၂၀၂၃ ခုနှစ်မှာ မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၁ ကြိမ်မြောက် တောင်သူလယ်သမားနေ့ဟာဆိုရင် မြန်မာ့ စိုက်ပျိုးရေးကဏ္ဍမှာ အဆိုးဝါးဆုံး နှစ်တနှစ်ထဲ ပါဝင်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက နိုင်ငံတော် အာဏာကို သိမ်းယူပြီးတဲ့နောက် ဇန်နဝါရီလ ၁ ရက်ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ရာကနေ ဇန်နဝါရီလဟာ လယ်ယာရိတ်သိမ်းချိန်နဲ့ တိုက်ဆိုင်နေတာကြောင့်ဆိုပြီး ၁၉၆၅ ခုနှစ် မှာတော့ မတ်လ ၂ ရက်နေ့ကို ပြန်လည် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။
စစ်အစိုးရ အဆက်ဆက်မှာ တောင်သူလယ်သမားတွေရဲ့ ဘဝက ရှေ့တန်းရောက်မလာခဲ့သလို ၂၀၂၁ ခုနှစ် တကျော့ပြန်အာဏာသိမ်းမှုအကျိုးဆက်တွေကြောင့် အခုဆိုရင် ပိုဆိုးဝါးတဲ့ အခြေအနေဘက်ကို ဦးတည်နေခဲ့ ပါတယ်။
အာဏာသိမ်းမှုကို လက်မခံဘဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်တော်လှန်နေကြတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ အဓိက ဆန်စပါးနဲ့ ပဲမျိုးစုံထွက်ရှိရာ မြန်မာပြည် အထက်ပိုင်း၊ အလယ်ပိုင်းဒေသတွေ ပါဝင်နေပါတယ်။
အာဏာသိမ်းမှုကို လက်မခံဘဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်တော်လှန်နေကြတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ အဓိက ဆန်စပါးနဲ့ ပဲမျိုးစုံထွက်ရှိရာ မြန်မာပြည် အထက်ပိုင်း၊ အလယ်ပိုင်းဒေသတွေ ပါဝင်နေပါတယ်။
ရရာလက်နက်ကို စွဲကိုင်ပြီး စစ်ကောင်စီကို ခုခံစစ်ဆင်နွှဲနေကြတဲ့ ဒေသတွေအထဲမှာ ရွှေဘိုပေါ်ဆန်း စပါးထွက်ရှိရာ စစ်ကိုင်းတိုင်းကလည်း အပါအဝင်ဖြစ်သလို နေ့စဉ်နဲ့အမျှ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွား လျက်ရှိပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေကလည်း ရွာစဉ်ဆက် စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပါ တယ်။ စစ်ကြောင်းထိုးလာတဲ့အခါ လယ်သမားမိသားစုတွေဟာ အသက်ဘေးကလွတ်အောင် ထွက်ပြေးနေရသလို၊ စစ်တပ်က ရွာလုံးကျွတ်မီးရှို့တာတွေ၊ တွေ့သမျှ မြင်သမျှ ပစ်ခတ်သတ်ဖြတ်တာတွေ၊ ဝမ်းစာစပါး၊ မျိုးစပါး၊ လယ်ယာသုံး စက်ပစ္စည်း၊ ကျွဲ၊ နွားမကျန် စိုက်ပျိုးထားတဲ့ သီးနှံတွေကိုပါ မီးရှို့ ဖျက်ဆီးမှုကိုလည်း နေ့စဉ်နဲ့အမျှ ခံစားနေကြ ရပါတယ်။
အဲဒါကြောင့် လယ်သမားတွေဟာ စိုက်ပျိုးချိန် မစိုက်နိုင်၊ ရိတ်သိမ်းချိန်မှာ မရိတ်သိမ်းနိုင်ဘဲ အသက်နဲ့ကိုယ် တည်မြဲရေးအတွက်ပဲ တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။
တချို့ လယ်သမားတွေအနေနဲ့လည်း အခုလို ခေတ်ပျက်အချိန်မှာ အလုပ်သမားခ၊ စက်သုံးဆီခ၊ စိုက်ပျိုးရေးသုံး မြေဩဇာဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့ကြားက ခက်ခက်ခဲခဲ စိုက်ပျိုးထားရတဲ့ စပါး၊ ပဲ၊ နှမ်း အစရှိတဲ့ သီးနှံတွေဟာ စစ်ကောင်စီရဲ့ တပ်သားတွေနဲ့ ပျူစောထီးတွေရဲ့ ဖျက်ဆီးမှုခံနေရတဲ့အတွက် တချို့ကလည်း ရတဲ့ဈေးနဲ့ ကွင်းထဲမှာ ရောင်းကြရပါတယ်။
ဒါကြောင့်လည်း ဒီနှစ် မြေဩဇာအပြည့်အဝ မကျွေးနိုင်လို့ အထွက်နှုန်းကျလာတဲ့အပြင် ပြေးနေရလို့ မစိုက်ပျိုးနိုင်တာ တွေကြောင့်ပါ စပါးအထွက်နှုန်း လျော့ကျစေခဲ့ပါတယ်။ ဒီအချက်ကို အခွင့်ကောင်းယူတဲ့ကုန်သည်တွေ၊ ကုမ္ပဏီတွေ က နယ်တွေအထိ စပါးတွေ ဆင်းဝယ်တာကြောင့် ရွှေဘိုပေါ်ဆန်း စပါးဈေးက တင်း ၁၀၀ ကို ကျပ်သိန်း ၂၀ ကျော်ထိ မြင့်တက်နေပါတယ်။
အခုလို စပါးဈေးတွေ မြင့်တက်ခဲ့ပေမယ့်လည်း လယ်သမားတွေကတော့ ဈေးကောင်း မရခဲ့ပါဘူး။ စပါးရိတ်သိမ်းပြီး စစ်ကောင်စီရန်ကို ကြောက်တဲ့အတွက် ရတဲ့ဈေးနဲ့ အမြန် ပွဲစားတွေလက်ထဲ ထိုးအပ်လိုက်တာမို့ ကုန်သည်ပွဲစားတွေ သာ အမြတ်ကျန်ခဲ့ပါတယ်။
စပါးဈေးတွေ မြင့်တက်ခဲ့ပေမယ့်လည်း လယ်သမားတွေကတော့ ဈေးကောင်း မရခဲ့ပါဘူး။ စပါးရိတ်သိမ်းပြီး စစ်ကောင်စီရန်ကို ကြောက်တဲ့အတွက် ရတဲ့ဈေးနဲ့ အမြန် ပွဲစားတွေလက်ထဲ ထိုးအပ်လိုက်တာမို့ ကုန်သည်ပွဲစားတွေသာ အမြတ်ကျန်ခဲ့ပါတယ်။
စာသင်ကျောင်းပါမကျန် မီးရှို့ခံနေရတဲ့ ခင်ဦးမြို့နယ်၊ မုံလှရွာက တောင်သူ မဝိုင်း က “လယ်လုပ်စဉ်က အရင် ၃၅၀၀၀ ကျပ်ပေးရတဲ့ မြေဆီတအိတ်က ဒီနှစ်မှာ ၁ သိန်း ၃ သောင်းခွဲတို့ တချို့ဆိုရင် ၁ သိန်း ၈ သောင်း ထိတောင် အမျိုးအ စားအမျိုးမျိုး သုံးပြီး စိုက်ခဲ့ရတယ်။ ထွန်စက်ဆိုလည်း အရင်တုန်းက ၁ နာရီမှ ၂ သောင်း၊ ၃ သောင်းပေးပြီး ငှားလုပ် လို့ရတာ အခု ဆိုရင် ၆ သောင်း၊ ၇ သောင်းပေးပြီး ထွန်ယက်ရတယ်။ ရိတ်သိမ်းခဆိုရင်လဲ လယ်တဧက ၉ သောင်း၊ ၁ သိန်းကျပ်ထိ ပေးပြီး လုပ်ရတယ်။ ဒါပေမယ့် ထွက်လာတဲ့ စပါးကျတော့ သူတို့ (စကစ) ရဲ့ ရန်ကို ကြောက်လို့ တလင်း အတွင်းမှာပဲ စပါးတင်း ၁၀၀ ကို ကျပ် ၁၃ သိန်းခွဲကနေ အများဆုံး ၁၅ သိန်းကျပ်နဲ့ ရောင်းခဲ့ရတယ်” လို့ ပြောပြပါ တယ်။
တလင်း ဆိုတာကတော့ လယ်ထဲမှာ မြေကွက်ကျယ်တခုကို မြေပြောင်ချောအောင်လုပ်ပြီး စပါးတွေကို တနေရာထဲ မှာပဲ အသီးခြွေ ပုံထား၊ စုထားတဲ့နေရာဖြစ်ပြီး ဒီနေရာမှာပဲ စစ်ကောင်စီရဲ့ ရန်ကို ကြောက်တာကြောင့် ပွဲစားခေါ်ကာ ရတဲ့ဈေးနှင့် ရောင်းချခဲ့ရတာပါ။ ဒါကြောင့် ဈေးကောင်းနဲ့ တောင်သူလယ်သမားတွေ လွဲချော်ခဲ့ရပါတယ်။
ဈေးကောင်းတဲ့ အချိန်မှာတော့ တောင်သူတွေရဲ့ လက်ထဲမှာ ရောင်းစရာ စပါး မရှိတော့ပါဘူး။
တောင်သူတွေဟာ နှစ်စဉ်နှစ်တိုင်း စပါး ရိတ်သိမ်းပြီးတဲ့အခါ သီးနှံတွေကို မိမိတို့ အိမ်ဝိုင်း (ခြံ)ထဲမှာရှိတဲ့ စပါးကျီထဲ သိုလှောင်ထားကြတာပါ။ ဒါပေမယ့် ကျေးရွာတွေ မီးရှို့ခံရတဲ့အခါ အဲဒီ သိုလှောင်ထားတဲ့ သီးနှံတွေပါ မီးလောင်သွား ရသလို၊ တချို့ရွာတွေမှာတော့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးတာတွေလည်း ရှိနေပါတယ်။
ဒါ့ပြင် တချို့ရွာတွေမှာဆိုရင် စိုက်ပျိုးထားတဲ့ သီးနှံတွေ မှည့်ရင့်နေပေမယ့်လည်း စစ်ကောင်စီနဲ့ ပျူစောထီးရန် ကြောက်ရတာကြောင့် မရိတ်သိမ်းခဲ့ရတာတွေလည်း ရှိပါသေးတယ်။ ရွှေဘိုအရှေ့ဘက်အခြမ်းဖြစ်တဲ့ မင်းဘေး၊ ကြိုး ကြာ၊ တအုံ၊ အုံးပေါက် စတဲ့ဒေသက တောင်သူတွေက မြို့ပေါ်ကို သွားရောက် ရောင်းချတဲ့အခါ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ မပါလို့ စပါးနဲ့နှမ်းတွေကို စစ်တပ်က သိမ်းတာတွေလည်း ကြုံရပါတယ်လို့ တောင်သူတွေက ဆိုပါတယ်။
ရွှေဘို အနောက်ဘက်အခြမ်းမှာဆိုရင်လည်း တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို စစ်တပ်နဲ့ ပျူစောထီးတွေ ပေါင်းပြီး စပါးရိတ်စက်တွေနဲ့ ဝင်ရိတ်ခဲ့တာတွေ ရှိခဲ့သလို ကောက်စိုက်နေရင်း ပစ်သတ်ခံရတဲ့ ကောက်စိုက်သမတွေ လည်း ရှိတယ်လို့ ဒေသခံ လယ်သမားတွေထံက သိရပါတယ်။
စစ်တပ်က တရွာဝင်တရွာထွက် အိမ်၊ ဝမ်းစာစပါး၊ မျိုးစပါး၊ လယ်ထွန်စက်၊ ကျွဲ၊ နွားတွေကို မီးရှို့ ဖျက်ဆီးမှုကြောင့် အခုနှစ်မှာဆိုရင် တချို့သော လယ်သမားတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ရရာဈေးနဲ့ ရောင်းချပြီး စစ်ဘေးလွတ်ရာ မြို့ပေါ် ထွက်ပြေးတိမ်းရှောင်ကြသလို တချို့ လယ်သမား သားသမီးတချို့လည်း စစ်ဘေးကြောင့် နိုင်ငံရပ်ခြားမှာပဲ အလုပ် လုပ်ဖို့ ထွက်ခွာသွားကြတာတွေလည်း ရှိနေပါတယ်။
စစ်တပ်က တရွာဝင်တရွာထွက် အိမ်၊ ဝမ်းစာစပါး၊ မျိုးစပါး၊ လယ်ထွန်စက်၊ ကျွဲ၊ နွားတွေကို မီးရှို့ ဖျက်ဆီးမှုကြောင့် အခုနှစ်မှာဆိုရင် တချို့သော လယ်သမားတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ရရာဈေးနဲ့ ရောင်းချပြီး စစ်ဘေးလွတ်ရာ မြို့ပေါ် ထွက်ပြေးတိမ်းရှောင်ကြသလို တချို့ လယ်သမား သားသမီးတချို့လည်း စစ်ဘေးကြောင့် နိုင်ငံရပ်ခြားမှာပဲ အလုပ် လုပ်ဖို့ ထွက်ခွာသွားကြတာတွေလည်း ရှိနေပါတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်တပ်အာဏာသိမ်းမှုအောက်မှာ တိုင်းပြည်ကို အဘက်ဘက် ယိုယွင်းပျက်စီးစေသလို စိုက်ပျိုးတဲ့သူတွေကိုပါမကျန် ဒုက္ခပေးနေတာကြောင့် စားနပ်ရိက္ခာ မဖူလုံမှုအပါအဝင် ငတ်မွတ်ခေါင်းပါးမှု ဆင်းရဲမွဲ တေမှုကို ပိုပြီးတော့ ဦးတည်နေပါတယ်။
စစ်တပ်ရဲ့ ဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး တောင်သူ မဝိုင်းက “ကျမတို့ တောင်သူတွေက လုပ်ရတဲ့အချိန်မှာ အရင်းနှီး အကြီးကြီးတွေ ပေးလုပ်ရပြီး ကိုယ်ခံစားရမယ့် အချိန်ကျတော့ ကိုယ့်လက်ထဲ စပါး မရှိတော့ဘူး။ ဒီအခက်အခဲတွေ ရှိတာပေါ့။ ဒါတွေက စစ်ကောင်စီကြောင့်၊ ဒီစစ်သားတွေ ဝင်လာရင် သေချာပေါက် မီးရှို့တယ်။ ဒီတော့ စပါးကို ထားခဲ့ရင် စစ်သားလာရင် သယ်မသွားနိုင်တော့ ပိုက်ဆံလေးကမှ သယ်သွားနိုင်သေးတယ် အတွေးနဲ့ ကြောက်ပြီး စိုးရိမ်စိတ် တွေနဲ့ မထားရဲတာ။ မျိုးစပါးတောင် ကိုယ့်အိမ်မှာ မထားရဲလို့ တောထဲမှာ အိတ်လေးတွေနဲ့ သွားထားရတဲ့ ဘဝဖြစ်နေ တာ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ မီးရှို့ ဖျက်ဆီးမှုကို ကြောက်ရတာကြောင့် မဝိုင်းတို့လို တောင်သူလယ်သမားတွေဟာ လာမယ့်နှစ် စပါး စိုက်နိုင်ဖို့ တောထဲတောင်ထဲမှာ မျိုးစပါးတွေကို သွားရောက် ဖွတ်ထားပေမယ့်လည်း စိတ်ချရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။
စစ်ကြောင်းထိုးလာတဲ့အခါ ဘယ်အချိန် ပါသွားမလဲ၊ မီးရှို့ခံရမလဲဆိုတာ ကြောက်နေရတာနဲ့ ညအိပ်ရင်တောင် အိပ်မပျော်ရဘူးလို့ မဝိုင်းက ဆိုပါတယ်။
“ကျမတို့တွေမှာ တနေ့တနေ့ ဘယ်နေ့များ ငါတို့ အိမ်လေး ပါမှာလဲ၊ ငါတို့ စပါးတိုက်လေး ပါမှာလဲ စိုးရိမ်စိတ်နဲ့ နေရ တာ။ တော်လှန်ရေးနိုင်ပြီဆိုတဲ့နေ့မှ အော် ဒါ ငါ့အိမ်၊ ငါ့ စပါးကျီတိုက် ဒီလိုပဲ တွက်လို့ရမှာ။ အခု ကျမတို့မှာ တောထဲ ရွှေ့ထားတဲ့ ပစ္စည်းတောင် စိတ်ချရတဲ့ အခြေအနေ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။
ဝမ်းစာစပါးအတွက် ချန်ထားချင်ပေမယ့်လည်း စစ်ကောင်စီရဲ့ ရန် ကြောက်ရတာကြောင့် မချန်ထားနိုင်ခဲ့ဘဲ စပါးပေါ်ချိန် ရောင်းလိုက်ရတဲ့ ဈေးက စပါးတင်း ၁၀၀ ကို ကျပ် ၁၅ သိန်း အများဆုံး ရပေမယ့်လည်း ယခု ပြန်ဝယ်စားရတဲ့အခါ ဆန်တအိတ်ကို ၉ သောင်း၊ ၁ သိန်းအထိ ပေးဝယ်ရတယ်လို့ သူမက ပြောပြပါတယ်။
ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် အာဏာရှင်အောက်က မြန်မာ့လယ်သမားတွေရဲ့ ဘဝက တိုးတက်လာခြင်း မရှိသလို ဆင်းရဲမွဲတေမှုတွေကိုပဲ ဆင့်ကဲ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီလိုအခြေအနေတွေနဲ့ ပတ်သက်လို့ လယ်သမားအရေး ဆောင်ရွက်သူ တောင်သူလယ်သမား အကျိုးဆောင် ကွန်ရက်က တာဝန်ခံ ဦးဇော်ရမ်းက “အခုကတော့ တောင်သူလယ်သမားတွေရဲ့ ဘဝမှာ အဆိုးဆုံးပေါ့။ တောင်သူ လယ်သမားတွေ ကိုယ်တိုင်၊ အိုးအိမ်တွေ အပစ်ခံနေရတယ်၊ မီးတွေ အတိုက်ခံနေရတယ်။ စပါးကျီတွေ အရှို့ခံရတယ်။ စပါးပုံတွေ အရှို့ခံရတယ်။ ရွှေဘိုပေါ်ဆန်းထွက်တဲ့ အထက်မြန်မာပြည်ရဲ့ သဖန်းဆိပ်ဒေသတခုလုံးဖြစ်တဲ့ ကန့်ဘလူ၊ ရွှေဘို၊ ဒီပဲယင်း၊ တန့်ဆည်တို့လိုနေရာတွေမှာ ရွာတွေ မီးတိုက်ခံရပြီးတော့ တောထဲတောင်ထဲ ရောက်နေရတဲ့အတွက် ဒါ အဆိုးဆုံးလို့ ပြောချင်တယ်” လို့ မှတ်ချက်ပြုပါတယ်။
“အခုကတော့ တောင်သူလယ်သမားတွေရဲ့ ဘဝမှာ အဆိုးဆုံးပေါ့။ တောင်သူ လယ်သမားတွေ ကိုယ်တိုင်၊ အိုးအိမ်တွေ အပစ်ခံနေရတယ်၊ မီးတွေ အတိုက်ခံနေရတယ်။ စပါးကျီတွေ အရှို့ခံရတယ်။ စပါးပုံတွေ အရှို့ခံရတယ်။ ရွှေဘိုပေါ်ဆန်းထွက်တဲ့ အထက်မြန်မာပြည်ရဲ့ သဖန်းဆိပ်ဒေသတခုလုံးဖြစ်တဲ့ ကန့်ဘလူ၊ ရွှေဘို၊ ဒီပဲယင်း၊ တန့်ဆည်တို့လိုနေရာတွေမှာ ရွာတွေ မီးတိုက်ခံရပြီးတော့ တောထဲတောင်ထဲ ရောက်နေရတဲ့အတွက် ဒါ အဆိုးဆုံးလို့ ပြောချင်တယ်”
ဟိုးယခင် အစိုးရအဆက်ဆက်က တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်နိုင် ခြင်း မရှိခဲ့သလို၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတခုမှာလည်း မြေသိမ်း၊ ယာသိမ်း ကိစ္စရပ်များနဲ့ တောင်သူလယ်သမားများ ဘဝလည်ပတ်ခဲ့ပြီး အချုပ်ရောက် ထောင်ရောက်နဲ့ ဖြစ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
အခုအချိန်မှာလည်း စစ်ဘေးကြောင့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား၊ ကရင် စတဲ့နေရာဒေသတွေမှာတော့ တောင်သူ လယ်သမားတွေ အိုးအိမ်ပစ်၊ လယ်ယာမြေပစ်ပြီး ထွက်ပြေးနေရသလို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်းတိုင်း စတဲ့ နေရာက တောင်သူ လယ်သမားတွေဟာလည်း စိုက်ပျိုးစရိတ် ကြီးမြင့်မှုတွေကြောင့် လယ်ယာမြေတွေကို အပြည့်အဝ စိုက်ပျိုးနိုင်ခြင်း မရှိဘူးလို့ လယ်သမားအရေး ဆောင်ရွက်သူတွေထံက သိရပါတယ်။
ဦးဇော်ရမ်းက “လယ်သမားတွေမှာ တဧကရဲ့ သွင်းအားစုက ကျပ် ၈ သိန်းလောက် သွားကျတယ်။ သူ့ဘာသာ စပါး ဈေးက ကျပ် ၁၀ သိန်းပဲ တက်တက်၊ ဘယ်လောက်ရှိရှိ အလုပ်သမားခနဲ့ သွားတွက်လိုက်တဲ့အခါ လယ်သမားတွေမှာ အလုပ်ရှိရုံပဲ ဖြစ်ပြီးတော့ ဘာမှ အကျိုးအမြတ် မရဘူး။ ဒီကြားထဲ ပိုးဖျက်လို့ လယ်တွေ ပျက်စီးရင် အကြွေးတင်ပြီး နောက်ဆုံး လယ်ရောင်းရတဲ့ အဆင့်ရောက်တယ်။ အဲဒီအထိ အခြေအနေ ဆိုးတယ်” လို့ ဧရာဝတီတိုင်းရဲ့ လယ်သမား ဘဝ အခြေအနေကို ပြောပြပါတယ်။
အခုအခြေအနေမှာတော့ စပါးစိုက်လို့ မဖြစ်လို့ မြို့တက် အလုပ်လုပ်မယ်ဆိုလည်း အလုပ်အကိုင်ရှားပါးလှတာကြောင့် နိုင်ငံခြားထွက် လုပ်ရတဲ့ဘဝတွေအထိ ဆိုးရွားလာတယ်လို့ သူက ထောက်ပြပြောဆိုပါတယ်။
ဆက်လက်ပြီး ဦးဇော်ရမ်းက “ဒီပြဿနာ တွေကို ပြတ်ဖို့ဆိုရင် ပြည်သူတွေ အားလုံး လယ်သမားတွေ အားလုံး တင်မြှောက်တဲ့အစိုးရ ပေါ်ပေါက်လာမှ လယ်သမားတွေ ကိုယ်တိုင် သူတို့ရဲ့ အခက်အခဲတွေကို တင်ပြနိုင်မှ ဒီအခင်း အကျင်းကို ရောက်မှ ဖြစ်မယ်” လို့ ဆိုပါတယ်။
ဒီလို လယ်ယာကဏ္ဍအပြင် တိုင်းပြည်ရဲ့ အဘက်ဘက်က ယိုယွင်းလာတဲ့အခြေအနေက လွန်မြောက်ဖို့ စစ်ကောင်စီ အနေနဲ့ အမြန်ဆုံး အာဏာကို စွန့်လွှတ်ပြီး ဒီမိုကရေစီအစိုးရတရပ်ပေါ်ပေါက်လာဖို့ လိုတယ်လို့ တောင်သူလယ်သမား အရေးဆောင်ရွက်သူတွေက ဆိုပါတယ်။
လယ်ယာကဏ္ဍအပြင် တိုင်းပြည်ရဲ့ အဘက်ဘက်က ယိုယွင်းလာတဲ့အခြေအနေက လွန်မြောက်ဖို့ စစ်ကောင်စီ အနေနဲ့ အမြန်ဆုံး အာဏာကို စွန့်လွှတ်ပြီး ဒီမိုကရေစီအစိုးရတရပ်ပေါ်ပေါက်လာဖို့ လိုတယ်လို့ တောင်သူလယ်သမား အရေးဆောင်ရွက်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်တောရွာတွေမှာ နေထိုင် ကြတဲ့ တောင်သူလယ်သမားတွေ ဖြစ်ကြပါတယ်။
စစ်ကောင်စီထုတ် ဖေဖော်ဝါရီ ၂၈ ရက်သတင်းစာမှာတော့ မြန်မာနိုင်ငံမှာ ၂၀၂၀- ၂၀၂၁ ခုနှစ်မှာ စပါးစိုက်ဧကပေါင်း ၁၇ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး၊ ၂၀၂၁- ၂၀၂၂ ခုနှစ်မှာ မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နဲ့ နွေစပါး စိုက်ဧက ၂ သန်း ကျော် စိုက်ပျိုးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး စိုက်ဧက ဘယ်လောက် လျော့ပါးသွားပြီလဲဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
စစ်ခေါင်းဆောင်ကလည်း မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို ဘယ်လိုမြှင့်တင်ပေးမယ်၊ ဖွံ့ဖြိုးအောင် ဆောင်ရွက် ပေးမယ်လို့ ထုတ်ဖော်ပြောဆိုနေပေမယ့်လည်း အောက်ခြေလယ်သမားတွေရဲ့ ဘဝ၊ မြေပြင် အခြေအနေနဲ့ ကွဲလွဲ နေပါတယ်။
“လယ်သမားတွေ ဘဝက ပျက်နေပြီ။ လူတိုင်း စိတ်ဆင်းရဲမှု၊ ဖိစီးမှုတွေနဲ့ နေ နေရတယ်။ ကျမတို့က သူ့ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ကို မြန်မြန်သာ သေမိန့်သာ ပေးလိုက်တော့လို့ ပြော လိုက်ချင်တယ်။ မင်းအောင်လှိုင် မပြုတ်မချင်း၊ သူ အာဏာ မဆင်းမချင်း ကျမတို့ ဘဝတွေကတော့ အနာဂတ်လည်း ပျောက်တယ်။ လာမယ့်နှစ် စပါးပေါ်ချိန်မှာ ကိုယ့်စပါးကို ရတဲ့ဈေးနဲ့ မရောင်းရဘဲ စပါးကျီထဲ ထည့်ချင်ပါတယ်”
လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်ရင်း စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ လယ်သမားတွေလည်း ရှိသလို၊ ရွာတွေကို စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် တသက်တာ စုဆောင်းလာတဲ့ ပိုင်ဆိုင်မှုတွေနဲ့အတူ လယ်ယာ မြေကို စွန့်ခွာပြီး သူများလှူတန်းတာတွေနဲ့ စားသောက်နေထိုင်ရတဲ့ တောင်သူလယ်သမားဦးရေလည်း တိုးလာနေ ပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ကတော့ တောင်သူတွေအတွက် ဘဝပျက်ရတဲ့ နှစ် တနှစ်လို့ ဆိုကြပါတယ်။
ခင်ဦးနယ်က တောင်သူ မဝိုင်းကတော့ “လယ်သမားတွေ ဘဝက ပျက်နေပြီ။ လူတိုင်း စိတ်ဆင်းရဲမှု၊ ဖိစီးမှုတွေနဲ့ နေ နေရတယ်။ ကျမတို့က သူ့ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ကို မြန်မြန်သာ သေမိန့်သာ ပေးလိုက်တော့လို့ ပြော လိုက်ချင်တယ်။ မင်းအောင်လှိုင် မပြုတ်မချင်း၊ သူ အာဏာ မဆင်းမချင်း ကျမတို့ ဘဝတွေကတော့ အနာဂတ်လည်း ပျောက်တယ်။ လာမယ့်နှစ် စပါးပေါ်ချိန်မှာ ကိုယ့်စပါးကို ရတဲ့ဈေးနဲ့ မရောင်းရဘဲ စပါးကျီထဲ ထည့်ချင်ပါတယ်” လို့ ဆိုလိုက်ပါတော့တယ်။
You may also like these stories:
ရွှေဘိုမြို့နယ်ရှိ ရက်ကန်းရုံ ရာနှင့်ချီ မီးရှို့ ဖျက်ဆီးခံရ
အာဏာသိမ်းကာလ၂ နှစ်အတွင်း လယ်ယာကဏ္ဍ ပိုကျဆင်းလာ
ဆုံးရှုံးမှုများ ခါးစည်း ရင်ဆိုင်နေကြရသော တောင်သူများ
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ မီးလိုက်ရှို့