ရန်ကုန်မြို့၊ မြို့နယ်တမြို့နယ်၏ မီတာရုံးအတွင်း စာရေးမသုံးဆယ်ခန့် ကိုယ်စီ အလုပ်ရှုပ်နေကြသည်။ လယ်ဂျာစာအုပ်ကြီးများထဲမှ လယ်ဂျာစာအုပ်အသေးထဲသို့ ပြောင်း၍ စာရင်းမှတ်သူရှိသလို မီတာလာဆောင်သည့် သူတဦးစီတိုင်းအတွက် ပေးဆောင်ရမည့် ငွေပမာဏကို စစ်ဆေးကာ လက်မှတ်ထိုးပေးသူက ထိုးပေးနေသည်။
အခြား အခန်းတွင်လည်း မီတာလာဆောင်သူများ တန်းစီနေကြသည်။ သူတို့၏ လက်ထဲတွင် မီတာခ တောင်းခံလွှာနှင့်အတူ အနည်းဆုံး သိန်းဂဏန်းနှင့်အထက် ငွေများကို ကိုင်ဆောင်ထားသည်။ မီတာခပေးသွင်းရမည့် ဋ္ဌာနမှ အမျိုးသမီးတဦးက နာမည်အော်ခေါ်၍ မိမိအလှည့်ကျလျှင် မီတာခ ပေးဆောင်နေကြသည်။ ကျသင့်မီတာခအတွက် ပေးဆောင်ရသလို၊ ရက်လွန် ဒဏ်ကြေးများပါ ပေးဆောင်ရသည့်အတွက် အမျိုးသမီးတချို့ထံမှ အသံခပ်အုပ်အုပ်ဖြင့် တီးတိုးပြောသံကို ကြားလိုက်ရသည်။ မကျေနပ်မှုများကို မီတာရုံးအတွင်း ကြိတ်၍ ရင်ဖွင့်နေကြခြင်းဖြစ်သည်။ မနီးမဝေးနေရာတွင် မီတာရုံးအား အရပ်ဝတ်ဖြင့် လုံခြုံရေးယူနေကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ကလည်း ရှိနေသည်။
တချို့က လျှပ်စစ်မီးမရလျှင် မဖြစ်တော့သည့် အခြေအနေကြောင့် လာဆောင်နေကြသည်။ တချို့က အိမ်ရှင်က မီတာမဆောင်လျှင် ဆက်မငှားနိုင်ဟု ဖိအားပေးမှုကြောင့် လာဆောင်ကြရသည်။
“နောက်ဆုံးတော့လည်း ဘာမှမထူးပါဘူး။ ငွေစုပြီး တလုံးတခဲတည်း လာပေးနေရသလိုပါပဲ” ဟု မီတာလာဆောင်သူ မြို့ခံအမျိုးသမီးနှစ်ဦးက အချင်းချင်း တီးတိုးပြောနေသည်။
မီတာရုံးအတွင်း မီတာလာဆောင်သူ တဦးချင်းစီတိုင်းတွင် မီတာပေးဆောင်မှုအတွက် အကြောင်းအရာ တမျိုးစီ ရှိကြသည်။ တချို့က လျှပ်စစ်မီးမရလျှင် မဖြစ်တော့သည့် အခြေအနေကြောင့် လာဆောင်နေကြသည်။ တချို့က အိမ်ရှင်က မီတာမဆောင်လျှင် ဆက်မငှားနိုင်ဟု ဖိအားပေးမှုကြောင့် လာဆောင်ကြရသည်။ တချို့မှာလည်း အိမ်ငှားတချို့က လစာမပေးဘဲ ထွက်ပြေးသဖြင့် အိမ်ရှင်က သုံးစွဲခဲ့သည့် မီတာခများကို လာပေးဆောင်ကြသည်။
ယင်းကို ကြည့်ခြင်းဖြင့် ပြည်သူလူထု ကြုံနေရသည့် ဒုက္ခသည် မသေးလှပေ။ မီးဖြတ်ခံရသူအများစုသည် တော်လှန်ရေး ကာလတလျှောက် မီတာမဆောင်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုအတွက် ယခုအချိန်တွင် ဒဏ်ကြေးငွေကိုပါ ပေးဆောင်နေရသည့် အခြေအနေဖြစ်သည်။
မီတာခ၊ ဒဏ်ကြေးပေးသွင်းပြီးနောက် မီးပြန်လည်ချိတ်ပေးရန် ပေးသွင်းထားသော မီတာဖြတ်ပိုင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဋ္ဌာနသို့ သွားရောက်ပြသပြီး မီးပြန်လည်ချိတ်ပေးရန် ထပ်မံတင်ပြခဲ့ရသည်။ သို့သော် မီးမည်သည့်အချိန်တွင် လာရောက်ချိတ်ပေးမည်ဆိုသည်မှာ ၎င်းတို့၏ အပေါ်တွင် မူတည်သည်။
ယင်းအတွက် ငွေကြေးတတ်နိုင်သူနှင့် လျှပ်စစ်ဝန်ထမ်းများအကြား ခေါက်ရိုးကျိုးနေပြီဖြစ်သော အဂတိ လိုက်စားမှုက ကပ်၍ ပါလာပြန်သည်။ နေ့ချင်း မီးပြန်လည်ချိတ်ပေးရန် ငွေကြေးတတ်နိုင်သူများက ကျပ်ငွေ တသောင်းခွဲအထိ ပေးနေရသည်ဟုလည်း မြို့ခံတချို့က ဆိုသည်။
မီတာခပေးဆောင်ရန် တချို့သောသူများက ရပ်ကွက်အတွင်း ကျပ် ၂၀ နှုန်း အတိုးဖြင့် သိန်းချီချေးငှားကာ လာရောက်ဆောင်နေရသူက ပိုများသည်။
“မီတာဖိုးထက် ချေးငှားဆောင်လိုက်တဲ့ အတိုးဖိုးနဲ့ဆိုရင် ထမ်းပိုးထက် လက်ခကြီးသလို ဖြစ်နေတယ်။ ခွဲဆောင်လို့ လည်းမရတဲ့ အခြေအနေလေ။ ဘယ်တတ်နိုင်မလဲ မီးမရှိလို့မှ မဖြစ်တာ” ဟု ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်အတွင်း နေထိုင်သူ မစန်းစန်းတင့် (အမည်လွှဲ) က ဆိုသည်။
မီတာခပေးဆောင်ရန် တချို့သောသူများက ရပ်ကွက်အတွင်း ကျပ် ၂၀ နှုန်း အတိုးဖြင့် သိန်းချီချေးငှားကာ လာရောက်ဆောင်နေရသူက ပိုများသည်။
ဧရာဝတီသတင်းဌာန အနေဖြင့် မီတာခပေးဆောင်ခြင်းနှင့် ပတ်သက်၍ မြို့နယ်တချို့ရှိ အိမ်ထောင်စုတချို့ကို ဆက်သွယ်မေးမြန်ရာတွင် လက်ရှိအနေအထားအရ မီတာဆောင်ရမည့် အခြေအနေမျိုးဖြစ်နေပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသဖြင့် လျှပ်စစ်မီးရရှိရန် လိုအပ်နေပြီဟု ဆိုကြသည်။
တချို့ ဖက်ဒရယ်ကျောင်းများအပါအဝင် အွန်လိုင်းစာသင်ခန်းများနှင့် အွန်လိုင်းမှ တဆင့် အသက်မွေး ဝမ်းကျောင်း သင်တန်းများ တတ်နေသူများအဖို့လည်း လျှပ်စစ်မီးမရရှိလျှင် အခက်အခဲကြုံနေရသည့်အတွက် မဖြစ်မနေ ဆောင်ရတော့မည်ဖြစ်ကြောင်း ဆိုကြသည်။
ရန်ကုန်မြို့ပြတွင် နေထိုင်သည့် လူဦးရေမှာ ၂၀၁၉ ခုနှစ်အထိ ခြောက်သန်းကျော် ရှိသည်။ ခေတ်နှင့်အညီ သုံးစွဲရသည့် လူသုံးကုန်ပစ္စည်း အများစုသည် လျှပ်စစ်မီးနှင့် ကင်းကွာ၍ မရပေ။ ထို့ကြောင့် ရန်ကုန်နေပြည်သူအဖို့ “မီတာမဆောင် အခွန်ရှောင်” ဆိုသည့် ထုတ်ဖော်ဆန္ဒပြမှုများနှင့် လတ်တလော အခြေအနေသည် ဆန့်ကျင်ဘက် ဖြစ်နေသည်။
“မီတာမဆောင်ဘဲ၊ လူထုက တောင့်ခံလာတာ တနှစ်ကျော်ပြီ။ နေ့စဉ် လူမှုကိစ္စတွေက ရှိနေတယ်။ NUG က မဆောင်နဲ့ ဆိုတော့ မဆောင်ကြဘူး။ အကျိုးဆက်က ဘာဖြစ်လဲ၊ မီးဖြတ်ခံရတယ်။ နောက်ဆို စစ်ကောင်စီက မီတာကိုပါ ဖြုတ်သိမ်းတော့မှာလေ။ ပွင့်ပွင့်လင်းလင်းပြောရရင် NUG အနေနဲ့ လက်ရှိ ဘာမှ မလုပ်ပေးနိုင်သေးဘူး။ လူထုက တောင့်တော့ခံခဲ့တာပဲ။ ကြာလာတော့လည်း ပန်းလာကြပြီလေ။ လူထုက တာဝန်ကျေတယ်ဗျ” ဟု ရန်ကုန်မြို့နေ ပြည်သူတဦးက ယခုဆောင်းပါးမှတဆင့် NUG ကို သတင်းစကားပါးချင်ကြောင်း ဆိုသည်။
မြန်မာပြည်ရှိ လူထု၏ ဝဋ်ကြွေးသည် ခေတ်အဆက်ဆက် အစိုးရနှင့် အတိုက်အခံအကြား မြေဇာပင် ဖြစ်ခဲ့ရ
၎င်းက မြန်မာပြည်ရှိ လူထု၏ ဝဋ်ကြွေးသည် ခေတ်အဆက်ဆက် အစိုးရနှင့် အတိုက်အခံအကြား မြေဇာပင် ဖြစ်ခဲ့ရပြီး လူထုအနေဖြင့် အမှန်တရားအတွက်သော်လည်းကောင်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး အတွက်သော်လည်းကောင်း လူထုယုံကြည်သည့် အစိုးရနှင့် တသားတည်း ဆက်လက်ရှိနေသည်ဟု သူက ဆက်ပြောသည်။
အဝေးရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နွေဦးတော်လှန်ရေး မအောင်မြင်မချင်း စစ်ကောင်စီထံတွင် မီတာမဆောင်ကြရန် ပြည်သူကို တိုက်တွန်းထားသည်။ သို့သော် လက်တွေ့မြေပြင်တွင် ဖြစ်ပေါ်နေသော ပြည်သူလူထု၏ ဒုက္ခသည် NUG ပြောသလို မလွယ်လှချေ။
မီးဖြတ်ခံရသူ ပြည်သူတယောက်ချင်းစီတွင် ကြုံနေရသော ဒုက္ခပေါင်းစုံရှိနေသည်။ ငွေကြေးချမ်းသာသူများ အဖို့ မီးစက်၊ ဆိုလာ ဝယ်ယူအသုံးပြုပြီး ဆန့်ကျင်နိုင်သော်လည်း အခြေခံလူတန်းစားများအတွက်မူ မလွယ်ကူ ကြောင်း မြို့ခံဖြစ်သူ ကိုထင်ကျော်က ရင်ဖွင့်ပြောဆိုသည်။
“မဆောင်ရင်ဘာဖြစ်လဲဆိုတော့ လတ်တလော ဖြူးစ်ဖြုတ်ပြီး မီးဖျက်သွားမယ်။ ကြာလာရင် မီတာဘောက်စ်ပါ လာဖြုတ်သိမ်းနိုင်တယ်။ ဒီကြားထဲ အိမ်ငှားတွေဆိုရင် အိမ်ရှင်က ဖိအားပေးတယ်။ မဆောင်ရင် မထားနိုင်တော့ဘူးပေါ့။ ကျနော်ဆိုရင် မီးဖြတ်ခံလိုက်ရတဲ့ နေ့ကတည်းက ဘာအလုပ်မှ ကောင်းကောင်း မလုပ်ရဘူး။ ဖုန်းအားသွင်းတာက အစ သူများအိမ်ကပ်ပြီး သွားသွင်းရတယ်။ ညပိုင်း ကြည့်လိုက်ရင် ကိုယ့်အိမ်တအိမ်တည်း မှောင်နေတာ။ တခါတခါတော့ဗျာ ကိုယ့်အိမ် မီးဖြတ်ခံထားရတာကို ကြည့်ပြီး အားငယ်ရတယ်။ အခုထိတောင့်ခံထားတယ်။ နောက်ဆုံးအခြေအနေအထိပေါ့။ I Can Do It အခု အချိန်အထိတော့ ကျနော် လုပ်နိုင်သေးတယ်” ဟု ၎င်းက ဆိုသည်။
၎င်းကပင် နွေဦးတော်လှန်ရေးတလျှောက် ဆန္ဒပြကြ၊ ညသပိတ်လုပ်ကြ၊ သံပုံးတီးကြဖြင့် ပြည်သူ တဦးအနေဖြင့် လုပ်နိုင်စွမ်းရှိသည့်ဘက်က လုပ်ခဲ့သော်လည်း အမှန်တကယ် စစ်ကောင်စီက မီးလိုက်ဖြတ်သည့်အခါ ရေရှည်နှင့် ရေတိုအတွက် လူထုက ပြန်ချိန်ဆနေကြရသည်ဟု ထပ်လောင်း ပြောကြားသည်။
“ဒီတော့ မီတာမဆောင်၊ ဧည့်စာရင်းမတိုင်ခြင်းဆိုတဲ့ ကိစ္စတွေက NUG ပြောသလို ဖြစ်လာမှာမဟုတ်ဘူး။ မီတာဆောင်တဲ့ ကိစ္စက မြို့ပြနေတဲ့ သူတယောက်အနေနဲ့ ပြောရရင် နောက်ဆုံး မဖြစ်မနေကို ဆောင်ကြရမှာပဲ။ လျှပ်စစ်မီး သုံးစွဲမှုက ရန်ကုန်မြို့မှာ နေသူတွေအတွက် မရှိမဖြစ်ဆိုတာ ဘယ်သူမှ မငြင်းရဲပါဘူး” ဟု ထောက်ပြသည်။
အမှန်တကယ် စစ်ကောင်စီက မီးလိုက်ဖြတ်သည့်အခါ ရေရှည်နှင့် ရေတိုအတွက် လူထုက ပြန်ချိန်ဆနေကြရသည်
စစ်ကောင်စီက မီတာခပေးသွင်းခြင်းနှင့် ပတ်သက်၍ ရန်ကုန်တမြို့တည်းတင်မဟုတ်ဘဲ၊ အခြားမြို့များနှင့် ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် လျှပ်စစ်မီးရရှိရာ နေရာအတော်တော်များများတွင် ဖိအားပေး ကောက်ခံနေခြင်း ဖြစ်သည်။
ယခင်က ပြည်သူတဦးချင်း၊ တအိမ်ထောင်ချင်းက ၂၀၂၁ နွေဦးတော်လှန်ရေးအစမှသည် တနှစ်ကျော်ကြာ အထိ “မီတာမဆောင်ဘူး၊ စစ်တပ်ထုတ်ကုန်မသုံးဘူး၊ အဆိပ်ပင် ရေမလောင်းဘူး” စသည့် သပိတ်စစ်ကြောင်းများတွင် ထွက်၍ ဆန္ဒပြခဲ့ကြသေးသည်။ စစ်ကောင်စီက မီတာမဆောင်လျှင် မီးဖြတ်တောက်ပစ်မည်ဟု ထုတ်ပြန်အပြီး မကြာခင် စတင် ဖြတ်တောက်လာခဲ့သည်။ လူထုက အတတ်နိုင်ဆုံး တောင့်ခံထားသော် ရေရှည်တွင် လျှပ်စစ်မီး ဖြတ်တောက်ခံရ၍ ဖြစ်ပေါ်လာသောအကျိုးဆက်များကို မခံစားနိုင်တော့ချေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မီတာပေးဆောင်ခြင်းနှင့် ပတ်သက်၍ အတင်း အဓမ္မ မီတာခ ကောက်ခံသူများ၊ လျှပ်စစ်မီးဖြတ်တောက်သူများကို ပြင်းထန်စွာအရေးယူမည်ဟု သတိပေး ထုတ်ပြန်ထားသော်ငြားလည်း ပြည်သူက လက်တွေ့ရင်ဆိုင်နေသည့်အတွက် လေလှိုင်းပေါ်မှ ထုတ်ပြန်ချက်များသည် ရေရှည်တွင် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးတခုဖြစ်လာသည်ဟု ဝေဖန် ပြောဆိုလာကြသည်။
အာဏာသိမ်းပြီး တနှစ်ကျော်အကြာတွင် မီတာခပေးဆောင်သည့် ပြည်သူသည် ရန်ကုန်မြို့နေ ပြည်သူ၏ သုံးပုံ နှစ်ပုံခန့် ရှိလာသည်
စစ်ကောင်စီက မီးလိုက်လံ ဖြတ်တောက်ရာတွင် လျှပ်စစ်ဥပဒေအရ လုပ်ဆောင်ခြင်းမျိုးလည်း မတွေ့ရဘဲ၊ မီတာပုံးများအား ကာရံထားသည့် တံခါးများကို ချိုးဖျက်ကာ မီးဖြတ်တောက်ခြင်းကို ကျူးလွန်နေကြသည်။
ယင်းအတွက် အမည်မဖော်လိုသည့် မြို့နယ်လျှပ်စစ်ဝန်ထမ်းတစ်ဦးက “ကျနော်တို့မြို့နယ်မှာဆို ဋ္ဌာနက ဖြတ်ခိုင်းတယ်ဆိုပေမယ့် ကိုယ်ဖြတ်ရမယ့် အိမ်ရောက်ရင် အိမ်ရှင်ကို ကျနော်တို့ကို တာဝန်အရခိုင်းလို့ ဖြတ်ရတာပါ၊ နားလည်ပေးပါ၊ ဘယ်ရက်အတွင်း ပြန်လာဆောင်ရင် ကျနော်တို့ကိုယ်တိုင် ပြန်လာချိတ်ပေးပါမယ် ဆိုပြီး အကျိုးအကြောင်း ပြောပြီးမှ ဖြတ်တယ်။ ကျနော်တို့ အနေနဲ့ စကစ လက်ထက်မှာ မိသားစုအရေး အတွက် နောက်ဆုံးပြည်သူကို ယဉ်ကျေးစွာနဲ့ တုန့်ပြန်ပေးနိုင်ဖို့ပဲ ရှိတော့တယ်။ မတတ်နိုင်ဘူးလေ။ CDM မလုပ်ပေမယ့် တဦးချင်းစီရဲ့ အသိစိတ်နဲ့ လူထုအပေါ် ဆက်ဆံပြောဆိုမှုကို စောင့်ထိန်းရတာပေါ့။ ကျနော်ကြားတဲ့ သတင်းအရဆိုရင် လျှပ်စစ်ဌာနအလိုက် နာမည်ဆိုးထွက်နေတဲ့ မြို့နယ်ရုံးတွေတော့ရှိတယ်။ သူတို့ကတော့ ပြောရရင် သွားဖြတ်ရမယ့် စာရင်းရလာရင် ဘယ်အိမ်ရှင်ကိုမှ အကျိုးအကြောင်း ခွင့်မတောင်းပဲ အတင်း ဝင်ဖြတ်တယ်ကြားတယ်။ စကားပြောတာဆိုတာလည်း မိုက်ရိုင်းကြတယ် ပြောတယ်။ တချို့အိမ်ရှင်တွေက ငွေပေးရင် အဖြတ်ပြထားပြီး မီးကို တိုက်ရိုက်ပြန်ချိတ်ပေး ခဲ့တာမျိုးတွေလည်းရှိတယ်” ဟု ဆိုသည်။
ထို့အပြင် ဋ္ဌာနအတွင်း အထက်နှင့်အောက် ဝန်ထမ်းအချင်းချင်း နိုင့်ထက်စီးနင်း ပြောဆိုဆက်ဆံမှုများ၊ ခိုင်းစေမှုများ ရှိနေသည်ဟုလည်း ၎င်းက တဆက်တည်း ရင်ဖွင့်ပြောဆိုသည်။
အရပ်သားအစိုးရစစ်စစ် လက်ထက်၌ မီတာခများ တက်မည်စိုးသဖြင့် မီးကိုမလိုအပ်လျှင် ပိတ်ထားရသည့် အခြေအနေအထိ မီးရမှု အချိုးညီခဲ့
လက်ရှိတွင် မီတာခပေးဆောင်သူများသည် ယခင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂ ရာခိုင်နှုန်းမျှသာ ပေးဆောင်နေရသည်ကို တွေ့ရပြီး ယခု အာဏာသိမ်းပြီး တနှစ်ကျော်အကြာတွင် မီတာခပေးဆောင်သည့် ပြည်သူသည် ရန်ကုန်မြို့နေ ပြည်သူ၏ သုံးပုံ နှစ်ပုံခန့် ရှိလာသည်ကို တွေ့နေရသည်ဟုလည်း သူကဆိုသည်။
ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် လျှပ်စစ်ရုံးသို့ PDF များက သတိပေးစာပို့ထားခဲ့ပြီး လျှပ်စစ်မီး ဖြတ်တောက်မှုများ တချို့နေရာတွင် ပြုခဲ့သည့်အတွက် မီတာခကောက်ခံသည့် ဝန်ထမ်းတဦးကို ပစ်သတ်ခဲ့သည့် ဖြစ်ရပ် မကြာသေးမီက ဖြစ်ပွားခဲ့သည်။ ယင်းနောက်ပိုင်းတွင် မီတာစာရွက်များ လိုက်လံပေးဆောင်သူကို စစ်ကောင်စီ တပ်များက လုံခြုံရေးယူပေးထားရကြောင်း သိရသည်။ ယင်းနောက်တွင် လျှပ်စစ်မီးဖြတ်တောက်သည်ဟု မကြားရတော့ဘဲ၊ လျှပ်စစ်မီး ပြတ်တောက်မှုများကမူ ဆိုးရွားစွာ ဖြစ်နေဆဲဟု မြို့ခံတဦးက ပြောသည်။
နှစ်စဉ် တနိုင်ငံလုံး ဓာတ်အားထုတ်လုပ်မှု၏ ထက်ဝက်နီးပါးကို သုံးစွဲနေသော ရန်ကုန်မြို့သည် စစ်ကောင်စီ လက်ထက်တွင် မှောင်သည့်နေရာမှောင်၊ လင်းသည့် နေရာလင်းနှင့် အချိုးကျမှုများ မရှိတော့သည်ကို တွေ့ရသည်။ ယခင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရစစ်စစ် လက်ထက်၌ မီတာခများ တက်မည်စိုးသဖြင့် မီးကိုမလိုအပ်လျှင် ပိတ်ထားရသည့် အခြေအနေအထိ မီးရမှု အချိုးညီခဲ့ကြောင်း ရန်ကုန်မြို့ခံတဦးက စစ်ကောင်စီလက်ထက်မီးရမှုအပေါ် ထောက်ပြသည်။
လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပုံမှန်အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၄၂၀၀ မဂ္ဂါဝပ် နီးပါးရှိပြီး ရေအားလျှပ်စစ်မှ ၃၂ ရာခိုင်နှုန်းကျော်အထိ ပါဝင်သည်။
NLD အစိုးရလက်ထက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အမျိုးသား လျှပ်စစ် မဟာဗျူဟာ အစီအစဉ် (National Electricity Master Plan) အရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၈၀၀၀ ကျော်မဂ္ဂါဝပ် ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ၁၀၃၇၉ မဂ္ဂါဝပ် (လူဦးရေ၏ ၇၅ ရာခိုင်နှုန်း) အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီက မြို့နယ်အလိုက် လျှပ်စစ်မီးကို အချိန်ပိုင်းမျှသာ ခွဲခြမ်းပေးနေပြီး မီတာကို သုံးစွဲသည့် ယူနစ်အလိုက် တွက်ချက်ကောက်ခံနေခြင်းလည်း ဖြစ်သည်။
လက်ရှိ စစ်ကောင်စီ၏ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမူတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ် ရှားမှု CDM ပြုလုပ်ထားသူ အများအပြားရှိခြင်း၊ အများပြည်သူလူထု၏ မီတာခဆောင်မှုများ လျော့နည်းသွား၍ ဘတ်ဂျက်ခွဲဝေမှု ငွေပမာဏ လျော့နည်းသွားကာ ပုဂ္ဂလိကလျှပ်စစ်ထုတ်လုပ်သူများကို ငွေပေးချေရမည့် ရန်ပုံငွေ အလုံအလောက် မရှိသည့်အခက်အခဲများ နှင့် စီမံကိန်းအသစ်များ အကောင်အထည်မဖော်နိုင်ခြင်းတို့က လျှပ်စစ်မီး ဖူလုံအောင် မထုတ်လုပ်နိုင်စွမ်းကို ပြသနေသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းများဖြစ်သော မဂ္ဂါဝပ် ၂၈၀ အောက်ပေါင်းလောင်းဆည်စီမံကိန်း၊ မဂ္ဂါဝပ် ၆၀၀ ထွက်ရှိသော ရွှေလီ (၁) စီမံကိန်း၊ မဂ္ဂါဝပ် ၇၉၀ ရဲရွာစီမံကိန်း၊ မဂ္ဂါဝပ် ၂၄၀ တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်း နှင့် ၉၉ မဂ္ဂါဝပ် ချီဖွေငယ် ရေအား လျှပ်စစ်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အားကို အဓိက ထုတ်လုပ်ပေးနေလျက်ရှိကြောင်း သိရသည်။
You may also like these stories:
ဝန်ကြီးပြောင်းလည်း လျှပ်စစ်မီးမှန်အောင် မပေးနိုင်
အာဏာသိမ်းစစ်ကောင်စီ လုံလောက်အောင် မီးမပေးနိုင်တော့
စက်သုံးဆီပြတ်လပ်မှု SME လုပ်ငန်းများ ဝန်ပိုပိ