ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ပြည်လုံးချမ်းသာ ဘုရားကြီး စစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် လူငယ် ၃ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ ဆိုင်ကယ်ဖြင့် သွားလာနေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးမှာ အသက် ၁၇ အရွယ် မောင်နိုင်ထွန်းဦး၊ အသက် ၁၆ နှစ်အရွယ် မောင်အောင်မျိုးခန့် ၊ အသက် ၁၇ နှစ်အရွယ် မောင်ခိုင်မျိုးလင်း (ခ) မောင်ညို တို့ဖြစ်ပြီး ယမန်နေ့ မေလ ၁၆ ရက် နေ့လယ်ပိုင်းတွင် ရသေ့ တောင်- ပုဏ္ဏားကျွန်းကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ထိုသို့ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မောင်အောင်မျိုးခန့်၏ မိခင် ဒေါ်ခင်ဝင်းနွယ်က ပြောသည်။
ဒေါ်ခင်ဝင်းနွယ်က “မနေ့က ၁၂ နာရီလောက် ဆိုင်ကယ်တစီးနဲ့ သူတို့ ၃ ယောက် ထွက်သွားကြတာ။ စစ်ရှောင် စခန်း မှာ အလုပ်လည်း မရှိဘူးဆိုတော့ ပုဏ္ဏားကျွန်းမြို့နယ်က သူတို့အမျိုးတွေဆီ သွားတာ။ ညနေ ၄ နာရီလောက်မှာ ဖုန်း ဆက်တော့ ကျမသားက ငိုပြီးတော့ သားကို စစ်သားတွေ ဖမ်းထားတယ်။ အမေတို့ လာခေါ်ပါ ဆိုပြီးပြောတယ်။ ဘယ်နေရာမှ လာခေါ်ရမလဲဆိုတာ မေးတော့ ဖုန်းချသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ အကြောင်းကြားလာပြီးနောက်ပိုင်း မိသားစုမှ ဖုန်းပြန်ဆက်သွယ်သော်လည်း စက်ပိတ် ထားသည့်အတွက် ဆက်သွယ်၍ မရေတာ့သဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြလျှက်ရှိသည်။
ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် ရသေ့တောင်- ပုဏ္ဏားကျွန်း ကားလမ်းတွင် စစ်တပ် စခန်းချထားသည့် စစ်ဆေးရေး ဂိတ်တွင် သွားရောက် စုံစမ်းသော်လည်း စုံစမ်းမရ ဖြစ်နေကြောင်း မိသားစုဝင်များက ပြောသည်။
စစ်ရှောင်အရေးကို ကူညီဆောင်ရွက်ပေးနေသည့် သဘာဝနဒီ ဆရာတော်က “လူငယ် ၃ ဦး ဖမ်းဆီးခံရတာနဲ့ ပတ် သက်ပြီး ကိုယ်တော်တို့က ဒီနေ့ မနက်ပ်ိုင်းမှာ ရသေ့တောင်- ပုဏ္ဏားကျွန်း ကားလမ်းမှာ ရှိတဲ့ စစ်တပ် စစ်ဆေးရေး ဂိတ် ၃ ကို သွားရောက်စုံစမ်းတော့ သူတို့ ဖမ်းဆီးတာ မရှိဘူး ပြောတယ်။ သူတို့ မဖမ်းဘူး ဆိုတော့ ဆက်မေးလို့ မရတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို လူငယ် ၃ ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး စုံစမ်း မရဖြစ်နေသည့်အတွက် ရသေ့တောင် မြို့မ ရဲစခန်းတွင် လူ ပျောက် တိုင်ကြားထားကြောင်းလည်း မောင်နိုင်ထွန်းဦး၏ ဖခင် ဦးသန်းဟန်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖမ်းဆီးခံ လူငယ် ၃ ဦးမှာ ရသေ့တောင်မြို့နယ်အတွင်းက ကျောက်တန်း၊ လိုင်ဂွင်၊ ခရုချောင်း ကျေးရွာများမှ ဖြစ်ပြီး ပြီးခဲ့သော ၂၀၁၈ ခုနှစ်တွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ရသေ့တောင်မြို့ပေါ်၌ ဖွင့်လှစ်ထား သည့် ပြည်လုံးချမ်းသာ ဘုရားကြီးအတွင်းရှိ စစ်ရှောင်စခန်းတွင် မိသားစုနှင့်အတူ ခိုလှုံနေသူများ ဖြစ်ကြောင်းလည်း သိရသည်။
အာဏာသိမ်း စစ်တပ်နှင့် ရက္ခိုင်စစ်တပ် (AA) တို့သည် မေလ ၁၅ ရက်က ပလက်ဝမြို့နယ် သံထောင်ကျေးရွာ အနီး တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုသို့ စစ်ရေး တင်းမာမှု ဆက်လက်မြင့်တက်နေသည့်အတွက် နှစ်ဖက် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် အရပ်သား ပြည်သူများအနေဖြင့် စစ်တပ် သွားလာလှုပ်ရှားသော နေရာများ၊ စစ်တပ် အထိုင်ချနေထိုင်သည့် နေရာ များနှင့် တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူး သတိထား ရှောင်ကြဉ်ကြရန် AA က သတိ ပေးထားသည်။
You may also like these stories:
ပလက်ဝမြို့နယ် သံထောင်ရွာအနီး စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်
အမ်းအခြေစိုက် စစ်တိုင်းမှူးကို AA ဗိုလ်ချုပ်ထွန်းမြတ်နိုင် သတိပေး