ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးလာခြင်းနှင့်အတူ ကုန်ဈေးနှုန်းကလည်း တရိပ်ရိပ်တက်နေရာ မြန်မာတို့အဖို့ အိမ်နီးချင်း ထိုင်းနိုင်ငံက အလုပ်အကိုင်အခွင့်အလမ်းအတွက် ထွက်ပေါက်တခုဖြစ်နေခဲ့ပြီး နည်းမျိုးစုံဖြင့် ပြည်တွင်းမှ ထွက်ခဲ့ကြသော် လည်း လက်တွေ့တွင် ပို၍ ခက်ခဲကျပ်တည်းမှုများဖြင့် ရင်ဆိုင်နေရသည့် မြန်မာရွှေ့ပြောင်းလုပ်သား များစွာလေသည်။
ထိုသို့သော လူအများထဲတွင် မကွေးတိုင်းအတွင်းရှိ ကျေးရွာတရွာမှ အလုပ်လာလုပ်သည့် ကိုအောင်ကျော်စိုးတယောက် လည်း အပါအဝင်ဖြစ်သည်။
“သူများဆီက ပိုက်ဆံကို ၁၀ တိုးနဲ့ ချေးပြီးတော့ ထိုင်းနိုင်ငံမှာ အလုပ်ကောင်းတယ်ဆိုလို့ ပိုက်ဆံကို အတိုးနဲ့ ချေးပြီး တော့မှ ပတ်စ်ပို့စာအုပ်ကို မြဝတီထိသွားလုပ် ၅သိန်း ၊ ၆သိန်းလောက်ကုန်တယ်။ လမ်းမှာလည်း အစစ်အဆေးတွေနဲ့ ကိုယ့်ဘာသာလုပ်၊ ကိုယ့်ဘာသာ သွားရတာတွေ။ ပိုက်ဆံအကြွေးတွေ ဘယ်လိုလုပ် ဆပ်နိုင်မှာလဲဗျာ” ဟု ကိုအောင်ကျော်စိုးက ညည်းတွားပြောဆိုသည်။
အသက် ၃၅ နှစ်အရွယ် ကိုအောင်ကျော်စိုးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ထိုင်း -မြန်မာ နှစ်နိုင်ငံ သဘော တူညီချက် (MoU ) ဖြင့် ထိုင်းနိုင်ငံ ဖစ်ဘူရီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် အလုပ်လုပ်ကိုင်ရန် Passport ၊ ပွဲစားခအတွက်ကုန်ကျစရိတ်များအပါအဝင် မြန်မာငွေ သိန်း ၄၀ခန့် အကုန်ခံပြီး ရောက်ရှိနေခြင်းဖြစ်သည်။
အဆိုပါ ကုန်ကျစရိတ်ကို ရပ်ရွာအတွင်းမှ ငွေတိုးချေးသူထံမှ ၁၀ တိုးဖြင့် ချေးငှားလာခဲ့ရပြီး ကလေး ၄ ယောက်နှင့် ဇနီးဖြစ်သူတို့မှာ ရွာတွင် ကျန်ရစ်ခဲ့သည်။ အရင်းမပါ တလ ၄ သောင်းဆပ်ရမည်ဖြစ်ရာ ယခုကဲ့သို့ အလုပ်အကိုင် အဆင်မပြေမှုကြောင့် အတိုးပေါ်အတိုးဆင့်ရင်း အကြွေးနွံနစ်တော့မည့် အရေးကို တွေးပူနေရသည်။
သတ်မှတ်ထားသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ခွင့်မရဘဲ တခြားသော ဆောက်လုပ်ရေးစက်ရုံတခုတွင် တရက်လုပ်အားခ ၃၅၁ ဘတ်ဖြင့် အလုပ်လုပ်ကိုင်၍ ပထမဆုံးလအတွက်သာ လုပ်အားခ အပြည့်သာရရှိခဲ့ပြီး ကျန်လများတွင် တလလုံးစာ လုပ်အားခအစား ၁၂ ရက်စာသာ ရရှိခဲ့သည်။
ကျန်ရှိနေသည့် လုပ်အားခရှင်းပေးရန် ကိုအောင်ကျော်စိုးအပါအဝင် အလုပ်သမား ၂၅ ဦးတို့မှ စက်ရုံသူဌေးထံသို့ တောင်းဆိုသည့်အခါတွင် မပေးနိုင်သေးကြောင်းနှင့် လုပ်ချင်ရာလုပ်၍ ရကြောင်း မချေမငံပြောဆိုဆက်ဆံခြင်းကို ခံခဲ့ရသည်။
၎င်းက “လစာရှင်းပေးဖို့ပြောရာကနေ အလုပ်နားခံလိုက်ရတယ်။ လစာရှင်းရမယ့်ရက် ရောက်နေတာကို ရှင်း မပေးဘူးပေါ့။ ၁၂ရက်ခကို ရှင်းပြီးတော့ နောက်ရက်စာတွေကို ချန်မထားနဲ့ပေါ့။ နောက်မှာလည်း အခက်အခဲတွေ အကြွေးတွေနဲ့ တက်လာတဲ့သူတွေချည်းပဲ။ အဲဒီလိုပြောတော့ ပုလိပ်တိုင်မယ်ဆိုပြီး ပြောတယ်။ လုပ်ချင်လုပ် မလုပ်ချင်နေ၊ နောက်လ တွေလည်း ဒီလိုပဲပေးနေမှာပဲဆိုပြီး ပြောတယ်” ဟု ပြောသည်။
ယခုအခါ ကိုအောင်ကျော်စိုးအပါအဝင် မြန်မာအလုပ်သမားအချို့သည် စက်ရုံတွင်နေထိုင်၍ မရတော့သောကြောင့် မြန်မာအလုပ်သမားရေးဆောင်ရွက်သူများ၏ အကူညီဖြင့်ထားသည့် နေရာတွင် နေထိုင်နေရသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက နည်းလမ်း ၂ လမ်းအနက် တခုမှာ ထိုင်း -မြန်မာ နှစ်နိုင်ငံသဘောတူညီချက် (MoU ) စနစ် ဖြစ်သည်။
MoU ဖြင့် အလုပ်လုပ်ကိုင်မည်ဆိုလျှင် မြန်မာပြည်ရှိ တရားဝင်အေဂျင်စီတွင် အမည်စာရင်းသွင်း၍ လျှောက်ထားပါက ဗီဇာ ၂ နှစ် ၊ အလုပ်လုပ်ကိုင်ခွင့် ၂နှစ်ရရှိပြီး ထိုင်းနိုင်ငံရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်ခွင့် ရမည်ဖြစ်သည်။
ပုံမှန်အားဖြင့် MoU လုပ်ငန်းစဉ်အရ မြန်မာအလုပ်သမားတဦးလျှင် ထိုင်းဘတ် ၂၀,၀၀၀ ဝန်းကျင် (ကျပ် ၁၇ သိန်း ကျော်) ခန့် ကုန်ကျနိုင်ပြီး လမ်းစရိတ်၊ ထောက်ခံစာနှင့် အခြားကုန်ကျစရိတ်များလည်းရှိကာ လုပ်ငန်းခွင်အရောက် ရက် ၉၀ ခန့် ကြာမြင့်မည်ဖြစ်သည်။
မြန်မာနိုင်ငံမှ အလုပ်သမားများကို ထိုင်းနိုင်ငံသို့ MoU အစီအစဉ်ဖြင့် ၂၀၂၂ မေလတွင် ပြန်လည်စေလွှတ်ခဲ့သော်လည်း နှစ်နိုင်ငံအေဂျင်စီများ၏ ဥပဒေ မလိုက်နာမှု၊ စက်ရုံများဘက်မှ စာချုပ်ချိုးဖောက်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းတို့ကြောင့် ထိုင်းရောက် MoU လုပ်သားများ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အလုပ်ဖြုတ်ခံရခြင်း စသည့် အခက်အခဲများ ဖြင့် ကြုံတွေ့နေကြရပြီး အလုပ်လက်မဲ့လူဦးရေ သိန်းနှင့်ချီရှိနေသည့် အကြောင်းများ မကြာခဏဆိုသလို အလုပ်သမားရေး ဆောင်ရွက်သူများထံမှ ကြားသိနေရသည်။

ယခု ဧပြီ ၂ ရက်ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း၊ စမွတ်ဆာခွန်ရှိ ကျောက်သွေးစက်ရုံတခုမှ MoU မြန်မာလုပ်သား ၃၀၀ ကျော် အလုပ်ထုတ်ခံရမှု ဖြစ်ပွားခဲ့သလို ပြီးခဲ့သည့် မတ် ၂၆ ရက်ကလည်း ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ကမော္ဘဒီးယား နယ်စပ် ဆာကယောက်မြို့ရှိ ကြက်သားစက်ရုံတခုမှ မြန်မာရွှေ့ပြောင်းလုပ်သား ၅၅ ယောက်အား အလုပ်ရှင်သူဌေးက ဒေဝါလီခံရသည်ဆိုကာ လျော်ကြေးငွေမပေးဘဲ အလုပ်ရပ်နားခဲ့သည်။
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ Cal-Comp Electronics စက်ရုံ၌ နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MoU) ဖြင့် လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၁,၀၆၀ ဦးမှာ လုပ်ငန်းခွင်လိုအပ်ချက်ကြောင့် လူအင်အားလျှော့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် မတ် ၃၀ ရက်တွင် အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။
နှစ်နိုင်ငံသဘောတူညီမှု MoU စာချုပ်အရ အလုပ်ရှင်မှ ငှားရမ်းရန် သဘောတူထားသည့် အလုပ်သမားများအနေဖြင့် စာချုပ် ၂နှစ်ပြည့်သည်အထိ အလုပ်လုပ်ရမည်ဖြစ်ပြီး မြန်မာအေဂျင်စီများအနေဖြင့်လည်း လုပ်သား စေလွှတ်သည့်အထဲ တွင် စာချုပ်ပါ စက်ရုံနှင့် လုပ်အားခအား တိတိကျကျဖြစ်စေရန် လုပ်ဆောင်ရမည်ဖြစ်သည်။
စာချုပ်ပါ အချက်အလက်များကို အလုပ်သမားများက မငြိစွန်းဘဲ အလုပ်ရှင်ဘက်မှ လုပ်ငန်းပြောင်းရွှေ့ခြင်း၊ လုပ်အားခမရရှိခြင်းများရှိလာပါက အလုပ်သမားများကို စေလွှတ်ခဲ့သည့် မြန်မာပြည်ဘက်ရှိ အေဂျင်စီမှ တာဝန်ခံ၍ ဖြေရှင်းပေးရမည်ဖြစ်သော်လည်း လက်တွေ့တွင် ဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းလာပြီး အလုပ်အကိုင်ရှားပါးမှု ၊ မလုံခြုံမှုများကြောင့် အလုပ်လက်မဲ့ဖြစ်သွားကြသည့် နိုင်ငံအတွင်းရှိ အလုပ်သမားများမှာ ရရာ အလုပ်လုပ်ကိုင်ရန် ပြည်ပနိုင်ငံများသို့ ထွက်ခွာကြရသည်။
အထက်ပါအတိုင်း MoU စနစ်များဖြင့် လာရောက်ကြသူများရှိသလို တောင်ကျော် ခိုးလမ်း ဟု ပြောသည့် နယ်စပ် တရားမဝင် လမ်းကြောင်းများမှတဆင့် နေ့စဉ် ရာနှင့်ချီ၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နေကြခြင်းများလည်း ရှိသည်။
ထိုသို့ဝင်ရောက်လာသည့် အထောက်အထားမဲ့များအနေဖြင့် ထိုင်းအစိုးရမှ တရားဝင်လုပ်ပေးသည့် ပန်းရောင်ကတ်ဟုခေါ်သည့် နေထိုင်အလုပ်လုပ်ခွင့်လက်မှတ်များကို ပွဲစားများမှတဆင့် သတ်မှတ်ကာလအတွင်း ပြုလုပ်ကြရသည်။
အဆိုပါ ပန်းရောင်ကတ်အတွက် ထိုင်းအစိုးရမှ တရားဝင်သတ်မှတ်ထားသည့် ကုန်ကျစရိတ်မှာ လျှောက်လွှာတင်ခ အလုပ်သမားတဦးလျှင် ဘတ် ၁၀၀ နှင့် အလုပ်လုပ်ကိုင်ခွင့် စာအုပ်အတွက် ဘတ် ၉၀၀ စုစုပေါင်း ဘတ် ၁၀၀၀ သာ ပေးချေရမည်ဖြစ်သော်လည်း လက်တွေ့တွင်မူ ဘတ် ၁ သောင်းခွဲဝန်းကျင် (ကျပ် ၁၀ သိန်းကျော်) ပေးဆောင်နေကြရသည်။
အထောက်အထားပြုလုပ်သည့် လုပ်ငန်းစဉ်များကိုလည်း ထိုင်းအစိုးရက မကြာခဏပြောင်းလဲသတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများကြောင့် လုပ်ကိုင်ရန် ပို၍ခက်ခဲလာခဲ့ပြီး သက်တမ်းကုန်၍ အထောက်အထားမဲ့အနေဖြင့် နေထိုင်နေရသည့် အခြေအနေသို့ပင် ရောက်ရှိနေရကြောင်း အသက် ၂၉ နှစ်အရွယ် မသူသူက ပြောသည်။
မသူသူက “စာအုပ်လုပ်ဖို့ကို ပွဲစားစကားကို ယုံလိုက်တာ သက်တမ်းကုန်သွားတဲ့ထိ ရောက်သွားတယ်။ အခုလည်း စာအုပ်ရိုက်ဖို့အတွက် စာရင်းတင်ထားတာ ၂လပိုင်းကတည်းကပဲ။ ဘယ်လောက်ကြာမယ်ဆိုတာလည်း ပြော မတတ်ဘူး” ဟု ပြောသည်။
မသူသူသည် မဟာချိုင်မြို့ရှိ သစ်သီးစက်ရုံတခုတွင် အထောက်အထားမဲ့အနေဖြင့် အလုပ်လုပ်ကိုင်နေရပြီး အထောက်အထားရှိသူများထက် လုပ်အားခလျော့၍ ရရှိကြောင်းဆိုသည်။
“အခုက သစ်သီးစက်ရုံမှာလုပ်နေတယ်။ အထောက်အထားကုန်နေပေမယ့် အလုပ်ခန့်ထားတယ်။ ဒါပေမယ့် အထောက်အထားမရှိဘူးဆိုပြီးတော့ အထောက်အထားရှိတဲ့လူနဲ့ လုပ်အားခ တန်းတူ မပေးဘူး။ နေ့စား တရက်ကို ၃၅၀ ဘတ်ပေးတာကို ၃၃၁ ဘတ်ပဲပေးတယ်” ဟု မသူသူက ပြောသည်။
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနစ် အောက်တိုဘာလမှစတင်၍ ပြောင်းလဲသတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခလစာများမှာ စီးပွားရေးအချက်အခြာကျသည့် ခရိုင် ၃ ခုဖြစ်သည့် ချွန်ပူရီ၊ လယောင်း၊ ဖူးကက်တို့တွင် ၃၅၄ ဘတ် (ကျပ် ၃သောင်းကျော်ဝန်းကျင်) အများဆုံး ရရှိမည်ဖြစ်ပြီး ဘန်ကောက်၊ နွန်ထပူရီ၊ နခွန်းပထုမ်၊ ပထုမ်းထာနီ ၊ ဆမွတ်ပရာကန် ၊ စမွန်ဆာခွန် တို့တွင် ၃၅၃ ဘတ်၊ ချချန်းဆောင်း တွင် ၃၄၅ ဘတ်၊ ဖနခွန်းဆီအယုဒ္ဓယ တွင် ၃၄၃ ဘတ်၊ ပရတ်ကျင်ဘူရီ၊ နွန်ခိုင်၊ ဥဘွန်ရချဌာနီ၊ ဖန်ငါ၊ ကဘီ၊ တရတ်၊ ခွန်းကင်၊ ချင်းမိုင်၊ စုဖန်ဘူရီ ဆုန်ခလာ၊ စူရတ်ဌာနီ၊ နခွန်ရချစီမာ၊ လော့ဘူရီ ဆလပ်ဘူရီ တို့တွင် ၃၄၀ ဘတ်၊ ကျန် ခရိုင်များတွင် ၃၃၈ ဘတ်၊ ၃၃၅ ဘတ် နှင့် အနည်းဆုံးအနေဖြင့် ၃၂၈ ဘတ် တို့ဖြစ်သည်။
ထိုင်းနိုင်ငံအတွင်းသို့ မြန်မာအလုပ်သမားများ စုပြုံရောက်ရှိနေခြင်းကြောင့် လုပ်ငန်းခွင်များတွင် သတ်မှတ်ထားသည့် လုပ်အားခအတိုင်း မရရှိကြတော့ဘဲ အခွင့်အရေးချိုးဖောက်ခံနေရခြင်းများနှင့်ခေါင်းပုံဖြတ် ဖိနှိပ်ခံရမှုများကို အလုပ်သမား ရေးဆောင်ရွက်သူများမှာ နေ့စဉ်နှင့်အမျှ ဖြေရှင်းနေကြရသည်။
မြန်မာသံရုံးအနေဖြင့် အဆိုပါပြဿနာများ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ဆန္ဒပြတောင်းဆိုမှသာလျှင် လာရောက် ဖြေရှင်းပေးပြီး အခက်အခဲဖြစ်သည့် အလုပ်သမားများမှ ဖုန်းဆက်၍ တိုင်ကြားမှုများကို လျစ်လျူရှုနေသည်က ပိုများကြောင်း အလုပ်သမားများက ဆိုသည်။
အလုပ်သမားသံအရာရှိများအနေဖြင့်လည်း အဆိုပါ ကိစ္စရပ်များကို ဝင်ရောက်ဖြေရှင်းပေးရန် လိုအပ်သည့်အတွက် ၎င်းတို့ကို ဧရာဝတီအနေဖြင့် ဆက်သွယ်မေးမြန်းသည့်အခါတွင် ဘန်ကောက်သံအရာရှိမှ ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။
မြန်မာ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) မဟာချိုင်ရှိ အလုပ်သမား တာဝန်ခံ ကိုဇော်က “ကျနော်တို့ အလုပ်သမားတွေ အရမ်း ဒုက္ခရောက် ကြရတယ်။ လက်ရှိဖြစ်နေတာတော့ အလုပ်လက်မဲ့တွေ ဖြစ်နေတယ်။ အလုပ်ရှင်တွေကလည်း အလုပ်ပြတ်လပ်မှုတွေ ဖြစ်နေတယ်။ ဒါကို ထိုင်းအစိုးရအနေနဲ့ လမ်းကြောင်း တခုခုဖွင့်ပြီးတော့ အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးဖို့ ပြောချင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါနှင့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ၊ စီးပွားရေး မတည်ငြိမ်မှုကြောင့် တလလျှင် မြန်မာနိုင်ငံသား လေးသောင်းနီးပါး ပြည်ပသို့ ပုံစံမျိုးစံဖြင့် ထွက်ခွာနေကြကြောင်း ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း ( IOM) က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၅ သန်း ဝန်းကျင်အထိရှိပြီး စစ်တပ် အာဏာသိမ်းထားသည့် ၂နှစ်အတွင်း ထိုင်းနိုင်ငံတွင်းသို့ တရားဝင် သွားရောက်အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ ၄သိန်းကျော်ခန့်ရှိနေပြီဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်များသူများထံမှ သိရသည်။
ယခုမေလ ၁ ရက်နေ့တွင်ကျရောက်သော အလုပ်သမားနေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်သမားရေးဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများစုပေါင်း၍ စီတန်းလှည့်လည်ကာ မိသားစု ၃ဦးစာဖူလုံသည့် အနည်းဆုံးလုပ်ခလစာ ရရှိရေး၊မြန်မာလုပ်သားများ၏လိုအပ်သော သက်တမ်းတိုးလုပ်ငန်းစဉ်များကို ထိုင်းနိုင်ငံအတွင်း အဆင်ပြေစွာဆောင်ရွက်နိုင်ရေး၊ ထိုင်းနိုင်ငံအတွင်း အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရေး စသည့်အချက်များကို တောင်းဆိုခဲ့ကြပြီး အဆိုပါတောင်းဆိုချက်များကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးထံသို့ အိတ်ဖွင့်ပေးစာအနေဖြင့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
“နောက်က မိသားစုကတော့ ပိုက်ဆံမျှော်တာပေါ့။ မိန်းမကလည်း ဘာမှမလုပ်တတ် မကိုင်တတ်ဆိုတော့ ပိုက်ဆံမျှော်တာပေါ့။ နောက်က အကြွေးတွေကလည်း တောင်းနေတော့ စိတ်ညစ်မှာပေါ့။ ကျနော်တို့ကလည်း ဒီမှာ အလုပ်ကပင်ပန်း ပိုက်ဆံကမရနဲ့ စိတ်တွေညစ်ရတယ်” ဟု ကိုအောင်ကျော်စိုးက ဆိုသည်။
နှစ်စဉ်နှစ်တိုင်း မေလ (၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ် သတ်မှတ်ပြီး အလုပ်သမား အခွင့်အရေးတောင်းဆိုမှု၊ လှုပ်ရှားဆောင်ရွက်မှုများကို လုပ်ဆောင်နေကြသော်လည်း ထိုင်းနိုင်ငံရောက် အဖိနှိပ်ခံမြန်မာအလုပ်သမားများအတွက် အမှန်တကယ် တရားမျှတမှု၊ တန်းတူမှုများ ရလာနိုင်ဖို့ဆိုသည်မှာ အာဏာသိမ်းစစ်အစိုးရလက်အောက်တွင် မဖြစ်နိုင်သေးသည့် အိမ်မက်တခုဟု ဆိုရမည်ဖြစ်သည်။
You may also like these stories:
အသက်ရှူကျပ်လာသည့် ထိုင်းရောက် မြန်မာလုပ်သားများဘဝ
စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို
ထိုင်းရောက် မြန်မာများအား CI ကတ် ထုတ်ပေးခြင်း စစ်ခေါင်းဆောင်၏ ဆွေမျိုးကုမ္ပဏီ လုပ်ခွင့်ရ