“မချိုကတော့ သူ့ယောကျာ်းနဲ့သာ အတူဆိုရင်တော့ သေတွင်းတောင် အတူတူ လိုက်မယ့် မိန်းမစားမျိုး”
မချိုအကြောင်းကို သိတဲ့၊ ရင်းနှီးတဲ့သူတွေက မကြာခဏ ပြောဆိုနေတဲ့ မှတ်ချက်စကားပါ။
ခုတော့ မချိုဟာ တကယ်ပဲ သူ့ယောက်ျားနဲ့အတူတူ တနေ့တည်း၊ တရက်တည်း၊ တချိန်တည်းမှာ သေတွင်းကို လိုက်သွားခဲ့ပါပြီ။
သူနဲ့ သူချစ်ရတဲ့ ယောက်ျားဟာ မင်္ဂလာဆောင်မယ့်နေ့ တရက်အလိုမှာပဲ စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။
တော်လှန်ရေးဖူးစာဖက် မချိုနဲ့ ကိုပေ
အသက် ၂၀ ဝန်းကျင်ပဲ ရှိသေးတဲ့ မချိုနဲ့ ကိုပေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ လူငယ် တော်လှန်ရေးသမားစုံတွဲ ဖြစ်ပါတယ်။
တော်လှန်ရေးကာလမှာပဲ တွေ့ဆုံချစ်ကြိုက်ခဲ့ကြသလို အာဏာရှင်ဖြုတ်ချရေးကိုလည်း အတူတကွ စွန့်လွှတ် ကြိုးစားခဲ့ကြတဲ့သူတွေပါ။
ကိုပေတယောက် ငြိမ်းချမ်းစွာ ဆန္ဒပြစဉ်ကာလမှာကတည်းက ပါဝင်ခဲ့သလို လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်လိုက်တဲ့အချိန်မှာ သူ့မွေးရပ်မြေကို စွန့်ခွာလာခဲ့ရပြီးနောက် ခေတ္တခိုလှုံရာ နေရာတခုမှာ မချိုနဲ့ တွေ့ဆုံ ခဲ့ကြပါတယ်။
မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေ လုပ်ပြီး မြို့မှာ ဆက်နေဖို့ မဖြစ်တဲ့အတွက် ကိုပေ တောတွင်းစခန်းကို ထွက်လာရတဲ့ အချိန်မှာ မချိုတယောက် ကိုပေနဲ့ ယာယီခွဲနေခဲ့ရပါတယ်။
ဒါပေမယ့် ကြာကြာ ခွဲမနေနိုင်ခဲ့ပါဘူး။ ကိုပေရောက်ပြီး ၂ လအကြာမှာ စခန်းကို သင်တန်းတက်ဖို့အတွက် လိုက်လာ ခဲ့ပါတော့တယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာနားက မြို့ပြမြေအောက် တော်လှန်ရေး အင်အားစု-Urban Underground Revolution Force (UURF-YSO) အဖွဲ့ဝင်တွေ ဖြစ်တဲ့သူတို့ ၂ ဦးဟာ လူချစ်လူခင်များပြီးတော့ တယောက်ကို တယောက် ချစ်ကြတဲ့ စုံတွဲအဖြစ် ရဲဘော်ရဲဘက်တွေက မြင်ကြပါတယ်။
စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင် သွားတိုက်ရလေ့ရှိတဲ့ ရှေ့တန်းက ကိုပေကို မချိုက စိတ်ပူလေ့ရှိသလို ၂ ယောက်တူတူ လုပ်ဆောင်လို့ရတဲ့ အလုပ်တွေမှာလည်း မချိုတယောက် နောက်မတွန့်ခဲ့ဘူးလို့ အတူနေသူတွေက ပြန်ပြောပြပါတယ်။
Urban Underground Revolution Force (UURF-YSO) က ဗိုလ်ရာဟုက “လုံးဝ အားကိုးရတယ်။ သူတို့ မသွားရဲတဲ့ နေရာကိုမရှိဘူး။ မချိုကလည်း သူ့ယောကျာ်းနဲ့သာ အတူလုပ်ရမယ်ဆိုရင်တော့ သေတွင်းတောင် အတူသွားမယ်ဆိုတာ ကျနော် စနောက်ထားသလိုပဲ တကယ်ဖြစ်သွားတာပေါ့။ စိတ်လုံးဝ မကောင်းဘူး” လို့ ပြောပါတယ်။
ဗိုလ်ရာဟုဟာ ကိုပေနဲ့ရပ်ဆွေရပ်မျိုးလို ဖြစ်ပြီး အာဏာသိမ်းမှုတွေ စတင်ပြီးနောက် ဆန္ဒပြပွဲတွေကတည်းက အတူတူ ပါဝင်ခဲ့တဲ့သူပါ။ ငယ်စဉ်ကလေးဘဝကတည်းက အတူတူ မြင်တွေ့ခဲ့ရတာမို့ အကြောင်းသိဖြစ်တဲ့ ဗိုလ်ရာဟုက ကိုပေကို “လူရိုး ၊ တဇောက်ကန်း” လို့ ပြောလေ့ရှိပါတယ်။
သူတို့ဟာ အာဏာရှင်ကို တော်လှန်ဖို့အတွက် ၂၀၂၁ ခုနှစ် မေလကတည်းက နေရပ်ကို အတူတူ စွန့်ခွာလာကြတာပါ။
ကိုပေဟာ မိသားစုရဲ့ အကြီးဆုံးသား အားကိုးရတဲ့သူဖြစ်ပြီး သာမန်လက်လုပ်လက်စား မိသားစုက မွေးဖွားလာတာ ဖြစ်သလို မချိုကလည်း သာမန် တောင်ယာမိသားစုကနေ ကြီးပြင်းလာသူ ဖြစ်ပါတယ်။
ကိုပေဟာ မိသားစုစီးပွားရေးကြောင့် ကျောင်းတပိုင်းတစနဲ့ နေ့စားအလုပ်ဖြစ်တဲ့ ဝပ်ရှော့တခုမှာ လုပ်ကိုင်ရင်း မိသားစု စားဝတ်နေရေးကို ကူညီဖြေရှင်းပေးတဲ့ လူပါ။
နှစ်ဦးစလုံး နိုင်ငံရေးနဲ့ မနီးစပ်တဲ့ မိသားစုတွေက မွေးဖွားလာပေမယ့် အာဏာသိမ်း လိုက်တဲ့နောက် လူငယ်တွေ ပီပီ မတရားမှုကို တော်လှန်ဖို့ စိတ်ဓာတ်တွေက ရဲရင့် ပြတ်သားလွန်းကြပါတယ်။
မိသားစု တာဝန်တွေကို ပစ်ချပြီး နိုင်ငံအရေးကို ရှေးရှုကာ အိမ်ကနေထွက်လာကြတဲ့လူတွေပဲ ဖြစ်ပါတယ်။ အိမ်ရဲ့ အဝေးကို ထွက်လာတဲ့ အချိန်မှာ မိဘတွေက ပြန်လာဖို့ အကြိမ်ကြိမ်ခေါ်ပေမယ့် ဒီတော်လှန်ရေးကြီး ပြီးပြတ်တဲ့ အထိ တိုက်ပွဲဝင်ဦးမယ်လို့ ကိုပေနဲ့ မချိုက ပြောလေ့ ရှိတယ်လို့ အတူနေရဲဘော်တွေက ပြောပါတယ်။
“ငါ့သား ပြန်လာခဲ့ဆိုပြီး ခဏခဏ ခေါ်တယ်။ အမေကလည်း ဘာလို့ ပြန်လာမှာတုန်း၊ အိမ်ပြန်မယ်ဆို အစကတည်းက တော်လှန်ရေး မလုပ်ဘူး။ တော်လှန်ရေးကို ပြီးဆုံးအောင် လုပ်မယ်ဆိုတဲ့ စကားက ဖုန်းထဲမှာ ခဏတိုင်းပြောတယ်။ မိဘတွေကလည်း ခဏတိုင်းခေါ်တယ်” လို့ ဗိုလ်ရာဟုက ကိုပေနဲ့ သူ့အမေ ဖုန်းပြောလေ့ရှိတဲ့ ပုံရိပ်ကို ပြန်ပြောင်း ပြောပြပါတယ်။
တော်လှန်ရေး ပြီးရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အားကုန်ကြိုစားနေခဲ့ပေမယ့် ကိုပေနဲ့ မချိုတို့ ဘယ်တော့မှ အိမ်ကို မပြန်နိုင်တော့ပါဘူး။
ကြမ္မာဆိုးဝင်တဲ့နေ့
အဲဒီနေ့က ကိုပေရဲ့ အသက် ၁၉ နှစ်ပြည့် မွေးနေ့။ ကံကြမ္မာဆိုးကို မတွေ့ရခင်အထိတော့ အဲဒီနေ့က ပုံမှန်ရက်တွေထက် ပိုပျော်ဖို့ကောင်းနေခဲ့တဲ့နေ့၊ ကိုပေတို့ မင်္ဂလာပွဲ လုပ်မယ့်နေ့ မတိုင်ခင် နေ့လည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း မင်္ဂလာပွဲလုပ်ဖို့ လိုနေတဲ့ ပစ္စည်းတွေကို ဝယ်ဖို့ မချိုနဲ့ ကိုပေတို့ ရေစကြိုမြို့နယ်က သဲတောကျေးရွာကို ရောက်နေခဲ့ကြတာပါ။
အဲဒီနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) နံနက် ၆ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အား ၁၀၀ ကျော်နဲ့ သဲတောရွာကို ဝင်စီးနင်းပါတယ်။ စစ်ကြောင်းထိုးတဲ့ ပုံစံမဟုတ်ဘဲ တိတ်တဆိတ်ဝင်ရောက် စီးနင်းတာဖြစ်လို့ သတင်းအတိအကျ ရထားတဲ့ ပုံစံမျိုးလို့ ဗိုလ်ရာဟုက ရှင်းပြပါတယ်။
ဗိုလ်ရာဟုနဲ့ ကိုပေတို့ စုံတွဲရှိရာ အိမ်ကို တည့်တည့် မတ်မတ် ရောက်လာချိန်မှာ ဗိုလ်ရာဟု တယောက် ထွက်ပြေးနိုင်ခဲ့ပေမယ့် ကိုပေတို့ စုံတွဲကတော့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်ထဲ ရောက်ခဲ့ပါတယ်။
ဖမ်းခံရချင်းမှာပဲ ကိုပေကို လက်ထိပ်ခတ်၊ မချိုအပြင် နီးစပ်ရာမှာ ဖမ်းမိတဲ့ ဒေသခံတွေနဲ့ ပေါင်းပြီး ရွာထဲက စာသင်ကျောင်းကို ခေါ်သွားခဲ့ပါတယ်။
စာသင်ကျောင်းထဲမှာ ဖမ်းထားတုန်းကလည်း ကိုပေကို ရိုက်နှက် စစ်ဆေးမှုတွေ လုပ်သလို သူ့မင်္ဂလာပွဲကို လာမယ့် ရဲဘော် သူငယ်ချင်းတွေကို ဖုန်းဆက်ခေါ်ခိုင်းတယ်လို့ အတူဖမ်းခံရတဲ့ ဒေသခံတွေရဲ့ ပြောပြချက်ကို ဗိုလ်ရာဟုက ကိုးကားပြောပါတယ်။
ဒီလို ဖုန်းဆက်ခေါ်ခိုင်းပေမယ့် ကိုပေတယောက် တော်လှန်ရေး ရဲဘော်တွေကို သူ့ဆီကို မလာဖို့ အတွင်တွင် ပြောခဲ့တယ်လို့ သိရပါတယ်။
“ကျဆုံးသွားတဲ့ ရဲဘော်ကိုပေကို ချီးကျူးတယ်၊ လေးစားတယ်ဆိုတာ ဘာကြောင့်လဲ ဆိုတော့ သူ့ကို ဖမ်းမိတဲ့နောက် သေနတ်ထောက်ပြီး သူ့သူငယ်ချင်းတွေကို ဖုန်းခေါ်ခိုင်းတာ ကိုပေက ဘာပြောလဲဆိုရင် သားကြီးတို့ လုံးဝမလာနဲ့၊ ဒီမှာ လုံးဝ အခြေအနေမကောင်းဘူးဆိုပြီး ဖုန်းချသွားတယ်” လို့ ဗိုလ်ရာဟုက ပြန်ပြောပြပါတယ်။
ဒီလိုအဖြစ်အပျက်တွေကြားမှာ မချိုတယောက်ဟာလည်း သူ့ယောက်ျားနဲ့အတူ သေလမ်းကို ရဲရဲဝံ့ဝံ့ လျှောက်ခဲ့ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့ တခြားအမျိုးသမီးတွေနဲ့ တူတူ မချိုကို စာသင်ကျောင်းကနေ ပြန်လွှတ်ပေမယ့် ထွက်သွားဖို့ ငြင်းဆန်ခဲ့ပါတယ်။
သူချစ်ရတဲ့ ကိုပေကို မျက်စိရှေ့မှာတင် ရိုက်နှက်နှိပ်စက်ခံနေရတဲ့ မြင်ကွင်းကို ကျောခိုင်းပြီး ထွက်မသွားရက်ခဲ့ပါဘူး။
ကိုရာဟုကို မျက်မြင်တွေရဲ့ ပြန်ပြောပြချက်တွေအရ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကိုပေကို တံတောင်ဆစ်တွေ ပြုတ်ထွက်တဲ့အထိ ရိုက်နှက်ခဲ့သလို ခြေထောက်ကိုလည်း တရွက်ဆွဲတဲ့အထိ ရိုက်ချိုးခဲ့ပါတယ်။
“ကျမက သူ့မိန်းမပါ မပြန်နိုင်ဘူး ကျမယောကျာ်းနောက် လိုက်မှာပဲ ဆိုပြီး လိုက်သွားတာ။ သူ့ယောကျာ်းကို နှိပ်စက်တာ သူ့ရှေ့မှာ မြင်ထားရတော့ စိတ်မချလို့ နေခဲ့တာ။ ကိုပေကို ရိုက်တာ နှက်တာတွေ လုပ်တော့ ကျမယောကျာ်းကို မလုပ်ပါနဲ့လည်းပြောတာ”လို့ ဗိုလ်ရာဟုက ပြန်ပြောပြပါတယ်။
အဲဒီနောက်မှာတော့ ဒေသခံ တချို့ရယ်၊ ကိုပေတို့ စုံတွဲရယ်ကို သူတို့ နေထိုင်ရာ စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတင်းအဓမ္မ လမ်းပြခိုင်းခဲ့ပါတယ်။
သဲတောကျေးရွာနဲ့ ၁ မိုင်လောက်ဝေးတဲ့ Southern YSO PDF စခန်းကို ရောက်ချိန်မှာတော့ မိုင်းဆွဲ တိုက်ခိုက်ခံရလို့ စစ်တပ်ဘက်က ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
ဒီလိုမိုင်းဆွဲလို့ရအောင် မိုင်းကွင်းကို ကိုပေတို့ တမင်ခေါ်ဆောင်လာတာလို့ ရဲဘော်တွေက ကောက်ချက်ချ ကြပါတယ်။
စခန်းကို ခေါ်လာတဲ့အချိန်အထိ အသက်ရှိသေးတဲ့ မချိုနဲ့ ကိုပေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်သွားပြီးတဲ့နောက် မီးကျွမ်းနေတဲ့ ခန္ဓာကိုယ်ကိုပဲ ကျန်ရစ်ခဲ့ပါတော့တယ်။ သူတို့ ဖြတ်သန်းခဲ့ကြတဲ့ သူတို့ တည်ဆောက်ခဲ့ကြတဲ့ သူတို့ရဲ့ အမှတ်တရတွေ ရှိနေတဲ့ စခန်းက တဲငယ်လေးမှာပဲ ထည့်ပြီး မီးရှို့သတ်ဖြတ်ခံခဲ့ရလို့ပါ။
မင်္ဂလာဆွမ်းအစား သက်ပျောက်ဆွမ်းသာ
မချိုနဲ့ ကိုပေရဲ့ မင်္ဂလာပွဲမှာ ကျွေးမွေးဧည့်ခံဖို့ ဒန်ပေါက်နဲ့ အသားကအစ ဝယ်ပြီးလို့ နေပါပြီ။
ကန်တော့ပွဲလည်း ပြင်ဆင်လို့ ပြီးပါပြီ။ မင်္ဂလာရက်လည်း ကျရောက်လို့ လာပါပြီ။ ဒါပေမယ့် သတို့သမီးနဲ့ သတို့သားကတော့ မရှိတော့ပါဘူး။
ကိုပေနဲ့ မချိုတို့ စီစဉ်ထားတဲ့အတိုင်း မိတ်ဆွေသင်္ဂဟတွေ၊ ဆွေမျိုးတွေနဲ့ လူသူပရိတ်သတ်တွေ စုရုံးနေကြပေမယ့် မင်္ဂလာပွဲ မဟုတ်တော့တဲ့ ကိုပေနဲ့ မချိုရဲ့ နာရေးသာ ဖြစ်လို့နေခဲ့ပါတယ်။
မင်္ဂလာပွဲအတွက် ကြိုရောက်လာခဲ့တဲ့ နှစ်ဘက်မိဘတွေလည်း သားသမီးတွေရဲ့ နာရေးကို ယူကျုံးမရ ဝမ်းနည်းခြင်းကြီးစွာနဲ့ တက်နေခဲ့ရပါတယ်။ မင်္ဂလာဧည့်ခံပွဲအတွက် ကျွေးမွေးမယ့် ဒန်ပေါက်ဟာလည်း သက်ပျောက်ဆွမ်းအတွက် ဖြစ်ခဲ့ရပါတယ်။
“နာရေးလုပ်တဲ့နေ့က သူတို့ရဲ့ မင်္ဂလာဆောင်ပဲ ဆိုပြီး ကိုပေနဲ့ မချို ပြုံးပြီး ကျနော်တို့နားလေးမှာ ရပ်နေမလားလို့ တွေးမိတယ်။ သူတို့ရဲ့ မင်္ဂလာဆောင်လို့များ ထင်နေကြမလား မသိဘူး” လို့ ဗိုလ်ရာဟုက ဆိုပါတယ်။
အဲဒီနေ့မှာ ဧည့်ပရိတ်သတ်ရဲ့ မင်္ဂလာစကား၊ ချီးကျူးဩဘာတွေအစား အမိန့်ပြန်တမ်း ဖတ်သံကသာ တုန်ရီစွာနဲ့ ပျံ့လွင့်နေခဲ့ပါတယ်။
မချိုတယောက်လည်း သျှောင်နောက် ဆံထုံးပါ ကိုပေသွားရာ မပြန်လမ်းကို လိုက်သွားခဲ့ပါပြီ။
You may also like these stories:
ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး