မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အလေ့အထ

ရဲမျိုးဟိန်း
၂၀၂၁ ခုနှစ်၊ မတ်လက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများအား ရန်ကုန်မြို့တွင် စစ်တပ်က ဖြိုခွင်းစဉ် / ဧရာဝတီ

မြန်မာစစ်တပ် လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးချိန်မှ စတင်ပြီး ကြီးမားသော အကြမ်းဖက်ထိုးစစ်ကို စတင်လိုက်ကာ လွန်ခဲ့သော ၁၇ လအတွင်း အကြမ်းဖက်နည်းလမ်းများကို ပိုမိုပြင်းထန်စွာတိုးချဲ့သည်။

စစ်တပ်သည် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည့် အမည်ဆိုးကျော်ကြားသော သမိုင်းရှိသောကြောင့် အတိုက်အခံများက ၎င်းတို့ကို ဖက်ဆစ်များဟု ခေါ်ကြသည်။ ၁၉၄၁ ခုနှစ် နှောင်းပိုင်းက ဂျပန်နယ်ချဲ့၏ အကူအညီဖြင့် တည်ထောင်ထားသောကြောင့် စစ်ရေးစစ်ရာတွင် ရက်စက်ကြမ်းကြုတ်မှုများကို ပေါ့ပေါ့ပါးပါးနှင့် စနစ်တကျ ကျူးလွန်ခြင်းသည် စစ်တပ်၏ အဖွဲ့အစည်းဆိုင်ရာ အလေ့အထတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာသည်။

စစ်တပ်၏ မကြာသေးမီက ရက်စက်ကြမ်းကြုတ်မှုများသည် ယခုမှ လမ်းခွဲထွက်လာသည့်ပုံစံမျိုး မဟုတ်ဘဲ အဖွဲ့အစည်း အလေ့အထမှ ပေါ်ပေါက်လာသော သမိုင်းဆိုင်ရာ ပုံစံသာဖြစ်သည်။ ရက်စက် ကြမ်းကြုတ်သည့် အလေ့အထသည် ၎င်းတို့ကိုယ်၎င်းတို့ နိုင်ငံကို ကာကွယ်စောင့်ရှောက်သူများ ဖြစ်သည်ဆိုသည့် အတွေးအခေါ်၊ တပ်တွင်း ရက်စက်ကြမ်းကြုတ်မှုများ၊ ကာလကြာမြင့်စွာ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေခြင်းနှင့် အခြေအနေနှင့်ဆိုင်သော စဉ်းစားမှုများ ပေါင်းစပ်ပေါ်ထွက်လာသော ရလဒ်တခုဖြစ်သည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ အားလုံးသည် တကြိမ်တခါတည်းနှင့် ပေါ်ထွက်လာခြင်း မဟုတ်ဘဲ တဖြည်းဖြည်း အရှိန်မြင့်လာသည့်ဖြစ်စဉ်ဖြင့် အချိန်ကာလတခုကြာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့ကြောင့် လက်ရှိဖြစ်ပွားနေသော စစ်တွင် စစ်ဆက်လက် ဖြစ်ပွားနေသည့်အလျောက် စစ်တပ်၏ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ် အကြမ်းဖက်မှုများ အသုံးပြုမှုများ ထပ်မံမြင့်မားလာသည်ကို တွေ့ရဦးမည် ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံတိုင်ပင်ရွာတွင် ရွာခံများကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားစဉ်

ဆယ်စုနှစ်များစွာအတွင်း အကြိမ်ကြိမ် ထပ်မံဖြစ်ပေါ်သည့် ထိုအကြမ်းဖက်မှုများ ရှိသော်လည်း နိုင်ငံတကာ အသိုက်အဝန်းသည် အရေးယူဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။ ကမ္ဘာ့လူမှု အသိုက်အဝန်းသည် စစ်တပ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ရက်စက်ကြမ်းကြုတ်သည့် အလေ့အထ၏ စစ်မှန်သော သဘောသဘာဝကိုသာမက ပြုပြင်ပြောင်းလဲရန် စွမ်းရည်ကင်းမဲ့ခြင်းကိုပါ သဘောပေါက်နားလည်ပုံမရပေ။

ထို့ကြောင့် နိုင်ငံတကာမှ အချို့သည် အရပ်သား အုပ်ချုပ်ရေး ပြန်လည်ထူထောင်မည်ဆိုသည့် စစ်တပ်၏ မရေရာသောကတိနှင့် ပတ်သက်ပြီး လက်တွေ့မကျသော မျှော်လင့်ချက်များ ထားနေကြစဉ် အချို့ကလည်း စစ်တပ်သည်မြန်မာတွင် တည်ငြိမ်အောင် လုပ်ပေးသည့် အင်အားစုဖြစ်သည်ဆိုသည် စစ်တပ်၏လုပ်ဇာတ်ကို ယုံကြည်နေကြသည်။

သို့သော် ထိုအမြင်နှစ်မျိုး၏ အပြစ်အနာအဆာများကို သမိုင်းက ဖော်ထုတ်ပြသနေသည်။ ထိုသမိုင်းသည် မြန်မာပြည်သူများ ကောင်းစွာ သိရှိနားလည်သော သမိုင်းဖြစ်သည်။ တော်လှန်ရေး ဆက်လက် ဖြစ်ပေါ်နေခြင်းနှင့်အတူ မြန်မာပြည်သူအများစုသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် အလေ့အထကို အဆုံးသတ်ပြီး နိုင်ငံကို ဒီမိုကရေစီဆန်ပြီး တည်ငြိမ်သော အနာဂတ်သို့ ပြန်လည်ဆောင်ယူရန် ကြိုးစားနေကြသည်။

ကမ္ဘာ့လူမှု အသိုက်အဝန်းသည် စစ်တပ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ရက်စက်ကြမ်းကြုတ်သည့် အလေ့အထ၏ စစ်မှန်သော သဘောသဘာဝကိုသာမက ပြုပြင်ပြောင်းလဲရန် စွမ်းရည်ကင်းမဲ့ခြင်းကိုပါ သဘောပေါက်နားလည်ပုံမရပေ။

ထို့ကြောင့် တာဝန်သိသော နိုင်ငံတကာ လူမှုအသိုက်အဝန်းသည် ဆိုးရွားလှသောစစ်တပ်ကို ဆန့်ကျင်သည့် မြန်မာပြည်သူများ၏ တိုက်ပွဲကို တတ်နိုင်သော နည်းလမ်းအားလုံးဖြင့် ကူညီထောက်ခံပြီး စစ်တပ်၏ အစုလိုက်အပြုံလိုက် အကြမ်းဖက်နည်းလမ်းများ အသုံးပြုခြင်းကို အဆုံးသတ်ပစ်ရမည်ဖြစ်သည်။

မပြီးဆုံးနိုင်သော ရက်စက်ကြမ်းကြုတ်မှု သံသရာ

အရပ်သားများကို သွေးအေးအေးဖြင့် မည်သို့သတ်ခဲ့သည်ကို ကြွားဝါပြောဆိုနေသော စစ်ကောင်စီ စစ်သားများအား ပြသထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို လွတ်လပ်သော အာရှအသံ (RFA) က မကြာသေးမီက ထုတ်လွှင့်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှ ရွာသားတယောက်က စစ်သားတယောက်၏ ဆဲလ်ဖုန်းမှရရှိထားသော ဗီဒီယိုနှင့်ဓာတ်ပုံများသည် စစ်ကိုင်းတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များကို စစ်တပ်က ထိုးစစ်ဆင်ချိန်မှ စတင်သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် အထောက်အထား ဖြစ်သည်။

ထိုသတင်းတွင် အရပ်သား အများအပြားကို ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်သည့်ပုံများသာမက ရွာသားတဦးကို ညှဉ်းပန်းနှိပ်စက်သည့်ပုံများနှင့် ၎င်းတို့သည် ပြည်သူများကို မည်သည့်နည်းဖြင့် မည်သို့သတ်ခဲ့သည်၊ အလောင်းများကို မည်သို့လုပ်သည်၊ တပ်မှူးများက မည်သို့အမိန့်ပေးသည်နှင့် ရွာသားများ၏ ပိုင်ဆိုင်မှုပစ္စည်းများကို မည်သို့ လုယက်ခဲ့သည်တို့ကို စစ်သားများက ကြမ်းတမ်းသော စကားများဖြင့် ပြောနေသည့် ဆယ်လ်ဖီ ဗီဒီယိုတခုလည်း ပါဝင်သည်။

ထိုဗီဒီယိုတွင် စစ်သားတယောက်က အခြားစစ်သားတယောက်ကို “မင်းက လူ ၂၆ ယောက် သတ်ခဲ့တယ်လို့ ပြောတယ်။ မင်း သူတို့ကို ဘယ်လိုသတ်တာလဲ။ သေနတ်နဲ့ပဲ ပစ်သတ်လိုက်တာလား” ဟုမေးသည်။ ထို့နောက် ထိုစစ်သားက သူသည် လူ ၅ ဦးကို လည်လှီးသတ်ကြောင်း ကြွားဝါပြောဆိုသည်။

တတိယစစ်သားက သူလည်း လူ ၈ ဦး သတ်ခဲ့ကြောင်း ပြောသည်။ သူ၏အထက်အရာရှိက အလောင်းများ မြေမမြှုပ်မီ သုံးပိုင်းပိုင်းရန် သူ့ကိုပြောကြောင်း စစ်သားတယောက်ကပြောစဉ် အခြားတယောက်ကလည်း ဝမ်းသာအားရဖြင့် “ငါက ခေါင်းဖြတ်ရတယ်။ ငါးခါ၊ ခြောက်ခါလောက် ခုတ်ရတာ၊ အသားတွေက ဝက်သားတွေလို ထွက်ကျလာတယ်။ ဒါပေမယ့် အသားတွေက နည်းနည်းဝါတယ်” ဟုပြောသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှ ရွာသားတယောက်က စစ်သားတယောက်၏ ဆဲလ်ဖုန်းမှရရှိထားသော ဗီဒီယိုနှင့်ဓာတ်ပုံများသည် စစ်ကိုင်းတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များကို စစ်တပ်က ထိုးစစ်ဆင်ချိန်မှ စတင်သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် အထောက်အထား ဖြစ်သည်။

ထိုစစ်သားများသည် နောင်တရသည့်လက္ခဏာ လုံးဝမရှိဘဲ ပြောမပြနိုင်လောက် ကြီးမားသည့် ရာဇဝတ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရသည်ကို ဂုဏ်ယူပြောဆိုနေပုံရသည်။ စစ်တပ်သည် စက်ဆုတ်ဖွယ်ရာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အမြဲတစေ ကျူးလွန်နေကြောင်း ထိုသတင်းမှ ဓာတ်ပုံများနှင့် ဗီဒီယိုများက ရှင်းလင်းပြတ်သားသည့် အထောက်အထားများကို ပေးသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက် စစ်ရေးပြအခမ်းအနား

RFA မှ ထိုသတင်းသည် စစ်တပ်က နိုင်ငံတဝှမ်းတွင် ပြုလုပ်သည့် စစ်ဆင်ရေး အများအပြားအနက် တခုကိုသာ ဖော်ပြခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခုနှစ် မေလကုန်အထိ စစ်တပ်၏ စစ်ဆင်ရေးများသည် နေရာပေါင်း ၄၃၅ ခုမှ နေအိမ် အလုံးပေါင်း ၁၈,၈၈၆ လုံးကို မီးရှို့ခဲ့သည်ဟု စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို စောင့်ကြည့်နေသော အဖွဲ့အစည်းတခုဖြစ်သည့် Data for Myanmar က ခန့်မှန်းသည်။

RFA ၏ သတင်းသည် ထိုဖြစ်ရပ်များစွာအနက် ကျေးရွာတရွာတည်းမှ ဖြစ်ရပ်ဖြစ်သည်။ အချို့ပဋိပက္ခဒေသများမှ သတင်းများ မရရှိနိုင်သောကြောင့် လက်တွေ့တွင် အမှန်တကယ်ပျက်စီးမှု အတိုင်းအတာမှာ ပိုမိုကျယ်ပြန့်သည်။

စစ်တပ်သည် ဆယ်စုနှစ်များစွာ လုပ်ခဲ့သည့်အတိုင်း ၎င်းတို့ စစ်ဆင်ရေးလုပ်သည့် နေရာတိုင်းတွင် ကျေးရွာများကို မီးရှို့ခြင်းနှင့် ကလေးငယ်များကို သတ်ဖြတ်ခြင်း အပါအဝင် မီးရှို့တိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လုယက်ခြင်း၊ စိတ်ထင်သလို ဖျက်ဆီးခြင်းနှင့် အကျဉ်းရုံး သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်သည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု အလေ့အထ

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုသည် ခေတ်သစ် မြန်မာ့သမိုင်းတလျှောက်လုံးတွင် ကျူးလွန်ခဲ့သည့် ၎င်း၏အဖွဲ့အစည်းဆိုင်ရာ အလေ့အထ အနှစ်သာရဖြစ်သည်။ မြန်မာတွင် ကာလကြာရှည်စွာ သွေးချောင်းစီးနေသည့် ပြည်တွင်းစစ်တွင် စစ်တပ်သည် အတိုက်အခံများကိုသာမက တိုက်ခိုက်သူ မဟုတ်သည့် အရပ်သားများ၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစု ဒေသများတွင် ၎င်းတို့၏ သင်္ကေတဖြစ်သော သိမ်းကြုံး အကြမ်းဖက်ခြင်းများကို အမြဲတစေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်သည်။

၎င်းတို့သည် အရပ်သားအားလုံး၏ အထက်တွင်ရှိသည်၊ အရပ်သားများသည် နိုင်ငံနှင့်ဘာသာကို ၎င်းတို့ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နိုင်သည့် စွမ်းရည်မရှိသူများဖြစ်သည်ဟု စစ်သားများကို သင်ကြားသည်။ ထိုအတွေးအခေါ်ဖြင့် လမ်းညွှန်မှုခံယူသော အဖွဲ့အစည်းတခုဖြစ်သောကြောင့် စစ်တပ်သည် အရပ်သားထိန်းချုပ်မှုဆိုသည့် အယူအဆကို ပယ်ချသည်။

ရိက္ခာ၊ ငွေ၊ ထောက်လှမ်းရေးသတင်းနှင့် အလားအလာရှိသော အဖွဲ့ဝင်သစ်များ ဖြတ်တောက်ခြင်း ဆိုသည့် ၎င်းတို့၏ ဖြတ် လေးဖြတ်စနစ်က ထိုအချက်ကို ပြသနေသည်။ ထိုစနစ်ကို စစ်တပ်က ၁၉၆၀ ပြည့်နှစ်များတွင် ဖော်ထုတ်ခဲ့ပြီး လက်နက်ကိုင်ပုန်ကန်သူ အများအပြားကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်ရာတွင် ကျယ်ပြန့်စွာ အကြိမ်ကြိမ် အသုံးပြုသည်။

ဖြတ် လေးဖြတ်စနစ်၏ မူလရည်ရွယ်ချက်မှာ လက်နက်ကိုင်ပုန်ကန်သူများကို ဒေသခံပြည်သူများအတွင်းမှ ထောက်ပံ့မှုများအား ဖြတ်တောက်ရေးဖြစ်ပြီး လက်နက်ကိုင်ပုန်ကန်သူများအစား အရပ်သားများကိုသာ အဓိက ပစ်မှတ်ထားသည်။

ပြည်တွင်း ပဋိပက္ခ ဆယ်စုနှစ် ၇ ခုကာလအတွင်း ထိုးစစ်တခုပြီးတခုသည် မြန်မာစစ်တပ်ကို စနစ်တကျ ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်သော အဖွဲ့အစည်းဆိုင်ရာ အလေ့အထဖြင့် ပုံဖော်ထားသည့် စစ်ပွဲအတွေ့အကြုံရှိ အဖွဲ့အစည်းအဖြစ် ပြောင်းလဲလိုက်သည်။

အမေရိကန် ပြည်ထောင်စုက လူမျိုးတုံး သတ်ဖြတ်မှုမြောက်သည်ဟု ဆုံးဖြတ်ထားသည့် ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်သော နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးသည် စစ်တပ်အတွင်း ရက်စက်ကြမ်းကြုတ်သော အလေ့အထ မည်မျှနက်ရှိုင်းစွာ အမြစ်တွယ်နေသည်ကို ပြသည့် နိုင်ငံတကာတွင် အမည်ဆိုး အကျော်ကြားဆုံး ဥပမာဖြစ်သည်။

ပြည်တွင်းစစ်တွင် လက်နက်ကိုင်အုပ်စုများ ကျူးလွန်သည့် အကြမ်းဖက်မှုပုံစံများကို ပုံဖော်ပေးရာတွင် အတွေးအခေါ်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း သုတေသီအချို့က ပြောသည်။ ထိုသို့ ဆိုပါက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ယဉ်ကျေးမှုသည် ဖြတ် လေးဖြတ်အပါအဝင် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများ မှန်ကန်သည်ဆိုသည့် ကာလကြာမြင့်စွာ ထူထောင်ထားသော နိုင်ငံကို ကာကွယ်စောင့်ရှောက်သူ အတွေးအခေါ်နှင့် အပြန်အလှန် ဆက်စပ်နေသည်။

စစ်တပ်သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူဖြစ်သည်၊ ဘာသာသာသနာကို ကာကွယ်သူဖြစ်သည်ဟု စစ်တပ်ခေါင်းဆောင် အဆက်ဆက်က ပြောခဲ့သည်မှာ ကာလကြာမြင့်လှပြီ ဖြစ်သည်။ ထို ကာကွယ်စောင့်ရှောက်သူ အတွေးအခေါ်ကို အရာရှိများတွင်သာမက အောက်ခြေ စစ်သားများတွင်ပါ အဆက်မပြတ် အတင်းအကျပ် သွတ်သွင်းခြင်းနှင့် ဝါဒဖြန့်လှုပ်ရှားမှုများဖြင့် စစ်တပ်အတွင်း အမြစ်တွယ်စေသည်။

၎င်းတို့၏ ကာကွယ်စောင့်ရှောက်မှုသာ မရှိပါက နိုင်ငံပြိုကွဲမည်၊ ဗုဒ္ဓဘာသာ ကွယ်ပျောက်မည် ဖြစ်သောကြောင့် စစ်သားများသည် မရှိမဖြစ် အရေးပါသည်ဟု ယုံကြည်အောင် ၎င်းတို့ကို အယူအဆ အတင်းအကျပ် သွတ်သွင်းသည်။ လွန်စွာဆိုးဝါးသည့် ရက်စက်ကြမ်းကြုတ်မှုများ အပါအဝင် ကာကွယ်စောင့်ရှောက်သူများ၏ လုပ်ရပ်အားလုံးသည် နိုင်ငံအတွက်ဖြစ်သောကြောင့် မှန်ကန်သည်ဟု ဆိုကြသည်။

၎င်းတို့သည် အရပ်သားအားလုံး၏ အထက်တွင်ရှိသည်၊ အရပ်သားများသည် နိုင်ငံနှင့်ဘာသာကို ၎င်းတို့ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နိုင်သည့် စွမ်းရည်မရှိသူများဖြစ်သည်ဟု စစ်သားများကို သင်ကြားသည်။ ထိုအတွေးအခေါ်ဖြင့် လမ်းညွှန်မှုခံယူသော အဖွဲ့အစည်းတခုဖြစ်သောကြောင့် စစ်တပ်သည် အရပ်သားထိန်းချုပ်မှုဆိုသည့် အယူအဆကို ပယ်ချသည်။

အရပ်သား အုပ်ချုပ်မှု ဆိုသည်မှာ ကျွမ်းကျင်မှုမရှိသော အရပ်သားများက စစ်တပ်၏ လုပ်ဆောင်မှုများကို မလိုအပ်ဘဲ ကန့်သတ်ခြင်းဖြစ်သည်ဟု ယူဆသောကြောင့် ၎င်းတို့၏ အခွင့်ထူးများအပေါ် မည်သည့် ကန့်သတ်မှုမဆိုကို အင်အားချိနဲ့အောင် လုပ်ဆောင်ခြင်းသည့် မှန်ကန်သည်ဟု ယူဆကြသည်။

ထိုအလေ့အထကို အဓိက မောင်းနှင်ပေးသော အခြားအရာတခုမှာ စစ်တပ်သည် ပြစ်ဒဏ် ကင်းလွတ်ခွင့် ရနေခြင်းဖြစ်သည်။ စစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဆယ်စုနှစ်များစွာကြာသော ဥပဒေအရ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို သမိုင်းတလျှောက်လုံး ခံစားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်သည် အရပ်သား အုပ်ချုပ်ရေးအောက်တွင်ပင် လွှတ်တော်နေရာ အားလုံး၏ ၂၅ ရာခိုင်နှုန်းနှင့် အဓိကကျသည့် ဝန်ကြီးဌာနများကို ထိန်းချုပ်ထားသည်။ ထိုသို့သော ပြစ်ဒဏ်ကင်းလွတ်နေသည့် အခွင့်ထူးများက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် အတင့်ရဲစွာ “ကျနော် မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုသည့် စကားကို အာဏာမသိမ်းမီက ပြောစေခြင်းဖြစ်သလို စစ်သားများအနေဖြင့်လည်း မည်သည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုမဆိုမှ လွတ်မြောက်နိုင်သည်ဟု ယုံကြည်စေခြင်းဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီး ပြောသည့်အတိုင်းဆိုပါက လက်ရှိအကျပ်အတည်းသည် အပြစ်ဒဏ်ကင်းလွတ်ခွင့်မှ မွေးဖွားလာခြင်းဖြစ်သည်ဟုသာ ဆိုရမည်ဖြစ်သည်။

ထို့အပြင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အလေ့အထကို ပြင်းထန်သော စည်းကမ်းစနစ်တခုဖြင့် ရေရှည်တည်တံ့အောင် လုပ်ဆောင်ထားသည်။ အထက်အရာရှိများနှင့် လက်အောက်ငယ်သားများအကြား ကြမ်းတမ်းသော ဆက်ဆံပုံနှင့် ရက်စက်ကြမ်းကြုတ်သော လေ့ကျင်မှုများကဲ့သို့သော တင်းကျပ်သည့် စည်းကမ်းများသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖြစ်ပွားစေသော အကြောင်းရင်းတခုဖြစ်သည်ဟု သမိုင်းဆရာ ဘရက် ဒဲဘရော့စ်က နိုင်ငံခြားရေးမူဝါဒ စာစောင် (Foreign Policy) မှ သူ၏ဆောင်းပါးတွင် ရေးသားခဲ့သည်။

စစ်တပ်၏ အထက်အောက်ဖိနှပ်မှု အဆင့်ဆင့်ကြောင့် လက်အောက်ငယ်သားများသည် အထက်အရာရှိများ၏ ရက်စက်ကြမ်းကြုတ်မှုများကို အမြဲတမ်းခံနေရသည်ဟု သူတို့ကိုယ်သူတို့ မြင်လာသောကြောင့် လက်နက်မဲ့ အရပ်သားများအပေါ် အာဏာပြခွင့်ရလာသော အနေအထား ရောက်လာသောအခါ အထက်အရာရှိများ၏ ရက်စက်ကြမ်းကြုတ်မှုများကို ပုံတူကူးလုပ်ဆောင်သည့် သက်ရောက်မှုကို ဖြစ်စေသည်။

အလားတူစွာပင် ရက်စက်ကြမ်းကြုတ်သော စစ်သင်တန်းတွင် ဖိနှိပ်ခံရသည့် စစ်သားများသည်လည်း ၎င်းတို့ အခြေခံစစ်သင်တန်းတွင် လေ့လာခဲ့ရသည်များကို အခြားသူမျာအပေါ်၊ အထူးသဖြင့် အကာအကွယ်မဲ့နေသော အရပ်သားအပေါ် ပြန်လည် လက်တွေ့ကျူးလွန်ကြသည်။

တင်းကျပ်ကြမ်းတမ်းသည့် စည်းကမ်းနှင့် စစ်ရာဇဝတ်မှုတို့၏ အပြန်အလှန် ဆက်စပ်မှုသည် မြန်မာတနိုင်ငံတည်းတွင် ထူးထူးခြားခြား ဖြစ်နေခြင်းမဟုတ်ပေ။ ဂျပန်ဧကရာဇ် တပ်မတော် (IJA) ၏ ရက်စက်ကြမ်းကြုတ်မှုများကို လေ့လာမှုများသည် အထက်ပါအချက်နှင့် ကိုက်ညီနေသည်။

ပြင်းထန်စွာ ဆန့်ကျင်ခံရခြင်း၊ အကြီးအကျယ် ထိခိုက်သေဆုံးခြင်းနှင့် စစ်ဆင်ရေးရည်မှန်းချက်များ မအောင်မြင်ခြင်းတို့ကြောင့် စိတ်ပျက်နေသော တပ်မှူးများသည် ၎င်းတို့တပ်များ၏ အကြမ်းဖက်မှုကို တိုးမြှင်ရန် မကြာခဏ ဖိအားပေးတတ်ကြသောကြောင့် စစ်အတွင်း ရက်စက်ကြမ်းကြုတ်မှုအဆင့်သို့ ရောက်သွားစေသည်။

IJA သည် လက်အောက်ငယ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုကို ကျင့်သုံးသည်။ “အောက်ပိုင်းရောက်လေ ပိုဖိနှိပ်လေဖြစ်ပြီး နောက်ဆုံးတွင် တင်းမာမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများသည် အနိမ့်ဆုံးအဆင့်ဖြစ်သော တပ်သားသစ်များဆီသို့ ရောက်သွားသည်” ဟု ဂျပန်သမိုင်းဆရာ ဆာဘူရို အီအဲနာဂါက ရေးသားခဲ့သည်။

ပါမောက္ခ ယောင်တချင်က ဂျပန်စစ်တပ်အတွင်းမှ ထိုအလေ့အထနှင့် နိုင်ငံခြားသားအပေါ် ရက်စက် ကြမ်းကြုတ်မှုများ ဆက်စပ်မှုကို သူ၏ ၁၉၃၇ ခုနှစ် နန်ကျင်း လူသတ်ပွဲအကြောင်း လေ့လာမှုတွင် တင်ပြထားသည်။

ထို့အပြင် အီအဲနာဂါက IJA စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော စစ်သင်တန်းသည် ၎င်းတို့စစ်သားများအကြားတွင် ရန်သူစစ်သားနှင့် တိုက်ခိုက်သူ မဟုတ်သော အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုကို နှစ်သက်မှု ဖြစ်ပေါ်စေသည်ဟုလည်း တွေ့ရှိခဲ့သည်။

စစ်တပ်၏ အကြောက်တရား ပတ်ဝန်းကျင်အတွင်းတွင် စစ်ရာထူးအနိမ့်ဆုံးသူများသည် ကျွန်များသဖွယ် ဆက်ဆံခံနေရဆဲ ဖြစ်သည်။

“စစ်တပ်ထဲမှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ထက်ရာထူးမြင့်တဲ့သူကို ကြောက်နေရတယ်” ဟု စစ်အာဏာသိမ်းမှုနောက်ပိုင်း ဘက်ပြောင်းလာသူ ဗိုလ်မှူး ဟိန်းသော်ဦးက Myanmar Now သတင်းဌာနသို့ ပြောခဲ့သည်။

ထို့အပြင် သုတေသီတဦး ပြောသည့်အတိုင်းဆိုပါက ခြေလျင်တပ်များအတွက် သင်တန်းသည် ပြင်းထန်ပြီး များသောအားဖြင့် ရက်စက်ကြမ်းကြုတ်ကာ သင်တန်းကာလတွင် ရက်စက်ကြမ်းကြုတ်မှု အဆင့်တခုသည် ထုံးစံပင် ဖြစ်သည်။ ထို့ကြောင့် တပ်တွင်းရာထူး အဆင့်ဆင့်တွင် ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခံရသော စစ်သားများသည် ၎င်းတို့၏ မကျေနပ်မှုများနှင့် နာကျင်မှုများကို အရပ်သားအပေါ်တွင် ပေါက်ကွဲသည့် စိတ်ထားဖြစ်လာသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

နောက်ဆုံးအနေဖြင့်ဆိုရပါက စစ်တပ်အတွင်း တည်ရှိနေသည်မှာ နှစ်ပေါင်းများကြာပြီး အကြိမ်ကြိမ် အတင်းအကျပ် သွတ်သွင်းထားသည့် အဖွဲ့အစည်းလိုက် ရက်စက်ကြမ်းကြုတ်သော အလေ့အထသည် စစ်မြေပြင်အခြေအနေ စဉ်းစားသုံးသပ်ရခြင်း၏ တိုက်ရိုက် ရလဒ်အဖြစ် မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်သည်။

ပြင်းထန်စွာ ဆန့်ကျင်ခံရခြင်း၊ အကြီးအကျယ် ထိခိုက်သေဆုံးခြင်းနှင့် စစ်ဆင်ရေးရည်မှန်းချက်များ မအောင်မြင်ခြင်းတို့ကြောင့် စိတ်ပျက်နေသော တပ်မှူးများသည် ၎င်းတို့တပ်များ၏ အကြမ်းဖက်မှုကို တိုးမြှင်ရန် မကြာခဏ ဖိအားပေးတတ်ကြသောကြောင့် စစ်အတွင်း ရက်စက်ကြမ်းကြုတ်မှုအဆင့်သို့ ရောက်သွားစေသည်။

လက်ရှိဖြစ်ပွားနေသော စစ်ပွဲများတွင် သမိုင်းတလျှောက် မကြုံဖူးလောက်အောင်များသည့် ထိခိုက်သေဆုံးမှု များပြားနေသော စစ်တပ်သည် အရပ်သားဒေသများကို သိမ်းကြုံး ဗုံးကြဲခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ တိုက်ခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခြင်း၊ မြေလှန် စစ်ဆင်ရေးများ ပြုလုပ်ခြင်း၊ လက်စားချေသည့်အနေဖြင့် လူအစုလိုက်အပြုံလိုက် သတ်ခြင်းတို့ဖြင့် အကြောက်တရားလွှမ်းမိုးမှုကို ဖန်တီးရန်ရည်ရွယ်ချက်ဖြင့် ရက်စက်ကြမ်းကြုတ်မှု အရှိန်မြှင့်တင်သည်။

ပို၍ပို၍ စစ်ပမ်းပြီး ဒဏ်ပိနေသော စစ်တပ်သည် ရက်စက် ကြိုတင်တွေးဆနိုင်သော ကာလအတွင်း ကြမ်းကြုတ်မှုများကို အရှိန်မြှင့်တင်မည်၊ အထူးသဖြင့် ပျံ့နှံ့နေသော ပုန်ကန်မှုများ၏ ဖိအားအောက်တွင် ပိုမိုအရှိန်မြှင့်တင်မည်ဟု ပြောလျှင် မှားမည်မဟုတ်ပေ။

စစ်တပ်အတွင်း ရက်စက်ကြမ်းကြုတ်သည့် အလေ့အထသည် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့် ထိုအဖွဲ့အစည်း ပြန်လည်ရှင်သန်ရန် မျှော်လင့်ချက် မရှိသလောက်ပင် ဖြစ်နေသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်း နိုင်ငံတကာအသိုက်အဝန်းသည် စစ်တပ်ကို ပြုပြင်ပြောင်းလဲရန်နှင့် အရပ်သားအုပ်ချုပ်ရေး ခိုင်မာစေရန်အတွက် စစ်တပ်နှင့်ထိတွေ့ဆက်ဆံရန် ကြိုးစားခဲ့ကြသည်။

သို့သော် စစ်တပ်က တိုင်းရင်းသားလူနည်းစုများကို ဆက်လက် အကြမ်းဖက်၊ ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းရာတွင် ပြသခဲ့သည့်အတိုင်း စစ်တပ်၏ အဖွဲ့အစည်းဆိုင်ရာ အလေ့အထသည် ၎င်းတို့၏ အတွေးအခေါ်၊ အပြစ်ကင်းလွတ်နေခြင်း၊ တပ်တွင်း ရက်စက်ကြမ်းကြုတ်ခြင်းနှင့် အစုလိုက်အပြုံလိုက် အကြမ်းဖက်ရန် စိတ်အားထက်သန်ခြင်း စသည်တို့၏ အဆိပ်ပြင်းသော ရောစပ်မှုကြောင့် အတွင်းဆုံးအပိုင်အထိပင် အခြေခံအားဖြင့် ပုပ်သိုးဆွေးမြေ့နေပြီဖြစ်သည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ အားလုံးသည် ရုတ်တရက်ချက်ခြင်း ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ လက်ရှိဖြစ်ရပ်များသည် ရှည်လျားသော ကြေကွဲစရာ ဖြစ်ရပ်အများအပြားအနက် လတ်တလော ဖြစ်ရပ်များသာ ဖြစ်သည်။

ကမ္ဘာက လက်ပိုက်ကြည့်မနေသင့်

မြန်မာအကျပ်အတည်းနှင့် စစ်တပ်၏အနာဂတ်ကို စစ်မြေပြင်တွင် အဆုံးအဖြတ်ပေးမည် ဖြစ်သော်လည်း စစ်တပ်ကို ရပ်တန့်စေရန် နိုင်ငံတကာ အသိုက်အဝန်းက မစွမ်းဆောင်နိုင်ခြင်းသည် ယခုဖြစ်ပေါ်နေသည့် လူသားချင်းစာနာမှုကပ်ကို ပိုမိုဆိုးရွားစေမည်သာဖြစ်သည်။

သို့သော် နိုင်ငံတကာ အသိုက်အဝန်းမှ အများအပြားသည် မြန်မာစစ်တပ်က မြန်မာပြည်သူများကို ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ ကျူးလွန်နေချိန်တွင် မျက်နှာလွှဲနေကြသည်။ ထိုသို့ သိလျက်နှင့် လျစ်လျူရှုနေခြင်းသည် နိုင်ငံတကာအသိုက်အဝန်းက ယူကရိန်းတွင် ရုရှားရက်စက်ကြမ်းကြုတ်မှုများကို တုံ့ပြန်ပုံနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

စစ်တပ်သည် ကယ်တင်မရဘဲ လုံးဝအစားထိုးမှရမည့် အဖွဲ့အစည်းတခုဖြစ်သည်ကို ကမ္ဘာ့အသိုက်အဝန်းက သဘောမပေါက်ကြသေးသော်လည်း ထိုအချက်သည် မြန်မာပြည်သူများ ကောင်းစွာသိသောအချက်ဖြစ်သည်။

စစ်တပ်သည် ညှိနှိုင်းဖြေရှင်းမှုမှတဆင့် အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ထူထောင်ပြီး တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းမည်ဟု နိုင်ငံတကာအသိုက်အဝန်းမှ အများအပြားက စောဒကတက်ကြသည်။

သို့သော် တွေ့ဆုံညှိနှိုင်းမှုသည် အားနည်းချက်မှလာပြီး အပေးအယူလုပ်ခြင်းသည် အရှုံးသာဖြစ်သည်ဟု မြန်မာဗိုလ်ချုပ်အဆက်ဆက်က အမြဲတမ်းယူဆနေသောကြောင့် ထိုသို့သော ပြောဆိုချက်သည် လက်တွေ့မကျပေ။ ၎င်းတို့သည် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်သည်ဆိုလျှင်ပင် စစ်မှန်သောအကြောင်းရင်း အတွက်မဟုတ်ဘဲ အချိန်ဆွဲရန်အတွက်သာ ဖြစ်သည်။

သမိုင်းက သက်သေပြခဲ့သည့်အတိုင်း ရက်စက်ကြမ်းကြုတ်သည့် အလေ့အထကို နက်နက်ရှိုင်းရှိုင်း သွတ်သွင်းခံထားရေး စစ်တပ်ကို သုတေသီတဦးမြင်သည့်အမြင်ဖြင့် ပြောရပါက အမိုက်အမှောင် စစ်တပ်တခုသာဖြစ်သည်။

ထိုစစ်တပ်သည် ဒီမိုကရေစီ၊ တည်ငြိမ်မှု၊ နိုင်ငံအနာဂတ်နှင့် ၎င်းတို့ကို ပတ်သက်ခံမည်မဟုတ်ဘဲ လိုအပ်သည်ဟု ယူဆပါက မည်သည့်နည်းဖြင့်မဆို အာဏာထိန်းချုပ်ရေးနှင့်သာ ပတ်သက်လိုသည်။ ၎င်းတို့၏ ကာကွယ်စောင့်ရှောက်သူ အတွေးအခေါ်နှင့် ရက်စက်ကြမ်းကြုတ်သော ယဉ်ကျေးမှုကို စဉ်းစားသုံးသပ်ကြည့်လိုက်သောအခါ အာဏာချုပ်ကိုင်ရန် မည်သည့်နည်းဖြင်မဆို လုပ်ကိုင်ရာတွင် အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုအရှိန် မြှင့်တင်ရေးလည်း ပါဝင်သည်။

ရက်စက်ကြမ်းကြုတ်သော အဖွဲ့အစည်းအလေ့အထ အမြစ်တွယ်နေသာ စစ်တပ်က နိုင်ငံကို ဒီမိုကရေစီနည်းလမ်းကျပြီး တည်ငြိမ်သော အနာဂတ်သို့ ပြန်လည်ဆောင်ယူမည်ဟု မျှော်လင့်ခြင်းသည် စိတ်ကူးယဉ်မှု သက်သက်သာဖြစ်သည်။

အခြေအမြစ်မှ ပြုပြင်ပြောင်းလဲခြင်းမရှိပါက စစ်တပ်သည် နိုင်ငံအနာဂတ်အတွက် အဆိပ်သာ ထာဝရဖြစ်နေမည် ဖြစ်သည်။ မြန်မာပြည်သူများသည် ထိုအချက်ကို အတွေ့အကြုံအရ ကောင်းစွာ သိကြသောကြောင့် တိုင်းပြည်ကို တည်ငြိမ်သော ဒီမိုကရေစီ နိုင်ငံအဖြစ် ပြန်လည်ထူထောင်ရန် စစ်တပ်ကို တိုက်ခိုက်သည့် ကြီးမားသော တာဝန်ယူရန် စွန့်လွှတ်အနစ်နာခံကြသည်။

မြန်မာပြည်သူများသည် ထိုတိုက်ပွဲကို စတင်ခဲ့ပြီးဖြစ်သောကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မကောင်းဆိုးရွား စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် မြန်မာပြည်သူများကို ထောက်ခံရန်နှင့် အတူတကွရပ်တည်ရန် ပိုမိုလုပ်ဆောင်ရမည်ဖြစ်သည်။

(ရဲမျိုးဟိန်းသည် တကောင်းနိုင်ငံရေးသိပ္ပံလေ့လာရေးဌာန ဒါရိုက်တာနှင့် Woodrow Wilson International Center for Scholars ၏ အာရှအစီအစဉ်မှ သုတေသီဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Myanmar Military’s Culture of Atrocities ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

အသက်မပြည့်သေးသည့် ကလေးတွေကိုပါ စစ်ကောင်စီသတ်ဖြတ်

အကြမ်းဖက်စစ်တပ် ဧကန်စင်စစ် ဖြစ်ကြောင်း သက်သေထူခဲ့ပြီ

စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ

စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား

လယ်သမားဘဝမှ စစ်ရှောင်ဘဝဆီသို့

လုံခြုံမှုကို ခြိမ်းခြောက်လာတဲ့ အငြိုးထားသတ်ဖြတ်မှုများ

“ပြည်သူတွေက စစ်ကောင်စီနဲ့ ဆွေးနွေး အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူး”

Loading