ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာမှာ အာဏာသိမ်းတပ်တွေ ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူများအား အစုလိုက် သတ်ဖြတ် ခဲ့သည့် ရုပ်အလောင်း ၁၂ လောင်းအား တွေ့ရကြောင်း ဒေသခံ သတင်းရင်းြမစ်ထံမှ စုံစမ်းသိရှိရသည်။
အာဏာသိမ်းတပ်များအနေဖြင့် ဇူလိုင် ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ကျီစုရွာသို့ စစ်ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ကာ စီးနင်းခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင်
ဒေသခံအချို့မှ ကျေးရွာအတွင်းဝင်ရောက်ကာ ရှင်းလင်းရာမှ သတ်ဖြတ်ခံထားရသည့် အရိုးစု များတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူများ လည်း ရှိနေသေးကြောင်းလည်း သိရသည်။
၎င်းက “ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေ တွေ့တာ၊ မြင်ရတဲ့ပုံစံအနေအထားတွေအရတော့ ညှဉ်းပမ်းနှိပ်စက်ပြီးမှ အသတ်ခံထားရတာ မျိုးဗျ၊ အရိုးစုအနေနဲ့တွေ့တာ ၁၂ ယောက်ရှိတယ်၊ ဘယ်သူဘယ်ဝါဆိုတာတော့ အတည်မပြုနိုင်သေးဘူး၊ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်” ဟု ပြောသည်။
လတ်တလော ရုပ်အလောင်းများတွေရှိမှုအနေဖြင့် ရွာဘုန်းကြီးကျောင်းအနီး အိမ်တလုံးမှ မီးရှို့ထားသည့် ရုပ်အလောင်း ၅ လောင်း၊ ရွာအနောက်ဘက် အိမ်တလုံးအတွင်းမှ ၄ လောင်းနှင့် ကျန်ရုပ်အလောင်း ၃ လောင်းအား လက်ပြန်ကြိုးတုပ်လျက် အနေအထားဖြင့် မီးရှို့ခံထားရသည်ကို ရွာအတွင်းတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ထို့အပြင် ကျီစုရွာရှိ နေအိမ် ၃၀၀ ခန့်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဘုန်းကြီးကျောင်းနှင့် ဗလီကျောင်း ၂ ကျောင်းလည်း ပစ်ခတ်ဖျက် ဆီးခံရကြောင်းလည်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်း၊ ကာဘိုးတိုက်နယ်အတွင်းရှိသည့် ကျီစုကျေးရွာမှာ အိမ်ခြေ ၉၀၀ ကျော်ရှိပြီး ဗုဒ္ဓဘာသာဝင် များနှင့် အစ္စလာမ်ဘာသာဝင်များ ယှဉ်တွဲနေထိုင်သည့် ရွာကြီးတရွာဖြစ်သည်။ ယခုအာဏာသိမ်းတပ်၏ မီးရှို့ဖျက်ဆီး တိုက်ခိုက်မှုများ သည် အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် ရွာတောင်ပိုင်းတွင် ပိုမိုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အာဏာသိမ်းတပ်များနှင့် ပျူစောထီးပူးပေါင်းအဖွဲ့များအနေဖြင့် ပြီးခဲ့သည် ဇူလိုင် ၁၈၊ ၁၉ ရက်နေ့တို့တွင် ကျီစုရွာနှင့် အနီးအနား နယ်မြေထိစပ်နေသည့် ခင်ဦးမြို့နယ်ဘက်က ငါးရုံကြီးကျေးရွာ၊ ရှားတောကျေးရွာတို့ကို Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်ဦးဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မြေပြင်မှလည်း စီးနင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီးနင်းခံရမှုတွင် ဒေသခံ ၁၂ ဦးထက်မနည်းသေဆုံးခဲ့သလို လတ်တလောတွင် ပျောက်ဆုံးပြီး အဆက်အသွယ်ပျက်နေသူမှာ လည်း တရာကျော်ခန့်ရှိနေသည်။
ဒေသခံများ၏ ပြောကြားချက်အရ အသတ်ခံရသူများနှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေသူများထဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင်နိုင်ကြောင်းလည်း သိရသည်။
“အခုအချိန်ထိ ရွာသားတွေကတော့ ရွာထဲပြန်မဝင်ရဲကြသေးလို့ နီးစပ်ရာ တောတွေထဲမှာ ရှောင်နေကြဆဲပဲ၊ ပြည်သူ ၇၀ ကျော်လောက် ထိ ပျောက်နေတယ်၊ စစ်တပ်က ဖမ်းသွားတဲ့သူတွေလည်းရှိတော့ အတိအကျတော့ မပြောနိုင်သေးဘူးဗျ” ဟု ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ)အဖွဲ့ဝင်တဦးက ပြောသည်။
အာဏာသိမ်းတပ်နှင့် အောင်သာယာကျေးရွာမှ ပျူးစောထီးများ ပူးပေါင်းကာ ကျီစုကျေးရွာအား စီးနင်းတိုက်ခိုက်စဉ် ဖမ်းဆီးခဲ့သည့် ပြည်သူ တရာကျော်အား စစ်ကား ၂ စီးဖြင့် ဇီးကုန်းမြို့နယ်အရှေ့ဘက်ရှိ MEC သကြားစက်ရုံးဝန်းအတွင်းသို့ ခေါ်ဆောင်သွားကြောင်းလည်း ဒေသခံများက ပြောသည်။
၎င်းက “ ရွာထဲမှာ ကာကွယ်ရေးအဖွဲ့တွေ ရောက်နေတာကို သိရလို့ အခုလို ဝင်လုပ်သွားတယ်လို့ သုံးသပ်ရတာပဲ၊ အဓိကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိလို့ ပစ်တယ်ဆိုတဲ့ ပုံစံမျိုးဟာ ပြည်သူနဲ့ PDF အဖွဲ့တွေကို သက်သက်မဲ့ သွေးကွဲအောင်လုပ်တာပဲ။ ဒီမတိုင်ခင် အရင်ရက်ကလည်း ရွာပေါ်ကို ဒရုန်းဝဲတယ်၊ အခုလို လေယာဉ်နဲ့လာပစ်မယ်လို့ မထင်ဘူး။ အဖမ်းခံရတဲ့သူတွေ ဘေးကင်းစေဖို့ပဲ ဆုတောင်းပါတယ်” ဟု ပြောသည်။
ကျီစုကျေးရွာအတွင်း စီးနင်းတိုက်ခိုက်ခဲ့သည့် အာဏာသိမ်းတပ်နှင့် ပျူစောထီးပူးပေါင်းအင်အား ၄၀၀ ခန့်အနေဖြင့် ကန့်ဘလူ-ခင်ဦးနယ်စပ် ကျေးရွာများအား စစ်ကြောင်းများခွဲကာ စီးနင်းဝင်ရောက်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည့်အတွက် ဒေသခံ ပြည်သူ လေးထောင်ကျော်မှာ စစ်ဘေးရှောင်ထွက်ပြေးနေကြရကြောင်းလည်း သိရသည်။
လတ်တလော အာဏာသိမ်းတပ်၏ ကန့်ဘလူ-ခင်ဦးနယ်စပ်ဒေသသို့ စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ စုစုပေါင်း ၂၀ ဦးခန့်ရှိနေပြီ ဖြစ်ကြောင်းနှင့် စစ်ရှောင်ပြည်သူများအပေါ်တွင်လည်း အာဏာသိမ်းတပ်မှ ကာဘိုးဂိတ်၊ ဇီးကုန်းဂိတ်တို့တွင် ပိတ်ဆို့တားဆီးကာ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံတဦးကပြောသည်။
ယင်းသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီးနောက် ဇူလိုင် ၂၁ ရက်တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ကန့်ဘလူမြို့နယ်သို့သွားရောက်ကာ ရဲတပ်ဖွဲ့အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒေသအတွင်း လုံခြုံရေးတာဝန်ကျေပွန်စွာ ထမ်းဆောင်သည့်အတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်နှင့်အတူ လက်တွဲကာ ဆောင်ရွက်သွားကြရန်လည်း ၎င်းက ပြောခဲ့သည်။