ဒီတပတ်အတွင်း ပြည်သူတွေ စိတ်ဝင်တစား ရှိနိုင်တဲ့ အတွင်းသတင်းတွေက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကျန်းမာရေး အခြေအနေ၊ ဗိုလ်မှူးချုပ်ဟောင်းတဦး လုပ်ကြံ သတ်ဖြတ်ခံရမှုနဲ့အတူ နေပြည်တော်ကို ခံစစ်ပြင်တဲ့အထိ တပ်တွေ ပြန်စုနေတဲ့အကြောင်း၊ “ဝ” ပြည်နယ် တကယ်ရမှာလားဆိုတာနဲ့ မြန်မာပြည် အာဆီယံထဲကနေ ထွက်မထွက် ဆိုတာတွေပဲ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ကျန်းမာရေး အခြေအနေ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားခရီးစဉ်ကအပြန် လူမြင်ကွင်းကနေ ခဏပျောက်နေခဲ့ပါတယ်။ စက်တင်ဘာလ ၂၂၊ ၂၃ ရက်နေ့တွေမှာ ပြင်ဦးလွင်ကို သွားရောက်ဖို့ ခရီးစဉ် ရေးဆွဲထားပြီး ဖြစ်ပေမယ့် လုံခြုံရေး အ ကြောင်းပြချက်အရ မသွားရောက်ဖြစ်တဲ့ အချိန်မှာတော့ စစ်ခေါင်းဆောင်မှာ ခါရိုးကင်ဆာ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက် ပေါ်လာလာပါတော့တယ်။
တချို့ရဲ့ပြောဆိုချက်တွေအရ စစ်ခေါင်းဆောင်ဟာ သူ့ခါးရိုးမ ကင်ဆာကို ရုရှားမှာ ကုသဖို့ စင်ကာပူက ဆရာဝန်တချို့နဲ့ ဆက်သွယ် တိုင်ပင်တယ်လို့ ဆိုကြပြီး စင်ကာပူ ဆရာဝန်က ရုရှားရဲ့ ကင်ဆာကုထုံးကို ထောက်ခံချက် မပေးဘူးလို့တောင် ဆိုကြပါတယ်။

ဒါမျိုးအတွင်းသတင်းက ဆရာဝန်တွေ ထုတ်ပြန်မှ အတည်ပြုချက် ရမှာ ဖြစ်တာမို့အတည်မပြုနိုင်ပါဘူး။ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီး လအတန်ကြာ လာတဲ့အခါတုန်းကလည်း ဒီလို ၁၀ ရက်လောက် ပျောက်နေခဲ့ဖူးပြီး ဒီအတိုင်းပဲ ခါးရောဂါဖြစ်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့ဖူးပါသေးတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆိုတဲ့ ဆိုငိုပြော ဇာတ်တော်တခု တင်ဆင် ပြသတာကို နေပြည်တော်မှာ ကြည့်ရင်း လူမြင်ကွင်း ပြန်ထွက်လာခဲ့ပါတယ်။ ပွဲလာရာမှာတော့ အနွေးထည် ဝတ်ထားတာလွဲရင် ကျန်းမာရေးကောင်းတဲ့ပုံစံလည်း ပေါက်နေသေးပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး နေပြည်တော်မှာပဲ စစ်ကောင်စီ အစည်းအဝေး၊ မြန်မာနိုင်ငံ ခရီးသွားလာရေးနေ့တွေကို တက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၂၈ ရက်နေ့မှာ မိတ္ထီလာမြို့ စစ်တပ် ချည်မျှင်နဲ့ အထည်စက်ရုံနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတာတွေ ဆက်တိုက်ဆိုသလို မြင်ရပါတယ်။
လျှို့ဝှက်လွန်းလှတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကျန်းမာရေးသတင်းတွေက ဝိုင်းမေတ္တာပို့နေကြသူတွေအတွက် မျှော်လင့်သလို မဖြစ်တတ်တာ များပါတယ်။ ဦးနေဝင်းတုန်းကလည်း အတော်ကြာ စောင့်ခဲ့ရသလို ဦးသန်းရွှေလည်းအခုထိ စာဖတ်နေနိုင်တုန်းပါ။ ဒါပေမယ့် စစ်အာဏာသိမ်းခေါင်းဆောင်ဟာ သမ္မတ ဆက်လုပ်ချင်သေးတာဖြစ်လို့ ကျန်းမာရေးကောင်းမွန်ဖို့တော့ လိုမှာ အမှန်ပဲ ဖြစ်ကြောင်းပါ။
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် သတ်ဖြတ်ခံရမှုနဲ့ နေပြည်တော် လုံခြုံရေး
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်ဟာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်က သူ့နေအိမ်မှာ ပစ်သတ်ခံရတဲ့ သတင်းကလည်း စစ်ကောင်စီ အသိုင်းအဝိုင်းမှာ တော်တော်လေး ဂယက် ရိုက်ခဲ့ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်ဟာ လက်ရှိ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ဆရာရင်းလည်း ဖြစ် တာမိုလို့ ဒုတိယ စစ်ခေါင်းဆောင်ကိုယ်တိုင်က တရားခံဖမ်းမိတာ အမြန်ဆုံး လိုချင်တယ်ဆိုပြီး စရဖကို ညွှန်ကြားခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
ဒီပစ်ခတ်မှုကို ဦးဆောင်ပါဝင်တဲ့ Inya Urban Force ရဲ့ထုတ်ပြန်ချက်မှာတော့ စစ်အရာရှိဟောင်းတိုင်းကို သတ်ဖြတ်မှာ မဟုတ်ပေမယ့် သူကတော့ စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ထောက်ခံခဲ့သူတဦး ဖြစ်တာကြောင့် ရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ် အုန်းသွင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ကျောင်းဆင်းတစ်ဦး ဖြစ်ပြီး စစ်တပ်က အငြိမ်းစားယူပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ဆက်ယူရင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်၊ ဘဂ်လားဒေ့ရှ် သံအမတ်၊ မော် လ်ဒိုက် သံအမတ်နဲ့ တောင်အာဖရိကနိုင်ငံတို့မှာ သံအမတ်အဖြစ်ပါ တာဝန်ယူခဲ့သူလည်း တဦးလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို အာဏာထိန်းတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ဖို့ ၂၀၂၀ ခုနှစ်ကတည်းက သူတို့ တပ်အသိုင်းအဝိုင်းမှာ အစဉ်တစိုက် ပြောဆိုခဲ့သူ ဖြစ်တယ်လို့ သိရပြီး ရှေ့နေ ဦးကိုနီ အသတ်ခံရတာကို ဝမ်းသာတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်မုန်းတီးတဲ့အကြောင်းတွေကို မကွယ်မဝှက်ဘဲ လူမှုကွန်ရက်မှာ မကြာခဏ တင်ပြခဲ့သူလည်း ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်းကို သတ်ဖြတ်သွားသူတွေထဲက နှစ်ဦးကို ဖမ်းမိပြီလို့ စစ်တပ် အသိုင်းအဝိုင်းမှာ သတင်းထွက်နေပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
သူ့လိုပဲ အသတ်ခံရတဲ့ စစ်တပ်အရာရှိဟောင်းတဦးကတော့ စစ်တပ်ပိုင် မိုင်တယ်လ်ကုမ္ပဏီက ဗိုလ်မှူးဟောင်း ဦးသိန်း အောင် ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့မှာပဲ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီနဲ့ အလွန်နီးစပ်တဲ့ စစ်တပ်အရာရှိဟောင်းတွေ အသတ်ခံရတဲ့ သတင်းတွေကြောင့် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ အထိုင်ကျနေတဲ့ စစ်တပ် အရာရှိဟောင်းတွေဟာ နေပြည်တော်ကို ပြန်လည် ပြောင်းရွေ့တာမျိုးတွေ ရှိလာပြီး အခုဆိုရင် နေပြည်တော်မှာ အိမ်၊ ခြံမြေ အရောင်းအဝယ်တွေ သွက်နေတဲ့ အခြေအနေပါ။
အခုလို တနိုင်လုံးမှာ စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေကို တော်လှန်တိုက်ခိုက်တဲ့ ဖြစ်ရပ်တွေကြောင့် စစ်ကောင်စီနဲ့ စစ်ရုံးတို့ တည်ရှိရာ နေပြည်တော်ကိုလည်း အခု နောက်ပိုင်းမှာ လုံခြုံရေးတွေ တိုးမြင့်ထားပြီးတော့ ဗိုလ်ချုပ်တဦး ဦးစီးတဲ့ တပ်မ ၃ ခုစာလောက်က နေပြည်တော် အတွင်းစည်း အပြင်စည်း တွေမှာ အလှည့်ကျ တာဝန်ယူနေပြီဆိုတဲ့ သတင်းတွေ ထွက် လာနေပါတယ်။
နေပြည်တော်မှာ တပ်ရင်း တပ်ဖွဲ့တွေ ပြန်လည် စုဖွဲ့နေတာ ကြာပြီ ဖြစ်ပေ မယ့် ဖွဲ့စည်းပုံ မပြည့်ခဲ့ဘဲ အခုရက်ပိုင်းအတွင်းမှာပဲ ဖွဲ့စည်းပုံ အပြည့်နီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်မှုထမ်းဟောင်းတွေကို ပြန်လည် စုစည်း လက်နက်တပ်ဆင်တာတွေ လုပ်ပေးတော့မယ်ဆိုတဲ့ သတင်းတွေလည်း နေပြည်တော် အသိုင်းအဝိုင်းမှာ ထွက်ပေါ်နေပါတယ်။
“ဝ”ကို ပြည်နယ် တကယ်ပေးမှာလား
စစ်တပ်က အာဏာမသိမ်းမီ ၂၀၁၉ ခုနှစ် ဇွန်လက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ UWSA “ဝ” တပ်ဖွဲ့ရဲ့ နှစ် ၃၀ ပြည့်မှာ လက်နက်အပြည့်အစုံနဲ့ စစ်ရေးပြပွဲလုပ်ခဲ့တာကို “တပ်မတော်က အစွမ်းကုန် သည်းခံနေရတယ်” လို့ အဲဒီတုန်းက ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောခဲ့တာကို မှတ်မိကြဦးမှာပါ။
အစွမ်းကုန် သည်းခံခဲ့ရတဲ့ မြန်မာစစ်တပ်ဟာ သူ အာဏာသိမ်းပြီးတဲ့နောက် နေပြည်တော်ကို ရောက်လာတဲ့ “ဝ”ခေါင်း ဆောင်တွေကို “ဝ”ပြည်နယ် ပေးဖို့ မူအားဖြင့် သဘောတူတယ်လို့ ထုတ်ဖော်ပြောဆိုတဲ့အခါ တနိုင်ငံလုံးမှာ စစ်တိုက်နေရတဲ့ စစ်ကောင်စီရဲ့ဗျူဟာတခုလို့ပဲ နားလည်ရပါတယ်။
စစ်ခေါင်းဆောင်တွေဘက်က အခုလို ဝ ကို ပြည်နယ်တခု သတ်မှတ်ပေးမယ်လို့ ကတိပေးထားတာ အခုမှ လူသိရှင်ကြား ထုတ်ပြောတာပါ။ တကယ်တော့ စစ်တပ်က အာဏာသိမ်းပြီးကတည်းက တိုင်းရင်းသား အဖွဲ့အစည်းတွေကို ဘယ်အဖွဲ့ ဘာလိုချင်တယ်၊ ဘယ်အဖွဲ့က ဘာကြိုက်တယ်ဆိုတဲ့အပေါ်မှာ နိုင်ငံရေး ကစားဖို့ မြန်မာစစ်ခေါင်းဆောင်တွေဘက်က ဆုံးဖြတ်ပြီးသားပါ။

ဝ ခေါင်းဆောင်တွေဟာလည်း သူတို့ ဒေသကို တရားဝင်မှု ပိုရချင်နေတဲ့အချိန် ပြည်နယ်တခု အဖြစ် အသိအမှတ်ပြုမှု ရလို့ ကျေနပ်သွားကြပေမယ့် တကယ်တန်း ပြည်နယ်တခု ရရှိလာဖို့ အဆင့်တွေ အခက်အခဲတွေ အများကြီး ရှိသေးတာနဲ့ အခြား လူမျိုးစုတွေရဲ့ စိုးရိမ်မှု၊ အထူးသဖြင့် ရှမ်းလူထုရဲ့ စိုးရိမ်မှုတွေကို ထည့်သွင်းစဉ်းစားမိကြမှာပါ။
အခုချိန်အထိ အာဏာသိမ်းမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း ဒီကိစ္စဟာ ဗမာခေါင်းဆောင်တွေကြားမှာပဲ ဖြစ်တဲ့ ပြဿနာတခု ဖြစ်ပြီး ဝ ပြည်နဲ့ တိုက်ရိုက် မသက်ဆိုင်ဘူးလို့ ဝ ခေါင်းဆောင်တွေက သဘောထားပေမယ့် မြန်မာစစ်တပ်ရဲ့ ပြည်မမှာ ရက်စက်ကြမ်းကြုတ် ဖိနှိပ်မှုတွေကို မြင်ရတဲ့အခါမှာလည်း သူတို့အချင်းချင်းတောင် ဒီလောက်လုပ်ရင် ငါတို့ ဆိုရင်လည်း ပိုပြီးတော့တောင် ညှာမှ မဟုတ်ဘူးဆိုတာမျိုး သဘောပေါက်ကြပြီးသားပါ။
စစ်ခေါင်းဆောင်တွေဘက်က အမြဲစဉ်းစားတဲ့မူကတော့ ဒို့တာဝန် အရေး ၃ ပါးပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ဆိုရင်တောင် မြန်မာ့နည်း မြန်မာ့ဟန် စစ်တပ်က နိုင်ငံမှာ ဦးဆောင်သူ၊ စောင့်ရှောက်ရသူအဖြစ် အမြဲခံယူမယ့် ဖက်ဒရယ်စနစ်မျိုးကိုပဲ ဖော်ဆောင်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေ ဆုံးဖြတ်ပြီးပါပြီ။
အဲဒီတော့ ဝ က အခြေအနေက ပြည်နယ်အဆင့်ထက်တောင် ပိုနေပါသေးတယ်။ ဒါကိုလည်း စစ်ခေါင်းဆောင်တွေက သိပြီး အခုချိန်မှာ သူတို့ စဉ်းစားနေတာက ဝ လို အင်အားကြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးတခုက NUG နဲ့ PDF တွေကို ပံပိုးမှုတွေ မလုပ်ပေးဖို့ပါပဲ။ ဒီအချက်ကို သဘောတူရင် ဝ လိုချင်တာ ဘာပဲတောင်းတောင်း စစ်ကောင်စီဘက်က အဆင်သင့် ရှိနေပါတယ်။
အာဆီယံထဲက မြန်မာထွက်လိုက်ရမလား
စစ်အာဏာသိမ်း မြန်မာကို ကိုင်တွယ်ဖို့ အာဆီယံ ခေါင်းခြောက်နေပါတယ်။ မနှစ်က ဧပြီမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂျကာတာ ပင့်ဖိတ်ပြီး ဘုံသဘောတူညီချက်တွေ ရယူခဲ့ပေမယ့် ဘာမှဖြစ်မလာလို့ ထိပ်သီးအစည်းအဝေးတွေက မြန်မာစစ်ခေါင်းဆောင်ကို ပထုတ်ထားရသလို မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကိုလည်း ဖယ်ထုတ်ထားခဲ့ပါတယ်။
အခုကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ သွားတက်တဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကလည်း မြန်မာစစ်ကောင်စီကို ဘုံသဘောတူညီချက်တွေ မလိုက်နာရင် ပိုဖိအားပေးမယ့် လေသံတွေ ပစ်နေကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်သွယ်ဖို့ ပိုပြောဆိုလာနေပါတယ်။ အဲဒီအထဲ မလေးရှားက အသံအကျယ်ဆုံးပါ။
စက်တင်ဘာလ ၁၉ ရက်နေ့က NUG ဝန်ကြီးတွေနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာတို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ တွေ့ဆုံပွဲအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေဟာ အလုပ်ဖြစ်သေးသလားဆိုတာ အလေးအနက်ထား သုံးသပ်ပြီးတော့ လာမယ့် နိုဝင်ဘာလ အာဆီယံထိပ်သီး အစည်းအဝေးတွေ ရောက်ရင် ဒီကိစ္စကို မေးခွန်း လေးလေးနက်နက် ထုတ်ရမယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေဘက်ကလည်း အာဆီယံမူဝါဒတွေအရ တနိုင်ငံရဲ့ပြည်တွင်းရေးကို တခြားနိုင်ငံတစ်ခုက ဝင်ရောက် မစွက်ဖက်ရဘူး ဆိုတာကို ဆန့်ကျင်ပြီး အာဆီယံခေါင်းဆောင်တွေက မြန်မာ့အရေးကို ထဲထဲဝင်ဝင် ပါဝင်လာတာကို မကြိုက်ပါဘူး။
အာဆီယံအသင်းက ထုတ်ပယ်တဲ့အဆင့်ထိ အရေးယူလို့လည်း မရ၊ သံတမန်ရေးအရ အရေးလည်း မယူချင်ပေမယ့် မြန်မာစစ်ကောင်စီဘက်ကတော့ အပြောအဆိုခံပြီး အရှက်ကွဲရတာ အကြိမ်ကြိမ်လို့ မြင်လာရင်တော့ သူ့အမှားမဟုတ်ဘဲ အာဆီယံအမှားလို့ အပြစ်ဖို့ရင်း အသင်းက ထွက်နိုင်ပါတယ်။
ကုလသမဂ္ဂဘက်ကို ကြည့်ပြန်ရင်လည်း မြန်မာပြည်သူတွေ မျှော်လင့်နေကြတဲ့ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိရာထူးမှာ ဆက်လက်ထားရှိဖို့နဲ့ ကုလသမဂ္ဂညီလာခံတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံအတွက် ကိုယ်စားပြုနိုင်ဖို့ ကိစ္စတွေလည်း အဖြေရရှိခဲ့တာမျိုး မရှိပါဘူး။ ဒါပေမယ့် ကိုယ်စားလှယ်အသစ် ထပ်ရွေးချယ်တာမျိုး မရှိ သေးပါဘူး။
နောက်ဆုံးမှာတော့ ကုလသမဂ္ဂတို့ အာဆီယံတို့နဲ့ပတ်သက်ရင် စိုးရိမ်မှု ရှိတယ်ဆိုတဲ့ ဝေါဟာရက လှောင်ပြောင် သရော်စရာ ဖြစ်လာတော့တာပါ။
You may also like these stories:
ကမ္ဘာကျော် လူလိမ်ကြီး ဦးစိုးသိန်း၏ အတွင်းရေးများ
၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် လုပ်ကြံခံရပြီးနောက် စစ်အရာရှိဟောင်းများ သွေးပျက်
ထိုင်းလွှတ်တော်အမတ်နဲ့ မြန်မာလက်နက်ပွဲစားတို့ရဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေး စစ်ကောင်စီကို အကျိုးပြု
စစ်တပ်၏ လက်နက်ပွဲစား ဒေါက်တာ ထွန်းမင်းလတ် ထိုင်းတွင် အဖမ်းခံရ












