ဆောင်းပါး

မြန်မာ့နွေဦး တော်လှန်ရေးထဲက အသက်ကယ် လက်များ

စစ်ကောင်စီတပ် လက်လှမ်းမမှီရာ နေရာ၊ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက အဆောက်အအုံဟောင်း၊ တိုက်နယ်ဆေးရုံ အလွတ်တချို့၊ ယာယီတဲ၊ ယာယီအဆောင်တွေမှာ ဖွင့်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေက တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအပြင် အရပ်သား ပြည်သူတွေ အတွက်ပါ အားကိုးစရာ နေရာတခု ဖြစ်လာပါတယ်။

လွတ်မြောက်နယ်မြေလို့ ခေါ်ကြပေမယ့်လည်း အမှန်စစ်စစ် စစ်မဲ့ဇုန်တခုတော့ မဟုတ်ပါဘူး။ လက်နက်ကြီးသံ၊ လေယာဉ် သံကို အမြဲ နားစွင့်ပြီး နေ နေကြရတယ်လို့ တော်လှန်ရေးနယ်မြေတွေမှာထဲ နေထိုင်ကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ဆိုပါတယ်။

“ဘယ်လောက်ပဲ လွတ်မြောက်နယ်မြေ ဖြစ်ပါစေ။ လက်နက်ကြီးနဲ့ လျှောက်ပစ်တာတွေ၊ လေယာဉ်နဲ့ လာကြဲရင် အကုန် ထိတော့ ကျနော်တို့ အားလုံးက အမြဲ အထုပ် ပြင်ထားရပါတယ်။ စစ်ကောင်စီက လူသားချင်း စာနာမှု လုံးဝ မရှိဘူး” လို့
ဒေါက်တာ ကယ်ဗင် က ဆိုပါတယ်။

ဒေါက်တာ ကယ်ဗင် ဆိုတာကတော့ တနင်္သာရီတိုင်းထဲက ဆေးရုံတခုမှာ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူတဦးပါ။ စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်ကစလို့ ဆန္ဒပြပွဲတွေမှာ တောက်လျှောက် ပါဝင်ခဲ့သလို လိုက်လံ ဖမ်းဆီးမှုတွေကြောင့် အားလုံးကို စွန့်ပြီး လွတ်မြောက်မယ့်နေရာတခုကို ထွက်ပြေး တိမ်းရှောင်ခဲ့ ပါတယ်။ အခုဆိုရင် ကရင်ပြည်နယ်ကနေ တော်လှန်ရေးထဲမှာ အင်တိုက်အားတိုက် ပြန်ပါဝင်နေတာ သူနဲ့ တော်လှန်ရေး က တသားတည်း ဖြစ်နေပါပြီ။

လက်ရှိမှာတော့ တိုင်းနဲ့ပြည်နယ်အနှံ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ဒေသ ကာကွယ်ရေး တပ်ဖွဲ့ (PDF) နဲ့ စစ် ကောင်စီတပ်တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရမှု၊ စစ်ရှောင်ပြည်သူများရဲ့ ကျန်းမာရေးကို ပြုစုစောင့် ရှောက်ဖို့ရာ အရေးတကြီး လိုအပ်နေတဲ့အချိန် ဖြစ်လာတာမို့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ကျန်းမာ ရေးဝန်ထမ်းတွေ မြေပြင်မှာ ပါဝင်အားဖြည့်ဖို့ အချိန်ကျရောက်ပြီ ဖြစ်တယ်လို့ တော်လှန်ရေးလှုပ်ရှားသူတွေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းလိုက်ပါတယ်။

CDM ကျန်းမာရေး ဝန်ထမ်း

NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက “၁ နှစ်ခွဲကျော်ထိ ဘာလစာမှ မယူဘဲ ဇွဲ ကောင်းကောင်းနဲ့ CDM လုပ်ပေးနေတာနဲ့ကို လုံလောက်ပြီ။ ဒါပေမယ့် အဲဒီမှာ ကိုယ့်နေရာ ကိုယ့်ဒေသ ကိုယ်လုပ်လို့ ရတဲ့ အခြေအနေမျိုး ရောက်ရင်၊ ဒီတော်လှန်ရေးနဲ့အတူ ပါဝင်ပေးဖို့အတွက် ပြင်ဆင်ထားပေးကြပါ” လို့ လှုံ့ဆော်ပြောဆိုပါ တယ်။

ရှေ့လျှောက် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အတွက် NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်း နှီးမြှုပ်နှံမှုဝန်ကြီးဌာန စတဲ့ ဌာနအသီးသီးနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ပြင်ဆင်နေကြသလို ကျန်းမာ ရေးဝန်ကြီးဌာနလည်း ဆေးဝါး စုဆောင်းတာ၊ လိုအပ်တဲ့ ဆရာဝန်၊ သူနာပြုတွေ ခေါ်ယူတာ၊ ဆေးတပ်သားတွေကို သင် တန်းပေးတာ စတာတွေ ပြင်ဆင်နေပြီ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ရှုတ်ချကြောင်း၊ စစ်အာဏာရှင်လက်အောက် အလုပ် မလုပ် လိုကြောင်း အစောဆုံး ဆန္ဒထွက်ပြသူတွေကတော့ ကျန်းမာရေး ဝန်ထမ်းတွေပါ။ နိုင်ငံတဝန်းမှာရှိတဲ့ အစိုးရဆေးရုံ အသီး သီးက ကျန်းမာရေး ဝန်ထမ်းတွေဟာ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒ ဖော်ထုတ်ပွဲတွေမှာ နေ့စဉ် ပါဝင်ခဲ့ကြသလို၊ ဆေးရုံ တခုလုံးဟာ CDM ဆေးရုံဖြစ်ကြောင်း ဗီနိုင်းတွေ ကပ်ထားတဲ့အထိလည်း စစ်အာဏာရှင်ကို အင်တိုက်အားတိုက် ဆန့်ကျင်ခဲ့ကြပါသေးတယ်။

အဲဒီအချိန်မှာ ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင် စတဲ့ ကျန်းမာရေး ဝန်ထမ်းပေါင်း ၆ သောင်းကျော်ဟာ CDM လှုပ်ရှား မှုမှာ ပါဝင်ခဲ့ကြပါတယ်။ ကျန်းမာရေးကဏ္ဍမှာ အရင်ကတည်းက ဝန်ထမ်းလိုအပ်ချက်များပြားပြီး တနိုင်ငံလုံးအနေနဲ့ ကျန်း မာရေး လုပ်သား ၁ သိန်း ၁ သောင်းကျော်ရှိတဲ့အထဲမှာမှ ဒီပမာဏဟာဆိုရင် တဝက်ကျော်ပမာဏ ဖြစ်တဲ့အတွက် ကျန်းမာရေး ယန္တရား မလည်ပတ်နိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

CDM ကျန်းမာရေး ဝန်ထမ်းဦးရေက ၆ သောင်းကျော် ရှိပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် Non CDM အဖြစ် ပြန် လည် အလုပ်ဝင်ခဲ့ရသူတွေ ရှိတဲ့အတွက် အခုဆိုရင် ၄၅၆၅၂ ဦးပဲ ရှိတော့တယ်လို့ ကျန်းမာရေး ဝန်ထမ်း စာရင်းပြုစုတဲ့ အဖွဲ့ CDM Medical Network ရဲ့ ကောက်ယူထားတဲ့ စာရင်းများအရ သိရပါတယ်။

အဲဒီ ၄ သောင်းကျော်ထဲကမှ NUG နဲ့ ချိတ်ဆက်ပြီး မြေပြင်တော်လှန်ရေး အဖွဲ့တွေကြား ပြန်တာဝန်ထမ်းဆောင်နေကြသူ ဦးရေက ၅ ထောင်နီးပါးရှိပြီး အထူးကု ဆရာဝန် ၃၂၀ ကျော်၊ သူနာပြု ၅၆၀၊ အခြေခံ ကျန်းမာရေးဝန်ထမ်း ၁၅၅၄ ဦး၊ တခြား စေတနာ့ဝန်ထမ်းတွေလည်း အများအပြား ရှိနေတယ်လို့ NUG ထံက သိရပါတယ်။

ဒေါက်တာ ဇော်ဝေစိုးက “၄ ထောင်ကျော်၊ ၅ ထောင်နီးပါးက NUG နဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး တချို့က တိုင်းရင်းသား အဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတာတွေလည်းရှိတော့ ဒီထက် ပိုများနိုင်တယ်။ ရွာတွေမှာ ကိုယ့်ဘာကိုယ် ဆေးကု နေတဲ့သူတွေလည်း အများကြီးရှိတယ်။ စာရင်းထဲမှာ မပါသေးတာ၊ ကောက်လို့ မရသေးတာတွေ အများကြီး ကျန်နေပါ သေးတယ်” လို့ ဆိုပါတယ်။

NUG အနေနဲ့ တော်လှန်ရေး စတင်ကတည်းက ရှေ့တန်းမှာ ဆေးတပ်သားအနေနဲ့ ပါဝင်မယ့်သူတွေကို ဆေးသင်တန်း တွေပေးထားတဲ့ ဦးရေကလည်း ၁ သောင်းကျော်ရှိပြီး ရှေ့တန်းစစ်မြေပြင်ထိလိုက်ပါပေးတဲ့အပြင် ထိခိုက်ဒဏ်ရာရသူ တွေကို အရေးပေါ် ကုသမှုပေး၊ ရှေးဦးပြုစု ဆောင်ရွက်ပေးနေတယ်လို့ သူက ပြောပါတယ်။

ဒါ့ပြင် ဆေးရုံတွေ အနေနဲ့ ရှေ့တန်းမှာ ကုသမှုပေးနိုင်တဲ့ ဆေးရုံ ၁၆၇ ရုံ၊ ခွဲစိတ်မှုတွေ လုပ်ဆောင်နိုင်တဲ့ ဆေးရုံ ၅၁ ရုံ ရွေ့ လျား ဆေးပေးခန်း၂၅၀ ကျော်အပြင် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ အဖွဲ့တွေလည်း ဖွဲ့စည်းထားတယ်လို့ NUG က ပြောဆိုပါတယ်။

တော်လှန်ရေး ဒေသတွေမှာ NUG က ကျန်းမာရေးစနစ် ခြုံငုံမိဖို့ အားကောင်းဖို့ လုပ်ဆောင်နေပေမယ့် စစ်ကောင်စီက ဆေးရုံ ဆေးခန်းတွေ မီးရှို့မှု၊ ဗုံးကြဲမှုတွေ၊ ဆေးဝါး ပစ္စည်းတွေ ဖျက်ဆီးမှုတွေကို လုပ်ဆောင်နေမြဲပါ။

တိုက်ပွဲတွင် ဒဏ်ရာရသူတဦးအား သယ်ဆောင်လာစဉ် (ဓာတ်ပုံ- CJ)

“တော်လှန်ရေးထဲမှာ ဆရာဝန် ဆရာမတွေ အသက်ပေးပြီးတော့ ရှေ့တန်းမှာ တာဝန် ထမ်းဆောင်နေကြတယ်။ ဗွီဒီယိုဖိုင် လေးတခု တက်လာတာ မှတ်မိကြပါဦးမယ်။ ကရင်နီပြည်နယ်မှာ လေယာဉ်နဲ့ ဗုံးလာကြဲတော့ ကလေးတွေ ကြောက်လန့် တကြား ဘုရားစာဆိုပြီး ပုန်းနေကြတာ။ အဲဒါက ဆေးရုံပါ။ အဲဒီမှာ သူနာပြုဆရာမကြီးတဦး ထိခိုက်ဒဏ်ရာရသွားတယ်။ မင်းတပ်မှာဆို ဆေးရုံကိုပါ မီးရှို့သွားတယ်။ အဲဒီလိုမျိုးတွေ ကမာ္ဘက သိဖို့ လိုတယ်။ အဲဒါနဲ့ ပတ်သက်ရင် ဘယ်လိုနည်းနဲ့မှ သည်းခံခွင့်လွှတ်ဖို့ မရှိဘူး။ ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းကို ဗုံးကြဲတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုနည်းနဲ့မှ ထားစရာ အကြောင်း မရှိဘူး” လို့ ဒေါက်တာ ဇော်ဝေစိုးက ဆိုပါတယ်။

ကျန်းမာရေး CDM တွေအပေါ် စစ်ကောင်စီ ဖိအားပေး အကျပ်ကိုင်

အာဏာသိမ်းပြီးကာစ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်း၊ ဆေးကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်မှု တွေ ကျူးလွန်ခဲ့ရုံတင်မကဘဲ လက်ရှိ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ကျန်းမာရေး လုပ်သားတွေကို စစ်ကောင်စီက အလွတ် မပေးပါဘူး။

CDM ကျန်းမာရေး ဝန်ထမ်းတွေကို အကြမ်းဖက် ဖမ်းဆီးမှု၊ တရားစွဲထောင်ချမှုတွေ ပြုလုပ်နေပေမယ့်လည်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က၂၀၂၁ ခုနှစ်၊ မတ်လ၊ ဧပြီလတို့မှာတော့ ယိုယွင်းလာတဲ့ ကျန်းမာရေးစနစ်ကို အချိန်မီ ဖာထေးဖို့ရာ အချိုသပ်ပြီး လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ပါတယ်။

ကိုဗစ် တတိယလှိုင်းကာလဖြစ်တဲ့၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းမှာတော့ စစ်ခေါင်းဆောင်က “CDM ကျန်းမာရေး ဝန်ထမ်း များကို ဆေးရုံမှာ ဆရာဝန် မလုံလောက်တာကြောင့် ဆေးရုံကို ပြန်လာကြဖို့ ဒါဟာ နိုင်ငံ့အရေး၊ အမျိုးသားရေးကိစ္စ ဖြစ် တာကြောင့် မေတ္တာရပ်ခံကြောင်း” ပြောဆိုခဲ့ပါသေးတယ်။

ဒါ့ပြင် ဒီ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်ကလည်း CDM ကျန်းမာရေး ဝန်ထမ်းတွေ တာဝန်ပြန်လည် ထမ်းဆောင်ရေး ကို တာဝန်ရှိသူများက ဝိုင်းဝန်း ဆောင်ရွက်ရန်၊ တာဝန်ပြန်လည်ထမ်းဆောင်ချင်တဲ့ ဝန်ထမ်းတွေရှိရင်လည်း ဝန်ထမ်း စည်းမျဉ်းများနဲ့အညီ ခွင့်ပြုပေးဖို့ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို စစ်ခေါင်းဆောင်က မှာပြန်ပါတယ်။

စစ်ခေါင်းဆောင် ဘယ်လိုပဲ ဖိတ်ခေါ်ပါစေ၊ CDM ကျန်းမာရေး လုပ်သားတွေက စစ်အာဏာရှင်ကို ငြင်းဆန်မြဲပဲ ဆိုတာ ကိန်းဂဏန်းတွေနဲ့၊ လက်ရှိမှာ အစိုးရဆေးရုံတွေ ကောင်းကောင်းလည်ပတ်နိုင်မှု မရှိသေးတာကို ကြည့်ရင် သိနိုင်ပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချမှု၊ ဝန်ထမ်းအိမ်ရာကနေ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတဲ့အပြင် ဆေးကုသခွင့်လက်မှတ် (ဆမ) သိမ်းခြင်း၊ နိုင်ငံကူးလက်မှတ် ထုတ်မပေးခြင်း၊ ထောင်ဒဏ်၂ နှစ်ထိ ချနိုင်တဲ့ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခြင်းတို့ကို ပြုလုပ်ခဲ့တဲ့အပြင် ဆရာဝန်၊ သူနာပြုတွေကို ပြင်ပ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ အလုပ် မဝင်နိုင်စေဖို့ အတွက်လည်း စစ်အုပ်စု က ကြံစည်ထားပါသေးတယ်။ CDM ဆရာဝန်၊ သူနာပြုတွေကို အလုပ်ခန့်အပ်ရင် ဆေးရုံ၊ ဆေးခန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ပိတ်သိမ်းမယ်လို့ ခြိမ်းခြောက်ပါတယ်။

ဒီနှစ် ဇွန်လထဲမှာပဲ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဒါန်းပင်ကန်ရွာကို စစ်ကြောင်းထိုးလာပြီး ဒေသခံတွေကို ကျန်းမာရေး စောင့် ရှောက်မှု ပေးနေတဲ့ CDM သူနာပြုဆရာမလေး မဇာလီနိုင်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တော်လှန်ရေး တပ်ဖွဲ့ တွေကို အခြေခံ ကျန်းမာရေး၊ ဆေးသင်တန်းတွေ ပေးပြီး တပ်ဖွဲ့ဝင်တွေကို ဆေးကုသမှုပေးနေတဲ့အချက်နဲ့ NUG ရေစကြို ရဲ့ ကျန်းမာရေး တာဝန်ခံ ဖြစ်တယ်ဆိုတဲ့ အချက်တွေကြောင့် မဇာလီနိုင်ကို တခြားဒေသခံ ၄ ဦးနဲ့ အတူ ညှဉ်းပန်း နှိပ်စက် ပြီး မီးရှို့သတ် ဖြတ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် မေလအတွင်းမှာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID)၊ ဥရောပကော်မရှင် (EU)၊ UKaid တို့ ပူးပေါင်းထုတ်တဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပေါ် အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေအကြောင်း ဖော်ပြထား တဲ့ အစီရင်ခံစာမှာတော့ စစ်တပ် အာဏာသိမ်းပြီးသည့်အချိန်ကနေ ၂၀၂၂ ခုနှစ် မတ်လအထိ ကျန်းမာရေး ဝန်ထမ်း ၄၉၂ ဦး ထိခိုက်ခဲ့ပြီး၊ ၅၆၄ ဦး ဖမ်းဆီးခံထားရတယ်လို့ ပါရှိပါတယ်။ အဲဒါအပြင် ဆေးရုံများကို စီးနင်းတိုက်ခိုက်မှု အကြိမ်ရေက ၁၂၆ ကြိမ်၊ သတ်ဖြတ်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၃၆ ဦး ရှိပြီဖြစ်ကြောင်း ပါရှိပါတယ်။

NUG ရဲ့ ပြီးခဲ့တဲ့ သြဂုတ်လအထိ ပြုစုထားတဲ့ စာရင်းမှာတော့ ကျန်းမာရေး ဝန်ထမ်း ၄၆ ဦး သတ်ဖြတ်ခံထားရပြီး လက်ရှိ မှာ ကျန်းမာရေးဝန်ထမ်း ၅၈၀ ကျော်ဟာ ဖမ်းဆီး ထောင်ချထားခြင်း ခံနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ နည်းမျိုးစုံသုံး ဖိအားပေး ခြိမ်းခြောက်နေပေမယ့် အခုချိန်ထိ CDM မှာ ပါဝင်နေပြီး တောင့်ခံနေကြတဲ့ ကျန်း မာရေး ဝန်ထမ်းတွေက ရှိနေပါသေးတယ်။

စစ်ကောင်စီရဲ့ လက်အောက်မှာ ပြန်ဝင်မလုပ်တော့ဘဲ မတ်လအတွင်းကစပြီး ကျန်းမာရေး ဝန်ထမ်းတချို့ မြန်မာနိုင်ငံကို စွန့်ခွာပြီး ပြည်ပနိုင်ငံတွေ ထွက် အလုပ်လုပ်ကြသလို၊ နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းမှာပဲ တိတ်တဆိတ် ဆေးခန်းများ ဖွင့်လှစ်ခြင်းနဲ့ တခြား အသက်မွေးဝမ်းကျောင်းတွေကို ကူးပြောင်း လုပ်ကိုင်ကြသူတွေလည်း ရှိတယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းက သိရပါတယ်။

NUG ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက “အထူးကုတွေကတော့ အများကြီး လိုနေ တယ်။ စပယ်ရှယ်လစ်တွေ ပါဝင်လာလေ လူနာတွေအတွက် ပိုကောင်းတယ်။ အခု ကျနော်တို့နဲ့ အလုပ် လုပ်နေတာက ၄ ထောင်ကျော် ၅ ထောင်ကျော်ပဲရှိတယ်။ တကယ်တော့ ၃ သောင်း ၄ သောင်း ကျန်ဦးမယ်။ အဲဒီသူတွေကလည်း တော် လှန်ရေး ကိုယ့်နေရာ ရောက်လာပြီ၊ ကိုယ်နဲ့ သက်ဆိုင်လာပြီဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုမှာ အဆင်သင့် ပြင်ထား ပေးကြပါလို့ ပုန်းနေ တိမ်းရှောင်နေရတဲ့ ဆရာဝန်/ဆရာမ၊ သူနာပြုတွေကို တော်လှန်ရေး မိမိအနား ရောက်လာရင် ပါဝင် ပေးကြပါလို့ ပြောချင်ပါတယ်” လို့ ပြောဆိုပါတယ်။

တိုက်ပွဲဆက်နေတဲ့ ကရင်ပြည်နယ်

ကရင်ပြည်နယ်က ဒေါက်တာ ကယ်ဗင် ကလည်း သူ့ရဲ့ ကျန်းမာရေး ဝန်ထမ်းလုပ်ဖော်ကိုင်ဖက်တွေကို CDM ထဲ ပါဝင် ပူးပေါင်းပေးကြဖို့ တိုက်တွန်းပြောဆိုပါတယ်။

“ခုချိန်ထိ CDM ထဲပါဝင်ပေးနေကြလို့လည်း ကျေးဇူတင်တယ်။ နောက်လည်း ပွဲတွေက ပိုပြီး ကြမ်းလာတော့မယ်။ ထိခိုက် ဒဏ်ရာရသူတွေလည်း များလာတော့မှာဖြစ်လို့ အနီးစပ်ဆုံး နေရာကနေ ပါဝင်ပေးဖို့လည်း လိုအပ်နေပါတယ်” လို့ ဆိုပါ တယ်။

ကရင်လိုနယ်မြေမျိုးက ဟိုးယခင်ကတည်းက စစ်ပွဲတွေ တောက်လျှောက်ရှိနေတဲ့အတွက် ဆေးကုသရေးအပိုင်းမှာ အတွေ့အကြုံ ကောင်းကောင်းရှိနေတဲ့ နယ်မြေတခုဖြစ်ပြီး အမြဲ အဆင်သင့်ဖြစ်နေတဲ့ နေရာတခုပါ။

ဒေါက်တာ ကယ်ဗင် က “ကျနော်တို့ လှုပ်ရှားနေတဲ့ တပ်မဟာ တခုထဲမှာတောင် ခွဲစိတ်ခန်း၊ ဆရာဝန်အပြည့်စုံနဲ့ ဆေးရုံ ကြီးက ၃ နေရာမှာ ရှိတယ်။ နောက်ထပ် အရေးပေါ် ကုသရေး ဆေးရုံ၊ ဆေးပေးခန်းတွေလည်း ကျနော်တို့ တပ်မဟာ တခု မှာတောင် ၁၅ နေရာလောက် ရှိနေတယ်။ အဲဒီလိုပဲ တခြား တပ်မဟောတွေမှာလည်း အများကြီး ရှိပါတယ်။ ကျနော်တို့ အထဲမှာ CDM ဆရာဝန်၊ သူနာပြုတွေအပြင် စစ်တပ်ကနေ CDM လုပ်လာတဲ့ ဆရာဝန်တွေလည်း ပြန်ဝင် လုပ်ကိုင်ပေး နေကြပါတယ်” လို့ မြေပြင်အခြေအနေကို ပြောပြပါတယ်။

ကရင်ပြည်နယ်လို နေရာမျိုးမှာတောင် လက်ရှိ ဆေးဝါးသယ်ယူရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားမှုနဲ့ ဆေးဝါးဈေးနှုန်း အဆမတန် မြင့်တက်မှုတွေကြောင့် ဆေးဝါး ရရှိမှုအပိုင်းမှာ အခက်အခဲ ဖြစ်နေပါတယ်လို့ ဆိုပါတယ်။ NUG ဆီက ဆေးဝါး ထောက်ပံ့မှု အနည်းငယ် ရနေပေမယ့်လည်း ပြည်သူတွေ ထောက်ပံ့မှုက အများဆုံးလို့ သူက ဆိုပါတယ်။

ကရင်ပြည်နယ်မှာရှိတဲ့ ဒေါက်တာ ကယ်ဗင် တို့ ဆေးရုံတွေမှာဆိုရင် လက်နက်ကြီး ထိမှန်တဲ့ အရပ်သားတွေ၊ တော် လှန်ရေး တပ်ဖွဲ့ဝင်တွေ၊ စစ်ရှောင်တွေအပြင် ကရင်ပြည်နယ်အတွင်းက တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း တော် တော်များများကိုလည်း ဆေးကုသမှု ပေးနေရပါတယ်။

“သူတို့က လူမဆန်ပေမယ့် ကျနော်တို့ကတော့ လူသား ဆန်ရပါတယ်။ ဆရာဝန်ဆိုတာ အသက်တွေ ကယ်ပေးရတယ်။ စစ်ကောင်စီဘက်က သုံ့ပန်းတွေဟာ ရောက်လာရင် ထိပ်တိုက် တိုက်ပွဲတွေကနေ ဒဏ်ရာတွေရလာတာ ဆိုတော့ သူတို့ ရတဲ့ ဒဏ်ရာက တော်တော် ဆိုးတာများတယ်။ အသက် မသေရုံရတဲ့ ဒဏ်ရာတွေကို ကျနော်တို့က အသက်ရှင်နိုင်အောင် ကုသပေးရပါတယ်” လို့ ဒေါက်တာ ကယ်ဗင် က ဆိုပါတယ်။

တူမီးနဲ့ စခဲ့တဲ့ ချင်းပြည်နယ်

ချင်းပြည်နယ်မှာဆိုရင်လည်း ချင်းဒေသ ကာကွယ်ရေး တပ်ဖွဲ့ (CDF) လို့ခေါ်တဲ့ ဒေသခံ တော်လှန်ရေး အင်အားစုဟာ တူမီးနဲ့ စတင် တော်လှန်ခဲ့ရာကနေ အခုဆိုရင် ကိုယ်တိုင်ထုတ်တဲ့ လက်နက်ခဲယမ်းတွေနဲ့အပြင် ခေတ်မီလက်နက်တချို့နဲ့ စစ်အာဏာရှင်ကို ရင်ဆိုင် တိုက်ပွဲဝင်နေကြပါတယ်။

တိုက်ပွဲမှာ ဒဏ်ရာ ရလို့ဖြစ်စေ၊ လက်နက်ထုတ်ရာမှာ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရလို့ ဖြစ်စေ အသက်ဆုံး ရှုံးခဲ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် အရေအတွက်ဟာလည်း မနည်းလှပါဘူး။ ချင်းပြည်နယ်ရဲ့ ကျန်းမာရေးကုသမှုအပိုင်းက တော့ ကရင်ပြည်နယ်ထက်ကို အခြေအနေ ဆိုးနေပါတယ်။

အဓိက ကတော့ တောင်တွေ အထပ်ထပ်ကြားကနေ တနေရာနဲ့ တနေရာကို သွားဖို့ မလွယ်ကူလှသလို၊ ဒဏ်ရာရ တပ်ဖွဲ့ ဝင်တွေကို သယ်ဆောင်ရာမှာလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အသက်ဆုံးရှုံးမှုတွေလည်း ကြုံနေရပါ တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

ချင်း ကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်) တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ဘက်မှာ ဆေးဆရာဝန်လည်း မရှိဘူး။ CDM လုပ်တဲ့သူ နည်းနည်းရှိပေမယ့် တော်လှန်ရေးမှာလည်း မဝင်ပါကြဘူး။ စစ်ဘေးရှောင်တွေရော တပ်ဖွဲ့ဝင်တွေရော ထိခိုက်ဒဏ်ရာရ ရင် အနီးစပ်ဆုံးမြို့က ဆေးရုံမှာ သွားကုသရတာ။ အဲဒီမှာ ဆရာဝန်ရှိပေမယ့် ဆေးဝါးနဲ့ ကိရိယာတွေ မရှိဘူး။ အဲဒီမှာ အဆင်မပြေဘူးဆိုရင် အိန္ဒိယ နယ်စပ်ဖြတ်ပြီး တဖက်ကို သွားကုရတယ်” လို့ပြောပါတယ်။

သူကတော့၂၀၂၁ ခုနှစ်က မိုင်းစမ်းသပ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နှစ်ဖက် ဆုံးရှုံးခဲ့ရတဲ့အပြင် မျက်လုံးတဖက် မျက်ကြည်လွှာကိုလည်း ထိခိုက်ခဲ့ပါတယ်။

ချင်းပြည်နယ်ရဲ့ မြို့တိုင်းလိုလို တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနေပေမယ့် မင်းတပ်၊ ဟားခါးတို့လို မြို့ကြီးတွေကလွဲလို့ တချို့မြို့ တွေမှာ ဆရာဝန်၊ ဆေးဝါးကတော့ ရှားပါးလှပါတယ်။

မင်းတပ်လို မြို့ကြီးမှာတော့ အာဏာစသိမ်းကာစမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ မင်းတပ် ဆေးရုံတခုလုံး နီးပါး CDM လုပ်ဆောင်ခဲ့ကြပါတယ်။ လက်ရှိမှာလည်း CDM အားကောင်းနေသလို တော်လှန်ရေးမှာ ပြန်ဝင် လှုပ်ရှားနေတဲ့ ဆရာဝန်/ သူနာပြုတွေလည်း များပြားပါတယ်။

ချင်းပြည်နယ်မှာတော့ လူသူကင်းဝေးနဲ့တနေရာ၊ စစ်ကြောင်းတွေနဲ့ အတော်အတင့် ကွာဝေးတဲ့နေရာတွေက တိုက်နယ် ဆေးရုံဆေးခန်းတချို့ဟာ အခုဆိုရင် ရှေ့တန်းဆေးရုံတွေအဖြစ် ပြန်လည်ပတ်နေကြပါပြီ။

မြို့တွေအလိုက် တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းလို့ ခွဲခြားထားပြီး စုစုပေါင်း ဆေးကုသလို့ရတဲ့ နေရာ၂၀ ကျော် ရှိပါ တယ်။ မင်းတပ်မြို့ကတော့ တောင်ဘက်ခြမ်းမှာ ပါဝင်ပါတယ်။ မင်းတပ်မှာရှိတဲ့ ဆေးရုံဆီကို ကန်ပက်လက်၊ ယော၊ ဆော စတဲ့ နီးစပ်ရာမြို့တွေက လာပြီး ကုသကြပါတယ်။ မင်းတပ်မြို့မှာတင် ဆေးကုသမှုပေးနိုင်တဲ့ ဆေးရုံ ၃ နေရာလောက် ရှိ တယ်လို့ မင်းတပ်မြို့ ဆေးရုံတခုကို ဦးစီးနေတဲ့ CDM အထက်တန်း သူနာပြု ဆရာမ အက်စတာ (အမည်လွှဲ) က ဆိုပါ တယ်။

ကုသပေးရတဲ့ အထဲမှာ စစ်ရှောင် ပြည်သူတွေလည်းပါသလို တော်လှန်ရေး ရဲဘော်တွေလည်း ပါ ပါတယ်။ စစ်ရှောင်နဲ့ ပြည်သူတချို့ဟာဆိုရင် ကျန်းမာရေးအတွက် လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဆေးရုံကို သွားရောက် ကုသမှု အရေ အတွက်က နည်းသွားပြီး သူမတို့လို ဆေးရုံတွေကို အားကိုးကြတာ များတယ်လို့လည်း ဆိုပါတယ်။

“မင်းတပ်အနေနဲ့ကတော့ CDM လည်း အားကောင်းသလို၊ အခုဆိုရင် တခြားမြို့တွေကနေ လာပြီး ကျမတို့ဆီ ဝင်အား ဖြည့်နေတာတွေ ရှိပါတယ်။ အဓိက ကတော့ ဆေးဝါးနဲ့ ဆေးပစ္စည်း အခက်အခဲပါ။ ဆေးဝါး မလုံလောက်ဘူး။ ခွဲစိတ် ဆရာဝန်တွေ ရှိပေမယ့် သားဖွား မီးယပ်၊ အရိုး၊ ခွဲစိတ် ဆရာဝန်တွေတော့ လိုနေပါသေးတယ်” လို့ ဆရာမ အက်စတာ က ပြောပြပါတယ်။

လွတ်မြောက်နေရာလို့ ပြောနေပေမယ့်လည်း စစ်ကြောင်း ထိုးလာရင် ရှောင်နေကြရသလို တိုက်ပွဲ အခြေအနေ လေယာဉ် သံ စတဲ့ အခြေအနေတွေကိုလည်း အမြဲ နားစွင့်နေရတယ်လို့ သူမက ဆိုပါတယ်။ ဒါ့ပြင် အထုပ်တွေကိုလည်း အဆင်သင့် ပြင်ထားရတယ်လို့လည်း ပြောပါတယ်။

မြေပြင် တပ်ဖွဲ့ဝင်တွေနဲ့အတူ ပါဝင်နေတဲ့ သူနာပြု၊ ဆေးတပ်သားတွေရှိနေသလို တိုက်ပွဲတွေဖြစ်တဲ့အခါ တပ်ဖွဲ့ဝင်တွေ နဲ့အတူ ထိခိုက်ဒဏ်ရာရသူတွေကို ရှေးဦးပြုစုနည်းတွေနဲ့ ကုသပေးဖို့အတွက် လိုက်ပါနေတဲ့ ဆေးတပ်ဖွဲ့တွေလည်း ရှိနေ ပါတယ်။

မင်းတပ် CDF တပ်ဖွဲ့ဝင် တဦးကတော့ “မလုံလောက်ပေမယ့် ရှိတဲ့ ဆရာဝန်တွေက အကောင်းဆုံး ကြိုးစားပေးကြတယ်။ ဆေးဝါး မလုံလောက်မှုတွေကြားကနေ Minor operation တွေအတွက်တော့ အတတ်နိုင်ဆုံး လုပ်ပေးကြတယ်။ နယ်မြေ ဒေသ အကျယ်ကြီးမှာ ၁၀ ယောက် မပြည့်တဲ့ ဆရာဝန်အင်အားနဲ့ ကြိုးစားလုပ်နေကြတာ မြင်မိတယ်” လို့ ပြောဆိုပါ တယ်။

တိုက်ပွဲ မပြတ်တဲ့ စစ်ကိုင်းတိုင်း

ချင်းပြည်နယ်နဲ့ တဆက်တည်းဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပါတယ်။ ကလေးဒေသခံ တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတခုမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ တဖွဲ့ဖြစ်တဲ့ VAKOK– CNDF တပ်ဖွဲ့က ခေါင်းဆောင်တဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေစဉ် (ဓာတ်ပုံ- ကိုနွေဦးမြောင်)

“တိုက်ပွဲမှာ ကျနော့်ရဲ့ လက်ကို ထိသွားတယ်။ ဒဏ်ရာက အရိုးကိုထိသွားတဲ့အတွက် အထဲမှာ ထည့်တဲ့ဆေးပစ္စည်းက အစ မရှိတော့ ဆရာတွေက အဆင်ပြေအောင် ရှိတဲ့ပစ္စည်းတွေနဲ့ပဲ ကုသပေးလိုက်ကြတယ်။ ကျနော် ကုသခဲ့ရတဲ့ ဆေးရုံမှာဆို ရင် ရွာသားတွေရော၊ တပ်ဖွဲ့ဝင်တွေရော ဆေးကုသဌာနတောင် မဆန့်ဘူး” လို့ VAKOK – CNDF ခေါင်းဆောင် က ဆိုပါ တယ်။

ရွာသား အများစုကတော့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းထိမှန် ဒဏ်ရာရခဲ့ကြတာ များတယ်လို့ ဆိုပါတယ်။ သူကုသခဲ့တဲ့ ဆေးရုံမှာ ခွဲစိတ်ဆရာဝန် ၂ ဦးနဲ့ သူနာပြုတွေရှိနေပြီး မနားတမ်း ခွဲစိတ်မှုတွေ ပြုလုပ်နေတာကို မြင်တွေ့ခဲ့ရကြောင်း ပြန် လည် ပြောပြပါတယ်။

“ဆရာဝန်တွေလည်း တအား ညည်းနေကြတယ်။ အဓိက ဆေးဝါးက ပြဿနာပေါ့။ ရှေ့ကလူနာကို ကုသပေးလိုက်ရင် နောက်လူနာအတွက် မကျန်တော့တာမျိုး၊ နေရာလည်း မဆန့်လို့ အရေးမကြီးတဲ့ လူနာတွေဆိုရင် ဆင်းစေပြီး ကိုယ့်အိမ် ကိုယ် ပြန်နေခိုင်းတယ်။ အရေးကြီးတဲ့ လူနာဆို ဆေးရုံမှာ ထားတယ်၊ အဲဒီလို လှည်ပတ်နေရတယ်” လို့ ဆိုပါတယ်။

သြဂုတ်လထဲမှာ နောက်ဆုံးတိုက်ခဲ့တဲ့ တိုက်ပွဲမှာဆိုရင် VAKOK – CNDF တပ်ဖွဲ့ဝင်တဦးရဲ့ အဆုတ်ကို ကျည် ထိမှန်ခဲ့လို့ ဆေးရုံကို လာခဲ့ပေမယ့်လည်း လမ်းခရီးကြန့်ကြာမှုကြောင့် သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သူ့ တပ်ဖွဲ့ဝင် အကြောင်းကို ပြန်ပြောပြပါတယ်။

စစ်ကိုင်းတိုင်းထဲက တိုက်ပွဲ ပြင်းထန်တဲ့နေရာတွေမှာဆို ကျန်းမာရေး ဝန်ထမ်း မလုံလောက်လို့ တချို့ အချိန်တွေမှာ ဆေးမြီးတိုနဲ့ပဲ ကုသနေကြရတယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ဦးဆောင်သူ ဗိုလ်နဂါးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေစဉ် (ဓာတ်ပုံ- ကိုနွေဦးမြောင်)

“ကျနော်တို့ဆီမှာ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်ဖြစ်နေတယ်။ လုံလောက်တဲ့ ဆေးပညာရှင်တွေ မရှိဘူး။ အရိုး အကြော လိုမျိုး ဆရာဝန်တွေ မရှိဘူး။ မြေပြင်မှာ CDM ဆရာဝန်၊ သူနာပြုတွေ၊ Volunteers တွေ ရှိပေမယ့် ပြည့်စုံ လုံလောက်မှု တော့ မရှိသေးပါဘူး။ ရှေ့လျှောက်လည်း တိုက်ပွဲ အရှိန် မြင့်လာတော့မှာမို့ ဆေးကုသရေးအပိုင်းကို အားဖြည့်ကူညီပေးဖို့ အရမ်း မျှော်လင့်နေပါတယ်” လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေး ဝန်ထမ်းတချို့နဲ့ ကျေးလက်ဆေးခန်းတွေ၊ မိုဘိုင်းဆေးခန်းတွေ၊ ယာယီဆေးရုံတွေ လုပ် ဆောင်ပေးဖို့ ဆွေးနွေးနေတာတွေ ရှိနေပြီး ဆရာဝန်တွေ လိုအပ်နေသေးတယ်လို့ ဗိုလ်နဂါးက ပြောပါတယ်။

တော်လှန်ရေး အားကောင်းတဲ့ ကယားပြည်နယ်

စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့ နောက်နေရာ တခုကတော့ ကယားပြည်နယ်ပါ။ ပြည်နယ်သေးသေး လေးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အားကောင်းမောင်းသန် တိုက်ခိုက်နေတဲ့နေရာပါ။ အဲဒီလို နေရာမျိုးက ဒေသ ကာ ကွယ်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ တိုက်နယ် ဆေးရုံတချို့မှာ ကျန်းမာရေး ကုသမှုအပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြသလို၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။

ကယားပြည်နယ်အတွင်းရှိ ရွေ့လျားခွဲစိတ်ခန်း တခု

CDM ဆရာဝန်တွေ၊ သူနာပြုတွေ ဦးဆောင်တဲ့ ရွေ့လျားဆေးခန်းတွေလည်း ရှိသလို ပြီးခဲ့တဲ့ ဇူလိုင်လမှာ Rx622 လို့ နာမည်ပေးထားတဲ့ ကွန်တိန်နာကားထဲမှာ တည်ဆောက်ထားတဲ့ ရွေ့လျားခွဲခန်းတခုကို ပြည်သူများထံ ချပြခဲ့ပါတယ်။

ကျန်းမာရေး ကုသပေးတဲ့နေရာ အနီးတဝိုက်ကို လက်နက်ကြီး၊ လေယာဉ်တွေနဲ့ တိုက်ခိုက်တာ မကြာခဏ ကြုံလာ ရတဲ့အတွက် ခွဲစိတ်ကုသဖို့အတွက် အခက်အခဲဖြစ်လာလို့ အခုလို ရွေ့လျား ခွဲခန်းတခုကို စီစဉ်ရတဲ့အကြောင်း RAY Medical Movement အဖွဲ့က ဆိုထားပါတယ်။

ကယားပြည်နယ်မှာလည်း ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ရာအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ လိုအပ် နေသလို၊ ဆေးဝါး ထောက်ပံ့မှုလည်း လိုအပ်နေဆဲ ဖြစ်ပါတယ်။

NUG ရဲ့ ဆေးတပ်

မြန်မာနိုင်ငံတဝန်းက တော်လှန်ရေး တပ်ဖွဲ့တွေ အများစုမှာတော့ CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဆင့်ဆင့် လက် ဆင့်ကမ်း သင်ကြားပေးထားတဲ့ ဆေးတပ်သားတွေ ရှိနေပါတယ်။ ဆေးတပ်သားတွေဟာ ရှေ့တန်း စစ်မြေပြင်ထိ လိုက် ပါပြီး ထိခိုက်ဒဏ်ရာရသူတွေကို ရှေးဦးပြုစုနည်းတွေနဲ့ လုပ်ဆောင်ပေးပြီး လိုအပ်တဲ့ ဆေးခန်း၊ ဆေးရုံတွေကို ပို့ဆောင် ပေးတာတွေ ပြုလုပ်ပေးရတာ ဖြစ်ပါတယ်။

NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ဆေးတပ်ဖွဲ့စည်းဖို့ ဆောင်ရွက်နေတာရှိသလို၊ ရှေးဦးပြုစုနည်း သင်တန်း ပေးခြင်း၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ သင်တန်းပေးတာတွေ လုပ်ဆောင်နေပါတယ်။

ဒါ့ပြင် CDM ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်တဲ့ အွန်လိုင်းကနေ ပြည်သူတွေကို ဆေးကုသပေးနေတဲ့ တယ်လီကျန်းမာ၊ ဖက်ဒရယ် ကျန်းမာရေးစနစ် ထူထောင်ခြင်း၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အမျိုးသား ကျန်း မာရေး ကော်မတီ၊ ဖက်ဒရယ် ကျန်းမာရေးပညာရှင်များ ကောင်စီ၊ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဖက်ဒရယ် ကျန်းမာရေး ဌာန စတာတွေ ဖွဲ့စည်းထားပါတယ်။

တိုက်ပွဲတွေ အရှိန် မြှင့်တော့မယ်လို့ NUG ကြေညာခဲ့သလိုပဲ လက်ရှိမှာလည်း နေရာအနှံ့ စစ်မီးက တောက်လောင်လျက် ရှိပါတယ်။ တိုက်ပွဲတွေကြားမှာ အပြစ်မရှိတဲ့ အရပ်သားပြည်သူတွေ စစ်ပွဲကြားမှာ ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိနေပြီး အဲဒီလို အရပ်သား ထိခိုက်သူတွေကို တာဝန်ယူ ကုသပေးရတဲ့သူတွေကတော့ စစ်အာဏာရှင်ကို တော်လှန် အာခံနေဆဲ ဆေးလုပ်သားတွေပဲ ဖြစ်ပါတယ်။

မူလက ရာထူးတာဝန်တွေ၊ မိသားစုတွေကို စွန့်ခဲ့ရပြီး တော်လှန်ရေးမှာ ပါဝင်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ တနေရာက ကျန်းမာရေး ဝန်ထမ်း အက်စတာ ကတော့ တော်လှန်ရေးကြီး ပြီးဆုံးသွားလို့ စစ်အာဏာရှင် ပြုတ်ကျပြီး ဒီမိုကရေစီပြန်ရ တဲ့အချိန်ကျရင် သူမရဲ့ မူလအိပ်မက်ကိုပဲ ဆက်လက် အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။

“မိခင် ဆေးရုံမှာပဲ အလုပ်ပြန်ဆင်းပြီး ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြန်ပေးချင်ပါတယ်”

You may also like these stories:

ဒဏ်ရာရ စစ်သားများ ပြန်ခေါ်ရန် AA ပြောသော်လည်း စစ်ကောင်စီ အကြောင်းမပြန်

လက်ယက်ကုန်းမှ ကလေးငယ်များ လွတ်မြောက်ရေး အကူအညီမဲ့နေ

တိုက်ပွဲ တိမ်းရှောင်နေသည့် ပညာရေးဝန်ထမ်းများကို ဖိအားပေး၍ပြန်ခေါ်နေ

ဆိုးရွားသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများ မြန်မာစစ်တပ်ကျူးလွန်နေဟု အမေရိကန်သမ္မတ ပြော

Loading