ဆောင်းပါး

စစ်တပ်ရဲ့ အမြစ်ဖြတ်မှုကို ရုန်းကန်တော်လှန်တဲ့ သင်္ကြန်သံချပ်

“ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ
အမောပြေအောင် တိုက်ပါ့မမ

ရွှေလက်အုပ်၊ အုပ်ခါတီး
ငှက်ပျောသီး မှည့်မှည့် စားရအောင်”

ဆိုပြီး အမေတွေ၊ အဖွားတွေက ဆိုပြတော့ ကလေးချော့တဲ့ ကဗျာ တပိုင်းတစလို့ပဲ လူငယ်အများစု မှတ်ထင်ခဲ့ ကြပါတယ်။

စစ်တပ်က လူသိရှင်ကြား အာဏာ ထပ်သိမ်းခဲ့တဲ့ ၁၉၈၈ နောက်ပိုင်းကတည်းက သံချပ်တွေကို ပိတ်ပင်တားမြစ်ခဲ့လို့ ၉၀ နောက်ပိုင်း မွေးတဲ့ လူငယ်တွေဟာ၊ သံချပ်ဆိုတာနဲ့ ဝေးကွာခဲ့ပါတယ်။

အမှန်တော့ ကလေးချော့တေးလို့ ထင်ခဲ့တဲ့ စာသားတွေဟာ တချိန်က သင်္ကြန်ကာလတွေမှာ စပ်ဆိုခဲ့တဲ့ သံချပ်တွေ ထဲက လူသိများခဲ့တဲ့ စာသားတွေပါ။ ဒီစာသားတွေကို ဆရာကြီး တင်မိုးရဲ့ မြန်မာကဗျာစပ်နည်း စာအုပ်မှာ သံချပ် နမူနာ အနေနဲ့ ဖော်ပြထားပါတယ်။

တိုင်သူနဲ့ ဖောက်သူ၊ တိုင်ပေးတဲ့သူနဲ့ နောက်က ဆက်ပြီး လိုက်ဆိုတဲ့သူ ပါတဲ့ သံချပ်တွေဟာ ပဒေသရာဇ်စနစ် ကတည်းက ရှိတယ်လို့ ယူဆထားကြပါတယ်။ ယိမ်းချင်း၊ နတ်ချင်း၊ လှေတော်သံစတဲ့ ကဗျာအမျိုးအစားတွေက သံချပ်မတိုင်ခင်က ရှိခဲ့တဲ့ အတိုင်အဖောက်နဲ့ အချီအချနဲ့ ရွတ်ဆိုရတဲ့ ကဗျာတွေပါပဲ။

ရှေ့က လူတယောက်က စပြီး တိုင်ပေးလိုက်ရင် နောက်ကနေ အုပ်စုလိုက် နောက်တပိုဒ်ဆိုတယ်။ သံချပ်တွေမှာ ပျော်ရွှင်စရာတွေ ရွတ်ဆိုကြသလို၊ ထေ့စရာ၊ ငေါ့စရာ၊ သရော်စရာ၊ လှောင်စရာတွေကိုလည်း ထည့်ပြီး ရွတ်လေ့ ရှိပါတယ်။

သံချပ်ထိုး ပြိုင်ပွဲတွေကို သင်္ကြန်ကာလမှာ မြို့အလိုက်၊ နယ်အလိုက် အပြိုင်အဆိုင် လုပ်ကြတယ် ဆုပေးကြတယ်။ အချင်းချင်း ထေ့ကာ၊ ငေါ့ကာ ပြောင်လှောင်ကြသလို၊ မြို့က၊ နယ်က၊ နိုင်ငံက အုပ်ချုပ်သူ လူတန်းစားရဲ့ တလွဲတချော် လုပ် ဆောင်ချက်တွေကို လှောင်ပြောင်တာမျိုးလည်း ရှိပါတယ်။

သင်္ကြန်နှင့် သံချပ်ဟာ တပြိုင်တည်း ပေါ်ပေါက်လာတာ မဟုတ်ပေမယ့် သင်္ကြန်ဆိုရင် တနှစ်လုံးစာ အလွဲတွေကို ပြန်လည် သုံးသပ်ကြဖို့ ထေ့ကြငေါ့ကြသလို ဟစ်တိုင်တခုလို သံချပ်နဲ့ ပြည်သူတွေကို အသိပေးတာ၊ ပြည်သူ့ဆန္ဒ တွေကို အုပ်ချုပ်သူတွေသိအောင် သံချပ်ထိုးတာက ဓလေ့တခုလို ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီသံချပ်တွေကို အာဏာရှင်တွေက သေမလောက်ကို ကြောက်ပါတယ်။ ၁၉၈၈ နောက်ပိုင်း လုံးဝကို ပိတ်ပင်ပစ်ခဲ့တဲ့ အထိပါပဲ။ ဒါကြောင့် နှစ်ပေါင်းများစွာ သင်္ကြန်နဲ့ တွဲဖက်လူသိများခဲ့တဲ့ သံချပ်တွေဟာ ပြည်တွင်းမှ ပျောက်ဆုံး ခဲ့ရပါတယ်။

ဒါပေမယ့် ပြည်ပရောက် မြန်မာတွေပါဝင်တဲ့ အဖွဲ့အစည်းတချိုကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် သံချပ်ကို ပြန်လည်ဖော်ထုတ်တာတွေ ရှိပါတယ်။

ဒီမိုကရေစီ တဝက် ရွေးကောက်ပွဲတွေ ပြန်လည် ပေါ်ပေါက်လာပြီးနောက်၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ သံချပ်တွေကို ပြန်ခွင့်ပြုခဲ့ပါတယ်။ ခွင့်ပြုပေးတယ်ဆိုပေမယ့် နည်းနည်းလေးတော့ ဈေးဆစ်ထားပြီး သံချပ်တွေကို စိစစ်ဖို့ အစိုးရကို ကြိုတင် တင်ပြရတာမျိုးတော့ လုပ်ခဲ့ရပါသေးတယ်။

ဒါပေမယ့် အုပ်ချုပ်သူတွေကို လှောင်ပြောင် ထေ့ငေါ့ ရတာဟာ သံချပ်ရဲ့ အဓိက အနှစ်သာရ တရပ်လို ဖြစ်လာတာ မို့လို့လည်း သံချပ်အဖွဲ့အချို့က အစိုးရကို မတင်ပြဘဲ ဖျော်ဖြေတာတွေ ရှိခဲ့ပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဝင်တဦး

ဘယ်လိုပဲ ခေတ်တွေပြောင်းသွား ပြောင်းသွား စစ်တပ်ကတော့ သံချပ်တွေကို ကြောက်တုန်းပါပဲ။၂၀၁၉ ခုနှစ်က စစ် တပ်ကို ဝေဖန်တဲ့ သံချပ်တွေနဲ့ နယ်စုံလှည့် ဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို စစ်တပ်က တရားစွဲဆို ထောင်ချခဲ့ပါတယ်။

“အိုင်စီစီကို ကြောက်တဲ့ကောင် နေပြည်တော်ကို ရှောင်၊ အိုင်စီစီကို ကြောက်တဲ့ဘဝ နေပြည်တော်က အဘ” စတဲ့ စာသားတွေနဲ့ စစ်တပ်ကို သရော်ခဲ့လို့ ထောင်ဒဏ်၂ နှစ်ကနေ ၆ နှစ်ကျော်အထိ ချမှတ်ခံခဲ့ရပါတယ်။

စစ်တပ်ဟာ သမိုင်းနဲ့ ချီပြီးတော့ကို သံချပ်ကို ကြောက်ခဲ့တာမျိုးပါ။

၁၉၇၅ ခုနှစ်သင်္ကြန်မှာ ကဗျာဆရာတွေဖြစ်တဲ့ အညာတမာ၊ ငသိုင်းချောင်းဝံသာ တို့ရဲ့ ပိတောက်တစ္ဆေ နာမည် သံချပ် ထိုးတဲ့ အခါမှာ ဖမ်းဆီးပြီး စစ်ခုံရုံးကနေ ထောင်ချတဲ့အထိ လုပ်ခဲ့တာတွေကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

သင်္ကြန်နဲ့ သံချပ်ဟာ လွတ်လပ်ပြီးစ ပါလီမန် အစိုးရလက်ထက်မှာ အတော်ကို တွင်တွင်ကျယ်ကျယ် ဖြစ်ခဲ့ပေမယ့် ၁၉၆၂ တော်လှန်ရေး ကောင်စီခေတ်ကစပြီး မလွတ်မလပ် ကျပ်တည်းလာခဲ့ပါတယ်။

တပါတီ အာဏာရှင် စနစ်လို့ ပြောကြတဲ့ မဆလ ခေတ်မှာလည်း သံချပ်တွေကို ဆင်ဆာတင်ရပါတယ်။ သံချပ်တွေ ကပ်ဆိုးလို့ ပြောရမယ့် အဆိုးဆုံးကာလတွေက ၁၉၈၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိလို့ ဆိုရပါမယ်။ သံချပ်သံတွေ လုံးဝ ဆိတ်သုဉ်းခဲ့ရတဲ့ ကာလပါ။

သင်္ကြန်ရဲ့ ဝိဉာဉ်က ပိတောက်ပန်းနဲ့ သံချပ်ဖြစ်တယ်။ သင်္ကြန်ဖြစ်ပါလျှက် ပိတောက်ပန်း ရနံ့မရလျှင်၊ သံချပ်သံ ကလေးမှ မကြားရလျှင် သင်္ကြန်က အသက်မဝင်လို့ စာရေးဆရာ သစ္စာနီက သူ့ရဲ့ဆောင်းပါး တခုမှာ ဆိုထားပါတယ်။

အဲဒီကာလတွေကတော့ သင်္ကြန်ကို သံချပ် မပါဘဲ ဖြတ်သန်းခွင့် ပေးခဲ့တဲ့ ကာလတွေလို့ ဆိုရမှာပေါ့။

သံချပ်ကို စစ်တပ်က ဘာကြောင့် ကြောက်ကြသလဲဆိုရင်တော့ သံချပ်တွေက လူတွေရဲ့ ခံစားချက်တွေကို ဖော်ပြ သလို အုပ်ချုပ်သူ လူတန်းစားကို ခေတ်အဆက်ဆက် သရော်ခဲ့လို့ပါ။ အာဏာကို လက်မလွှတ်ချင်ဘဲ အာဏာရရေး၊ ဆွေမျိုးသားချင်းတွေ ကောင်းစားရေးကိုပဲ ဦးတည်နေတဲ့ အုပ်ချုပ်သူတွေအတွက် အင်မတန် ကြောက်စရာ လက်နက် တခု ဖြစ်နေလို့ပါပဲ။

ကိုယ်တိုင်လည်း သံချပ်တွေ ထိုးခဲ့ဖူးတဲ့ နိုင်ငံရေး သုတေသီ တဦးဖြစ်တဲ့ ဦးအောင်စောဦး က “လူထုကြားမှာ အမှန် တရားတွေကို ဘောင်ချပေးလိုက်တဲ့အခါမှာ လူထုရဲ့ ထောက်ခံမှုတွေ နိုင်ငံရေး နိုးကြားမှုတွေ၊ သိမြင်မှုတွေက ပိုပြီး တိုးတက်သွားတာ ဖြစ်တယ်။ သူတို့က (စစ်တပ်) အမှန်တရားကို ပြည်သူလူထုကြီး သိသွားမှာ သိပ်ကြောက်တယ်။ ဒါကြောင့်မို့လို့ သင်္ကြန်သမား လာရင် အမှန်တရား ပါလာတယ်။ သင်္ကြန်သမားပြန်ရင် အမှန်တရား ကျန်ခဲ့မယ် ဆိုတဲ့ ဆောင်ပုဒ် ရှိတာ” လို့ ဆိုပါတယ်။

လူထုရဲ့ နစ်နာမှုတွေ၊ ထိခိုက်ခံစားရမှုတွေကို ဖော်ပြရင်း အုပ်ချုပ်သူတွေရဲ့ အားနည်းချက်တွေကို သံချပ်နဲ့ ခေတ် အဆက်ဆက် ဝေဖန် ထောက်ပြနိုင်ခဲ့ကြပါတယ်။

မောင်းတီး လူစုစရာ မလိုတဲ့ သင်္ကြန်မှာ လူထုသိအောင် အမှန်တရားတွေကို အကြိမ်ကြိမ်အခါခါ ချပြနိုင်လာတဲ့အခါ သံချပ်က အာဏာရှင်တွေအတွက် ကြောက်စရာ ဖြစ်လာပြီး သံချပ်နဲ့ စပ်ဆိုသမျှ မခံရပ်နိုင်အောင် ဖြစ်လာကြပါတယ်။ ဒါကြောင့်ပဲ သံချပ်ကို နှစ်ပေါင်း ဆယ်နဲ့ ချီပြီး ပိတ်ပင်ပစ်ခဲ့ကြပါတယ်။

“အနုပညာနဲ့ သံချပ်နဲ့ ပြည်သူထုရဲ့ ရင်ထဲက ဆာလောင်မွတ်သိပ်မှုတွေကို ဖော်ထုတ်ပေးတယ်။ သံချပ်ဆိုတာက ပြည် သူလူထုရဲ့ ဆန္ဒကို အနုပညာနဲ့ တိုင်းပြည်ကို ဖော်ထုတ်တင်ပြပေးတာပါ။ စစ်အာဏာပိုင်တွေကျတော့ ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့လို ဖြစ်တာပေါ့။ တကယ့် အမှန်တရားကို ဖော်ဆောင်ပေးမယ့် လူဆိုရင် သူတို့ အင်မတန် ကြောက် လန့်တာ ဖြစ်တယ်” လို့ ဦးအောင်စောဦးက ဆိုပါတယ်။

သံချပ်တွေကို ပြန်ဖွင့်ပေးတဲ့ကာလ၂၀၁၂ ခုနှစ် နောက်ပိုင်း အချိန်တွေမှာလည်း သံချပ်အမွေအနှစ်ကို မျိုးဆက်သစ် သံချပ် အဖွဲ့တွေတွေက လက်ဆင့်ကမ်းနိုင်ခဲ့ကြပါတယ်။

၂၀၁၂ နောက်ပိုင်းမှာ လူထု ပဲ့တင်သံလို သံချပ်ပြိုင်ပွဲတွေ ပြန်ပေါ်ပေါက်လာသလို နယ်လှည့် သံချပ်ဖျော်ဖြေပွဲတွေ အပြိုင်အဆိုင် ပေါ်ပေါက်လာခဲ့ပါတယ်။

စစ်တပ်ကိုသာမက အရပ်သား အစိုးရရဲ့ အားနည်းချက်တွေကို ထောက်ပြ သရော်ခဲ့ကြပါတယ်။

ဒီမိုကရေစီအစိုးရ လက်ထက်မှာတောင်မှာ သံချပ်စပ်လို့ ထောင်ကျခဲ့ရတဲ့ ဒေါင်းတို့ မျိုးဆက်သံချပ် အဖွဲ့ရဲ့ သံချပ်မှာဆို ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရ နှစ်ရပ် ဖြစ်နေတာ၊ စစ်တပ်က လွှတ်တော်တွင်းက ထွက်ခွာသွားဖို့ လိုတာတွေ ကို စပ်ဆိုခဲ့ပါတယ်။

စစ်တပ်က အဲဒီကတည်းက နိုင်ငံ အုပ်ချုပ်ရေးကနေ ထွက်ခွာဖို့ ပြောရင် ဆတ်ဆတ်ထိ မခံနိုင်အောင် တုံ့ပြန်ခဲ့တာကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ အာဏာကို လုံးလုံးလျားလျား ပြန်လည် သိမ်းယူပြီး အကြမ်းဖက်မှုတွေကို ထပ်မံ ကျူး လွန်ပါတော့တယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ စစ်တပ်ဟာ နိုင်ငံကို သူတို့ ထင်သလောက် လွယ်လွယ်ကူကူတော့ မသိမ်းယူနိုင်သေးပါဘူး။

သံချပ်ကြောင့် စစ်တပ်က တရားစွဲ ထောင်ချသည့် ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်နှင့် အဖွဲ့သားများ (ဒေါင်းတို့ မျိုးဆက်)

သံချပ်ကို နှစ်ပေါင်း ၃၀ လောက် ဆိတ်သုဉ်းစေခဲ့ပြီး အမြစ်ဖြတ်ဖို့ ကြိုးစားခဲ့သလို သံချပ်နဲ့ အတူ ပြည်သူတွေရဲ့ လွပ် လပ်စွာ ပြောဆိုခွင့်တွေ၊ ထုတ်ဖော်ခွင့်တွေ၊ ဒီမိုကရေစီ စိတ်ဓာတ်တွေကိုလည်း အာဏာရှင် ကြိုးနီစနစ် အောက်မှာ နှစ်ပေါင်းများစွာ သင်းသတ်ခဲ့ပါတယ်။

စစ်တပ် မျှော်လင့်ထားသလို သံချပ်ဟာ မသေဆုံးခဲ့သလို လူထုရဲ့ ဒီမိုကရေစီ လိုလားတဲ့ စိတ်ဟာလည်း ပိုလို့တောင် အားကောင်းလာပါသေးတယ်။

ဒေါင်းတို့ မျိုးဆက်အပါအဝင် သံချပ်အဖွဲ့အသီးသီးဟာ ဒီသင်္ကြန်မှာ စစ်အာဏာရှင်စနစ်ကို သံချပ်နဲ့ တော်လှန်ကြဖို့ ပြည်သူလူထုရဲ့ ဒုက္ခသုက္ခတွေကို သံချပ်နဲ့ ဖော်ကျူးဖို့ ပြင်ဆင်နေကြပါတယ်။

စစ်တပ်ကို သရော်လို့ ထောင်ကျခဲ့ဖူးတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေဟာလည်း အခုဆိုရင် စစ်တပ်ကို လက်နက်ကိုင် တော်လှန်ရင်းကနေ စစ်တပ်ရဲ့ တရားမဲ့ ပြုကျင့်နေမှုတွေကို ဒီနှစ်သင်္ကြန်မှာ သံချပ်စပ်ပြီး ပြည်သူကို ဖျော်ဖြေဦးမှာပါ။

စစ်တပ်ရဲ့ ထောင်ချခံခဲ့ရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က “သံချပ်ဆိုတာက ဒီလို အာဏာ သိမ်းထားတဲ့ ကာလမျိုးမှာဆိုရင် သင်္ကြန်အတွင်း သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ လက်နက်တခုပါပဲ။ သံချပ်ဆိုတဲ့ အရာကို ဘယ်လိုအခြေအနေမျိုး ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် ရတဲ့ အခြေအနေကပြီးတော့ လှုပ်ရှားနေဦးမှာပဲ” လို့ ဆိုလိုက်ပါတယ်။

You may also like these stories :

နွေဦးတော်လှန်ရေးထဲက အကျဉ်းစံ ပန်ဒါ

ဝေဖန်မှုများရှိသော်လည်း “ထူး” သင်္ကြန်ပွဲကို ဆက်ကျင်းပမည်ဟု ဆို

သင်္ကြန်ကာလ ကမ်းခြေများ၌ အပန်းဖြေရန် စီစဉ်သူ များ

Loading