိုအဖွဲ့အစည်းသည် ၎င်းတို့လုပ်ငန်းဆောင်ရွက်သည့် နိုင်ငံများမှ အကျင့်ပျက် အာဏာပိုင်များနှင့် မကြာခဏဆိုသလို ပူးပေါင်းဆောင်ရွက်ရန်မှအပ အခြားရွေးစရာ မရှိသောကြောင့် မူးယစ်ကုန်သွယ်မှုတွင် အစိုးရအရာရှိများ ပါဝင်ပတ်သက်နေခြင်းအား မသိကျိုးကျွံပြုနေရသည့် ရှည်လျားသော သမိုင်းရှိကြောင်း ဝေဖန်ဆန်းစစ်သူများက ပြောသည်။
“(ယခင်နှစ်က) ဘိန်းစိုက်ပျိုးမှု အထူထပ်ဆုံးနေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် ဒေသဖြစ်သည်” ဟု ၂၀၁၉ ခုနှစ်က UNODC အစီရင်ခံစာတွင် ဖော်ပြသည်။
KIA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) သည် ထိုအစီရင်ခံစာကို ပထမဆုံး တုံ့ပြန်သည့် အဖွဲ့အစည်းဖြစ်ပြီး UNODC ၏ မြေပုံတွင် ဖော်ပြထားသည့် ဘိန်းစိုက်ပျိုးသည့်ဒေသသည် ၎င်းတို့ ထိန်းချုပ်ဒေသ မဟုတ်ဘဲ အစိုးရက အသိအမှတ်ပြုထားသည့် ပြည်သူ့စစ်များနှင့် စစ်အုပ်စုနှင့် မဟာမိတ် ဖွဲ့ထားသည့် နယ်ခြားစောင့်တပ်များ ထိန်းချုပ်ဒေသဖြစ်ကြောင်း ကြေညာချက်တစောင်တွင် ဖော်ပြလိုက်သည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် TNI က ကြေညာချက်တစောင် ထုတ်ပြန်ပြီး “မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပြဿနာ (ထိုစဉ်က ဘိန်းစိုက်ပျိုးမှု) တွင် အပြစ်လွှဲချခြင်းကို ပြည်တွင်းနှင့် နိုင်ငံတကာ ဇာတ်ကောင်အမျိုးမျိုးက ပြုလုပ်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ ထိုသို့သော စွပ်စွဲချက်များသည် ပြဿနာကို လမ်းကြောင်းလွဲစေခြင်း၊ မြေပြင်ပကတိ အခြေအနေများကို လျစ်လျူရှုခြင်းတို့ကိုသာ ဖြစ်စေပြီး မြင့်မားသည့် အဂတိလိုက်စားမှုများနှင့် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသည့် ဒေသတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှု ထွန်းကားစေခြင်းကိုသာဖြစ်စေသည်” ဟု ဖော်ပြခဲ့သည်။
UNODC သည် မူးယစ်ဆေးကုန်သွယ်မှုတွင် အစိုးရအရာရှိများ ပါဝင်ပတ်သက်နေသည်ကို ဖုံးကွယ်ပေးပြီး မြန်မာမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို အပြစ်တင်သည့် ရှည်လျားသော သမိုင်းရှိသည်။
UNODC သည် မူးယစ်ဆေးကုန်သွယ်မှုတွင် အစိုးရအရာရှိများ ပါဝင်ပတ်သက်နေသည်ကို ဖုံးကွယ်ပေးပြီး မြန်မာမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို အပြစ်တင်သည့် ရှည်လျားသော သမိုင်းရှိသည်။
UNODC က ထုတ်ပြန်သည့် သတင်းအချက်အလက်များကို ကိုးကားပြီးနောက် Reuters သတင်းဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ဝေသည့် သတင်းတပုဒ်တွင် ရွှေတြိဂံဒေသကို အာရှရာဇဝတ်ဂိုဏ်းများနှင့် မြန်မာမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က စီမံနေကြောင်း ဖော်ပြကာ တရားခံရင်းဖြစ်ပြီး ရွှေတြိဂံဒေသတွင် မူးယစ်ဆေးကုန်သွယ်မှုအတွက် အဓိကတာဝန်ရှိသည့် မြန်မာစစ်အုပ်စု၏ မဟာမိတ် ဒေသခံ လက်နက်ကိုင်များအကြောင်း စကားလုံးတလုံးပင် ရေးသားခြင်း မရှိပေ။
UNODC နှင့် အနောက်တိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအရာရှိများက ရွှေတြိဂံဒေသတွင် ဘိန်းဘုရင်သစ် ပေါ်ပေါက်နေသည်ဟု ပြောကြားလိုက်သည့် ၂၀၁၉ ခုနှစ်တွင် ထိုဒေသမှ မူးယစ်ဆေး မှောင်ခိုမှုနှင့် ပတ်သက်သည့် မှားယွင်းသော အယူအဆများ ပေါ်ပေါက်ခဲ့သည်။
သူ၏အမည်မှာ ဆမ်ကော (အကိုကြီး ၃) ဟုသိကြသည့် တရုတ်နိုင်ငံဖွား ကနေဒါနိုင်ငံသား စီချီလော့ ဖြစ်သည်။ သူသည် ထိုဒေသအတွင်းမှ တရားမဝင်ဘဲ ကျယ်ပြန့်သည့် အမ်ဖက်တမင်း ထုတ်လုပ်မှုအများစုကို ထိန်းချုပ်ထားသော ဂိုဏ်းတခု၏ ခေါင်းဆောင်ဖြစ်သည်ဟု ကျော်ကြားသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် Reuters သတင်းဌာနက ၎င်းတို့၏ နက်ရှိုင်းသော လေ့လာစုံစမ်းမှုတခုတွင် စီ၏ အာရှမက်သ် ဂိုဏ်းအကြောင်းကို ဖွင့်ချလိုက်သည်။ သတင်းအရ ထိုဂိုဏ်းသည် ဒေသတွင်း ကျယ်ပြန့်သည့် မူးယစ်ဆေးလုပ်ငန်းအများစုကို ထိန်းချုပ်ထားသည် ဟုဆိုသည်။ Reuters သတင်းက စီသည် အာရှမှ လူဆိုးဂိုဏ်း ၅ ခုနှင့် မဟာမိတ်ဖွဲ့ကာ နိုင်ငံတကာ မူးယစ်ဂိုဏ်းကြီးတခုကို စီမံအုပ်ချုပ်နေသည့် အာရှမှ အလိုအရှိဆုံး သူဖြစ်သည်ဟု ဖော်ပြသည်။
စီ၏ မူးယစ်ဂိုဏ်းအတွက် ၂၀၁၈ ခုနှစ်က ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇ ဘီလီယံဖြစ်သည်ဟု UNODC က ခန့်မှန်းကြောင်း၊ အာရှတွင် မူးယစ်ဆေးမှောင်ခိုမှုသည် ဂျပန်မှ နယူးဇီလန်အထိ ကျယ်ပြန့်ကြောင်း ထိုသတင်းတွင် ဖော်ပြသည်။ ထိုသတင်းတွင်ပင် ဒေါက်ဂလပ်စ်က “စီသည် အယ်လ်ကပုန် သို့မဟုတ် ပတ်ဗလို အက်စကိုဘာတို့နှင့် အဆင့်တူ ဖြစ်သည်။ မူးယစ်ရာဇာဆိုသော စကားလုံးကို မကြာခဏ မှားယွင်း သုံးတတ်ကြသော်လည်း ယခုတကြိမ်တွင်မူ ထိုစကားလုံးကို သုံးရမည်ဖြစ်သည်” ဟု ပြောကြောင်း ဖော်ပြထားသည်။
အခြားပိုမိုသိရှိနားလည်သည့် ဝါရင့်လေ့လာသူများကမူ အာရှမူးယစ်ကုန်သွယ်မှုကို ဟောလိဝုဒ် ရုပ်ရှင်ပုံစံမျိုးဖြင့် ရှုမြင်ကြခြင်းကို သဘောမတူပေ။ အာရှ မူးယစ်မှောင်ခိုလုပ်ငန်းကို လျော့တိလျော့လျဲဖွဲ့စည်းထားသည့် အလွတ်သဘောဆန်သော ကွန်ရက်များကသာ စီမံနေခြင်းဖြစ်ပြီး သြဇာအကြီးမားဆုံး မူးယစ်ရာဇာ မရှိဟု ၎င်းတို့က ပြောသည်။
အမေရိကန်ပြည်ထောင်စုမှ အကျွမ်းကျင်ဆုံး ရာဇဝတ်မှုဗေဒပညာရှင် နှစ်ဦးဖြစ်သည့် ကိုလင်ချင်နှင့် ရှယ်လ်ဒန်ကျောင်တို့က တရုတ်ဘိန်းဖြူမှောင်ခိုလုပ်ငန်း၊ ရွှေတြိဂံ-အရှေ့တောင်အာရှ မူးယစ်ကုန်သွယ်မှု အတွင်းရေး စသည့် စာအုပ်များနှင့် အခြားစာတမ်းများ၊ ဆောင်ပါးများတွင် တရုတ် မူးယစ်ဆေး ရာဇဝတ်ကွန်ရက်များကို ဘေးချင်းယှဉ်လျက် ပုံစံ၊ ပျော့ပြောင်းစွာနှင့် အခြေအနေကို အသုံးချ ဖွဲ့စည်းထားကြောင်း ၎င်းတို့က ရေးသားသည်။
“အောက်ခြေမှ အမေရိကန် မူးယစ်တိုက်ဖျက်ရေး အရာရှိများကပင် မူးယစ်ရာဇာဆိုသူများ မရှိကြောင်းနှင့် တရုတ်နှင့် အရှေ့တောင်အာရှတွင် မူးယစ်ရာဇာများကို မတွေ့ဖူးကြောင်း ဝန်ခံကြသည်” ဟုလည်း ၎င်းတို့က ဆွေးနွေးပွဲများတွင် ပြောသည်။
ထို့အပြင် မူးယစ်ဆေးမှောင်ခိုမှုတွင် လူဆိုးဂိုဏ်းများ ထူးထူးခြားခြား ပါဝင်ပတ်သက်မှုရှိသည့် အထောက်အထား မတွေ့ကြောင်း ချင်နှင့်ကျောင်တို့က ၎င်းတို့၏ စာအုပ်များနှင့် စာတမ်းများတွင် ပြတ်ပြတ်သားသား ပြောကြားထားသည်။ အချို့သော လူဆိုးဂိုဏ်းဝင်များသည် မူးယစ်မှောင်ခိုမှုနှင့် ပတ်သက်နေသော်လည်း ၎င်းတို့၏ အဓိက တရားမဝင် ဝင်ငွေသည် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ခြိမ်းခြောက်ငွေတောင်းခြင်း၊ လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်းနှင့် လိမ်လည်မှုများမှ ရရှိသော ဝင်ငွေများ ဖြစ်သည်။
လက်တွေ့တွင် မူးယစ်ရာဇာဆိုသည့် စကားလုံးကို အသုံးပြုခြင်းသည် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး နှိမ်နင်းမှုတွင် လွဲမှားယူဆစေသော စကားလုံးဖြစ်နေသည်။ ထိုစကားလုံးမှာ လူတိုင်းသိနိုင်သည့် တရားဝင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအရာရှိများ အပါအဝင် အခြားသူများက မူးယစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေစဉ် လမ်းကြောင်းလွှဲရန် တီထွင်ထားသည့် စကားလုံး ဖြစ်နေသည်။ သို့သော် ထိုသို့သော သူများ၏ အမည်ကို ဖော်ထုတ်လိုက်ခြင်းသည် သံတမန်ရေး သာမက ဥပဒေကြောင်းအရလည်း အကျိုးဆက်များ ရှိလာနိုင်သည်။
ထို့နောက် လွန်ခဲ့သောနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စီချီလော့ကို ဒတ်ချ်ရဲတပ်ဖွဲ့က ဆီဖောလေဆိပ်တွင် ဖမ်းဆီးလိုက်သည်။ အံ့သြစရာကောင်းသည်မှာ သူသည် အမည်ဆိုးကျော်ကြားလှသော ရာဇဝတ်ကောင် ဖြစ်သည့်တိုင် ထိုင်ဝမ်မှ ကနေဒါသို့ သွားရန် လေယာဉ်ပြောင်းစီးချိန်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ထို အာရှ အယ်လ်ကပုန်ကို ဖမ်းဆီးထားသည့် တနှစ်တာကာလအတွင်း ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ထုတ်လုပ်မှုသည် ကျဆင်းမသွားဘဲ သိသိသာသာ တိုးလာနေသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးထုတ်လုပ်မှု တိုးလာနေသည်ဆိုသည့် UNODC ၏ မကြာသေးမီက အစီရင်ခံစာနှင့် စိတ်ကူးယဉ်ဆန်သည့် မူးယစ်ရာဇာ ဇာတ်လမ်းများကို မေးခွန်းထုတ်စရာ ဖြစ်နေသည်
မြန်မာနိုင်ငံတွင် မူးယစ်ဆေးထုတ်လုပ်မှု တိုးလာနေသည်ဆိုသည့် UNODC ၏ မကြာသေးမီက အစီရင်ခံစာနှင့် စိတ်ကူးယဉ်ဆန်သည့် မူးယစ်ရာဇာ ဇာတ်လမ်းများက မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ပိုမိုစိတ်ပျက်စရာကောင်းသည်မှာ UNODC က ရန်ကုန်တွင် အခြေစိုက်မည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေး အရာရှိတဦးကို ခန့်ထားရန် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် မကြာသေးမီက ကြေညာခြင်း ဖြစ်သည်။ ထိုကြော်ငြာအရ အရာရှိသည် (ကုသလမဂ္ဂ၏ သဘောထားနှင့်အညီ) အစိုးရအဖွဲ့အစည်းများ၊ လူမှုအခြေပြု အဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ၊ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အစိုးရဆိုသည်မှာ မည်သည့်အစိုးရကို ရည်ညွှန်းကြောင်း ဖော်ပြမထားသော်လည်း ထိုအရာရှိသည် ရန်ကုန်တွင် အခြေစိုက်သောကြောင့် ၎င်းဆက်သွယ်ရမည်မှာ စစ်ကောင်စီခန့်အစိုးရသာ ဖြစ်ပုံရသည်။ ထိုသဘောထားနှင့် အညီပင် စစ်ကောင်စီခန့် ပြည်ထဲရေး ဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို လွန်ခဲ့သောနှစ် ဧပြီလက ဩစတီးယားနိုင်ငံ၊ ဗီယင်နာတွင် ကျင်းပသည့် မူးယစ်ဆေးဝါးဆိုင်ရာ ကော်မရှင် (CND) ၏ ၆၄ ကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
CND သည် UNODC ကို အုပ်ချုပ်သည့် အဖွဲ့အစည်းဖြစ်ပြီး ထိုအစည်းအဝေးကို စစ်ကောင်စီထိန်းချုပ် မီဒီယာများက အကြီးအကျယ် ဖော်ပြကြသော်လည်း လူထုအခြေပြု အဖွဲ့အစည်းများ၏ ဝေဖန်မှုများကို ဖြစ်စေခဲ့သည်။ ရဲနှင့် သတင်းတပ်ဖွဲ့ နှစ်ခုလုံးကို ထိန်းချုပ်သည့် ဝန်ကြီးဌာနမှ အရာရှိကြီးတဦး ဖြစ်သော ဗိုလ်ချုပ် သန်းလှိုင်သည် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများကို နှိမ်နင်းရာတွင် အဓိကအခန်းမှ ပါဝင်သည်။ သူ့ကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က အမည်ပျက်စာရင်းတွင် တရားဝင် ထည့်သွင်းထားသည်ဆိုသည့် အချက်ကိုလည်း CND က ထည့်သွင်းစဉ်းစားခြင်း မရှိပေ။
ထိုသို့ ဆိုးရွားသည့် အမှားအယွင်းများ ရှိသော်လည်း မူးယစ်ဆေးဝါး သုံးစွဲမှုသည် ဒေသတွင်းတွင် အဓိကကျသည့် လူမှုပြဿနာတခု ဖြစ်သည်ဆိုသည့်အချက်ကို ငြင်းပယ်နိုင်ခြင်း မရှိပေ။ အရှေ့တောင်အာရှ နိုင်ငံအများအပြားမှ တရားဝင်ထုတ်ပြန်သည့် စာရင်းများအရ ATS ပုံစံ မူးယစ်ဆေးသုံးစွဲသူ ၉ ဒသမ ၈၆ သန်းမက ရှိနေပြီး အခြားသူ ၃ ဒသမ ၆၇ သန်းသည် စိတ်ငြိမ်ဆေး သုံးစွဲကာ ၃ ဒသမ ၂၉ သန်းက ဘိန်း သို့မဟုတ် ဘိန်းဖြူကို သုံးစွဲနေကြောင်း သိရသည်။
ထို့ကြောင့် မူးယစ်မှောင်ခိုများသည် ဒေါ်လာသန်း ဆယ်ပေါင်းများစွာ ရရှိနေပြီး အကျင့်ပျက်ခြစားသည့် ရဲများနှင့် အခြားအရာရှိများသည်လည်း ငွေအကြီးအကျယ်ရနေကြကာ မူးယစ်ဆေးသုံးစွဲသူများသည် ၎င်းတို့ မူးယစ်ဆေးသုံးစွဲရန် ငွေကြေး ရရှိရေးအတွက် ရာဇဝတ်မှုများကို ကျူးလွန်နေကြသည်။
ဝမ်းနည်းစရာကောင်းသော အမှန်တရားမှာ UNODC သည် ပြဿနာကို မဖြေရှင်းနိုင်ရုံသာမက ပြဿနာ၏ တစိတ်တပိုင်း ဖြစ်နေခြင်းဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ UN Contributing to Myanmar’s Drug Problem ကို ဘာသာပြန်ဆိုသည်။ Bertil Lintner သည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာရေးသားခဲ့သည့် ဆွီဒင်စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
အာရှ၏ မူးယစ်ရာဇာနောက် ခြေရာခံလိုက်ခြင်း
စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုမှု တိုးလာ
လာအို ဖမ်းမိသော မူးယစ်ဆေးများ အာရှတွင် အများဆုံး
စစ်အာဏာသိမ်းမှုက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသာ အမြတ်ထွက်သည်