စစ်တပ်က အုပ်ချုပ်နေတဲ့ မြန်မာပြည်မှ ပြည်သူများဟာ တနေ့ထက်တနေ့ ရုန်းကန်ရှင်သန်ဖို့ ပိုမိုခက်ခဲလာနေကြပြီး စီးပွားရေးမြို့တော် ရန်ကုန်နေ လူထုဟာလည်း ထိုအထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ရန်ကုန်ရှိ မြို့နယ်လေးခုမှာ နေထိုင်သူ လေးဦးက သူတို့ရဲ့ အတွေ့အကြုံတွေကို ဧရာဝတီသို့ ပေးပို့မျှဝေခဲ့ပါတယ်။ ခက်ခဲကြမ်းတမ်းမှုတွေ နေ့စဉ် တိုးမြင့်လာတာကြောင့် ပိုပြီး စိတ်ပျက်စရာကောင်းလာတဲ့ သူတို့ရဲ့ ဘဝတွေ၊ မင်းမဲ့စရိုက်တွေကြောင့် ပိုပြီး ထိခိုက်ခံစားလွယ်မှုတွေနဲ့အတူ စစ်အုပ်ချုပ်ရေးဟာ ဘဝဖြစ်တည်မှုကို ဘယ်လို ခြိမ်းခြောက်လာနေတယ်ဆိုတာကို ဖော်ပြခဲ့ကြပါတယ်။
မှောင်မိုက်ခြင်းနဲ့ အကြောက်တရား
ပေးပို့သူ – သန္တာအောင်
အာဏာသိမ်း စစ်တပ်လက်အောက်မှာ ကြုံတွေ့နေရတဲ့ နေ့စဉ်လူမှုဘဝအထွေထွေ အဆင်မပြေမှု၊ စိတ်မကျေနပ်မှု၊ ဒေါသနဲ့ သောကတွေကြောင့် ကျမဟာ တနေ့တခြား ရူးချင်သလိုလိုတောင် ဖြစ်လာနေပါတယ်။ မနက်မိုးလင်းလို့ အိပ်ရာနိုးတာနဲ့ ခေါင်းထဲကို အရင်ဆုံး ရောက်လာတာက ဒီနေ့ဘယ်အချိန် မီးပျက်မှာလဲဆိုတဲ့ အတွေးပါ။ နိုင်ငံတနိုင်ငံမှာ မရှိမဖြစ် အရေးအပါဆုံး ဖြစ်နေတဲ့ လျှပ်စစ်မီးကို ကျမတို့ဟာ လေးနာရီခြားတခါ အလှည့်ကျစနစ်နဲ့သာ ရနေတာကြောင့် မီးဘယ်အချိန် ပျက်မလဲဆိုတာကို ကြိုမတွေးထားရင်၊ လုပ်စရာရှိတာတွေကို ကြိုတင်မလုပ်ထားခဲ့ရင် တနေ့တာ လုပ်ငန်းဆောင်တာတွေမှာ အကုန်အခက်အခဲ ဖြစ်ကုန်မှာပါ။
ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ မီးကို နေ့စဉ် ၂၄ နာရီ ရရှိခဲ့ပြီး ရံဖန်ရံခါ မိနစ်ပိုင်းလေး ပျက်တာလောက်သာ ရှိခဲ့တာပါ။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်ကစလို့ မီးကိုအလှည့်ကျစနစ်နဲ့သာ ရရှိခဲ့တဲ့အပြင် မီးလာရမယ့်အလှည့်မှာ မလာတာမျိုးတွေ၊ တနေ့လုံးမှာမှ ခြောက်နာရီတောင်ပြည့်အောင် မီးမရတော့တဲ့ အခြေအနေမျိုးတွေ နေ့စဉ် ကြုံနေရပါတယ်။
အဲ့ဒါကြောင့် ရန်ကုန်မြို့ခံတွေဟာ မီးရတုန်း ဟင်းချက်၊ ရေတင်၊ ဖုန်းအားသွင်း၊ ဘက်ထရီအားသွင်း စတာတွေကို ဖုတ်ပူမီးတိုက် လုပ်ကြရပါတယ်။ မနက် ၉ နာရီမှာ မီးပျက်သွားခဲ့ရင် နေ့လယ် ၁ နာရီ မီးပြန်မလာခင်အထိ ရုံးအလုပ်တွေ ဘာမှလုပ်လို့မရတော့ဘဲ မီးလာမယ့်အချိန်ကိုသာ ထိုင်စောင့်နေရပါတော့တယ်။ မီးလာပြန်တော့လည်း လာလိုက်ပျက်လိုက် ခဏခဏဖြစ်တာကြောင့် အလုပ်တွေနှောင့်နှေးလို့ စိတ်ပင်ပန်းရ၊ ဒေါသထွက်ရပြန်ပါတယ်။ အခုဒီစာကို ရေးနေတဲ့အချိန် ည ၈ နာရီခွဲနဲ့ ၉ နာရီကြားမှာ မီး သုံးခါပျက်ပါတယ်။
စစ်ခေါင်းဆောင်တွေ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းဟာ လျှပ်စစ်ကဏ္ဍတခုတည်း မဟုတ်ပါဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှုလည်း ပျက်စီးခဲ့ပြီး ရန်ကုန်မှာ မှုခင်းတွေ၊ ခိုးဆိုးလုနှိုက်တွေ များလာပါတယ်။ ဒါကြောင့် မြို့ခံတွေဟာ အိမ်မှာပဲနေနေ၊ အပြင်ကိုပဲထွက်ထွက် လုံခြုံရေးကို အမြဲသတိထားနေရပါတယ်။
စစ်ခေါင်းဆောင်တွေ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းဟာ လျှပ်စစ်ကဏ္ဍတခုတည်း မဟုတ်ပါဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှုလည်း ပျက်စီးခဲ့ပြီး ရန်ကုန်မှာ မှုခင်းတွေ၊ ခိုးဆိုးလုနှိုက်တွေ များလာပါတယ်။
အရင်ကဆို ဘတ်စ်ကားစီးရင် နားကြပ်တပ် သီချင်းနားထောင်တာဖြစ်ဖြစ်၊ အဲကွန်းအေးအေးလေးနဲ့ ကားပေါ်မှာ အိပ်ငိုက်တာဖြစ်ဖြစ် စိတ်အေးလက်အေးစီးနိုင်ခဲ့ပေမယ့် အခုခါမှာတော့ မျက်လုံးက အရပ်လေးမျက်နှာကိုကြည့်၊ လက်က ကိုယ့်ကျောပိုးအိတ်ကို ဖိရင်း စီးနေရတဲ့အခြေအနေ ဖြစ်နေပါပြီ။ ရန်ကုန် YBS ဘတ်စ်ကားတွေမှာ ခါးပိုက်နှိုက်တာ၊ အုပ်စုဖွဲ့ရိုက်နှက်လုယက်တာတွေဟာ နေ့စဉ်ပုံမှန်ဖြစ်စဉ်တွေလို ဖြစ်နေတာပါ။
ဒါ့အပြင် ရန်ကုန်မြို့ထဲသွားလာနေရင်း ပြည်သူဘက်ကို သေနတ်နဲ့ချိန်ပြီး သွားနေတဲ့ စစ်ကားတွေကို မြင်ရတာ၊ လုံခြုံရေးရဲကင်း ပြတင်းပေါက်တွေကနေ ထိုးထွက်နေတဲ့ သေနတ်ပြောင်းတွေကိုမြင်ရတာ မလုံခြုံတဲ့ခံစားချက်နဲ့အတူ အင်မတန် မုန်းတီးစက်ဆုပ်မိပါတယ်။
ဒီလို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကြားထဲမှာ ကုန်ဈေးနူန်းကလည်း ထိုးတက်နေတာကြောင့် အသုံးစရိတ်ကိုလည်း အရင်ကထက် ပိုလျှော့ ပိုခြွေတာလာရပါတယ်။ အာဏာသိမ်းနောက်ဆက်တွဲ မတည်ငြိမ်မှုတွေ၊ အာဏာရူးဖို့ကလွဲပြီး ဘာအရည်အချင်းမှမရှိတဲ့ စစ်ခေါင်းဆောင်တွေရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် မြန်မာကျပ်ငွေတန်ဖိုး ထိုးကျခဲ့ပြီး စက်သုံးဆီ အပါအဝင် ကုန်ဈေးနူန်းတွေ ထိုးတက်လာတာပါ။
အထွေထွေ အကျပ်အတည်းကြားကပဲ ညဆိုရင် သူခိုးသူဝှက်ရန်၊ ဧည့်စာရင်းအကြောင်းပြပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးနေတဲ့ စစ်တပ်ရန်ကလည်း သတိထားရပါသေးတယ်။ ညဉ့်နက်သန်းခေါင် လမ်းထဲ ကားဖြတ်သွားတဲ့အသံကြားရင် အိပ်နေရာကနေ ခေါင်းထောင်မိပြီး ပြတင်းပါက်ကနေ ချောင်းကြည့်တာ အကျင့်ပါနေပါပြီ။ ညဘက် ကားသံကြားရင် ကားကြီးသံလား၊ ကားလေးသံလားဆိုတာ စိတ်ကအလိုလို ဝေခွဲနေမိပါတယ်။ အထူးသဖြင့် ညသန်းခေါင် မီးပျက်နေတဲ့အချိန် လမ်းထဲကားတွေ ဖြတ်သွားရင် ရင်တွေတုန် ဇောချွေးတွေပြန်ပြီး ကြောက်နေမိတော့တာပါ။
အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ အဘက်ဘက်က အဆင်မပြေတဲ့ တနေ့တာကို အကြောက်တရား၊ အိပ်မက်ဆိုးနဲ့ အဆုံးသတ်ခဲ့ပြီးနောက် နိုးလာတဲ့အခါမှာလည်း အလိုမကျမှုတွေနဲ့အတူ မျှော်လင့်ချက်မဲ့တဲ့ မနက်ဖြန်ကို ဖြတ်သန်းရပါဦးမယ်။
ကားသံတွေ တဖြည်းဖြည်းဝေးသွားလို့ စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီး အိပ်ရာဝင်ပြန်တော့လည်း အိပ်မက်ဆိုးတွေက ဆီးကြိုနေပြန်ပါတယ်။ စစ်သားတွေ အိမ်ကိုလာရှာလို့ ထွက်ပြေးနေတာ၊ တိုက်ပွဲထဲရောက်နေပြီး ကြောက်အားလန့်အားနဲ့ စစ်သားတွေမမြင်အောင် ပုန်းနေရတာတွေဟာ ဘယ်တော့မှ ထပ်မမက်ချင်တော့တဲ့ အိပ်မက်ဆိုးတွေပါ။ ဒါပေမယ့်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဝတလျှောက်လုံး ဘယ်တုန်းကမှ မမက်ခဲ့ဖူးတဲ့ အဲဒီလိုအိပ်မက်ဆိုးတွေ ဆက်တိုက်မက်နေခဲ့တာ နှစ်နှစ်ကျော်ခဲ့ပါပြီ။
အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ အဘက်ဘက်က အဆင်မပြေတဲ့ တနေ့တာကို အကြောက်တရား၊ အိပ်မက်ဆိုးနဲ့ အဆုံးသတ်ခဲ့ပြီးနောက် နိုးလာတဲ့အခါမှာလည်း အလိုမကျမှုတွေနဲ့အတူ မျှော်လင့်ချက်မဲ့တဲ့ မနက်ဖြန်ကို ဖြတ်သန်းရပါဦးမယ်။
ထွက်သွားချိန်တန်ပြီ
ပေးပို့သူ – ကူးကူးဟန်
ကျမက CDM အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတဦးဖြစ်လို့ ရန်ကုန်မြို့မှာ နေရတာ လုံခြုံမှုမရှိပါဘူး။ စိုးရိမ်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့အတူ နေ့စဉ်နဲ့အမျှ ဖြတ်သန်းနေရပြီး အာဏာသိမ်းမှုရဲ့ အော်ဂလီဆန်စရာကောင်းတဲ့ အကျိုးဆက်တွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရပါတယ်။ အာဏာသိမ်းမှုကြောင့် ကျမရဲ့ အိမ်မက်တွေ၊ အလုပ်နဲ့ အနာဂတ်တွေအားလုံး ပျောက်ဆုံးသွားခဲ့ပါတယ်။ ကျမလို အဖြစ်မျိုးနဲ့ ကြုံတွေ့ရတဲ့သူတွေလည်း ဘယ်လောက်များမလဲဆိုတာ မတွေးရဲစရာပါ။ ရဲတွေ၊ စစ်သားတွေကို တွေ့တိုင်းလည်း ကြောက်လန့်နေရပါတယ်။
ကျမအတွက် ရန်ကုန်မြို့မှာ ဆက်ပြီးရပ်တည်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေနည်းတူ အလုပ်အကိုင်ရဖို့ဆိုတာလည်း အရမ်းခက်ခဲပါတယ်။ အရင်နှစ်က ကျမတို့မိသားစုတစုလုံး ကိုဗစ်ဖြစ်ပြီးတော့ ခက်ခက်ခဲခဲကုသခဲ့ရပြီး ဆေးကုသစရိတ်တွေ အများကြီး ကုန်ကျခဲ့ပါတယ်။ တနေ့တခြား မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ ဝင်ငွေမရှိတဲ့အတွက်ကြောင့် ငွေရေးကြေးရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ကျမ မိသားစုကို တနည်းနည်းနဲ့ ထောက်ပံ့ဖို့အတွက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့လည်း ကြိုးစားကြည့်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။ စစ်ကောင်စီက CDM စာရင်းထဲမှာ ပါတဲ့သူတွေကို လေဆိပ်မှာ ဖမ်းဆီးပြီး နိုင်ငံခြားထွက်ခွင့် ပိတ်ထားတာကြောင့်ပါ။
အလုပ်အကိုင်အေဂျင်စီတွေကလည်း CDM ဆိုရင် လက်မခံကြဘူး။ ဒီလိုမျိုး စစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေနဲ့ ဆက်တိုက်ခံနေရတာကြောင့်လည်း တော်လှန်ရေးထဲမှာ ပိုပြီးပါဝင်လာခဲ့ပါတယ်။ လက်ရှိမှာ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေအတွက် ကူညီပြီး ဆောင်ရွက်နေပါတယ်။
လူသိပြီး နာမည်ထွက်တဲ့သူ မဟုတ်ပေမယ့်လည်း ရန်ကုန်မှာက ကျမအတွက် လုံခြုံမှုမရှိပါဘူး၊ ရန်ကုန်ကနေ ထွက်ခွာဖို့အတွက် တွေးမိတိုင်းလည်း စိတ်မကောင်းဖြစ်မိပေမယ့် နစ်မြုပ်နေတဲ့ သင်္ဘောပေါ်ကို ရောက်နေသလိုမျိုးပဲ တခြား ရွေးချယ်စရာလမ်းလည်း မရှိတော့ဘူး။
တချို့အသိတွေဆိုရင်လည်း နှုတ်မဆက်ဘဲ ခွဲခွာသွားတဲ့သူတွေရာ နှုတ်ဆက်သွားကြသူတွေရော ရန်ကုန်ကနေ ထွက်သွားကြပြီ။ တနေ့နေ့ မုန်တိုင်းစဲသွားတဲ့အခါ ရန်ကုန်မြို့ရဲ့ကောင်းကင်ထက်မှာ လှပတဲ့ ရောင်စုံသက်တံကို ပြန်မြင်ရမယ်လို့ ယုံကြည်ပါတယ်။
လုံခြုံရေးဆိုသူတွေကြောင့် မလုံခြုံ
ပေးပို့သူ – ခိုင်မင်း
အာဏာသိမ်းပြီးကတည်းက ရန်ကုန်ဟာ အဘက်ဘက်က ယိုယွင်းလာတာ ကြာလေဆိုးလေပေါ့ဗျာ။ အဲဒီထဲက လုံခြုံရေးပိုင်းကိုပဲ ကွက်ပြောရမယ်ဆိုရင် ဘာမှလုံခြုံမှုမရှိဘူးဆိုတာ အသေအချာပေါ့။
ပြည်သူ့လုံခြုံရေးအပိုင်းကို ပြောရရင် နေ့ခင်းကြီး သော့ခတ်ထားတဲ့ ကျနော့်စက်ဘီး နှစ်စီး ရှေ့ဆင့်နောက်ဆင့် ပျောက်တယ်။ ကျနော့်ရှေ့မှာတင် နေ့ခင်းကြောင်တောင် ဆွဲကြိုးဖြတ်ပြေးတာ၊ ပိုက်ဆံအိတ်လုပြေးတာတွေ ကြုံဖူးပါတယ်။ အဲဒီလို အမှုအခင်း အသေးလေးတွေအတွက် ရဲစခန်းတို့၊ ရပ်ကွက်ရုံးတို့ သွားတိုင်ဖို့တော့ စိတ်မကူးနဲ့။
ပထမအချက်က သူတို့ကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လာပစ်မှာစိုးလို့ သူ့တို့ဖာသာသူတို့ ကြောက်နေကြတာ။ ကိုယ်လည်း သူတို့ဆီသွားရင်း ရောအပစ်ခံရမှာ ကြောက်ရတယ်။ နောက်ပြီး ရဲစခန်းဝမှာ သေနတ်တွေနဲ့ ကင်းစောင့်နေတာ။ မတော်တဆ ကျည်ထွက်ရင် ကိုယ့်မှာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။
နောက်တချက်က အရင် ဦးသန်းရွှေခေတ် အုပ်ကြီး၊ လူမိုက်နဲ့ရဲ ပေါင်းစားတယ်ဆိုတာ လူတကာအသိပါ။ အခု မင်းအောင်လှိုင် အာဏာသိမ်းလိုက်တော့ စစ်ခွေးတွေ မြို့ထဲရွာထဲရောက်လာပြီး အုပ်ကြီး၊ လူမိုက်၊ ရဲ၊ စစ်ခွေး လေးဖော်ပေါင်းပြီး ဗြောင်ပဲ ဂွင်ဖန်ငွေညှစ်ကြတော့တာကိုး။
ဥပမာ ပြီးခဲ့တဲ့ရက်ပိုင်းက ည ၁၂ နာရီလောက် လမ်းပေါ်မှာ လူသံတွေကြားတော့ အိပ်ခန်းပြတင်းပေါက်ကနေ ကျနော် ချောင်းကြည့်မိတယ်။ အာရုံအရ ခံစားချက်က မကောင်းတော့ ချောင်းကြည့်မိရက်သား ဖြစ်သွားတာ။ ထင်တဲ့အတိုင်းပဲ စစ်ခွေးတွေနဲ့အုပ်ကြီးတွေ ဧည့်စာရင်းစစ်နေကြတာ။ ရင်တွေ တဒိတ်ဒိတ်ခုန်နေသလို ကိုယ့်မျက်နှာ အပိုင်းအစလေးကိုတောင် သူတို့မြင်သွားမလားလို့ စိုးထိတ်နေရင်း ငါ့အခန်းကို မလာပါစေနဲ့လို့ ဆုတောင်းနေမိခဲ့တာပါ။
ပညတ်ချက်အရ သူတို့က လုံခြုံရေးတာဝန်ရှိသူတွေ ဆိုပေမယ့် သူတို့နဲ့ ထိတွေ့ဆက်ဆံရမှု အတိုင်းအတာမှာ ကိုယ့်ရဲ့ အသက်အိုးအိမ်စည်းစိမ်ဟာ ချက်ချင်းဆုံးရှုံးသွားနိုင်ပါတယ်။ ကိုယ်ဟာ သာမန်ပြည်သူတယောက် ဆိုရင်တောင် သူတို့က ကိုယ့်အိမ်ပေါ်တက်လာပြီး အရင်ခေတ်က ဘိန်းပစ်ဖမ်းသလို ဒေါ်စုပုံလေးဖြစ်ဖြစ်၊ စကစ ဆန့်ကျင်ရေး ကြွေးကြော်စာလေးဖြစ်ဖြစ်၊ NUG ထုတ်ပြန်ချက်လေးတခုဖြစ်ဖြစ် တွေ့လိုက်ရင် ကျနော်ဘဝပျက်ပြီးပေါ့ဗျာ။ (စကစ ဆန့်ကျင်ရေးသမားဆိုရင်တော့ မပြောနဲ့တော့ပေါ့ဗျာ။)
သူတို့က ငွေလည်းလိုတယ်၊ အမှုလည်း လိုနေသူတွေလေဗျာ။ အဲဒီတော့ အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးဆိုတာ အရုပ်ရေးပြရမလောက်ပါပဲ။
အဲဒီထက်ဆိုးတာက သေနတ်တွေက လူထုထဲပျံ့နှံ့နေပြီး စကစနဲ့ တော်လှန်ရေးအင်အားစုတွေကြား အပြန်အလှန် ရှင်းလင်းတာတွေ တောက်လျှောက်ရှိနေတော့ မြို့ကြီးပြကြီးမှာနေပေမယ့် အသက် ဖက်နဲ့ထုပ်ထားဆိုသလိုပါပဲ။
အဲဒီထက်ဆိုးတာက သေနတ်တွေက လူထုထဲပျံ့နှံ့နေပြီး စကစနဲ့ တော်လှန်ရေးအင်အားစုတွေကြား အပြန်အလှန် ရှင်းလင်းတာတွေ တောက်လျှောက်ရှိနေတော့ မြို့ကြီးပြကြီးမှာနေပေမယ့် အသက် ဖက်နဲ့ထုပ်ထားဆိုသလိုပါပဲ။
မတ်လထဲမှာတင်
၁။ PDF က နာမည်ဆိုးရှိတဲ့ လူမိုက်ကို သေနတ်နဲ့ပစ်သတ်သွားတယ်။
၂။ PDF ကပဲ ရဲစခန်းနားမှာပစ်တာ ရဲနဲ့ နယ်ထိန်းအပါအဝင် သုံးယောက်သေတယ်။
၃။ စစ်ခွေးတွေ၊ အုပ်ကြီးတွေနဲ့ အဖွဲ့ကျနေတဲ့ လူမိုက်က ယခင် ဆန္ဒပြပွဲတွေမှာပါဖူးတဲ့ သာမန်ပြည်သူ နှစ်ယောက်ကို ကားပေါ်ကဆင်းလာပြီး သေနတ်နဲ့ပစ်သတ်သွားတယ်။ နောက်အေးအေးဆေးဆေးပဲ ကားပေါ်ပြန်တက်ပြီး မောင်းထွက်သွားတယ်။
ဒီဖြစ်စဉ် သုံးခုဟာ သာကေတမြို့နယ်က ကျနော့်အိမ်နဲ့မနီးမဝေးမှာ ရှေ့ဆင့်နောက်ဆင့် ဖြစ်ခဲ့တဲ့ သွေးထွက်သံယို ပစ်ခတ်မှုတွေ ဖြစ်ပါတယ်။
ဒါကြောင့် သွားရင်းလာရင်း ပစ်ခတ်ဗုံးခွဲတာတွေနဲ့ တိုးနိုင်သလို၊ ကိုယ်ကိုယ်တိုင်လည်း လူမှားပြီး အနီးကပ်ပစ်သတ်ခံရနိုင်တဲ့ အလားအလာတွေ ရှိနေတာပါ။
တိုတိုပြောရရင်တော့ဗျာ၊ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းနောက်ဆက်တွဲအဖြစ် ကျနော်တို့လူထုရဲ့ နေ့စဉ်ဘဝတွေဟာ ဘာလုံခြုံမှုမှမရှိဘဲ ပရမ်းပတာနဲ့ ဆင်ကန်းတောတိုး ဖြတ်သန်းနေရတာပါပဲ။
အပြစ်မဲ့သူတွေ အဖမ်းခံရပြီး ရာဇဝတ်သားတွေက လွတ်မြောက်
ပေးပို့သူ – သန့်ဇင်
စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှု နှစ်နှစ်ကျော် ကာလအတွင်းမှာ ရန်ကုန်မြို့ရဲ့ အများပြည်သူဆိုင်ရာ လုံခြုံမှု အခြေအနေက သိသိသာသာ ဆိုးရွားလာတယ်။ ပြည်သူတယောက်အနေနဲ့ နေ့စဉ်ဘဝမှာ စိတ်မလုံမခြုံမှုနဲ့ ကြောင့်ကြစရာ အနည်းဆုံး နှစ်ခုရှိနေတယ်။
ပထမအချက်ကတော့ စစ်တပ်ရဲ့ အချိန်မရွေး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရနိုင်တာ၊ ခြိမ်းခြောက် ငွေညှစ်ခံရနိုင်တာနဲ့ ပိုမိုအတင့်ရဲလာတဲ့ ခိုးဆိုးလုနှိုက်သူတို့ရဲ့ လုယက်ခြင်း၊ သတ်ဖြတ်ခြင်း ခံရနိုင်တာပဲ။
အများပြည်သူအလယ်မှာ ဗြောင်ကျကျ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ နေ့စဉ်နဲ့အမျှ ပိုမိုထူပြောလာတယ်။ စစ်တပ်နဲ့ရဲကလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်သူနဲ့ PDF တွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ဖို့ကလွဲရင် ကျန်တဲ့ ရာဇဝတ်မှုတွေကို လွှတ်ပေးထားသလားတောင် ထင်ရတယ်။ ဖမ်းဆီးအရေးယူခြင်းလည်း မတွေ့ရပါဘူး။ ဒါကြောင့်လည်း ရာဇဝတ်မှုတွေ ပိုမိုအတင့်ရဲလာကြတာ။
ဘတ်စ်ကားအလာ ရပ်စောင့်နေတဲ့သူ၊ လမ်းသွားလမ်းတွေကိုလည်း ရဲနဲ့စစ်တပ်ထောက်လှမ်းရေး အယောင်ဆောင် ဖမ်းဆီးပြီး ပြန်ပေးဆွဲ ငွေညှစ်တဲ့ ဖြစ်စဉ်တွေလည်း ဖြစ်နေတယ်။ မီးပွိုင့်တွေမှာ တန်းစီစောင့်ဆိုင်းနေတဲ့ ကိုယ်ပိုင်ယာဉ်တွေကို ပစ်မှတ်ထားပြီး လုယက်တဲ့ဖြစ်စဉ်တွေလည်း မကြာမကြာ ကြားလာနေရပါတယ်။
မော်တော်ယာဉ်အတွင်း အတင်းဝင်ရောက် ဓားထောက် ပြန်ပေးဆွဲပြီး မိသားစုဝင်တွေကို သိန်းရာချီ ဆက်သွယ်တောင်းတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်နေတာပါ။ ဒါကြောင့် ကိုယ်တိုင်လည်း အပြင်သွားရင် ကိုယ့်များ အဲဒီလို အလုခံရမလားဆိုတဲ့ စိတ်မလုံခြုံမှုကို အမြဲခံစားနေရတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာလည်း အမျိုးသမီးငယ်တဦး မြောက်ဥက္ကလာဘက်မှာ ကိုယ်ပိုင်မော်တော်ယာဉ်နဲ့ သွားလာနေစဉ်အတွင်း ဖမ်းဆီးပြန်ပေးဆွဲခြင်း ခံရတယ်ဆိုပြီး မိသားစုဝင်တွေက လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။ နောက် ကားနဲ့သွားလာနေရင်း ပြန်ပေးဆွဲခံရပြီး သိန်းရာချီတောင်းလို့ သိန်း ၇၀ နဲ့ ပြန်ရွေးခဲ့ရတယ်ဆိုပြီး ကာယကံရှင်တွေ လူမှုကွန်ရက်မှာ တင်ထားတာလည်း တွေ့ရတယ်။
မရှေးမနှောင်းဘဲ တက္ကစီယာဉ်မောင်းတဦး သတ်ဖြတ်ပြီး ကားလုခံရတယ်။ အဲသလိုပဲ တက္ကစီယာဉ်မောင်းက ခရီးသည်လူငယ်ကို သတ်ပြီး ငွေလုသွားတဲ့ဖြစ်စဉ် ဗဟန်းမှာ ဖြစ်ပွားခဲ့တယ်။ ဒါမျိုးဖြစ်စဉ်တွေက ရန်ကုန်မြို့မှာ မကြာခဏ ဖြစ်နေတာ။ ဒါကြောင့် အပြင်မှာ ကြုံရာတက္ကစီမစီးရဲဘူး။ ရပ်ကွက်ထဲကဖြစ်ဖြစ် အသိမိတ်ဆွေတွေ မောင်းတဲ့တက္ကစီကိုပဲ ခရီးစဉ်အသွားအပြန် ကြိုချိတ်ပြီး စီးနေရတယ်။
အခုက ဘတ်စ်ကားစီးဖို့တောင် မလုံခြုံတော့ဘူး။ အရင်က ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်တဲ့အဆင့်ပဲ ရှိတယ်။ အခု အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဘတ်စ်ကားပေါ် အုပ်စုလိုက်တက်လာပြီး ခရီးသည်အကုန်လုံးကို ဓားထောက် ဓားပြတိုက်တဲ့အဆင့်ထိ ဖြစ်လာနေတယ်။ တလောကလည်း ညီဝမ်းကွဲတယောက် ဘတ်စ်ကားပေါ် အုပ်စုဖွဲ့ဓားထောက်လုလို့ ဖုန်းတလုံး ပါသွားတယ်။
အခုခေတ်က ငွေလေး သောင်းဂဏန်းနဲ့ ဖုန်းလေး တလုံးအတွက်တောင် သတ်ဖြတ်လုယက်နေကြတယ်။
အခုခေတ်က ငွေလေး သောင်းဂဏန်းနဲ့ ဖုန်းလေး တလုံးအတွက်တောင် သတ်ဖြတ်လုယက်နေကြတယ်။ တလောက လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ဘက်မှာ Delivery သမားတဦးကို ဓားနဲ့ထိုးသတ်ပြီး ဖုန်းလုသွားကြတယ်။ အဲဒီစက်မှုဇုန်မှာပဲ ကုန်တင်ကားစီးပေါ်မှာ သတ်ဖြတ်ခံထားရတဲ့ လူ သုံးဦးလောင်း တွေ့တယ်။ ဘာအမှုမှလည်း မပေါ်ဘူး။ ကိုယ်တွေက အဲဒီနေရာတွေကို အလုပ်ကိစ္စကြောင့် မကြာမကြာ သွားရလေ့ရှိတဲ့နေရာပဲ။ ဒါက တပိုင်း။
နောက်တခုကြောက်ရတာက စစ်ကောင်စီရန်။
ဘယ်အချိန် ဧည့်စာရင်းဝင်စစ်ခံရမလဲ၊ သွားလာနေရင်း အဖမ်းရမလဲ၊ အပစ်ခံရမလဲ အမြဲတွေးပူနေရတယ်။ အိမ်ထဲဝင်စစ်လို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ခမောက်တွေ့ရင်တောင် ဖမ်းလို့ရနေတာကိုး။ အဲဒီခမောက်တွေက အာဏာသိမ်းတာ အလိုမရှိကြောင်း ဆန္ဒတွေပြကြတုန်းက ဆောင်းခဲ့ကြတာကိုး။ အခုက အင်္ကျီအနက်ရောင် ဝတ်ပြီးသွားလာနေရင်ကို စစ်တပ်၊ စစ်သားတွေရဲ့ ဖမ်းဆီးစစ်ဆေးခံ၊ ငေါက်ငမ်းခံနေရတာ။ အနက်ရောင်ကို အာဏာသိမ်းမှုဆန့်ကျင်တဲ့ အမှတ်အသားဖြစ် သုံးထားဖူးကြတော့ စစ်တပ်က အနက်ရောင် allergy ဖြစ်နေတာ။
နောက်တခုက ကိုယ့်ဖုန်းထဲမှာ Facebook သုံးနေရင်ကို အဖမ်းခံရနိုင်တာပဲ။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က Facbook ကို မြန်မာနိုင်ငံမှာ ပိတ်ထားလို့ပဲ။ ဒီတော့ တခြားပြဿနာ ကြီးကြီးမားမား မရှိရင်တော့ Facebook သုံးမှုနဲ့ အကြောင်းရှာ ဖမ်းဆီးလို့ရနေတယ်။
Facebook ကိုလည်း သတင်းတွေကြည့်ဖို့လောက်ပဲ သုံးရဲတယ်။ ဘာမှမတင်ရဲ၊ မရှယ်ရဲဘူး။ အခုက စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပို့စ်တွေမှာ ထောက်ခံတဲ့ မှတ်ချက်လေး ပေးမိရင်ကို ဖမ်းဆီးခံရနိုင်တယ်။ စစ်အုပ်စုနဲ့ စစ်တပ်ထောက်ခံသူတွေက စောင့်ကြည့်နေကြတာ။ စစ်တပ်နဲ့ရဲက ရာဇဝတ်မှုတွေ ပေါ်ပေါ်တင်တင် ကျူးလွန်တဲ့သူတွေကိုသာ မဖမ်းကြတာ၊ Facebook မှာ သူတို့ကို ဆန့်ကျင်တဲ့၊ တော်လှန်တဲ့ ပို့စ်တို့၊ မှတ်ချက်တို့ ပေးတဲ့သူတွေကိုတော့ မရ၊ ရအောင်ကို ရှာဖမ်းနိုင်ကြတာ။ အာဏာသိမ်းလိုက်လို့ ဘယ်ခရီးတွေမှ မသွားနိုင်တော့ဘူးဆိုပြီး Facebook မှာ ပို့စ်တင်တဲ့ မိန်းကလေးတယောက်တောင် ဖမ်းဆီးအမှုဖွင့်ခံရတယ်။
နောက်တခုက သွားရင်းလာရင်း ပစ်ခတ်ခံရမှာလည်း ကြောက်ရသေးတယ်။ စစ်ကားတွေက ညစဉ်ကင်းလှည့်နေသလို လမ်းဆုံ၊ လမ်းခွတွေမှာ ဘန်ကာတွေဆောက်ပြီး နေရာယူထားကြတယ်။ PDF တွေကလည်း မကြာခဏ သူတို့ကို တိုက်ခိုက်နေကြတယ်။ တိုက်ခိုက်ခံရတိုင်းလည်း မဆင်ခြင်ဘဲ လမ်းပေါ်မှာရှိနေတဲ့ လူ၊ ကား၊ ဆိုင်ကယ် မည်းမည်းမြင်ရာ ရမ်းသမ်းပစ်တဲ့အကျင့် သူတို့မှာရှိတာကိုး။
ခြုံပြောရရင် အိမ်ရှေ့မှာ ဆိုင်ကယ်၊ ကားတွေလာရပ်တဲ့ အသံကြားရင်ကို ရဲတွေလား၊ စစ်တပ်တွေလားဆိုတဲ့ စိုးရိမ်စိတ်၊ မလုံခြုံတဲ့စိတ်က အမြဲတမ်းဖြစ်နေတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် Fear, Hardship and Lawlessness: Life in Yangon Under the Myanmar Military Junta ကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုနိုင်သည်။)
You may also like these stories:
အမျိုးသမီးတွေကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ
စစ်ကောင်စီအောက် ဒုစရိုက်မှုတွေ ကြီးစိုးလာတဲ့ ရန်ကုန်
အင်းစိန်ထောင် ပေါက်ကွဲမှု ၈ ဦးသေဆုံး၊ အရပ်သားများလည်းပါဝင်
စစ်ကောင်စီ လက်ပိုက်ကြည့်နေတဲ့ မြို့ပြများက ခိုး ဆိုး လုယက်မှုတွေ
ခိုးဆိုးလုနှိုက် အန္တရာယ်နှင့် လုံခြုံမှုကင်းမဲ့လာသည့် မြို့ပြများ