၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီသည် ၎င်းတို့၏ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် အတိုက်အခံများနှင့် ညှိနှိုင်းရန် နိုင်ငံတကာ တောင်းဆိုမှုများကို လျစ်လျူရှုနေသည်။
အနောက်နိုင်ငံအချို့က အရေးယူပိတ်ဆို့မှုများ ချမှတ်သော်လည်း အင်အားကြီး အိမ်နီးချင်းများဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့ကမူ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန်အတွက်သာ ကြိုးစားနေသည်။ ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် ထိုကိစ္စတွင် သဘောထားကွဲလွဲနေပြီး အချို့အဖွဲ့ဝင်များက စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေပြီး အချို့အဖွဲ့ဝင်များက စင်ပြိုင်အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ထိတွေ့ဆက်ဆံရန် တောင်းဆိုနေသည်။
မြန်မာအကျပ်အတည်းကို ကိုင်တွယ်ရန် ဒေသတွင်းနှင့် နိုင်ငံတကာ အားထုတ်မှုများ၏ လက်ရှိအခြေအနေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် စတန်းဖို့ဒ်တက္ကသိုလ်ရှိ ဝေါ်လ်တာ ရှော်ရန်စတိန်း အာရှပစိဖိတ်သုတေသနဌာနတွင် ဧည့်ပညာရှင်အဖြစ် လုပ်ကိုင်နေသူ စကော့မာရှယ်ကို ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ကြေကွဲစရာဖြစ်ရပ် အများအပြား ဖြစ်တယ်။ သူတို့ရဲ့ အပြုအမူပြောင်းသွားအောင် ဒါမှမဟုတ် အလျှော့ပေးလာအောင် စစ်အုပ်စုကို ဖိအားပေးနေရုံနဲ့ မလုံလောက်ဘူး။ နိုင်ငံတကာ အသိုက်အဝန်းနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) လို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာပြည်သူတွေကို ဘယ်လိုကူညီသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ကျနော်စဉ်းစားမိတာ နှစ်ခုရှိတယ်။ ပထမတခုက ဒီပြဿနာကို အာဆီယံက ဖြေရှင်းနိုင်တယ်လို့ မထင်ဘူး။ သေချာတာကတော့ သူတဖွဲ့တည်းနဲ့ မဖြေရှင်းနိုင်ဘူး။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်က ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ချမှတ်ခဲ့တာဖြစ်ပေမယ့် အဲဒီအချက်တွေကို အကောင်အထည်ဖော်ခြင်း မရှိသလို ကျနော့်အမြင်မှာ လက်ရှိ မြန်မာနိုင်ငံ အခြေအနေနဲ့လည်း ကိုက်ညီခြင်းမရှိဘူး။
ဘုံသဘောတူညီချက် ၅ ချက်ကို အားကိုးနေရင် အမှားပဲဖြစ်မယ်။ စစ်အုပ်စုက ဆင်ခြင်တုံတရားကို လုံးဝ ငြင်းဆန်ပြီး ဘာအလျှော့ပေးတာကိုမှ လုပ်မှာမဟုတ်တဲ့အတွက် ကျနော်က အာဆီယံကို အရမ်းကြီးတော့ အပြစ်မတင်ဘူး။
ဒါကြောင့် ဒီ ဘုံသဘောတူညီချက် ၅ ချက်ကို အားကိုးနေရင် အမှားပဲဖြစ်မယ်။ စစ်အုပ်စုက ဆင်ခြင်တုံတရားကို လုံးဝ ငြင်းဆန်ပြီး ဘာအလျှော့ပေးတာကိုမှ လုပ်မှာမဟုတ်တဲ့အတွက် ကျနော်က အာဆီယံကို အရမ်းကြီးတော့ အပြစ်မတင်ဘူး။
ဒုတိယစဉ်းစားမိတာက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ စစ်ကောင်စီကို ဆန့်ကျင်သူတွေကို ပိုမိုထိတွေ့ ဆက်ဆံသင့်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လူသိရှင်ကြား အကြံပြုတာက အရေးကြီးတယ်။ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းက ဒေါ်ဇင်မာအောင်ကို ဝါရှင်တန်မှာ တွေ့ဆုံလိုက်တာကို တွေ့ရလို့ ကျနော် ဝမ်းသာတယ်။
မေး ။ ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အခြားသက်ဆိုင်သူတွေအပြင် NUG ဟာ အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံက ထိတွေ့ဆက်ဆံနေသင့်တဲ့ အကောင်းဆုံး ရွေးချယ်စရာလို့ ထင်လား။
ဖြေ ။ ။ တချို့လူတွေက NUG ကို အပြည့်အဝ သဘောမကျဘူးဆိုတာ ကျနော်သိတယ်။ ဒါပေမယ့် NUG ဟာ စစ်အုပ်စုထက် အများကြီး ပိုပြီး တရားဝင်တဲ့ အရေးကြီးတဲ့ သက်ဆိုင်သူဖြစ်တယ်ဆိုတာ သေချာတယ်။ NUG နဲ့ နိုင်ငံကို ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေသူတွေနဲ့ ထိတွေ့ဆက်ဆံတာက အသုံးဝင်မယ်လို့ ကျနော်ထင်တယ်။
မေး ။ ။ ဘယ်ကိုမှ ခရီးမရောက်ဘဲ လူတွေက ဘုံသဘောတူညီချက် ၅ ချက်အကြောင်းပဲ ပြောနေတော့ အာဆီယံနဲ့ ပတ်သက်ရင် ဝေဖန်မှုတွေရှိတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဒီဘုံသဘောတူညီချက် ၅ ချက်ရဲ့ ဓားစာခံတွေ ဖြစ်နေတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက မြန်မာ အကျပ်အတည်းကို အာဆီယံကို လွှဲအပ်လိုက်လို့ ဝေဖန်မှုတွေလည်း ရှိတယ်။ အာဆီယံဟာ အစွမ်းအစ မရှိဘူး၊ အာဏာမရှိဘူး၊ မြန်မာနဲ့ ပတ်သက်လို့ အောင်မြင်မှု မရသလောက်ဖြစ်နေတယ်ဆိုတာ ကျနော်တို့ သိတယ်။ အနောက်နိုင်ငံတွေက ဒီပြဿနာကို ဘာကြောင့် အာဆီယံကို လွှဲအပ်ရတာလဲ။
ဖြေ ။ ။ မျှမျှတတပြောရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒီပြဿနာကို အာဆီယံက ဖြေရှင်းမယ်လို့ မျှော်လင့်စရာ မလိုဘူး။ အမှန်က ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ပြင်ပနိုင်ငံ တနိုင်ငံမှလည်း ကျနော်မသိဘူး။ အာဆီယံက အကူအညီပေးနိုင်တယ်။ ဒီတော့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ကျန်တဲ့ကိစ္စတွေဆီကို ပြန်ရောက်သွားတယ်။
အပစ်အခတ် ရပ်စဲရေးလား၊ ကောင်းပြီ။ စစ်အုပ်စုက အကြမ်းဖက်မှုတွေ ရပ်ဆိုင်းလိုက်ပြီး ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ခွင့်ပြုရင် အသုံးဝင်မယ်။ ဒါပေမယ့် အဲဒီလိုဖြစ်မယ်လို့ ထင်တဲ့သူရှိလား။
ဒီသဘောတူညီချက်တွေကို အကောင်အထည် မဖော်ရုံသာမက အခြေအနေနဲ့လည်း ကိုက်ညီမှု မရှိဘူး။ အပစ်အခတ် ရပ်စဲရေးလား၊ ကောင်းပြီ။ စစ်အုပ်စုက အကြမ်းဖက်မှုတွေ ရပ်ဆိုင်းလိုက်ပြီး ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ခွင့်ပြုရင် အသုံးဝင်မယ်။ ဒါပေမယ့် အဲဒီလိုဖြစ်မယ်လို့ ထင်တဲ့သူရှိလား။
ဒုတိယအချက်က ဆွေးနွေးပွဲ။ မြန်မာပြည်သူတွေအတွက် ကျနော် မပြောတတ်ပေမယ့် ပြည်သူတွေက စစ်ကောင်စီနဲ့ ဆွေးနွေး အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူး။ သူတို့ အာဏာလက်လွှတ်လိုက်တာပဲ လိုချင်တယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အနည်းဆုံး အခုအချိန်မှာ လုံးဝလက်တွေ့မကျတဲ့ ဆွေးနွေးပွဲတွေ တောင်းဆိုနေမယ့်အစား အဲဒီအားထုတ်မှုတွေကို ထောက်ခံသင့်တယ်လို့ ကျနော်ထင်တယ်။
မေး ။ ။ အရင်က အမေရိကန် ပြည်ထောင်စုဟာ မြန်မာမှာ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ ဖက်ဒရယ်စနစ်ကို အားပေးရာမှာ အဓိက အခန်းကဏ္ဍကနေ ပါခဲ့တယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်တွေကဆိုရင် အာရှဗဟိုပြုရေးနဲ့ စည်းမျဉ်းတကျ ထိတွေ့ဆက်ဆံရေး မြန်မာမူဝါဒတွေနဲ့ ဆုပေးဒဏ်ပေးစနစ်ရဲ့ အဓိက ဗိသုကာ ကတ် ကမ်းဘဲလ် ရှိတယ်။
ဆုပေးဒဏ်ပေးစနစ်အရ အရေးယူပိတ်ဆို့မှုတွေကို ချမှတ်ပေမယ့် ပြုပြင်ပြောင်းလဲရေး ဖြစ်လာရင် ရုတ်သိမ်းပေးမယ်ဆိုတဲ့ မက်လုံးတွေလည်း ရှိတယ်။ အဲဒီတုန်းက စစ်အုပ်စုနဲ့ အတိုက်အခံတွေကြားမှာ ကျိုးကြောင်းဆီလျော်ပြီး ကြီးမားတဲ့ ဆက်သွယ်မှုတွေ ရှိခဲ့တယ်။ အမေရိကန် ပြည်ထောင်စုဟာ အာဆီယံရဲ့ ညှိနှိုင်းမှုနဲ့အတူ မြန်မာပြဿနာကို ၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းကလို အင်တိုက်အားတိုက် အခုရော လုပ်နိုင်မယ်လို့ ထင်လား။
ဖြေ ။ ။ ဒီမေးခွန်းက တော်တော်ကောင်းတဲ့ မေးခွန်းပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ပြန်သွားရေးမှာ ကူညီဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ဘိုင်ဒင်အစိုးရက အရမ်းကို ထောက်ခံပါတယ်။ ဒါပေမယ့် ကျနော့်အမြင်မှာတော့ ဒီကိစ္စဖြစ်လာအောင် သူတို့ ဘာလုပ်ပေးနိုင်တယ်ဆိုတာ ကျနော် စဉ်းစားမရဘူး။
ဗိုလ်ချုပ်တွေက အပြုသဘောလုပ်ဖို့ စိတ်မဝင်စားဘဲ အာဏာ ဆက်လက်ဆုပ်ကိုင်ရေးကိုပဲ စိတ်ဝင်စားနေလို့ အမေရိကန်ဖြစ်စေ အာဆီယံအတွက်ဖြစ်စေ အလွယ်တကူ ရွေးချယ်စရာ များများမရှိဘူး။ အာဏာဆုပ်ကိုင်ထားရေးအတွက် သူတို့ပြည်သူကို သူတို့ဘာတွေ လုပ်နေတယ်ဆိုတာ ကျနော်တို့ မြင်တွေ့ခဲ့ပြီးပြီ။
အဲဒီတော့ သံတမန်ရေးအတွက် နယ်ပယ်ကျဉ်းမြောင်းသွားတာ သေချာတယ်။ ကျနော် အစိုးရအလုပ် ဆက်လုပ်နေပြီး ကျနော့်အမြင်မှာ ဘာအလားအလာမှ မရှိတော့လို့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံသင့်တယ်၊ သူတို့အတွက် မက်လုံးတွေ ဖန်တီးပေးဖို့ ကြိုးစားသင့်တယ်၊ သူတို့တွေ လုပ်နည်းလုပ်ဟန်ပြောင်းဖို့၊ အလေးအနက် စဉ်းစားဖို့ စိတ်အားထက်သန်လာစေတယ်လို့ ပြောနေရမယ်ဆိုရင် ကျနော့်အတွက် အင်မတန်ခက်ခဲတဲ့ ကာလတခုကို ဖြတ်သန်းနေရလိမ့်မယ်။
မေး ။ ။ လက်နက်ပိတ်ဆို့ရေး အပါအဝင် နောက်ထပ် အရေးယူပိတ်ဆို့မှုတွေ၊ ဖိအားပေး ရှိသင့်တယ်လို့ ထင်လား။ အာဆီယံနဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းလို နိုင်ငံတွေကိုရော ဘယ်လိုမြင်လဲ။
ဖြေ ။ ။ လောလောဆယ် ကြီးကြီးမားမား ရွေးချယ်စရာ မရှိဘူး။ အနည်းဆုံး အခုအချိန်မှာ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်လမ်းကြောင်းကို ပြန်သွားဖို့ ဆွေးနွေးပွဲ အလားအလာ မရှိဘူး ထင်တယ်။ စစ်အုပ်စုက နိုင်ငံကို တည်ငြိမ်အောင်လုပ်ပြီး ထိထိရောက်ရောက် အုပ်ချုပ်နိုင်မယ်လို့လည်း ကျနော် မထင်ဘူး။ ဒီတော့ အကောင်းဆုံးက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုနဲ့ဖြစ်စေ၊ အခြားနည်းနဲ့ဖြစ်စေ ပြည်တွင်းပြည်ပကနေ ဖိအားများများ ပေးတာဟာ တိုးတက်မှုဖြစ်စေမယ့် အကောင်းဆုံး အလားအလာပဲလို့ မြင်တယ်။ ဒါပေမယ့် အဲဒါက လွယ်တော့မလွယ်ဘူး။
အကောင်းဆုံးက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုနဲ့ဖြစ်စေ၊ အခြားနည်းနဲ့ဖြစ်စေ ပြည်တွင်းပြည်ပကနေ ဖိအားများများ ပေးတာဟာ တိုးတက်မှုဖြစ်စေမယ့် အကောင်းဆုံး အလားအလာပဲလို့ မြင်တယ်။ ဒါပေမယ့် အဲဒါက လွယ်တော့မလွယ်ဘူး။
မေး ။ ။ ကျနော်တို့မှာ နယ်နိမိတ် ရှည်လျားစွာ ထိစပ်နေတဲ့ တရုတ်လို အင်အားကြီး အိမ်နီးချင်းတွေ ရှိတယ်။ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ ခိုလှုံသူတွေကို လက်ခံနေရတဲ့ ထိုင်းနိုင်ငံလို အိမ်နီးချင်းလည်းရှိတယ်။ ဒီအကျပ်အတည်းကြောင့် ဝန်ထုတ်ဝန်ပိုးတွေကို သူတို့လည်း ခံနေရတယ်။ စစ်အုပ်စုပဲဖြစ်ဖြစ် ဒီမိုကရေစီ အစိုးရပဲဖြစ်ဖြစ် အာဏာရထားတဲ့သူကို တရုတ်က အမြဲတမ်း ထောက်ခံနေတာလည်း ထင်ရှားတယ်။ တရုတ်နဲ့ ထိုင်းက ဘာမှမလုပ်ဘဲ စစ်ကောင်စီအပေါ် ပြင်ပဖိအား အမြင့်မားဆုံး ပေးဖို့ဆိုတာ ခက်တယ်။ သဘောတူပါသလား။
ဖြေ ။ ။ ပြင်ပဖိအားနဲ့ ပတ်သက်ရင် အကန့်အသတ်တွေ ရှိတယ်ဆိုတာ သဘောတူပါတယ်။ ဒါကြောင့်မို့လို့ပဲ လွယ်ကူတဲ့အဖြေ မရှိတာပါ။ မြန်မာပြည်သူ အားလုံးနီးပါးက စစ်ကောင်စီကို ဆန့်ကျင်နေပေမယ့် တရုတ်က စစ်ကောင်စီကို ထောက်ခံဖို့ စိတ်အားထက်သန်နေတယ်။ ဒါကလည်း ပြောင်းလဲမယ်လို့ မထင်ဘူး။
စစ်တပ်အာဏာရနေလေလေ နယ်စပ်ကနေ ဒုက္ခသည်နဲ့ မတည်ငြိမ်မှု အပါအဝင် ပြဿနာတွေ ပိုဝင်လာလေလေပဲဆိုတာ ထိုင်းအာဏာပိုင်တွေ မြင်လာမယ်လို့ ထင်တယ်။ ထိုင်းတွေက သူတို့နည်းနဲ့သူတို့ ဖိအားပေးမယ်၊ စစ်တပ်အနေနဲ့ ထွက်ပေါက်ရှာဖို့ ဖိအားပေးမယ်လို့ ကျနော်ထင်တယ်။ ဒီလိုမှမလုပ်ရင် အကျပ်အတည်း ဆက်ဖြစ်နေပြီး ပြင်းထန်တဲ့ လူသားချင်းစာနာမှု အကျပ်အတည်း အပါအဝင် ပြဿနာတချို့ကို ထိုင်းကလည်း ရင်ဆိုင်ရမှာ ဖြစ်နေတယ်။
မေး ။ ။ “လူသားချင်းစာနာမှု စင်္ကြံ”ဆိုတာ တော်တော်ကောင်းတဲ့ စကားလုံးရွေးချယ်မှုပဲ။ စစ်ကောင်စီက အဲဒီကိစ္စအတွက် စိတ်ညစ်နေတယ်လို့ ကျနော်တို့ ကြားရတယ်။ ဒါပေမယ့် မြန်မာပြည်သူ အများစုဆီကို နယ်စပ်ဖြတ်ကျော် အကူအညီနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ဖို့ဆိုတာ ထိုင်းက အဓိကကျတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှ အမေရိကန် အဆင့်မြင့်အရာရှိတွေ သွားရောက်တာ အနည်းဆုံး ၄ ကြိမ်ရှိပြီဆိုတော့ အဲဒီကိစ္စကို ဘယ်လိုမြင်လဲ။ အကူအညီတွေ ပေးဖို့အတွက် ဘိုင်ဒင်အစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ထိတွေ့ပူးပေါင်းဆောင်ရွက်သင့်လား။
ဖြေ ။ ။ အမေရိကန်နဲ့ ထိုင်းအရာရှိတွေကြားမှာ ဒီကိစ္စကို အများကြီး ဆွေးနွေးထားတယ်။ ဘာတွေ ဆွေးနွေးတယ်ဆိုတာတော့ ကျနော်မသိဘူး။ သေသေချာချာမသိဘူး။ ဒါပေမယ့် ကျနော့်အမြင်မှာ အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်းနိုင်ငံဟာ စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီအပေါ် အမြင်မတူကြပေမယ့် ထိုင်းနယ်စပ်နဲ့ မြန်မာဘက်အခြမ်းက ပြင်းထန်တဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွယ်ရမယ့် နည်းလမ်းကိုတော့ အနည်းဆုံး ရှာကြလိမ့်မယ်။
အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်းနိုင်ငံဟာ စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီအပေါ် အမြင်မတူကြပေမယ့် ထိုင်းနယ်စပ်နဲ့ မြန်မာဘက်အခြမ်းက ပြင်းထန်တဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွယ်ရမယ့် နည်းလမ်းကိုတော့ အနည်းဆုံး ရှာကြလိမ့်မယ်။
မြန်မာရဲ့အိမ်နီးချင်းအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံနေရတာလည်း ထိုင်းအတွက် အခက်အခဲဖြစ်တယ်ဆိုတာ တွေ့နေရတာပဲ။ ဒါပေမယ့် ဂရုတစိုက် ကိုင်တွယ်နိုင်တဲ့ နည်းလမ်းတွေရှိတယ်လို့ ထင်တယ်။ ဒီလိုဆွေးနွေးမှုတွေ အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်းအကြား ရှိတယ်လို့ ကျနော်ထင်တယ်။ အဲဒီလို ဆွေးနွေးမှုတွေကနေ မြန်မာပြည်သူတွေကိုယ်စား နယ်စပ်နဲ့ နယ်စပ်တဘက်ကို လူသားချင်းစာနာမှု အကူအညီတွေရောက်အောင် ပိုမိုကြီးမား အောင်မြင်တဲ့ အားထုတ်မှု ဖြစ်လာမယ်လို့ ထင်ပါတယ်။
မေး ။ ။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ထိုင်းသာမက အမေရိကန် ပြည်ထောင်စုလည်း ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် ခိုလှုံခွင့်တောင်းသူတွေကို လက်ခံရာမှာ အရမ်းကို ရက်ရောကြတယ်။ ဒီတကြိမ်မှာလည်း ပညာတတ်တွေ၊ လူလတ်တန်းစားတွေ၊ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ၊ အနုပညာသမားတွေနဲ့ သတင်းနည်းပညာသမားတွေ မြန်မာကနေ ထွက်ပြေးကြရတယ်။ မြန်မာအတွက် ဦးနှောက်ယိုစီးမှု ဖြစ်ပေမယ့် သူတို့ရောက်သွားတဲ့ နိုင်ငံတွေမှာတော့ ပညာရှင်တွေ ရသွားတယ်။ အဲဒီလူတွေက အဲဒီ လူ့အဖွဲ့အစည်းတွေအတွက် အကြီးအကျယ် အကျိုးပြုမယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ ကျနော်သဘောတူပါတယ်။ ကျနော် အစိုးရအရာရှိတွေလို စကားတွေ မပြောချင်ဘူး။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုနဲ့ အခြားနေရာတွေမှာ ခိုလှုံခွင့်တောင်းတဲ့ ဒုက္ခသည်တွေက တကမ္ဘာလုံးမှာ ရှိနေတော့ ဒုက္ခသည် လက်ခံတဲ့ လုပ်ငန်းစဉ်က မြန်ဆန်တဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ဘူး။ ခင်ဗျားပြောသလိုပဲ အမေရိကန် ပြည်ထောင်စုဟာ မြန်မာက ဒုက္ခသည်တွေကို လက်ခံတဲ့ ရှည်လျားတဲ့ သမိုင်းရှိတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီလိုပဲ ဆက်ရှိနေမယ်လို့ ကျနော်ထင်ပါတယ်။ ဒါက သွင်ပြင်လက္ခဏာတခုပေါ့။
လူအများအပြားက နိုင်ငံကိုပြန်သွားပြီ အကျိုးပြုချင်ကြပေမယ့် လောလောဆယ်တော့ အခြေအနေ မပေးသေးဘူး။ နိုင်ငံက ထွက်ခွာချင်သူတွေကို အမေရိကန် ပြည်ထောင်စုက ဆက်လက် ကြိုဆိုနေမယ်လို့ ထင်တယ်။ ဒါပေမယ့် လတ်တလော တကမ္ဘာလုံးမှာ ဒုက္ခသည်တွေ များနေလို့ လုပ်ငန်းစဉ်တခုတော့ လုပ်နေရတယ်။
မေး ။ ။ အခြားနိုင်ငံတွေမှာလိုပဲ မြန်မာက ပြည်သူတွေဟာ အခုလို စစ်တပ်မျိုး မဟုတ်ဘဲ ပရော်ဖက်ရှင်နယ် ပီသတဲ့ စစ်တပ်တခုကို လိုအပ်တယ်။ ပြည်သူတွေက အဲဒီစစ်တပ်ကို ဘာကြောင့် လက်နက်စွဲကိုင် တော်လှန်တယ်လို့ ထင်လဲ။ မြန်မာစစ်တပ်အကြောင်း ဆောင်းပါးတပုဒ်ကို သံအမတ်ကြီး လွန်ခဲ့တဲ့ နှစ်က ရေးခဲ့တယ်။ တပ်တွင်းနဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအကြောင်း ဆွေးနွေးပေးပါဦး။
ဖြေ ။ ။ လက်နက်စွဲကိုင် တော်လှန်တာကလွဲပြီး အခြားရွေးစရာ မရှိတော့ဘူးလို့ ပြည်သူတွေ ခံစားရတဲ့ အဆင့်အထိ အခြေအနေဆိုးသွားတာ မကောင်းဘူး။ အဲဒီအတွက် သူတို့ကို ကျနော်က ဘယ်လိုမှ ဆုံးဖြတ်ပေးမှာ မဟုတ်ပါဘူး။ ဒါဟာ ကံဆိုးတာပဲပေါ့။
ဒါပေမယ့် စစ်အုပ်စုက ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြခွင့်ကို ပိတ်ပင်တယ်။ ဒါကြောင့် ပြည်သူအများအပြား လက်နက်ကိုင်ကြတာကို နားလည်နိုင်တယ်။ မြန်မာစစ်တပ်ဟာ အရေးပါတဲ့ အဖွဲ့အစည်း ဖြစ်တယ်၊ ညီညွတ်စေတဲ့ အဖွဲ့အစည်းအနည်းငယ်ထဲက တခုဖြစ်တယ်လို့ ဒေသတွင်းနဲ့ ကမ္ဘာတဝှမ်းက တချို့လူတွေပြောတာ ကြားလိုက်ရပြီး အဲဒီဆောင်းပါးကို ရေးဖြစ်တာ။
သဘောတရားအရဆိုရင် စစ်တပ်ဟာ ညီညွတ်စေတဲ့ အဖွဲ့အစည်း ဖြစ်သင့်ပေမယ့် အဲဒီလို ဖြစ်မနေဘူး။ အရမ်းများပြားတဲ့ သွေးကွဲမှုတွေ၊ ပဋိပက္ခတွေကို ဖြစ်စေတဲ့ ရင်းမြစ်တခု ဖြစ်နေတယ်။
ကျနော် အဲဒီအချက်ကို သဘောမတူဘူး။ သဘောတရားအရဆိုရင် စစ်တပ်ဟာ ညီညွတ်စေတဲ့ အဖွဲ့အစည်း ဖြစ်သင့်ပေမယ့် အဲဒီလို ဖြစ်မနေဘူး။ အရမ်းများပြားတဲ့ သွေးကွဲမှုတွေ၊ ပဋိပက္ခတွေကို ဖြစ်စေတဲ့ ရင်းမြစ်တခု ဖြစ်နေတယ်။
စစ်တပ်ထဲမှာ ပရော်ဖက်ရှင်နယ် ပီသတဲ့ စစ်တပ်ဖြစ် အောင်လုပ်ချင်တဲ့ လူပုဂ္ဂိုလ်တွေရှိတာ သေချာပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ခေါင်းဆောင်မှုပိုင်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ ယဉ်ကျေးမှုနဲ့ အပြစ်ဒဏ်ကင်းလွတ်မှုက နက်ရှိုင်းစွာ အမြစ်တွယ်နေလို့ ဒီဗိုလ်ချုပ်တွေနဲ့ ဆွေးနွေးလို့ မရဘူး။
မြန်မာနိုင်ငံဟာ စစ်တပ်တတပ် အမှန်တကယ် လိုတယ်။ ဒါပေမယ့် အဲဒီစစ်တပ်ဟာ အရပ်သားအစိုးရကို တာဝန်ခံတဲ့ အကြီးအကျယ် ပြုပြင်ပြောင်းလဲထားတဲ့ စစ်တပ်ဖြစ်ရမယ်။ နှစ်တွေကြာတဲ့အခါ အရမ်းကို ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုကို ချမှတ်ပြီး ပြည်သူတွေကို စစ်ပွဲမဆင်နွဲဘဲ လူ့အခွင့်အရေးကို လေးစားရမယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ASEAN’s Five-Point Consensus ‘Not Appropriate’ for Myanmar: Ex-US Ambassador ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
MOGE ကို ပိတ်ဆို့အရေးယူရန် သမ္မတဘိုင်ဒင်ထံ ထပ်မံတောင်းဆို
အမေရိကန်-ASEAN ထိပ်သီးဆွေးနွေးပွဲမှ မျှော်လင့်နိုင်သည်များ
စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချနေကြ
ရွေးကောက်ပွဲများကို စိတ်ဝင်စားခြင်းဖြင့် တရုတ်နှင့် အိန္ဒိယက စစ်ကောင်စီကို ထောက်ခံနေ
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်