ဆောင်းပါး

သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် စာရင်းတွင် မြန်မာပါဝင်လာ

မြန်မာစစ်တပ်က မီဒီယာများကို ဖိနှိပ်ဖြိုခွဲသောကြောင့် မြန်မာသည် သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် အဆိုးဆုံးနိုင်ငံများစာရင်းတွင် ပါဝင်လာကြောင်း အစီရင်ခံစာသစ်အရ သိရသည်။

နယူးယောက်အခြေစိုက် သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းဖြစ်သည့် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က မြန်မာနိုင်ငံကို ကမ္ဘာ့ပြစ်မှုကျူးပြီး အရေးယူမှုမရှိသည့် စာရင်း Global Impunity Index တွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်တွင် ထည့်သွင်းလိုက်သည်။ လွန်ခဲ့သော ၁၀ နှစ်အတွင်း သတ်ဖြတ်ခံရသော သတင်းသမား ၅ ဦးတွင် ၃ ဦးသည် စစ်ကောင်စီက ဖမ်းဆီးထားစဉ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း CPJ ၏ သုတေသနက ဖော်ပြနေသည်။

နိုဝင်ဘာလ ၁ နေ့က ထုတ်ပြန်သည့် ထိုစာရင်းတွင် ဆိုမာလီယာနိုင်ငံသည် ထိပ်ဆုံးမှ ပါဝင်နေသည်မှာ ၈ နှစ်ကြာပြီ ဖြစ်သည်။ သတင်းသမားသတ်ဖြတ်ခံရမှု အများဆုံးနှစ်အဖြစ် စံချိန်တင်တော့မည် မက္ကစီကိုတွင် သတင်းသမား တဒါဇင်ကျော် သတ်ဖြတ်ခံရပြီး သတင်းသမားများ သတ်ဖြတ်ခံရပြီး အရေးယူမှုမရှိခြင်းကို မှတ်တမ်းတင်သည့် ထိုစာရင်းတွင် ဆဋ္ဌမ နေရာမှ ပါဝင်လာသည်။

“ဒီစာရင်းမှာ မြန်မာနိုင်ငံ ပထမဆုံးအကြိမ် ပါဝင်လာတဲ့အချက်နဲ့ သတင်းသမားတွေကို ထောင်ချမှုစာရင်း ထိပ်ပိုင်းမှာ ရှိနေတယ်ဆိုတဲ့အချက်ဟာ စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းပြီး ဘယ်လောက် ဖိနှိပ်တယ်ဆိုတာနဲ့ ဆန္ဒပြသူတွေနဲ့ စစ်ကောင်စီအကြောင်း သတင်းဖော်ပြဖို့ ကြိုးစားသူတွေကို ဖြိုခွဲတာ ဘယ်လောက် ပြင်းထန်တယ်ဆိုတာကို ပြသနေတယ်” ဟု CPJ ဥက္ကဋ္ဌ ဂျိုဒီဂင်းစဘတ်က VOA သို့ ပြောသည်။

“ဒီစာရင်းမှာ မြန်မာနိုင်ငံ ပထမဆုံးအကြိမ် ပါဝင်လာတဲ့အချက်နဲ့ သတင်းသမားတွေကို ထောင်ချမှုစာရင်း ထိပ်ပိုင်းမှာ ရှိနေတယ်ဆိုတဲ့အချက်ဟာ စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းပြီး ဘယ်လောက် ဖိနှိပ်တယ်ဆိုတာနဲ့ ဆန္ဒပြသူတွေနဲ့ စစ်ကောင်စီအကြောင်း သတင်းဖော်ပြဖို့ ကြိုးစားသူတွေကို ဖြိုခွဲတာ ဘယ်လောက် ပြင်းထန်တယ်ဆိုတာကို ပြသနေတယ်” ဟု CPJ ဥက္ကဋ္ဌ ဂျိုဒီဂင်းစဘတ်က VOA သို့ ပြောသည်။

စစ်ကောင်စီသည် သတင်းသမား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထားသောကြောင့် ကမ္ဘာတွင် မီဒီယာ လုပ်သားများကို ဖမ်းဆီးမှုအများဆုံး နိုင်ငံများစာရင်းတွင် မြန်မာကို CPJ က ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် ထည့်သွင်းခဲ့သည်။

သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူခံရခြင်း မရှိသောကြောင့် မြန်မာနိုင်ငံတွင် သတင်းရယူဖော်ပြရန် ပိုမိုခက်ခဲစေသည်ဟု သတင်းသမားဟောင်းတဦးက ပြောသည်။ ထိုအယ်ဒီတာသည် ပြည်တွင်းတွင်သာ ရှိနေသေးသောကြောင့် သူ၏ အမည်ကို မဖော်ပြရန် တောင်းဆိုခဲ့သည်။

“ဓာတ်ပုံရိုက်၊ သတင်းယူတဲ့ သတင်းသမားတွေကို စစ်တပ်က သတ်ဖြတ်နိုင်တယ်ဆိုတဲ့ သတင်းစကားကို ပေးလိုက်တာပါ” ဟု သူက VOA သို့ ပြောသည်။ “လုံခြုံတယ်လို့ မခံစားရဘူး။ ညဘက်ဆို ကျနော့်အိမ်တံခါးဝကို သူတို့အချိန်မရွေး ရောက်လာနိုင်တယ်လို့ ခံစားနေရတယ်”။

ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားရာမှာ သေဆုံးသွားသူ နှစ်ဦး၏ မှုခင်းဆိုင်ရာ အစီရင်ခံစာတွင် နှလုံးရောဂါနှင့် သေဆုံးကြောင်းနှင့် ထိုအမှုများအား ပိတ်သိမ်းထားပြီး ဖြစ်ကြောင်း မြန်မာစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA ကို ပြောသည်။ တတိယသတင်းထောက် Pu Tuidim နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ အစီရင်ခံစာ သို့မဟုတ် အချက်အလက် မရှိကြောင်း ၎င်းက ပြောသည်။

ဖမ်းဆီးခံထားရသည့် သတင်းထောက်များကို ၎င်းတို့၏ အလုပ်အတွက်မဟုတ်ဘဲ အကြမ်းဖက် လှုပ်ရှားမှု သို့မဟုတ် ဆူပူလှုံ့ဆော်မှုများကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အလွတ်တန်း ဓာတ်ပုံသတင်းထောက် စိုးနိုင် ဖမ်းဆီးခံရချိန်တွင် အာဏာပိုင်များက အကြမ်းဖက်အဖွဲ့အစည်းများအား ပံ့ပိုးကူညီသော အထောက်အထားများနှင့် “မှတ်တမ်းဓာတ်ပုံများအား မီဒီယာသို့” ဖြန့်ဝေနေကြောင်း တွေ့ရှိခဲ့သည်ဟုလည်း ဇော်မင်းထွန်းက ပြောသည်။ ဓာတ်ပုံဆရာ ကိုအေးကျော်ကို ရဲက ဖမ်းဆီးလိုက်ချိန်၌ သေနတ်တလက်နှင့် လက်ပစ်ဗုံးနှစ်လုံးကို တွေ့ရှိခဲ့ကြောင်းနှင့် နှစ်ဦးစလုံး အချုပ်ခန်းတွင် နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်တပ်သည် သတင်းသမားများ အပေါ်တွင်သာမက အခြားသူများအပေါ် ၎င်းတို့ကျူးလွန်သော ပြစ်မှုများအတွက် အရေးယူမခံရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင် အခြေစိုက်သည့် ပြင်သစ်အလွတ်သတင်းသမား ဂျူးလိယက် ဗာလင်က ပြောသည်။

“တခုခုဖြစ်ရင် အကာအကွယ်ပေးနိုင်တဲ့သူ ဘယ်သူမှမရှိဘူး။ စစ်တပ်က ရေဘဝဲနဲ့တူတဲ့ ယန္တရားတခုဖြစ်ပြီး လူတယောက်ကို ချက်ချင်းပစ်မှတ်ထားဖို့ ဆုံးဖြတ်ပြီး သတ်ဖြတ်နိုင်တယ်” ဟု VOA သို့ပြောသည်။ “ဒေသခံ သတင်းသမားတွေဟာ အချိန်ပြည့် ခြိမ်းခြောက်ခံနေရပြီး စစ်ကောင်စီက ပြစ်မှုကျူးလွန်ပြီး အရေးယူမခံရတဲ့အတွက် သတင်းရယူတင်ပြတဲ့ လုပ်ငန်းမှာ အလွန်ဆိုးရွားတဲ့ လုပ်ငန်းပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေတယ်” ဟု သူမက ပြောသည်။

အန္တရာယ်ကျရောက်နိုင်မှုသည် အမြင့်မားဆုံးဖြစ်လာကြောင်း ၂၀၂၁ ဧပြီလတွင် နိုင်ငံမှ ထွက်ပြေးလာသော အလွတ်သတင်းထောက် ကိုကျော်ဆန်းလှိုင်က VOA သို့ ပြောသည်။ “ရှင်းရှင်း ပြောရရင် အသက်ပါ ဆုံးရှုံးသွားနိုင်တယ်” ဟု သူကပြောသည်။

အန္တရာယ်ကျရောက်နိုင်မှုသည် အမြင့်မားဆုံးဖြစ်လာကြောင်း ၂၀၂၁ ဧပြီလတွင် နိုင်ငံမှ ထွက်ပြေးလာသော အလွတ်သတင်းထောက် ကိုကျော်ဆန်းလှိုင်က VOA သို့ ပြောသည်။ “ရှင်းရှင်း ပြောရရင် အသက်ပါ ဆုံးရှုံးသွားနိုင်တယ်” ဟု သူကပြောသည်။

တာဝန်ခံမှုကင်းမဲ့

အခြားသူများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကဲ့သို့ပင် သတင်းသမားများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တရားမျှတမှုကို အချိန်တိုအတွင်း ရမည်မထင်ကြောင်း VOA နှင့် ပြောဆိုခဲ့သော မြန်မာသတင်းသမားများက ပြောသည်။

ထိုသို့သော အမြင်သည် ကမ္ဘာ့ ပကတိအခြေအနေနှင့်လည်း ကိုက်ညီသည်။ လွန်ခဲ့သော ဆယ်စုနှစ် တခုအတွင်း သတင်းသမားသတ်ဖြတ်ခံရသည့် အမှုပေါင်း ၂၆၃ ခုအနက် ၈၀ ရာခိုင်နှုန်းအတွက် မည်သူကမျှ တာဝန်ခံခြင်းမရှိကြောင်း CPJ က ဖော်ပြသည်။

သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် နိုင်ငံများ စာရင်း

မှတ်သားစရာ ကောင်းသောအချက်မှာ ယခုနှစ်စာရင်းတွင် ပါဝင်သောနိုင်ငံများအနက် ၆ နိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် ထိုစာရင်းကို စတင်ကောက်ယူချိန်မှ စတင်ပြီး နှစ်စဉ် ဆက်တိုက်ပါဝင်နေသော နိုင်ငံများ ဖြစ်နေသည်ဟု ဂင်းစဘတ်က ပြောသည်။ ထိုအချက်သည် တာဝန်ခံမှုကင်းမဲ့ခြင်းကို အခိုင်အမာပြသနေကြောင်း သူက ပြောသည်။

ထိုနိုင်ငံများတွင် ဆိုမာလီယာ ပါဝင်သည်။

ထိုနိုင်ငံမှ သတင်းသမားများ ရင်ဆိုင်နေရသည့် အန္တရာယ်များကို ဖော်ပြလိုက်သော အချက်တခုမှာ အောက်တိုဘာ ၁၉ ရက်နေ့က မြို့တော်တွင် ပေါက်ကွဲမှုနှစ်ဆင့်အတွင်း ရုပ်သံသတင်းသမား မိုဟာမက် အစ်ဆီ ကိုနန် သေဆုံးပြီး အခြားသူနှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရခြင်းဖြစ်သည်။ ထိုဒဏ်ရာရသူများတွင် ဆိုမာလီရှိ VOA သတင်းဌာနတွင် အလွတ်ပါဝင်ရေးသားသူ အဗ္ဗဒူကဒါ မိုဟာမက် အဗ္ဗဒူလေ ပါဝင်သည်။

တိုက်ခိုက်သူများသည် ဒုတိယဗုံးကို အရေးပေါ် လာရောက် ကယ်ဆယ်သူများနှင့် သတင်းသမားများ ရောက်ရှိလာချိန်တွင် ဖောက်ခွဲခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုသည် အဗ္ဗဒူလေ အသက်မသေဘဲ လွတ်မြောက်လာသည့် ဒုတိယမြောက် တိုက်ခိုက်မှုဖြစ်သည်။

ထိုတိုက်ခိုက်မှုကို စစ်သွေးကြွ အယ်လ်ရှာဘတ်အဖွဲ့က ၎င်းတို့လုပ်ကြောင်း ကြေညာသည်။

ဆိုမာလီသတင်းသမားများသည် အယ်လ်ရှာဘတ်အဖွဲ့သာမက အစိုးရ၏ ဖမ်းဆီး အကြမ်းဖက်မှုများကိုလည်း ရင်ဆိုင်လုပ်ကိုင်နေရကြောင်း ဆိုမာလီသတင်းသမားများ စင်ဒီကိတ် (SJS) ဥက္ကဋ္ဌ မိုဟာမက် အီဘရာဟင်က အထက်ပါပေါက်ကွဲမှုများ မဖြစ်မီက VOA နှင့် ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် ပြောသည်။

“ကျူးလွန်သူတွေ အရေးယူခံရခြင်းမရှိတဲ့ မီဒီယာအသိုက်အဝန်းဟာ သေဆုံးနေရတယ်” ဟု အီဘရာဟင်က ပြောသည်။ “ဆိုမာလီမှာ စုံစမ်းဖော်ထုတ် ရေးသားတာမျိုး လုပ်လို့မရဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကျူးလွန်ပြီး အရေးယူမခံရတာက သတင်းသမားတွေရဲ့ လုံခြုံရေးကို ထိခိုက်စေလို့ဖြစ်တယ်။ သတင်းသမားတွေဟာ သူတို့လုံခြုံအောင်လို့ သတင်းကို ကိုယ်တိုင် ဆင်ဆာဖြတ်နေရတယ်” ဟုလည်း သူကပြောသည်။

“ကျူးလွန်သူတွေ အရေးယူခံရခြင်းမရှိတဲ့အတွက် မီဒီယာအသိုက်အဝန်းဟာ သေဆုံးနေရတယ်” ဟု အီဘရာဟင်က ပြောသည်။ “ဆိုမာလီမှာ စုံစမ်းဖော်ထုတ် ရေးသားတာမျိုး လုပ်လို့မရဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကျူးလွန်ပြီး အရေးယူမခံရတာက သတင်းသမားတွေရဲ့ လုံခြုံရေးကို ထိခိုက်စေလို့ဖြစ်တယ်။ သတင်းသမားတွေဟာ သူတို့လုံခြုံအောင်လို့ သတင်းကို ကိုယ်တိုင် ဆင်ဆာဖြတ်နေရတယ်” ဟုလည်း သူကပြောသည်။

အသေအကြေ တိုက်ခိုက်ခြင်းအပြင် ဖမ်းဆီးမှုများသည်လည်း နောက်ထပ် ပြဿနာတခုဖြစ်ကြောင်း အီဘရာဟင်က ပြောသည်။ သတင်းသမားများ ဆင်ဒီကိတ်မှ အထွေထွေအတွင်းရေးမှူး အဗ္ဗဒယ်လေ အာမက် မူမင်သည် အောက်တိုဘာလအတွင်း နှစ်ကြိမ် အဖမ်းခံရပြီး ထိုလုပ်ရပ်သည် ဆိုမာလီမှ သတင်းသမားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများကို ပြသသော လုပ်ရပ်ဖြစ်သည်ဟု သူယူဆသည်။

တစုံတရာမှတ်ချက်ပေးရန် VOA က တောင်းဆိုသည်ကို ဝါရှင်တန်ရှိ ဆိုမာလီသံရုံးက အကြောင်း ပြန်ကြားခြင်းမရှိပေ။

သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် အဆိုးဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်သည့် အခြားနိုင်ငံများမှာ ဆီးရီးယား၊ တောင်ဆူဒန်၊ အာဖဂန်နစ္စတန်၊ အီရတ်၊ ဖိလစ်ပိုင်၊ ဘရာဇီးလ်၊ ပါကစ္စတန်နှင့် အိန္ဒိယတို့ ဖြစ်သည်။

ထိုစာရင်းတွင် လွန်ခဲ့သော ဆယ်နှစ်အတွင်း မဖြေရှင်းနိုင်သော သတင်းသမား သတ်ဖြတ်မှု အရေအတွက်နှင့် လူဦးရေအချိုးအစားကို အခြေခံကာ နိုင်ငံများကို အဆင့်သတ်မှတ်သည်။ သတင်းလုပ်ငန်းအတွက် တိုက်ရိုက် ပစ်မှတ်ထားခံရသော သတင်းသမားများဟု CPJ က သတ်မှတ်သူများကိုသာ ထည့်သွင်းရေတွက်သည်။

ပြစ်မှုကျူးလွန်ပြီး အရေးယူမခံရခြင်း မြင့်မားနေသည့် အကြောင်းရင်း အများအပြားရှိကြောင်းနှင့် နိုင်ငံရေးအရ ပိုင်းဖြတ်မှုမရှိခြင်းလည်း ပါဝင်ကြောင်း ဂင်းစဘတ်က ရှင်းပြသည်။ ကျူးလွန်သူများကို အရေးယူရန် ရင်းမြစ်များ အာဏာပိုင်များတွင် မရှိသည့် အခြေအနေမျိုးလည်း မကြာခဏကြုံရကြောင်းလည်း သူကပြောသည်။

ပြစ်မှုကျူးလွန်ပြီး အရေးယူမခံရခြင်း မြင့်မားနေသည့် အကြောင်းရင်း အများအပြားရှိကြောင်းနှင့် နိုင်ငံရေးအရ ပိုင်းဖြတ်မှုမရှိခြင်းလည်း ပါဝင်ကြောင်း ဂင်းစဘတ်က ရှင်းပြသည်။ ကျူးလွန်သူများကို အရေးယူရန် ရင်းမြစ်များ အာဏာပိုင်များတွင် မရှိသည့် အခြေအနေမျိုးလည်း မကြာခဏကြုံရကြောင်းလည်း သူကပြောသည်။

သတင်းသမားများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျူးလွန်ပြီး အရေးယူမခံရသည့် ပြဿနာနှင့် ပတ်သက်သော ကုလသမဂ္ဂလုပ်ငန်း စီမံချက် ဆယ်နှစ်ပြည့် နှစ်ပတ်လည်သည် ယခုနှစ်တွင် ကျရောက်သည်။ ထိုစီမံချက်ကို ထူထောင်သည်မှာ ကမ္ဘာတဝှမ်းမှ သတင်းသမားများကို အကာအကွယ်ပေးရန်ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီလအတွင်းက မြန်မာသတင်းသမားများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု (ဓာတ်ပုံ/ဧရာဝတီ)

ထိုလုပ်ငန်း စီမံချက်ကြောင့် သတင်းသမားများ ရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှုများကို နိုင်ငံတကာက ပိုမိုအာရုံစိုက်လာသော်လည်း ထိုထက်မက အရေးယူဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ဂင်းစဘတ်က ပြောသည်။

ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ သက်ဆိုင်သူများအနေဖြင့် ပိုမိုလုပ်ဆောင်စေလိုကြောင်း အမည်မဖော်လိုသူ တဦးအပါအဝင် မြန်မာသတင်းသမားများက ပြောသည်။

သတင်းသမားများကို အကြမ်းဖက်သည့် လုပ်ရပ်များနှင့် ကျူးလွန်သူများ အရေးယူမခံရခြင်းသည် အဆိုးရွားဆုံး ဆင်ဆာဖြတ်တောက်မှု ပုံစံဖြစ်သောကြောင့် အရေးပါသော သတင်းလွတ်လပ်မှု ရှိ၊ မရှိ ဆုံးဖြတ်သည့် အချက်ဖြစ်လာကြောင်းလည်း ဂင်းစဘတ်က VOA သို့ ပြောသည်။

ကြိုတင်ဆင်ဆာဖြတ်တောက်ခြင်း၊ အွန်လိုင်းခြိမ်းခြောက်ခြင်း၊ ဥပဒေဖြင့် ခြိမ်းခြောက်ခြင်း၊ ထောက်လှမ်းခြင်းနှင့် သူလျှိုဆော့ဖ်ဝဲလ်များသုံးခြင်း စသည်တို့ အပါအဝင် သတင်းသမားများကို ဖိနှိပ်ရန်သုံးသည့် နည်းပရိယာယ်များ တိုးပွားလာကြောင်း CPJ က တွေ့ရှိရသည်။

သတင်းသမားတွေ ဆက်လက်အသတ်ခံနေရပြီး ကျူးလွန်သူတွေကို အရေးမယူမှု မြင့်မားနေတယ် ဆိုတဲ့အချက်ဟာ လူသတ်တာဟာ သတင်းပိတ်ဆို့ဖို့ နောက်ဆုံးနည်းဖြစ်ကြောင်း ဖော်ပြနေတယ် ဟုလည်း ဂင်းစဘတ်က ပြောသည်။

“သတင်းသမားတွေကို သတ်ဖို့ လက်မရွံ့ဘူးဆိုတဲ့အချက်က သတင်းသမားတွေဟာ အရေးပါပြီး အဖိုးတန်တဲ့ အလုပ်ကိုလုပ်နေကြောင်း အထင်းအရှားပြသနေတယ်” ဟုလည်း သူကပြောသည်။

(VOA မှ Liam Scott ၏ Military Coup Propels Myanmar Into Global Impunity Index ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

ဧရာဝတီသတင်းဌာနအပေါ် စစ်ကောင်စီ ခြိမ်းခြောက်မှု CPJ ရှုတ်ချ

ဧရာဝတီနှင့် ဘီဘီစီကို အရေးယူမည့် နောက်ကွယ် ဒုစစ်ခေါင်းဆောင် ပါဝင်

နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ခံရ

သေနတ်ကိုင် တော်လှန်ရေးသမား တဖြစ်လဲ သတင်းဓာတ်ပုံဆရာ

Loading