ဆောင်းပါး

ဆာဂေးလက်ဗရော့၏ နေပြည်တော် ကြွတော်မူခန်း

နေပြည်တော်တွင် နေထိုင်သူများသည် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့နံနက် အိပ်ယာမှနိုးသောအခါ ကောင်းကင်တွင် ရဟတ်ယာဉ်များ ပျံဝဲနေသည်ကို တွေ့ကြရသည်။

နေပြည်တော်မှ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားသောလမ်းကို နာရီအတန်ကြာပိတ်ထားသည်။ မည်သည်အတွက် ထိုသို့ဖြစ်သည်ကို မသိကြသော်လည်း ထူးဆန်းသောမြင်ကွင်းကြောင့် အရေးပါသူတဦး နေပြည်တော်သို့ လာမည်ကို သိလိုက်ကြသည်။ စစ်ကောင်စီ ဧည့်သည်တော်၏ လုံခြုံရေးအတွက် သတင်းမှောင်ချထားသောကြောင့် မည်သည့်လူကြီးမင်း နေပြည်တော်သို့ လာမည်ကို ၎င်းတို့မသိကြပေ။

သို့သော် ရုရှားမီဒီယာများကမူ ၎င်းတို့၏နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့သည် နေပြည်တော်သို့ သွားနေကြောင်း ဖေါ်ပြသည်။

ပူလောင်အိုက်စပ်သော နေပြည်တော်သို့ ဆာဂေးလက်ဗရော့ ရောက်လျှင်ရောက်ခြင်း မြန်မာစစ်ကောင်စီက နိုင်ငံခြားဧည့်သည်တော်များအတွက် မကြုံစဖူး လုံခြုံရေး အစီအမံများကို ပေးခဲ့သည်။

ထိုရုရှားဝန်ကြီးကို လေဆိပ်တွင် စစ်ကောင်စီ နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သေနင်္ဂဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကြိုဆိုသည်။ ထိုညွှန်ချုပ် ဦးဇော်ဖြိုးဝင်းသည် ယခင်အာဏာရှင်သန်းရွှေ၏ သားမက်ဖြစ်သည်။

ထိုရုရှားဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်စဉ် ကားတန်းကို တဘက်တချက်စီမှ စစ်ရဟတ်ယာဉ် ၂ စီး လိုက်ပါစောင့်ကြပ်ကြောင်း သံတမန် အသိုက်အဝန်း၏ အဆိုအရသိရသည်။

ထိုရဟတ်ယာဉ်များသည် နေပြည်တော်တွင် တနေကုန် ပျံဝဲနေသည်။

စစ်ရဟတ်ယာဉ် အစောင့်အရှောက်၊ လက်နက်ပွဲစား ဟော်တယ်က နေ့လည်စာများနဲ့ ဆာဂေးလက်ဗ်ရော့ရဲ့ နေပြည်တော်ခရီး

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နေထိုင်သည့် နေပြည်တော်သည် မြန်မာတွင် အလုံခြုံဆုံးဖြစ်သည်ဟု ယူဆကြသည်။ သို့သော် အာဏာသိမ်းခေါင်းဆောင်သည် လက်ဗရော့အတွက် လုံခြုံရေးအစီအမံများ အလွန်အကျွံ ပြုလုပ်ထားပေးသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူမည်ကို တရုတ်နှင့်အတူ ရုရှားက တားဆီးပေးသောကြောင့် ကျေးဇူးဆပ်ဟန်တူသည်။ ဧည့်သည်ကလည်း သဘောကျပုံရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဆာဂေးလက်ဗရော့နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ တွေ့ဆုံပြီးနောက် ၂ နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ်ပြီး အပြန်အလှန် ယုံကြည်နားလည်မှုဖြင့် နယ်ပယ်များစွာတွင် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ထပ်မံကတိပြုကြောင်း စစ်ကောင်စီက ကြေညာသည်။

၂ နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးတွင် မြန်မာကို တစိုက်မတ်မတ် ထောက်ခံသောကြောင့် မြန်မာက ရုရှားဖက်ဒရေးရှင်းကို နက်နက်ရှိုင်းရှိုင်းကျေးဇူးဆင်ကြောင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ပြောသည်ဟု ဆိုသည်။

လက်ဗရော့ကလည်း ယူကရိန်းကျူးကျော်စစ်ကို မြန်မာက ထောက်ခံသောကြောင့် ကျေးဇူးတင်ကြောင်း ဖေါ်ပြပြီး “နိုင်ငံမှာ အခြေအနေတည်ငြိမ်အောင်ရည်ရွယ်တဲ့ စစ်ကောင်စီရဲ့ အားထုတ်မှုတွေကို ကျနော်တို့ ထောက်ခံတယ်” ဟု ပြောသည်။

ထိုတွေ့ဆုံမှုသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် တကမ္ဘာလုံးက ပစ်ပယ်ထားသော ၂ နိုင်ငံတွေ့ဆုံခြင်းထက် မည်သည်မျှ မပိုကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည်သူများပြောသည်။

မြန်မာစစ်ကောင်စီ၏ အဓိက မဟာမိတ်နှင့်လက်နက်ထောက်ပံ့သော ရုရှားသည် လွန်ခဲ့သောနှစ် အာဏာသိမ်းပြီးနောက် အရပ်သားများကို တိုက်ခိုက်ရာတွင် သုံးသည့် လက်နက်အများအပြားကို စစ်ကောင်စီသို့ ရောင်းချသောကြောင့် ရုရှားကို လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချကြသည်။

နိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း သေဒဏ်ပေးခြင်းကို ပထမဆုံးအကြိမ် ပြန်လည်ကျင့်သုံးပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးနှင့် ထင်ရှားသော ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတဦး အပါအဝင် တက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်သောကြောင့် နိုင်ငံတကာက ဒေါသထွက်နေချိန်တွင် လက်ဗရော့သည် မြန်မာသို့ လာရောက်ခြင်းဖြစ်သည်။

Aureum Palace ဟိုတယ် နေ့လယ်စာ

ဝဏ္ဏမောင်လွင်က ရုရှားကိုယ်စားလှယ်အဖွဲ့ကို Aureum Palace ဟိုတယ်တွင် အလုပ်သဘောနေ့လယ်စာ ကျွေးသည်။ ထိုဟိုတယ်ကို မြန်မာစစ်အုပ်စုနှင့် ရုရှားအကြား လက်နက်ရောင်းဝယ်မှုများတွင် အဓိကကျသော လက်နက်ပွဲစားများအနက်တဦးဖြစ်သူ ခရိုနီတေဇ ပိုင်ဆိုင်သည်။

ထိုနောက် လက်ဗရော့သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတရုံးတွင် သွားရောက်တွေ့ဆုံသည်။ လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက်တွင် ထိုသမ္မတရုံးကို စစ်ကောင်စီ ခေါင်းဆောင်က စစ်ကောင်စီရုံးအဖြစ် အမည်ပြောင်းပြီး သူ၏ရုံးခန်းလုပ်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့်အတူ ဖြုတ်ချခြင်း မခံရမီက သမ္မတဦးဝင်းမြင့်က နိုင်ငံတကာ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံသည့် သမ္မတရုံးမှ သံတမန်ခန်းမတွင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံပြီး တရားဝင်နိုင်ငံခေါင်းဆောင်လေသံပစ်သည်။

ထိုသို့ ဆွေးနွေးစဉ် အာဏာသိမ်း ခေါင်းဆောင်က ဖန်တရာတေနေသည့် အာဏာသိမ်းရခြင်း အကြောင်းရင်းကို ရှင်းပြပြီး NLD သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အကြီးအကျယ်မဲလိမ်ကြောင်း စွပ်စွဲပြန်သည်။

လက်ဗရော့သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတရုံးတွင် သွားရောက်တွေ့ဆုံသည်

ရုရှားက လာရောက်လည်ပတ်ခြင်းသည် အာဏာသိမ်းပြီးနောက် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကျူးလွန်ပြီး ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်မှုများကြောင့် အပြင်းအထန် ဝေဖန်ခံနေရသော စစ်ကောင်စီကို ထောက်ခံခြင်း ဖြစ်သည်ဟု လေ့လာသူများပြောသည်။ ရုရှားက စစ်ကောင်စီကို ထောက်ခံသောကြောင့် အရပ်သားများအပေါ် မပြီးဆုံးနိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံဖြစ်ပေါ်လာမည်ကို ၎င်းတို့ စိုးရိမ်ကြသည်။

လက်ဗရော့သည် ၂၀၁၃ ခုနှစ်ကလည်း နေပြည်တော်သို့ လာရောက်ခဲ့ဖူးသည်။

မင်းအောင်လှိုင်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ရုရှားသို့ ၈ ကြိမ် သွားခဲ့ဖူးပြီး နောက်ဆုံးအကြိမ်အဖြစ် ဇူလိုင်လက သွားရောက်ခဲ့သည်။ သို့သော် သူသည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တွေ့ခွင့်မရသေးပေ။

သူ၏ရုံးက ထုတ်ပြန်သော ဓာတ်ပုံများအရ စစ်ကောင်စီခေါင်းဆောင်သည် ပူတင်၏ ဝန်ကြီးတဦးကို ကြိုဆိုရသောကြောင့် ဝမ်းသာနေပုံရသည်။ မြန်မာမြို့တော်ဟောင်း ရန်ကုန်မှ ရုရှားသံရုံးကို နေပြည်တော်သို့ ပြောင်းရန်ပင် ရုရှားနိုင်ငံခြားရေးဝန်ကြီးကို သူပြောသည်။

ထိုနောက် ဗုဒ္ဓဟူးနေ့ နေ့လယ်တွင် လက်ဗရော့သည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း၏ မြန်မာနိုင်ငံငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖေါ်ရန် ပျက်ကွက်သောကြောင့် ထိုအစည်းအဝေးသို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Sergei Lavrov’s Day in Myanmar: A Chopper Escort and Lunch at an Arms Dealer’s Hotel ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရုရှားနှင့် မြန်မာ စီးပွားရေးအရှိန်မြှင့်ရန် ကြိုးပမ်းနေဟု ICG ပြော

စူပါမန်းပင် မြန်မာအကျပ်အတည်းကို မဖြေရှင်းနိုင်ကြောင်း ASEAN အထူးသံတမန်ပြော

၈၈ က အမှားဟောင်း စစ်တပ် ဆက်မှားနေ

သမ္မတဟောင်း ထရမ့်၏ အိမ်ကို FBI ဝင်ရောက်စီးနင်း

Loading