ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာအနီးတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ မေလ ၁၅ ရက် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ယမန်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က သံထောင်ကျေးရွာအနီး တောင်ကုန်း၌ တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ကို ရိက္ခာလာပို့သည့် ရဟတ်ယာဉ် ဆင်းသက်စဉ် ချောင်းတဖက်ကမ်းမှနေ AA တပ်ဖွဲ့ ဝင်များက ပစ်ခတ်ခဲ့ရာကစ၍ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် မိနစ်၂၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သံထောင်ကျေးရွာသားတဦးက ပြောသည်။
၎င်းက “ရွာအနီးက တောင်ကုန်းမှာ စစ်တပ်က တပ်စွဲနေထိုင်တာ ကြာပြီ။ မနေက နေ့လယ် ၁၂ နာရီလောက်မှာ စတာ မိနစ် ၂၀ လောက်ကြာတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်ကြတယ်။ ရွာသားတွေတော့ အကုန်ပြေးတဲ့ လူတွေကပြေး၊ အိမ်မှာ ပုန်းတဲ့လူက ပုန်း၊ ရဟတ်ယာဉ် ပြန်သွားမှပဲ သေနတ်သံတွေ ငြိမ်သွားကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လေးမြို့ချောင်းတဖက်ကမ်းတွင် ရှိသော သံထောင်ကျေးရွာ (သစ်) အတွင်းသို့ ကျည် ဆန်များ ထိမှန်သည့်အတွက် နေအိမ်တချို့ ပျက်စီးကြရသလို၊ မပေါက်ကွဲဘဲ မြေထဲတွင် စိုက်ဝင်နေသည့် လက်နက်ကြီး ကျည် တချို့လည်း ရှိနေကြောင်းလည်း ဒေသခံရွာသားများက ပြောသည်။
အဆိုပါ ပလက်ဝမြို့နယ်အတွင်းက သံထောင်ကျေးရွာသည် မြောက်ဦးမြို့ နယ်နှင့် ထိစပ်သည့် ဒေသတခုဖြစ်ပြီး လေးမြို့ ချောင်းအထက်ပိုင်းတွင် တည်ရှိသော ကျေးရွာတခုဖြစ်ကာ AA တပ်ဖွဲ့ဝင်များ ဝင်ရောက် လှုပ်ရှားမှုရှိသလို စစ်တပ်က လည်း သံထောင်ရဲစခန်းနှင့် ရွာအနီးရှိတောင်ကုန်းပေါ်တွင် တပ်စွဲနေထိုင်လျက် ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်း စစ်တပ်နှင့် AA တို့ စစ်ရေး တင်းမာမှုမြင့်လျက်ရှိနေသည်မှာ ကာလ အတန်ကြာ ခဲ့ပြီဖြစ်ကာ စစ်တပ်နှင့် နေရာအနှံ့ စစ်အင်အား တိုးချဲ့ကာ ULA / AA ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများကို လည်း အနှောင့်အယှက် ပေးနေသလို အဆိုပါ ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကိုလည်း ဖမ်းဆီး ရန် ကြိုးစားနေကြောင်းလည်း AA သတင်း ပြန်ကြားရေးဌာနက ယနေ့ မေလ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထိုသို့ စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် နှစ်ဖက် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် အရပ်သား ပြည်သူများ အနေဖြင့် စစ်တပ် သွားလာလှုပ်ရှားသော နေရာများ၊ စစ်တပ် အထိုင်ချနေထိုင်သည့် နေရာများနှင့် တပ်စခန်းအနီး ပတ် ဝန်းကျင်များသို့ သွားလာခြင်းများကို အထူး သတိထားရှောင်ကြဉ်ကြရန် သတိပေး ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကောင်စီ ရှာဖွေဖမ်းဆီးနေ၍ ရခိုင်သတင်းသမားများ တိမ်းရှောင်နေရ
အမ်းအခြေစိုက် စစ်တိုင်းမှူးကို AA ဗိုလ်ချုပ်ထွန်းမြတ်နိုင် သတိပေး