ပြည်ပမှ သွင်းသည့်ဆေးဝါးများ အဆမတန်ဈေးတက်လာခြင်းကြောင့် ဆေးကုမ္ပဏီများနှင့် လက်ကားရောင်းသည့် ဆေးဆိုင်တချို့ ရောင်းချမှုရပ်နားထားကြောင်း သိရသည်။
ဧပြီလမှစ၍ စစ်ကောင်စီက ဒေါ်လာလဲနှုန်းကို ဈေးသတ်မှတ်ခြင်း၊ သွင်းကုန်ပစ္စည်း လိုင်စင်ထုတ်ပေးရာ၌ ကော်မတီ အဆင့်ဆင့် တင်ပြရခြင်းတို့ကြောင့် ဆေးဝါးတင်သွင်းရာ၌ အခက်အခဲရှိနေချိန် ဗဟိုဘဏ်က ဒေါ်လာနှင့်ပတ်သက်၍ ထပ်မံကန်သတ်သဖြင့် အမေရိကန် ၁ဒေါ်လာလျှင် ပြင်ပပေါက်ဈေး ကျပ် ၂၄၅၀အထိ ရှိလာရာ ဆေးဝါးဈေးများလည်း မြင့်လာသဖြင့် တချို့ ဆေးဆိုင်များမှာ အကန့်အသတ်ဖြင့်သာ ရောင်းပေးမှုများ ရှိနေသလို တချို့လည်း ဆိုင်ပိတ် ထားရသည့် အထိ ဖြစ်လာခြင်းဖြစ်သည်။
ရန်ကုန်မြို့ ဆေးဝါးလက်ကားဖြန့်ဖြူးသည့် ရွှေပြည့်စုံဈေးမှ ရောင်းသူတဦးက “ဒီနေ့တော်တော်များများ ပိတ်ကြတယ်။ ဆေးဆိုင် သုံးပုံတပုံလောက်ပိတ်ကြတယ်။ ကျန်တဲ့ဟာက မြန်မာဆေးရောင်းတဲ့ဆိုင်တွေရှိမယ်။ ဘင်္ဂလားဒေရှ့် ဘက်က ဝင်တဲ့ ဆေးတွေ ဘာတွေရောင်းတဲ့ ဆိုင်တွေရှိတယ်။ ဒါတွေပဲဖွင့်ပါတယ်”ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြော သည်။
ယခုအခြေအနေမှာ အခြေခံအိမ်သုံးဆေးဝါးများ ဖြစ်သည့် အကိုက်အခဲပျောက်ဆေးနှင့် အန်နာဗွန်ဆီ၊ Oramin G ကဲ့သို့ သော ဆေးဝါးများမှာ ဈေးနှုန်းမြင့်နေကြောင်း၊ ဘိုင်အိုဂျက်ဆစ်ကဲ့သို့သော ဆေးမှာ ယခင်က တဖာလျှင် ကျပ် ၃သောင်းခွဲ ရှိရာမှာ ယခုအခါ ကျပ် ၄သောင်းခွဲအထိ ဖြစ်လာကြောင်း၊ ထို့အတွက် အကန့်အသတ်ဖြင့်သာ ရောင်းချကြောင်းသိရသည်။
ပြည်တွင်း ဆေးဝါးဈေးကွက်ရှိ ၈၅ ရာခိုင်နှုန်းမှာ ပြည်ပမှတင်သွင်းရခြင်းဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းမှာ ပြည်တွင်းထုတ်ကုန် များဖြစ်ကြောင်း၊ အများစုမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းပြီး ဩစတေးလျ စသည့် အနောက်နိုင်ငံများကလည်း တင်သွင်းကြောင်း သိရသည်။
ဆေးဝါးတင်သွင်းရောင်းချသူ တဦးက “သွင်းကုန်ပါမစ်ရဖို့ ခက်ခဲတာကြောင့် ဆေးဝါးတွေ ဈေးတက်တယ်။ ဒေါ်လာဈေး တက်လို့တက်တယ်။ အားလုံး စုံနေတာပေါ့။ ဆေးဝါးတွေက ပြီးခဲ့တဲ့ရက်တွေထဲက အပြောင်းအလဲတွေ တပတ်နဲ့တပတ် မတူဘူး။ ၅ ရာခိုင်နှုန်းလောက်ကနေ ၁၀ ရာခိုင်နှုန်းလောက်ထိ တက်နေတာ။ အခုတော့ ပိုဆိုးသွားတာပေါ့။ လူသိများ၊ လူသုံးများတဲ့ဆေးတွေက ပိုတက်တယ်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အကိုက်အခဲပျောက်ဆေး၊ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါသမားများ စွဲသောက်နေရသော ဆေးဝါးများ၊ ကလေးများ သောက်သုံးသည့် ဆေးဝါးများကို ပြည်သူများ ဝယ်ယူမှုများနေကြောင်း၊ ဆေးဆိုင်များကလည်း အကန့်အသတ်နှင့် ရောင်းချပေးနေကြောင်းသိရသည်။
မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ ကုမ္ပဏီဝန်ထမ်းတဦးက “ဘာတွေဆက်ဖြစ်ကြမှာလဲ မသိဘူး။ စိတ်ဓာတ်တွေလည်း ကျကျလာတယ်။ ရွှေအိုးဆေးဆိုင်ကဆို မနေ့က နှလုံးဆေးသွားဝယ်တာ တယောက် ၂ ကတ်ပဲ ရောင်းပေးတယ်။ လက်ထဲ ပိုက်ဆံရှိတောင် ဘာမှလုပ်မရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တချို့ ပုဂ္ဂလိက ဆေးရုံများ၌ပင် ဆေးဝါးများဝယ်ယူရန် ခက်ခဲသည့် လတ်တလော အခြေအနေများကြောင့် ဆေးရုံတက် လူနာများအတွက် ဆေးလုံလောက်စွာရရှိစေရန် ဆေးရုံစာအုပ်ဖြင့်ဝယ်ယူသော ပြင်ပလူနာများကို ဆေး ၂ ပတ်စာအထိ သာ ယာယီရောင်းချပေးမည်ဟူသော စာများကပ်ပြီး ကြေညာထားသည်ထိ ဖြစ်နေသည်။
ယခုဖြစ်ပေါ်နေသော ဆေးဝါးဈေးကွက်အခြေအနေနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသူ များ အသင်းသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာတွင် အသင်းဥက္ကဌ ဒေါက်တာဇော်မိုးခိုင်မှ အစည်းဝေးရှိနေသည်ဟု ဆိုကာ ဖုန်းချသွား၍ ပြန်လည် ဖြေကြားခြင်း မရှိပေ။
ပြည်သူများမှာ မိုးတွင်းကာလ ဖြစ်သောကြောင့် ရာသီတုပ်ကွေးရောဂါများ ဖြစ်ပွားမှုများ ရှိနေသလို ကိုဗစ်-၁၉ ကပ်ရောဂါ၊ BA4 နှင့် BA5 ကိုဗစ်မျိုးကွဲ ကူးစက်ခံရသူများ ပြီးခဲ့သည့် လပိုင်းမှ စ၍ မြန်မာနိုင်ငံသို့ ပြန်လာသည့် နိုင်ငံသားများတွင် တွေ့ရှိထားကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တကမ္ဘာလုံးအတိုင်းအတာအရ ပြန်လည်မြင့်တက်လာသည့် ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး မြန်မာပြည်သူများ အနေဖြင့်လည်း သတိထားကြရန် နှိုးဆော်ထားသည်။
You may also like these stories :
ပြည်တွင်း၌ ဆေးဝါးစျေးတက်၊ ကုန်ပစ္စည်း ပြတ်လပ်မှုပါဖြစ်နေ
ဆေးဝါးတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထား
ဒေါ်လာစနစ် ဖျက်သိမ်းခြင်းက ဘဏ္ဍာရေးအရ လည်ပင်း ကြိုးကွင်းစွပ်ခြင်းဖြစ်













