သတင်း

ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှု ၄ မှုအတွက် စွဲချက်တင်မတင်အမိန့်ချမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားသည့် အဂတိမှု ၄ မှုနှင့် ပတ်သက်ပြီး ယနေ့တွင် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပြီး လာမည့် မေလ ၂၄ ရက်နေ့တွင် စွဲချက်တင်မတင် အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

အဆိုပါ အဂတိမှု ၄ မှုမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား မြေနေရာချထားပေးမှုနှင့် ပတ်သက်သည့် အမှုများဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူတို့လည်း အမှုတွဲအဖြစ် ပါဝင်လျှက်ရှိသည်။

ယနေ့လျှောက်လဲချက်ပေးရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်က ဖောင်ဒေးရှင်းမြေနေရာအတွက် ဥပဒေနှင့်အညီ စည်ပင်သတ်မှတ်ဈေးနှုန်းအတိုင်း ပေးသွင်းခဲ့သည့်အပြင် လိုအပ်သည်ထက် မြေနေရာပိုယူထားခြင်း မရှိကြောင်း၊ ယခုကိစ္စတွင် အဂတိမှုဖြင့် တရားစွဲဆိုခြင်းမှာလည်း မှားယွင်းကြောင်းနှင့် စွဲချက်မတင်သင့်ကြောင်းတို့အား တင်ပြလျှောက်လဲခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

ယင်းအပြင် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ မောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ဒေါ်လာ ၅ သိန်းခွဲကို အကြိမ်ကြိမ်ခွဲ ကာ ပေးအပ်ခဲ့ကြောင်း စွပ်စွဲမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အဂတိမှုဖြင့် တရားစွဲဆိုမှုကိုလည်း ယနေ့ရုံး ချိန်းတွင် တရားလိုပြသက်သေ နှစ်ဦးအား စစ်ဆေးခဲ့ကြောင်းသိရသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် ရွှေ ၇ ပိဿာပေးအပ်ခဲ့ရကြောင်း စွပ်စွဲမှုနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခဲ့ရာ ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင် ၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းသို့ အဂတိမှုဖြင့် စွပ်စွဲအမိန့်ချမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ခံနိုင်ခြင်းမရှိသည့်အတွက် အယူခံတက်မည်ဖြစ် ကြောင်း ပြောထားသည်။

Loading