အာဏာသိမ်း စစ်ကောင်စီက နိုင်ငံသားအဖြစ်မှရပ်စဲကြောင်း ကြေညာသည့်စာရင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်များ၊ ပြည်ပရောက် တက်ကြွလှုပ်ရှားသူများသာမက ထင်ရှားသည့် အနုပညာရှင်အချို့ပါ ပါဝင်လာခဲ့သည်။
နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်၍ ပြည်ပနိုင်ငံများသို့ ထွက်ပြေးသွားသည်ဟု စစ်ကောင်စီက စွပ်စွဲထားပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ (၆၇) အရ ဖွဲ့စည်းသည့် ဗဟိုအဖွဲ့၏လုပ်ပိုင်ခွင့်အရ ယင်းပုဂ္ဂိုလ်များအား နိုင်ငံသား အဖြစ်မှ ရပ်စဲသည်ဟု ဆိုထားသည်။
နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ကြေညာခံရသည့် အနုပညာရှင်များစာရင်းတွင် အဆိုတော် ကျားပေါက်၊ သရုပ်ဆောင် ဒေါင်း၊ မိတ်ကပ် မေဦး၊ ဟန်လင်း၊ ဆောင်းဦးလှိုင်၊ တင်ဆက်သူ မောင်မောင်အေး၊ စာရေးဆရာ သရဝဏ် (ပြည်) တို့ ပါဝင် သည်။
စစ်ကောင်စီက ၎င်းအား ဆန့်ကျင်တော်လှန်နေသော အနုပညာရှင်များ၏ ဘဝရပ်တည်ချက်၊ နိုင်ငံရေးခံယူချက်များ ပြိုလဲ သွားစေရန် ရည်ရွယ်ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံသား ပယ်ဖျက်ခြင်း၊ မပယ်ဖျက်ခြင်းက တော်လှန်ရေးလှုပ်ရှားမှုများအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ပြည်ပရောက် တော်လှန်ရေး အင်အားစုများက ဆိုသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေခဲ့ကြသော အနုပညာ ရှင်တချို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြည်သူများနှင့် တသားတည်းရပ်တည်ကာ ဆန္ဒပြခဲ့ကြသည်။
စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ရဟန်းရှင်လူ ပြည်သူများ၊ ကျောင်းသားများနည်းတူ တော်လှန်အနုပညာရှင်များသည်လည်း စစ်ကောင်စီ၏ အမျိုးမျိုးသောဖိနှိပ်မှုနှင့် ဖမ်းဆီးထောင်ချခြင်းများကို ရင်ဆိုင်ခဲ့ရသည်။
ထိုအထဲတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီး နိုင်ငံရေးအရ ဖိအားပေးခြင်းခံရသည့် အနု ပညာရှင်များသည် ၂၀၂၁ ဖေဖော်ဝါရီနှောင်းပိုင်း၌ လွတ်မြောက်နယ်မြေဟုဆိုကြသော တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများ၊ နယ်စပ်ဒေသများနှင့် အခြားသောနိုင်ငံများသို့ အသီးသီးထွက်ခွာသွားကြသည်။
ပုဒ်မ ၅၀၅-က ကြောင့် ရှောင်တိမ်းခဲ့ရသည့် အနုပညာရှင်တဦးက “အခြားနိုင်ငံ ထွက်သွားရတယ်ဆိုတာ တိုင်းပြည်ထဲမှာ သာသာယာယာနေပြီးတော့ ထွက်သွားရတဲ့သူတွေ မဟုတ်ဘူး။ လိုက်ဖမ်းလို့၊ ဝရမ်းပါလို့ တခုခုကြောင့် ထွက်သွားရတဲ့သူတွေဆိုတော့ နယ်စပ်မှာလည်း ကြာကြာနေလို့ မရဘူး။ အခက် အခဲတွေ ရှိခဲ့တယ်” ဟု ပြောသည်။
အချို့အနုပညာရှင်များက တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများတွင် စစ်ပညာရပ်များ သင်ကြားပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) ထဲဝင်ကာ စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ တချို့က လည်း အနုပညာလက်နက်ဖြင့် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်တော်လှန်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ အနုပညာရှင်များ အနေဖြင့် ၎င်းတို့ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ခဲ့ရသလို ၎င်းတို့၏ လူနေမှုဘဝပုံစံ များကိုလည်း ပြောင်းလဲပစ်ကာ ရောက်ရှိရာအရပ်ဒေသတွင် ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကြုံလာသမျှ ရုပ်ပိုင်း၊ စိတ် ပိုင်းဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်ရင်း ရုန်းကန်ဖြတ်သန်းကြရသည်။
လွတ်မြောက်နယ်မြေရောက် ပြည်သူချစ် အနုပညာရှင်များအတွက် လုံခြုံရေးပိုင်းဆိုင်ရာကိစ္စသည် စိန်ခေါ်မှုတခု ဖြစ်ခဲ့ သည်။
ခေတ္တခိုလှုံကြရသည့် နယ်စပ်မြို့ကဲ့သို့သော နေရာမျိုးတွင် မြန်မာအသိုင်းအဝိုင်းများက ၎င်းတို့ချစ်ခင်သည့် အနုပညာရှင် များနှင့် အပြင်မှာဆုံတွေ့လျှင် နှုတ်ဆက်ချင်ကြသည်၊ ဓာတ်ပုံတွဲရိုက်ချင်ကြသည်။ အဆိုပါ အခြေအနေများက တော်လှန် အနုပညာရှင်များအား အခက်တွေ့စေခဲ့သည်။
တချို့အနုပညာရှင်များ အပြင်ထွက်သည့်အခါ အထောက်အထားမဲ့ နေထိုင်ရသောကြောင့် ရံဖန်ရံခါ ထိုင်းရဲများ၏ ငွေညှစ် ခြင်းကိုလည်း ကြုံရကြောင်း ၎င်းတို့၏ ပြောပြချက်အရ သိရသည်။
စစ်အာဏာ မသိမ်းခင်ကာလထိ မင်းသား၊ မင်းသမီး၊ အဆိုတော် စသည့် ဂုဏ်ပုဒ်များနှင့်အတူ အခြွေအရံ အသင်းအပင်း များစွာဖြင့် ပြည့်စုံစွာ နေထိုင်လာခဲ့ကြသည့် ၎င်းတို့၏ လူနေမှုပုံစံသည် တော်လှန်ရေးကာလကို ဖြတ်သန်းရင်း နယ်စပ်တွင် လည်း နယ်စပ်အလျောက်၊ တောထဲတွင်လည်း တောထဲအလျောက် ဒေါင်ကျကျပြားကျကျ နေတတ်လာစေခဲ့သည်။
၎င်းတို့ ကိုယ်တိုင်သာမက အတူပါလာသော ဇနီးမယား၊ သားသမီးများကလည်း ကြုံရသမျှ အခက်အခဲတိုင်းကို အတူတူ ခါးစည်းရင်ဆိုင်ကြရသည်။ သားသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးသင်ယူမှုတို့ကလည်း ၎င်းတို့ အတွက် စိန်ခေါ်မှုတရပ် ဖြစ်လာသည်။
လုံခြုံရေးအရ နာမည်ထုတ်မပြောလိုသည့် နာမည်ကြီးအဆိုတော်တဦးဆိုလျှင် သူသွားရသည့် လမ်းခရီးတလျှောက် နေထိုင်ရေး၊ စားသောက်ရေးကစပြီး လိုလေသေးမရှိ ကူညီထောက်ပံ့မှုများ ရရှိသော်လည်း ၎င်းအား ကူညီပေးသူများ၏ တခုတည်းသော တောင်းဆိုမှုကြောင့် ၎င်းအလွန်နှစ်သက်မြတ်နိုးရသော သီချင်းဆိုခြင်းကို စွန့်လွှတ်ခဲ့ရသည်။
သီချင်းဆိုခြင်းသည် သူ၏ဘဝ၊ သူ၏အသက် ဖြစ်သော်လည်း ၎င်း၏ တော်လှန်ရေးဘဝတဆစ်ချိုးတွင် ရေချိုးခန်း၌ပင် အသံကျယ်ကျယ်ဖြင့် သီချင်းမဆိုရသည့် ၆ လခန့် အချိန်ကာလကို ဖြတ်သန်းခဲ့ရသည်။ သူ၏အသံအား လူအများက မှတ် မိနိုင်သောကြောင့် လုံခြုံရေးအတွက် ထိုသို့ ဖြတ်သန်းခဲ့ရခြင်း ဖြစ်သည်ဟု သူက ပြောပြသည်။
စစ်အာဏာသိမ်းမှုကြောင့် သူဝါသနာပါရာ အသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်လွှတ်ခဲ့ရသလို ပရိသတ်နှင့် ကာလ အတန်ကြာ မတွေ့ရသည့်အတွက်လည်း စိတ်ဒဏ်ရာ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
“အာဏာသိမ်းမှုကြောင့် ကျနော်တို့ ပရော်ဖက်ရှင်နယ်ဘဝတွေ ပျောက်သွားတယ်။ ဒါပေမဲ့ တချို့အလုပ်တွေက အွန်လိုင်း မှာ ဆက်လုပ်လို့ရတယ်။ သို့သော်ငြားလည်း စားဝတ်နေရေးပေါ့။ အဲဒီအတွက် အလုပ်လုပ်ရတယ်။ မြန်မာနိုင်ငံတုန်းက လိုတော့ ပေါ်ကြော့နေလို့ မရဘူး” ဟု လက်ရှိတွင် တတိယနိုင်ငံသို့ ရောက်ရှိနေသည့် သူ၏အခြေအနေကိုလည်း ပြောပြ သည်။
အဆိုပါ အနုပညာရှင်လိုပင် တခြားသော စစ်အာဏာရှင်ကို ပေါ်ပေါ်ထင်ထင် တော်လှန်နေသည့် အနုပညာရှင်များသည် လည်း ဘဝရပ်တည် ရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှားရင်း တဖက်ကလည်း ၎င်းတို့ ရောက်ရှိနေသည့်နေရာကပင် တတ်သည့်ပညာများဖြင့် စစ်အာဏာရှင်ကို ကျရာအခန်းကဏ္ဍမှ ဆက်လက် တွန်းလှန်နေကြသည်။
ထိုသူများထဲတွင် အဆိုတော် ကျားပေါက်လည်း အပါအဝင် ဖြစ်ပြီး သူ ဝါသနာပါရာ ပန်းချီရေးဆွဲရင်း ပန်းချီကား ရောင်း ရငွေများအား NUG အစိုးရထံ လှူဒါန်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တထောင့်တနေရာမှ ပါဝင်နေသည်။
သူ ရေးဆွဲထားသော Doodle Art အိတ်များနှင့် Ukulele များကို လေလံတင်ရောင်းချခဲ့ပြီး ရရှိလာသည့် ငွေများကို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွက် လိုအပ်သည့်နေရာများထံ လှူဒါန်းခဲ့သလို ကျားပေါက်၏ “လွတ်မြောက် နယ်မြေ” ဟု အမည်ရသော ပန်းချီပြပွဲဲတရပ်ကိုလည်း ပြီးခဲ့သည့် လများအတွင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ် ခဲ့သေးသည်။
ထို့အတူ လွတ်မြောက်နယ်မြေသို့ ရောက်ရှိခဲ့ကြသည့် အဆိုတော် လင်းလင်း၊ Rဇာနည်တို့သည်လည်း ၎င်းတို့ တတ်ကျွမ်း သည့် အနုပညာများဖြင့် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသကဲ့သို့ အဆိုတော် ဆောင်းဦးလှိုင်သည်လည်း သီချင်း များသီဆိုဖျော်ဖြေရင်း တော်လှန်ရေးရန်ပုံငွေ ရှာဖွေပေးနေသည်။
သရုပ်ဆောင် ပိုင်ဖြိုးသု၊ အဆိုတော် ချစ်သုဝေတို့ကလည်း သိုးမွှေးချည်ထိုး Handmade လက်ရာများဖြင့် NUG အစိုးရ အတွက် ရန်ပုံငွေကူရှာပေးခဲ့ကြသည်။
နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသည့် သရုပ်ဆောင် ဒေါင်းသည်လည်း ၎င်း ရေးဆွဲထားသည့် ပန်းချီကားများကို ၂၀၂၂ အတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြသခဲ့ပြီး ပန်းချီပြပွဲမှ ရောင်းရသည့်ငွေများကို NUG အစိုးရကို လှူဒါန်းကာ စစ်အာဏာရှင် တော်လှန်ရေးအတွက် တတပ်တအား ပါဝင်ခဲ့သည်။
မကြာသေးခင်က NUG အစိုးရနှင့် PVTV တို့ ပူးပေါင်းတင်ဆက်သည့် “တော်လှန်ရေးဆိုသည်မှာ…” ရုပ်သံတွင် သရုပ်ဆောင် ဒေါင်းတယောက် ပါဝင်ကူညီရင်း အနုပညာဖြင့် ဆက်တော်လှန်နေသည်။
ဧရာဝတီနှင့် သီးသန့်အင်တာဗျူးတခုတွင် ဒေါင်းက “ဒီနိုင်ငံမှာဖြစ်နေတဲ့ မတရားမှုအတွက် ဒီနိုင်ငံက ပြည်သူတယောက် အနေနဲ့ လုပ်ကိုလုပ်ရမှာပဲ။ ဒါ ဘယ်သူမြှောက်ပေးတာနဲ့မှ မဆိုင်ဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲ။ လူတိုင်းက ကိုယ့်ရွေးချယ် မှုနဲ့ကိုယ် လုပ်ကြတာဆိုတော့ ကျနော်ကိုယ်တိုင် ကျနော့်ရွေးချယ်မှုနဲ့ကျနော် ဒီလမ်းကို ပြီးဆုံးတဲ့အထိလျှောက်ဖို့ ဆုံးဖြတ် ထားတယ်” ဟု သူ၏ခံယူချက်နှင့် ပတ်သက်ပြီး ပြောပြခဲ့ဖူးသည်။
သူက “အဲဒီအတွက် ကျနော် ပြည်သူတွေကို ဘယ်လို ကူညီပေးနိုင်မလဲ၊ ပြည်သူနဲ့အတူ ဘယ်လို ရပ်တည်ပေးနိုင်မလဲ။ အဲဒါပဲ စဉ်းစားဆုံးဖြတ်တယ်။ အထူးသဖြင့် ဒီအာဏာရူးတွေ ကျနော်တို့ နိုင်ငံမှာ၊ ဒီခေတ်ဒီကာလမှာ လုံးဝ ပျောက်သွားဖို့ ကျနော် မျှော်လင့်တယ်” ဟုလည်း ဆိုသည်။
ထို့အတူ အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသည့် Makeup Artist တဦးဖြစ်သူ မေဦးသည်လည်း ၎င်းတတ်ကျွမ်းသည့် မိတ်ကပ်ပညာဖြင့် “အလှ အနုပညာမှသည် တော်လှန်ရေးဆီသို့” အမည်နှင့် Self-makeup လိမ်းနည်းသင်ကြား ခြင်းဖြင့် နွေဦးတော်လှန်ရေးရန်ပုံငွေနှင့် NUG အစိုးရထံ လှူဒါန်းနိုင်ရန် တဖက်တလမ်းမှ ကြိုးပမ်းလျက် ရှိသည်။
မိတ်ကပ် မေဦးက “မြန်မာပြည်အတွက် မိမိတတ်တဲ့ပညာနဲ့ အလှူငွေတချို့ ပေးပို့နိုင်ခဲ့ပါတယ်။ အိမ်ပြန်နိုင်ဖို့ ဆက်လက် ပြီး ကြိုးစားနေပါတယ်” ဟု ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း ၎င်းအား ဆန့်ကျင်သူများအား နိုင်ငံသားအဖြစ်မှရပ်စဲခြင်း အပါအဝင် နေအိမ်များ ချိပ်ပိတ်ခြင်း၊ ပိုင်ဆိုင်မှုများအား သိမ်းဆည်းခြင်း၊ ဘဏ်အကောင့်များ သုံးစွဲမရအောင် ပိတ်သိမ်းခြင်း စသည့် အမျိုးမျိုးသော နှိပ်ကွက်မှုများဖြင့် တော်လှန်စိတ်ဓာတ်များကို ရိုက်ချိုးဖျက်ဆီးရန် ကြိုးပမ်းအားထုတ်နေသည်။
သို့သော် ယခုလို နိုင်ငံသားအဖြစ်မှ ရပ်စဲခံလိုက်ရရုံဖြင့် ၎င်းတို့၏ ရပ်တည်မှု၊ အခက်အခဲများ ထူးခြားပြောင်းလဲသွားမည် မဟုတ်သကဲ့သို့ လူတယောက်၏ပါးစပ်မှ ထင်ရာမြင်ရာ ပေါက်ကရအမိန့်များ ထုတ်တိုင်းလည်း နိုင်ငံသားအဖြစ်မှ တလက်မမှ လျှောကျသွားစရာမရှိကြောင်း အမေရိကန်နိုင်ငံရောက် စာရေးဆရာ သရဝဏ် (ပြည်) က ပြောသည်။
၎င်းက “စစ်အစိုးရ ရှိနေစဉ် ကာလမှာတော့ နိုင်ငံသားဖြစ်လည်း ကျနော်တို့လို ပြည်ပရောက်နေသူတွေက ပြည်တွင်း ပြန်ဝင်လာလို့ မရတာကြောင့် ဘာမှ မထူးခြားပါဘူး။ သဘောကတော့ ဖမ်းမမိတဲ့သူတွေ၊ အဝေးရောက်သွားတဲ့သူတွေကို၊ သူတို့ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့သူတွေကို မစားရတဲ့အမဲ သဲနဲ့ပက်တာပေါ့ဗျာ။ မြန်မာပြည်မှာ နိုင်ငံသားမှတ်ပုံတင်ကြီး ကိုင်ထားလည်း ဘာမှ လုံခြုံတာမှ မဟုတ်တာ။ သူတို့ ဒုက္ခပေးချင်ရင် အချိန်မရွေးပေးနေတာပဲ” ဟု ဆိုသည်။
နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ကြေညာခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မင်းမျိုးကတော့ အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် အစိုးရမဟုတ်သည့်အတွက် ၎င်းတို့၏ နိုင်ငံသားဖြစ်မှုမှ ရပ်စဲခြင်း ထုတ်ပြန်ချက်သည် တရားမဝင်ကြောင်း၊ တရားဝင်ခဲ့မည်ဆိုလျှင်တောင် နိုင်ငံကိုချစ်သည့်စိတ်အား ဟန့်တား နိုင်မည် မဟုတ်ကြောင်း ပြောသည်။
ထို့အတူ NUG ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်ကလည်း ယခုကဲ့သို့ NUG အစိုးရ အဖွဲ့ဝင် များ အပါအဝင် ထင်ရှားသည့် တက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်များကို နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းသည် ဥပဒေမဲ့ သည့်လုပ်ရပ်၊ အင်မတန်ကြီးမားသည့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ကြောင်း မှတ်ချက်ပြုပြောသည်။
NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က “တရားမဝင် အာဏာရှင်ထုတ်တဲ့ စာ တရွက်က ကျမရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံကိုချစ်တဲ့စိတ်ကို မဖျက်ဆီးနိုင်ပါဘူး။ ကျမရဲ့ ပြည်သူနဲ့ တိုင်းပြည်အပေါ်ထားတဲ့ သစ္စာ၊ ယုံကြည်မှုတွေကို ယိမ်းအောင်တိမ်းအောင်တောင် မလုပ်နိုင်ဘူး။ လူ့စည်း ဘီးလူးစည်း ပြတ်သားပြီးသား တော် လှန်ရေးအတွက် ရဲဘော်အားလုံးနဲ့အတူ အဆုံးထိ တိုက်ပွဲဝင်သွားကြမယ်” ဟု ခိုင်မာစွာ ပြောဆိုသည်။
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ (၁၆) တွင် “နိုင်ငံသားတဦးသည် နိုင်ငံတော်မှ အပြီးအပိုင် ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူလျှင် (သို့) မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် (သို့) အလား တူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားအဖြစ်မှ ရပ်စဲသည်ဟု ပြဋ္ဌာန်းထားသည်။
သို့သော် ပုဒ်မ (၁၇) တွင် မွေးရာပါ နိုင်ငံသားတဦးကို ပုဒ်မ (၁၆) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် နိုင်ငံသားအဖြစ်မှ ရပ်စဲ သည့်ကိစ္စမှတပါး အခြားမည်သည့် အခြေအနေတွင်မျှ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်း မရှိစေရဟု ဆိုထားသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၅) (၂) တွင်လည်း ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် အပိုဒ် (၁၃) (၂) ၌လည်း လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာသွားပိုင်ခွင့် ရှိသည့်အပြင် မိမိတိုင်းပြည်သို့လည်း ပြန်လာပိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တနှစ်ကျော်အကြာတွင် မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ စုစုပေါင်း ၃၃ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသူတဦးက “ကိုယ်မွေးခဲ့တဲ့နယ်မြေ၊ ကိုယ် အနှစ်နှစ်အလလ တည်ဆောက်ထားတဲ့ နယ်မြေကို ဒီလိုမျိုး နိုင်ငံသားအဖြစ်က ရပ်စဲခံရဆိုတော့ ခံစားကြရမှာပါ။ မခံစားရဘူး ပြောတယ်ဆိုတာ သူတို့က ဒီကာလ မှာ ပျော့ခွေလို့ မရဘူး။ ဒူးထောက်ပြလို့ မရဘူး။ စိတ်တွေက နှစ်မျိုးပေါ့။ ရင်ထဲက ခံစားရတာတမျိုး၊ အပြင်မှာသန်မာရတာ တမျိုးပေါ့။ စိတ်ဒဏ်ရာတွေ၊ ခံစားမှုတွေ ရှိမှာပေါ့” ဟု ပြောဆိုသည်။
၎င်းအနေဖြင့်လည်း မြန်မာနိုင်ငံကနေ ရှောင်တိမ်းထွက်ပြေးလာစဉ်က အချိန် ၃ လခန့်သာ ကြာမည်ဟု မိသားစုကို ပြောဆို ခဲ့သော်လည်း ယခုအခါ မည်မျှထပ်ကြာဦးမည်ကို မခန့်မှန်းနိုင်ကြောင်း၊ သို့သော် အောင်ပွဲ အမှန်တရားက တနေ့ပေါ်လာ မည်ဟု ယုံကြည်ကြောင်းနှင့် လက်ရှိ တတိယနိုင်ငံတွင် နေထိုင်နေသည်မှာလည်း ဧည့်သည်ဟုသာ ခံယူထားကြောင်း ပြောပြသည်။
“ဒီကိုရောက်တာ ခဏပါပဲ။ ဧည့်သည်လိုပဲ နေချင်ပါတယ်။ ခေတ္တပဲ တည်းခိုချင်ပါတယ်။ ကျနော်တို့ သံယောဇဉ်က ကျနော်တို့ နိုင်ငံမှာပဲ ရှိပါတယ်။ တချိန်မှာ ပြန်နိုင်ရမယ်လို့ တွေးပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီက ၎င်းအား ဆန့်ကျင်တော်လှန်နေသူများကို နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းအားဖြင့် ၎င်းတို့၏ တော်လှန်ရေး အရှိန် ရပ်တန့်သွားစေရန်၊ ဟန်ချက်ပျက်သွားစေရန် ရည်ရွယ်ခဲ့သော်လည်း အထမမြောက်၊ အောင်မြင်မှုမရှိကြောင်း ကို တော်လှန်အနုပညာရှင်များ၏ လှုပ်ရှားမှုများက သက်သေထူနေသည်။
ထို့ပြင် တော်လှန်အနုပညာရှင်များ၏ တူညီသည့် ရည်ရွယ်ချက်မှာ တော်လှန်ရေးခရီးလမ်း မည်မျှပင် ခက်ခဲကြမ်းတမ်း နေ စေကာမူ အဆုံးသတ်တိုက်ပွဲအထိ လျှောက်လှမ်းရန်နှင့် အောင်ပွဲနှင့်အတူ အမိမြန်မာနိုင်ငံသို့ ပြန်လာရန်သာ ဖြစ်သည်။။
You may also like these stories:
မတရားမှုအတွက် ကျနော်တို့တွေ တော်လှန်ခဲ့ကြတယ်
စစ်အာဏာသိမ်းမှု တနှစ်ပြည့် အနုပညာရှင်များ၏ လှုပ်ရှား စကားသံများ
ခီမောင်နှံ၏ ဒုတိယအကြိမ်မြောက် ရန်ပုံငွေအလှူ
လွတ်ငြိမ်းထဲမှာ မပါခဲ့တဲ့ ရဲတိုက်နှင့် ပိုပို