ဒေသခံ တိုင်းရင်းသားများက ကရင်နီပြည်နယ်ဟု ခံယူထားသော ကယားပြည်နယ်သည် စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ခုခံဆန့်ကျင်ရာတွင် အားကောင်းသည့်ဒေသတခုပြီး လက်ရှိအချိန်တွင်လည်း မြို့နယ်အားလုံးနီးပါး၌ တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက် ရှိသည်။
စစ်အာဏာသိမ်းမှု ၁၈ လ ကြာမြင့်လာချိန်ထိ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား နယ်မြေစိုးမိုးမှုရေးနှင့် ပတ်သက်ပြီး ပြတ်သားသည့်ရလဒ် ပေါ်ထွက်လာခြင်း မရှိသေးဘဲ အချိန်မရွေး ပေါက်ကွဲနိုင်သည့် ချိန်ကိုက်ဗုံးများကဲ့သို့ နှစ်ဖက်တပ်များ ဆိုင်ထားသည့် အနေအထား ဖြစ်နေသည်။
“အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တဲ့ အနေအထားမျိုး။ မျက်လုံးထဲမှာ မြင်အောင်ပြောရင်တော့ ဘောလခဲမြို့ရယ်၊ လွိုင်ကော် မြို့ရယ်ကလွဲရင် ကျန်တာအားလုံး တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတယ်။ လွိုင်ကော်နဲ့ မလှမ်းမကမ်းမှာပဲ တော်လှန်ရေးတပ်ဖွဲ့ တွေ လှုပ်ရှားနေတယ်ဆိုတာတော့ ပြောလို့ရနိုင်တယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မျက်မှန်က ဆိုသည်။
ကယားပြည်နယ်၏ တိုက်ပွဲမျက်နှာစာ
ကယား (ကရင်နီ) ပြည်နယ်သည် လူဦးရေ ၂၉၀,၀၀၀ ကျော်သာ (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၀ စက်တင် ဘာ ၃၀ ရက်ထိ စာရင်းများအရ) ရှိပြီး ဧရိယာအကျယ်အဝန်းအားဖြင့်လည်း အသေးဆုံး ပြည်နယ်တခု ဖြစ်သည်။
လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင်၊ မြို့နယ်အားဖြင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ မယ်စဲ့နှင့် ဖားဆောင်း ဟူသည့် ၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။
စစ်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခြင်းအပြင် အသက်သေဆုံးသည်ထိ နှိမ်နင်းမှုများ အရှိန်မြှင့်လာသည်နှင့်အမျှ ကယားပြည်နယ်တွင် တိုက်ပွဲမျက်နှာစာသစ်တခု ၂၀၂၁ မေလနှောင်းပိုင်း၌ ပေါ်ထွက်လာခဲ့သည်။
ဒေသတွင်း နိုင်ငံရေးရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်အရေး စသည့် ကိစ္စရပ်များတွင် ပါဝင်လှုပ် ရှားခဲ့ကြသော တက်ကြွလူငယ်များက ရရာလက်နက်ကိုင်စွဲပြီး အာဏာသိမ်းစစ်တပ်ကို ခုခံတွန်းလှန်တိုက်ခိုက်ခဲ့သည်။
အချိန်တိုအတွင်းမှာပင် ၎င်းတို့သည် စစ်ကောင်စီ၏ လုံခြုံရေးစခန်းများကို ဝင်ရောက်စီးနင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စုဖွဲ့မှုများလည်း အားကောင်းလာခဲ့သည်။
ပြည်နယ်အတွင်းက တော်လှန်ရေးအင်အားစုများ
ပြည်နယ်အတွင်း စစ်ကောင်စီကို လက်နက်ကိုင် ခုခံတွန်းလှန်နေသည့် အစုအဖွဲ့များကို ပေါင်းစည်းပြီး ကရင်နီအမျိုးသား များကာကွယ်ရေးတပ် (KNDF) အဖြစ် ၂၀၂၁ မေ ၃၁ ရက်တွင် ဖွဲ့စည်းထူထောင်ခဲ့သည်။
တနှစ်ကျော် သက်တမ်းရှိလာချိန်တွင် KNDF ၌ တပ်ရင်းပေါင်း ၂၁ ရင်း ရှိလာပြီဖြစ်ပြီး တပ်ဖွဲ့ဝင် အင်အားကိုမူ အတိ အကျပြောဆိုခြင်း မရှိသော်လည်း စစ်ကောင်စီကို တိုက်နိုင်သည့် လူအင်အား၊ လက်နက်အင်အားမျိုး ရှိပြီဖြစ်ကြောင်း ဗိုလ်မျက်မှန်က ဆိုသည်။
စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်ချိန် ထုတ်ပြန်ခဲ့သော KNDF ၏ အစီရင်ခံစာတွင် KNDF ၌ တပ်ရင်းပေါင်း ၁၈ ရင်း၊ တပ်ဖွဲ့ဝင် အင်အားပေါင်း ၆၂၇၇ ဦး ရှိပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ရေးအရ ကရင်နီတပ်မတော် (KA) နှင့် တရားဝင် မဟာမိတ်ဖွဲ့ထားသလို ပြည်နယ်အတွင်းရှိ စစ်ကောင်စီကို တိုက်နေသည့် တခြားသော အင်အားစုများနှင့်လည်း ညှိနှိုင်းပူးပေါင်းပြီး စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေကြောင်း သိရသည်။
KA သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ တပ်မတော်ဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိပြီဖြစ်သော ကရင်နီပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေ ၂၀ ရက်တွင် ဖားဆောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် KA တို့ကြား ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားပြီး စစ်မျက်နှာ ဖွင့်ခဲ့သည်။
KNPP သည် စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကာ ပြည်သူနှင့်အတူ ရပ်တည်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုခဲ့ သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ယခုနောက်ပိုင်း စစ်ခေါင်းဆောင်ကိုယ်တိုင် ဖိတ်ခေါ်လာသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုလည်း တရားဝင် ငြင်းဆန်ထားသည်။
KNPP သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ) စစ်အစိုးရနှင့် ၁၉၉၅ ခု မတ် ၂၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲများပြန်ဖြစ်ပြီး သဘောတူညီ ချက် ပျက်ပြားခဲ့သည်။
စစ်တပ်မှ အသွင်ပြောင်းလာသည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ တွင် KNPP နှင့် အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့သော်လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တရားဝင် ချူပ်ဆိုနိုင်ခြင်း မရှိခဲ့ပေ။
တဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၁ မေ ၅ ရက်၌ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖွဲ့စည်း လိုက်ကြောင်း တရားဝင်ကြေညာပြီး နောက်တရက်တွင် ဒီးမော့ဆို၌ PDF တပ်ဖွဲ့အဖြစ် ကြေညာပြီး စစ်ကောင်စီအား တိုက် ခိုက်မှုများ စတင်ခဲ့သည်။
လက်ရှိတွင် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ရှမ်း-ကယားနယ်စပ် ဖယ်ခုံ-မိုးဗြဲ ရှိ PDF တပ်ဖွဲ့များမှာ အားကောင်းစွာလှုပ်ရှားနေပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသလို တိုက်ပွဲတချို့တွင် နေပြည်တော် PDF တပ်ရင်းက ပူးပေါင်းပါဝင် လှုပ်ရှားနေသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်သည် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ၄ နာရီကျော် (၁၈၄ ကီလိုမီတာ) ခရီးသာ ကွာဝေးသည်။
တကောင်း နိုင်ငံရေးလေ့လာမှု အင်စတီကျုနှင့် အမေရိကန်အခြေစိုက် Wilson စင်တာက ပူးပေါင်း ပြုစုထားသည့် One Year : The Momentum of Myanmar’s Armed Rebellion စာတမ်းအရ ကယားပြည်နယ်အတွင်း NUG ၏ PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်ပေါင်း ၈၀၀၀ ခန့် ရှိကြောင်း သိရသည်။
ထို့ပြင် KA၊ KNDF၊ NUG တို့အောက် ပေါင်းစည်းထားခြင်းမရှိသော စေတနာ့ဝန်ထမ်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် (LDFs) များမှာလည်း ၃၀၀၀ ဝန်းကျင် ရှိကြောင်း ယင်းစာတမ်းတွင် ဖော်ပြထားသည်။
ထိုသို့ တပ်ဖွဲ့အများအပြား ကွဲထွက်နေမှု၊ ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ခြင်းနှင့် လက်နက်ခဲယမ်းရရှိမှု အခက်အခဲများက ကရင်နီ စစ်မြေပြင် လက်နက်ကိုင်တော်လှန်ရေး အောင်မြင်မှုအတွက် အတား အဆီးများ ဖြစ်နေကြောင်း စစ်ရေးနှင့် တိုင်းရင်းသား အရေးလေ့လာသူများက သုံးသပ်သည်။
သို့သော် ၎င်းတို့အားလုံးသည် အဖွဲ့အစည်းတခုတည်းအောက်တွင် မရှိကြသော်လည်း စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံ ဆန့်ကျင် တိုက်ခိုက်နေကြသူများ ဖြစ်ကြောင်း၊ ယခုနောက်ပိုင်း ယခင်ကထက် စုဖွဲ့မှုပိုမိုအားကောင်းလာပြီး အမိန့်ပေးစီးဆင်းမှုများလည်း ပိုကောင်းလာသည်ကို တွေ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ဆိုသည်။
ကယားပြည်နယ်အတွင်း စစ်ကောင်စီကို တော်လှန်နေပြီး မည်သည့်အစုအဖွဲ့အောက်တွင်မှ မရှိသော တပ်ဖွဲ့တခုချင်းစီက ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အဖြစ် ပေါင်းစည်းစုဖွဲ့မှုများ ရှိလာသည်ကို ၎င်းက ထောက်ပြသည်။
တသီးပုဂ္ဂလ တပ်ဖွဲ့ ၅ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် KRU သည် မကြာသေးခင်ကပဲ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) နှင့် မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် KRU သည် NUG က ချမှတ်ထားသည့် မူဝါဒလမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
One Year: The Momentum of Myanmar’s Armed Rebellion စာတမ်းအရ ကယားပြည်နယ်တွင် အာဏာသိမ်းမှု ဆန့်ကျင်သည့် တိုက်ခိုက်ရေးသမား ၂၀,၀၀၀ ကျော်ရှိပြီး ၎င်းတို့ထဲမှ ၁၀ ရာခိုင်နှုန်းမှာ ချေမှုန်းရေးရိုင်ဖယ်များ ကိုင်ဆောင်ထားနိုင်ကြောင်းနှင့် ကျန်တပ်ဖွဲ့ဝင်များမှာ ချေမှုန်းရေးရိုင်ဖယ်များ မကိုင်ဆောင်နိုင်သော်လည်း လက်လုပ်ရိုင်ဖယ်များ ကိုင်ဆောင်ထားကြကြောင်း ဆိုထားသည်။
အားပြိုင်မှုများနှင့် ကယားပြည်နယ်
“နယ်မြေအရ ပိုင်းခြားပြီးမှ ဒီနေရာတော့ ကျနော်တို့ ထိန်းချုပ်နယ်မြေ သို့မဟုတ် သူတို့ (စစ်ကောင်စီ) နယ်မြေလို့ ပုံသေ သတ်မှတ်လို့ မရဘူး။ ကရင်နီပြည်နယ်က ကျဉ်းကျဉ်းလေး။ ပြောနိုင်တာတခုက လက်ရှိ လွိုင်ကော်ကို စစ်ကောင်စီက ထိန်းချုပ်ထားတယ်၊ သူ့ရဲ့ယန္တရားတွေ လည်ပတ်နိုင်တယ် ပြောသော်ငြားလည်း ကျနော်တို့ နေ့ချင်းညချင်း ဝင်တိုက်လို့ ရတယ်။ ဒါဆိုရင် သူတို့ ယန္တရားတွေက အပြောင်းအလဲတခု ဖြစ်သွားမယ်။ အဲဒီလို အနေအထားပဲ ရှိတယ်” ဟု ပြည်နယ် အတွင်း လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး KNDF မှ တာဝန်ရှိသူတဦးက ပြောပြသည်။
ကယားပြည်နယ်သည် နေပြည်တော်နှင့် သိပ်မဝေးလှသဖြင့် ကယားပြည်နယ်တခုလုံးအား ကရင်နီတော်လှန်ရေးတပ်များ အပြည့်အဝ စိုးမိုးသွားပါက စစ်ကောင်စီဌာနချုပ်ဖြစ်ရာ နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်မှုဖြစ်နိုင်သဖြင့် စစ်ကောင် စီဘက်က ကယားပြည်နယ်ကို လက်မလွှတ်ရရေး အပြင်းအထန် ထိုးစစ်ဆင်နေသည်။
၂၀၂၂ နှစ်ဆန်းပိုင်းလောက်ကတည်းကစပြီး စစ်ကောင်စီသည် ကယားပြည်နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာသလို စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများ၊ သံချပ်ကာကားများနှင့် အတွဲလိုက်ဒုံး များသုံးပြီး တိုက်ခိုက်လျက် ရှိသည်။
ထို့ပြင် ကယားပြည်နယ်နှင့် ဆက်နေသည့် ဖယ်ခုံမြို့နှင့် နာရီဝက်ပင်မဝေးသော မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီက အင်အားတိုးချပြီး နေပြည်တော်သို့ ကားလမ်းဝင်ပေါက်ရှိသည့် ဖယ်ခုံ-မိုးဗြဲ-ဒီးမော့ဆို လမ်းပိုင်းကို ထိန်းချုပ်ထားသလို မတ်လ အတွင်းက ဖြစ်ပွားခဲ့သော ရှမ်း-ကယားနယ်စပ် မြို့နယ် အချို့က ထိတွေ့တိုက်ပွဲများ၌လည်း စစ်ကောင်ဘက်က ဌာနေပြည် သူ့စစ်များကို စည်းရုံးပြီး ပါဝင်တိုက်ခိုင်းမှုများ ရှိကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ပြည်နယ်အတွင်း ကြီးထွားလာသည့် လက်နက်ကိုင်တော်လှန်မှုများကို ထိန်းချုပ်ရန် လွိုင်ကော် ဒကစမှူး (ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်) နှင့် အမှတ် (၇) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) မှ ဒုတပ်မမှူးတို့ကို စစ်ဆင်ရေးကွပ်ကဲမှု ညှံ့ဖျင်းသည် ဟုဆိုကာ အစားထိုးခန့်အပ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီလ အစောပိုင်းတွင်လည်း စစ်ကောင်စီ ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့သည် ဘောလခဲနှင့် လွိုင်ကော်သို့ သွားရောက်၍ စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်။
စစ်အာဏာသိမ်းမှု ၁ နှစ်ကျော်လာချိန် လက်ရှိတွင် စစ်ကောင်စီသည် ပြည်နယ်၏မြို့တော် လွိုင်ကော်နှင့် စစ်တပ်စခန်းများ အခြေစိုက်ရာ ဘောလခဲမြို့များကို ထိန်းချုပ်ထားပြီး ကျန်နေရာများအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားနိုင်ကြောင်း ဗိုလ်မျက်မှန်က ပြောသည်။
“ကျနော်တို့ဘက်က စခန်းကို အရထိုင်လိုက်ရတဲ့ဟာမျိုးတွေတော့ မရှိဘူး။ သို့သော် စစ်ကောင်စီဘက်က တပ်စခန်းအပြင် မထွက်တော့တာ အတော်ကြာခဲ့ပြီ။ သူ့ရဲ့တပ်စခန်း အားကောင်းဖို့၊ သူ့စခန်း လုံခြုံရေးအတွက်ပဲ သေချာလေး တည်ဆောက် ထားတဲ့ အနေအထားမှာပဲ ရှိတော့တယ်။ စခန်းကထွက်တာနဲ့လည်း တိုက်ပွဲတွေ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
တဖက်တွင်လည်း စစ်ကောင်စီတပ်များဘက်က ထိတွေ့တိုက်ပွဲများတွင် သာလွန်အင်အား သုံးသည့်တိုင်အောင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ၏ နယ်မြေကျွမ်းကျင်မှုက တော်လှန်ရေးအင်အားစုများအတွက် အားသာချက် ဖြစ်နေသည်။
စစ်ကောင်စီသည် ကယားပြည်နယ်အတွင်း အခြေစိုက်တပ်ရင်းများအပြင် တပ်မ ၅၅၊ ၆၆၊ ၁၀၁၊ စကခ အမှတ် (၇) နှင့် ကယား၊ ပဲခူးနှင့် ကရင်ကြားရှိ စကခ အမှတ် (၂၀) မှ တပ်ရင်းအချို့ကိုလည်း ဖြန့်ကျက်ထားကြောင်း One Year: The Momentum of Myanmar’s Armed Rebellion စာတမ်းအရ သိရသည်။
လက်ရှိ အခြေအနေတွင် စစ်ကောင်စီသည် ၎င်း၏ စစ်အခြေစိုက်စခန်းများ၊ အမြောက်တပ်များရှိရာ ဗျူဟာမြောက်နေရာများ၊ မြို့ပြဒေသများနှင့် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်ကလည်း အပြင်းအထန် ခုခံတွန်းလှန်နေသည်။
စစ်မီးပဋိပက္ခကြားက ကယားပြည်နယ်
စစ်အာဏာသိမ်းမှု တနှစ်ကျော်လာချိန်တွင် ကယားပြည်နယ်သည် မြို့ပျက်၊ ရွာပျက်များ၊ မီးရှို့ခံထားရသည့် ခရစ်ယာန် ဘုရားကျောင်းများနှင့် လူနေအိမ်များဖြင့် ခြောက်သွေ့နေပြီး ဒေသခံအများစုမှာလည်း စစ်ဘေးရှောင်နေရသောကြောင့် ရပ်ကွက်များအတွင်းနှင့် လမ်းမများပေါ် အသွားလာနည်းပါးပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။
ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရား အပါအဝင် စနစ်များအားလုံး ပြိုလုနီးပါး ဖြစ်သွားပြီး လူမှုစီးပွားအကျပ်အတည်းများ နှင့်အတူ စားနပ်ရိက္ခာ မလုံလောက်မှုများပါ ကြုံတွေ့နေကြရသည်။
မြေပြင်၌ စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ဒေသခံအဖွဲ့အစည်းတချို့ကို ဧရာဝတီက မေးမြန်းချက်အရ ကယား ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်နယ်လူဦးရေ၏ ၁ သိန်း ၈ သောင်းခန့်မှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
လွတ်လပ်သော သုတေသနအဖွဲ့တဖွဲ့ ဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျူ (ISP-Myanmar) ၏ (၂၀၂၂ မေ ၃၁ ရက်ထိ) မှတ်တမ်းများအရလည်း အာဏာသိမ်းပြီးနောက်ပိုင်း အသစ်တိုးလာသော စစ်ဘေးရှောင်အရေအတွက် အများဆုံးရှိလာသည့် စစ်ကိုင်းတိုင်းပြီးလျှင် ကယားပြည်နယ်သည် စစ်ဘေးရှောင် ဒုတိယအများဆုံး ဖြစ်နေသည်။
မိုးရာသီ ရောက်လာချိန်တွင် စစ်ရှောင်စခန်းများအတွက် အမိုးအကာ အခက်အခဲ ရှိနေသလို ရာသီတုပ်ကွေးကြောင့် ဆေးဝါး လိုအပ်ချက်လည်း ဖြစ်ပေါ်နေကြောင်း၊ အစာအာဟာရ လိုအပ်ချက်ကြောင့် ကလေးငယ်များတွင် အာဟာရချို့တဲ့ပြီး အလွယ်တကူ ဖျားနာမှုများလည်း ဖြစ်ပေါ်နေကြောင်း စစ်ရှောင်အရေး ကူညီနေသူများထံမှ သိရသည်။
တိုက်ပွဲများကလည်း အချိန်မရွေး ပြန်ဖြစ်နိုင်သောကြောင့် စစ်ဘေးရှောင်များမှာ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးသလို ထိတ်လန့်၊ ကြောက်ရွံ့မှုများဖြင့် ကျီးလန့်စာစား ဖြတ်သန်း နေရသည်ဟုလည်း ကိုဗညားက ပြောပြသည်။
တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနိုင်မှု
ကယားပြည်နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းထိ ရပ်တန့်သွားပြီဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျေးရွာပေါင်း ၇၀၀ ကျော်အနက် ၄၀၀ ခန့်တွင် ကျောင်းနှင့်ဆေးပေးခန်း ဖွင့်လှစ်ပေးခြင်းကဲ့သို့သော ပြည်သူ့ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း KNDF က စစ်အာဏာသိမ်းမှု ၁ နှစ် ပြည့် အစီရင်ခံချက်တွင် ထုတ်ဖော် ပြောဆိုထားသည်။
ယင်းပြောဆိုချက်ကို အတည်ပြုရန် ခဲယဉ်းသော်လည်း ပြည်နယ်အတွင်း စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှုများ ချည့်နဲ့ပြီး အလုပ်မဖြစ်တော့သည်မှာ သေချာကြောင်း မြေပြင်၌လှုပ်ရှားနေသူတချို့နှင့် နိုင်ငံရေးလေ့လာသူများက ဆိုကြသည်။
သို့သော် စစ်ကောင်စီ၏ယန္တရားများ ရပ်တန့်လုနီးပါး ဖြစ်သွားခြင်းက တော်လှန်ရေး အင်အားစုများ ဘက်က အလုံးစုံလွှမ်းခြုံ နိုင်ပြီဟူသည့်အဓိပ္ပာယ် မသက်ရောက်ကြောင်း၊ မြေပြင်၌ အခက်အခဲများစွာ ရှိနေသေးကြောင်း ကရင်နီပြည်နယ် အတိုင် ပင်ခံကောင်စီ (Karenni State Consultative Council – KSCC) ၏ ပြောရေးဆိုခွင့်ရှိသူ အယ်ဗလင်းက ပြောသည်။
KSCC ကို ကယားပြည်နယ်အတွင်း ကြားကာလ ပြည်နယ်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာများ ကျင့်သုံးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်နယ်အတွင်းရှိ ၂၀၂၀ ရွေးကောက်ခံ အမတ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ လူငယ်နှင့်အမျိုးသမီးအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ ပါဝင်ပြီး ၂၀၂၁ ဧပြီ ၉ ရက်တွင် ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စုအဆင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ NUG တို့နှင့် ပြည်နယ်အရေး၊ ပြည်ထောင်စု အရေးများ ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအခါ ပညာရေး၊ ကျန်းမာရေး အပါအဝင် ကော်မတီ ၉ ခုဖြင့် KSCC သည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း သိရသည်။
သို့သော် နယ်မြေအတော်တော်များများ တိုက်ပွဲဧရိယာများ ဖြစ်နေသောကြောင့် KSCC အနေဖြင့် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ရန် အကန့်အသတ်များစွာ ရှိနေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) ထိန်းချုပ်ဧရိယာများတွင်မူ ယခင်ကထက် ပိုမိုခိုင်မာသည့် အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်လာနိုင်ကြောင်း အယ်ဗလင်းက ဆိုသည်။
လက်ရှိတွင် ကျန်းမာရေးဝန်ဆောင်မှုများအတွက် ပြည်နယ်အတွင်းရှိ ကျန်းမာရေးဆိုင်ရာသမဂ္ဂများ၊ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်သူများ၊ CDM ဆေးဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ စသည်ဖြင့် နယ်မြေမတည်ငြိမ်မှု၊ အရင်းအမြစ် မလုံလောက်မှုများကြားကပင် ပါဝင်ကူပေးနေကြပြီး KSCC ကလည်း ချိတ်ဆက် ဆောင်ရွက်လျက် ရှိသည်။
မကြာသေးမီကပင် NUG ကျန်းမာရေးကြီးဝန်ကြီးဌာနနှင့် KSCC ကျန်းမာရေးကော်မတီတို့၏ ထောက်ပံ့မှုများနှင့်အတူ ပြည် နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာခြင်းအလင်းတန်းဆေးအဖွဲ့ (Ray Medical Movement) ၏ ဦးဆောင်မှုဖြင့် ရွေ့လျားခွဲစိတ်ခန်းငယ်တခုကို တည်ဆောက်ခဲ့ကြသည်။
ထို့အတူ ကြားကာလပညာရေးအစီအစဉ် အနေဖြင့်လည်း ပြည်နယ်အတွင်း စာသင်ကျောင်းပေါင်း ၄၈၀ ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းသူ/သား ၃၆,၅၄၈ ဦးကို ဆရာ/ဆရာမ ပေါင်း ၁,၉၉၄ ဦးဖြင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပညာသင်ကြားပေးလျက် ရှိကြောင်း သိရသည်။
ယခုနှစ်တွင် စစ်ကောင်စီဘက်က မြို့ပေါ်ကျောင်းတချို့ ဖွင့်လှစ်ခဲ့သော်လည်း ကိုယ်ထူကိုယ်ထ ကျောင်းများ၌ တက်ရောက်သည့် ကျောင်းသားဦးရေက ပိုများကြောင်း၊ ပြည်နယ်အတွင်းရှိ ကျောင်းသူ/သား ၉၀ ရာခိုင်နှုန်းကျော်သည် စစ်ကောင်စီ ဖွင့်လှစ်သော ကျောင်းများတွင် တက်ရောက်ခြင်း မရှိကြောင်း အတိုက်အခံ အင်အားစုများဘက်က ဆိုသည်။
စစ်ကောင်စီဘက်ကမူ ၂၀၂၂-၂၀၂၃ အခြေခံပညာသင်နှစ်ကို ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းတက်ရောက်မှု ၈၇ ဒသမ ၉၃ ရာခိုင်နှုန်း ရှိကြောင်း ဇူလိုင် ၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာထားသည်။
ပြည်နယ်အတွင်း ပြည်သူ့ဘဝလုံခြုံမှုနှင့် တရားဥပဒေစိုးမိုးရေးအတွက် KSCC ၏ နိုင်ငံရေး ဦးဆောင်မှု အောက်တွင် CDM ရဲ ၃၂၀ ဦး ပါဝင်သော ကရင်နီပြည်ရဲဌာန (KSP) ကို ၂၀၂၀ သြဂုတ် ၂၅ ရက်တွင် ဖွဲ့စည်းထူထောင်ခဲ့ပြီး ယခုအခါ ဒေသတွင်း အမှုအခင်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ၊ စစ်ကောင်စီထောက်တိုင်များ၊ Non-CDM ဝန်ထမ်းများ၊ သတင်း ပေး (ဒလန်) များအား ဖမ်းဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးထားသူများအား ကျူးလွန်သည့် ပြစ်မှုအပေါ်မူတည်ပြီး ပြစ်ဒဏ်ချမှတ် ပေးခြင်းတို့ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း စစ်ကောင်စီ၏ ယန္တရားလည်ပတ်နိုင်မှု အခြေအနေနှင့် ပတ်သက်၍ မြို့ပေါ် ရပ်ကွက်အချို့မှလွဲပြီး အုပ်ချုပ်ရေးမှူးများ မရှိတော့သလို မည်သူမျှလည်း မလုပ်ရဲတော့ကြောင်း၊ သို့သော် KNDF, KNPP, PDF စသည့် တော်လှန်ရေးအင်အားစုများဘက်ကလည်း အုပ်ချုပ်ရေးလုပ်ငန်းများကို မြို့ပေါ်ထိ ခြေမချနိုင်သေးကြောင်း KNPP ဗဟိုကော်မတီ၏ အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။
“ကျနော်တို့ KNPP အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ရှိတယ်။ တချို့ မြို့နယ်မှူးတွေကတော့ လက်လှမ်းမှီသလောက် အုပ်ချုပ်နေတာတွေ ရှိတယ်။ လူထုလိုအပ်မှုရယ်၊ လူထုလုံခြုံရေးရယ်ကို အဓိကထားပြီး ကူညီနေတာ ရှိတယ်။ မြို့ပေါ်ထိကတော့ အုပ်ချုပ်ရေး မချမှတ်နိုင်သေးပါဘူး” ဟု ၎င်းက ဆိုသည်။
ပြင်းထန်နေအုံးမည့် လက်နက်ကိုင်ပဋိပက္ခများ
ISP-Myanmar ၏ မှတ်တမ်းများအရ စစ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ မေ ၁၅ ရက်ထိ မြန်မာနိုင်တဝန်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း ၄၆၀၀ ကျော်အနက် ကယားပြည်နယ်တွင် ၂၇၀ ကျော် ဖြစ်ပွားခဲ့ကြောင်း နှင့် မြေပြင်တွင် ထို့ထက်ပိုများနိုင် ကြောင်း ဆိုထားသည်။
လက်ရှိတွင်လည်း ကယားပြည်နယ်အတွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲနှင့် ရှမ်း-ကယားနယ် စပ် ဖယ်ခုံနှင့် မိုးဗြဲတဝိုက်၌ စစ်ကောင်စီတပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်များကြား တိုက်ပွဲမရှိသည့်နေ့ မရှိ သလောက် ဖြစ်နေသည်။
ယခုနှစ် မိုးရာသီတွင် တော်လှန်ရေးတပ်ဖွဲ့များသည် မြို့ပြဒေသများတွင် စစ်ကောင်စီ၏ ထိန်းချုပ်မှုကို အပြင်းအထန် ယှဉ်ပြိုင်ရန် ကြိုးပမ်းမည်ဖြစ်ပြီး ကရင်နီပြည်နယ်တခွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာမည် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများ က သုံးသပ်ထားသည်။
ပြီးခဲ့သည့် တနှစ်အတွင်း စစ်ကောင်စီတပ်သည် ကယားပြည်နယ်၌ အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သလို လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ခတ်မှုများ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ISP-Myanmar ၏ ဧပြီ ၃၀ ရက် ထိ စာရင်းအရ လေကြောင်းတိုက်ခိုက်မှု ၁၀၀ ကျော် အသုံးပြုခဲ့ကြောင်း သိရသည်။
နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင်လည်း ဘာသာရေး အဆောက်အအုံများပါမချန် ကျေးရွာအတွင်းရှိ ဒေသခံပြည် သူလူထု၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ တွေ့သမျှပစ္စည်းများအား ခိုးယူခြင်း၊ ဒေသခံများအား အကြမ်းဖက် ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့သည်။
ကယားပြည်နယ်တွင် အာဏာသိမ်းစစ်တပ်သည် ရွာများအတွင်းနှင့် အနီးဝန်းကျင်၌ ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်သည့် မြေမြှုပ်မိုင်းများ (M-14 နှင့် MM-22 အဓိက အသုံးပြု) ထောင်ခြင်းဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
Data for Myanmar အဖွဲ့၏ ဇွန် ၇ ရက်က ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ကရင်နီပြည်နယ်အတွင်း ဘာသာရေးအဆောက်အအုံများ အပါအဝင် အိမ်ခြေပေါင်း ၄၁၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဖရူဆိုမြို့နယ် မိုဆိုရွာအနီး ယင်းကျေးရွာသား များ၊ Save the Children အဖွဲ့မှ ဝန်ထမ်း ၂ ဦး အပါအဝင် ခရီးသွားပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုသည် စစ်တပ်၏ ရပ်စက်ကြမ်းကြုတ်သော နည်းဗျူဟာများကို သက်သေပြခဲ့သည်။
စစ်တပ်က ပြည်သူလူထုအပေါ် ထိုသို့ အကြမ်းဖက်၊ ရက်စက်ပြခြင်းက ၎င်းတို့အား ကြောက်ရွံ့နောက်တွန့်သွားစေမည် မဟုတ်ဘဲ အကြမ်းဖက် စစ်ကောင်စီကို လူ့အသိုင်းအဝိုင်းထဲ လက်ခံထား၍ မရ၊ အမြစ်ပြတ်ချေမှုန်းရမည် ဆိုသည့် ရည် မှန်းချက်ကို ပိုမိုခိုင်မာစေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
“ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ၊ အဆုံးထိ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ ရဲဘော်တယောက်ချင်းစီတိုင်းရဲ့ စိတ်ထဲမှာ ရှိတယ်” ဟု ကယားပြည်နယ်အတွင်း စစ်ကောင်စီကို တိုက်နေသည့် တော်လှန်ရေးရဲဘော်များက တညီတညွတ်တည်း ဆိုကြသည်။ ။
You may also like these stories:
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အလေ့အထ
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်
မင်းအောင်လှိုင်ရဲ့ ကြိုးမိန့် နဲ့ နိုင်ငံရေးလက်စားချေပွဲ