ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) သည် ယခုအခါ မြောက်ယွန်းယွန်းသို့ ရွေ့လျား၍ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် ဘင်္ဂလားဒေ့ရှ်- မြန်မာကမ်းရိုးတန်းသို့ ဦးတည် ရွေ့လျားနိုင်သဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက လိမ္မော်ရောင်အဆင့် သတ်မှတ်ကာ လာမည့် မေ ၁၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ (Cox’s Bazar) နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည် ဟု ခန့်မှန်းထားသည်။
ထို့အတွက် မြန်မာနိုင်ငံ နေရာတော်တော်များများ မိုးကြီးနိုင်သလို မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်းကျ၍ လှိုင်းအလွန်ကြီးနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁ နာရီလျှင် ၇၅ မိုင်မှ ၈၅ မိုင်နှုန်းခန့် ရှိကာ မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက် များအတွင်း ၁၀ ပေမှ ၁၄ ပေခန့်အထိ၊ ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၇ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။
ရေကြီး၊ ရေလျှံမှုများ ဖြစ်နိုင်သဖြင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများမှာ ယခုအခါ မုန်တိုင်းမှလွတ်ရန်အတွက် ပြောင်းရွှေ့မှုများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းသည် မိုးကြိုကာလ ဧပြီ၊ မေနှင့် မိုးနှောင်း ရာသီ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ဖြစ်ပေါ်လေ့ရှိပြီး ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နှင့် ဘင်္ဂလားဒေ့ရှ်ကမ်း ရိုးတန်းဒေသများကို တိုက်ခတ်လေ့ ရှိသည်။
အပူပိုင်းဒေသ မုန်တိုင်းတို့၏ ထူးခြားချက်မှာ လေဖိအား လျင်မြန်စွာ ကျဆင်းကာ လေပြင်းထန်စွာ တိုက်ခြင်း၊ လှိုင်း တံပိုးကြီးခြင်း၊ မုန်တိုင်းအတွင်းပိုင်းတွင် သိသိသာသာ ပူခြင်း၊ လေတိုက်နှုန်းပြင်းထန်ပါက တနာရီလျှင် မိုင် ၁၀၀ မှ မိုင် ၁၅၀ ရှိပြီး နာရီပေါင်းများစွာ တိုက်ခတ်လေ့ရှိကာ အမြင့် ၁၀ ပေမှ ၄၅ ပေခန့်ရှိ ဒီလှိုင်းလုံးများ ဝင်လာတတ်သဖြင့် မြို့ရွာများ ပျက်သုဉ်းသည်အထိ ပျက်စီးဆုံးရှုံးမှုရှိသည်ကို တွေ့ရသည်။
မြန်မာ့ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်သွားသည့် ထင်ရှားသော မုန်တိုင်းကြီးများမှာ ၁၈၈၄ ခုနှစ်တွင် စစ်တွေမုန် တိုင်းကြီး၊ ၁၉၃၆ ခုနှစ် ကျောက်ဖြူ လေမုန်တိုင်းကြီး၊ ၁၉၄၈ ခုနှစ် စစ်တွေမုန်တိုင်းကြီး၊ ၁၉၅၂ ခုနှစ် စစ်တွေမုန်တိုင်း ကြီး၊ ၁၉၆၇ ခုနှစ် ကျောက်ဖြူမုန်တိုင်းကြီးနှင့် စစ်တွေမုန်တိုင်း၊ ၁၉၆၈ ခုနှစ် စစ်တွေ လေမုန်တိုင်းကြီး၊ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကြီးတို့ ဖြစ်သည်။
မြန်မာနိုင်ငံတွင်း ဝင်ရောက်တိုက်ခတ်သည့် မုန်တိုင်းများနှင့် ပတ်သက်၍ အစောဆုံး ပြုစုပုံနှိပ်သည့် မှတ်တမ်းမှာ ဆာဂျွန်အီးလီးယော့၏ “၁၈၈၄ ခုနှစ် စစ်တွေဆိုင်ကလုန်းကြီး” စာအုပ်ဖြစ်ပြီး မိုးကြိုကာလ ဘင်္ဂလားပင်လယ်အော် အတွင်းဖြစ်ပေါ်သည့် မုန်တိုင်းအန္တရာယ်သတိပြုရေးအတွက် ၁၈၉၀ တွင် ထုတ်ဝေသည်။
သူ၏မှတ်တမ်းအရ စစ်တွေမုန်တိုင်းသည် ၁၈၈၄ ခု မေလ ၁၄ ရက်၌ ကပ္ပလီပင်လယ်ပြင်တွင် အစပျိုးကာ ၁၇ ရက် တွင် အရှေ့မြောက်ကိုကွေ့၍ ည ၉ နာရီခန့်တွင် စစ်တွေမြို့ကို ဖြတ်ကျော်ကာ မေလ ၁၈ ရက် ရခိုင်ရိုးမကို ဖြတ်ကျော် ချိန် အားပျော့သွားခဲ့ပြီး၊ မုန်တိုင်းကြောင့် လူ ၁၀၀ ခန့် သေဆုံးကာ အိမ်များပြိုလဲခြင်း၊ ကောက်ပဲသီးနှံများ ဆုံးရှုံးများခဲ့ သည်ဟု ဆာဂျွန်အီးလီးယော့က ဆိုသည်။
၁၉၃၆ ခုနှစ် ကျောက်ဖြူမုန်တိုင်းကြီးသည်လည်း ထိုနှစ် ဧပြီ ၂၂ ရက် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းမှ စတင်ဖြစ်ပေါ် ကာ မုန်တိုင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဧပြီ ၂၅ ရက်တွင် ပုသိမ်မြို့ အနောက်ဘက် မိုင်၂၅၀ ခန့် အကွာသု့ိ ရောက်ရှိခဲ့ပြီး နောက်တရက်တွင် ကျောက်ဖြူသို့ ဝင်ရောက် တိုက်ခိုက်သွားခြင်း ဖြစ်သည်။
မုန်တိုင်းကြောင့် ကျောက်ဖြူတွင် သေပျောက်သူ ၁ ထောင်ကျော်ရှိကာ၊ ကျွဲနွားပေါင်း ၇ သောင်းကျော် သေဆုံးပြီး၊ မာန်အောင်ကျွန်းတွင် ၁၄၄ ယောက်၊ ရမ်းဗြဲကျွန်းတွင် ၃၄ယောက်၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်များတွင် ၈၁၃ ယောက် ရှိခဲ့ပြီး ကျောက်ဖြူတွင် ကယ်ဆယ်ရေးစခန်း ဖွင့်ခဲ့ရကြောင်း သိရသည်။
၁၉၄၈ စစ်တွေမုန်တိုင်းကြီးမှာမူ ဘင်္ဂလားပင်လယ်အော်တွင် အစပျိုးခဲ့ခြင်း မဟုတ်ဘဲ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း မှ စတင်၍ တောင်တရုတ်ပင်လယ် ဗီယက်နမ်၊ ထိုင်း စသည်တို့ကို ဖြတ်ကျော်ပြီး တနင်္သာရီကမ်းရိုးတန်းမှ ၁၉၄၈ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ရောက်ရှိလာကာ ၈ ရက်၌ စစ်တွေမြို့အနီးမှ ဖြတ်ကျော်တိုက်ခတ်သွားခြင်း ဖြစ် သည်။
၁၉၅၂ ခုနှစ် စစ်တွေမုန်တိုင်းကြီးသည်လည်း ဘင်္ဂလားပင်လယ်အော် ပြင်ပတွင် ဖြစ်ပေါ်ကာ ရွေ့လျားလာသည့် မုန် တိုင်း ဖြစ်သည်။ ထိုင်းနိုင်ငံကတဆင့် ကျိုက်ခမီမြို့အနီးမှ ဖြတ်၍ မုတ္တမပင်လယ်ကွေ့သို့ မုန်တိုင်းငယ်အဖြစ် ဝင်ရောက် ကာ အောက်တိုဘာ၂၃ ရက်တွင် ရန်ကုန်မြို့အနီးမှ ဖြတ်၍ ဂွမြို့အနီးမှ ဘင်္ဂလားပင်လယ်အော်သို့ ဝင်ရောက်သွား သည်။
ယင်းမုန်တိုင်းကြောင့် ရန်ကုန်မြို့၌ လူ ၄ ဦးသေဆုံးသလို စစ်တွေမြို့တွင်လည်း အပျက်အစီးများ ရှိခဲ့သည်။
၁၉၆၇ ခုနှစ်က ရခိုင်ကမ်းရိုးတန်းအတွက် မုန်တိုင်းနှင့် ပတ်သက်လျှင် ထူးခြားသည့်နှစ်ဟု ဆိုရမည်ဖြစ်ပြီး မေလတွင် ကျောက်ဖြူသို့ မုန်တိုင်းဝင်ခဲ့သလို အောက်တိုဘာလ၌ စစ်တွေသို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ခြင်း ဖြစ်သည်။
ကျောက်ဖြူမုန်တိုင်းမှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၃၀၀ ခန့် ဝေးသည့် ပင်လယ်ပြင်ကို ဗဟိုပြုကာ အလွန်အားကောင်းလာပြီး လေသည် မုန်တိုင်း ဗဟိုမှ မိုင်၂၀၀ ပတ်လည်အတွင်း တနာရီ လျှင် မိုင် ၇၀ နှုန်းဖြင့် တိုက်ခတ်၍ မေ ၁၈ ရက်တွင် ကျောက်ဖြူမြို့ အနီးမှ ဖြတ်ကျော် ဝင်ရောက်သွားသည်။
တနာရီ မိုင် ၇၀ မှ ၈၀ နှုန်း တိုက်သဖြင့် အိုးအိမ် အဆောက်အအုံပေါင်း ၃၆၀၀ ပျက်စီးပြီး လှေ၊ သင်္ဘောများနစ်မြုပ် ပျောက်ဆုံးခဲ့သည်။
ထိုနှစ် မိုးနှောင်း အောက်တိုဘာလက စစ်တွေသို့ ဝင်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းသည် ကပ္ပလီကျွန်းစု တောင်ဘက် ပင်လယ်ပြင်တွင် မုန်တိုင်းငယ်အဖြစ် စတင်ပြီး အောက်တိုဘာ၂၃ ရက်တွင် ပိုမိုအားကောင်းကာ အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့သည်။ ထို့နောက် စစ်တွေမြို့ အနီးမှ တနာရီ မိုင် ၁၀၀နှုန်း တိုက်ကာ ကုန်းတွင်း အထက်မြန်မာ ပြည်သို့ ဝင်ရောက်၍ အားပျော့သွားခဲ့သည်။
ကုန်းတွင်းသို့ ဖြတ်သန်းစဉ် မုံရွာခရိုင်တွင် လျှပ်တပြက်ရေကြီးခြင်း၊ ချင်းတွင်းမြစ်ရေ ညတွင်းချင်း ၁၀ ပေ တက်လာပြီး ရွာများမှာ ရေတိုက်စား၍ ပါသွားသည်။
စစ်တွေမြို့ရှိ အဆောက်အအုံ ၈၀ ရာခိုင်နှုန်း ပျက်စီးခဲ့ပြီး လူ၂ ဦး သေဆုံးကာ ရသေ့တောင်နှင့် ကျောက်တော်မြို့ နယ်များတွင်လည်း အပျက်အစီး များပြားခဲ့သည်။
ထိုမုန်တိုင်းများအပြီး နောက်တနှစ် ၁၉၆၈ ခုနှစ် မေလအစ ပုသိမ်မြို့ တောင်ဘက် မိုင် ၂၀၀ ခန့် ဝေးသည့် ပင်လယ် ပြင်ကို ဗဟိုပြု၍ မုန်တိုင်းငယ်တခု ဖြစ်ပေါ်ခဲ့သည်။
ယင်းမုန်တိုင်းငယ်သည် မေလ ၈ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် ပြောင်းလဲသွားသည်။ မေ ၁၀ ရက်နေ့တွင် စစ်တွေမြို့ပေါ်သို့ မုန်တိုင်းဗဟိုချက် ကျရောက်သွားကာ အချင်းမိုင် ၅၀ ခန့်ရှိပြီး လေတိုက်နှုန်းမှာ မိုင် ၈၀မှ မိုင် ၁၀၀ အထိ တိုက်ခိုက်ခဲ့သည်။ ထိုမုန်တိုင်းမှာ နွားကြီးများပင် နှစ်ပတ် သုံးပတ်လိမ့်သည့်အထိ လေအဟုန်ပြင်းထန်ကြောင်း၊ ခရီးသည်တင်သင်္ဘောများ နစ်မြုပ်၍ လူသေဆုံးမှုရှိသလို စစ်တွေဆိပ်ကမ်း၌ ကျောက်ချထားသော ဂရိနိုင်ငံမှ ဂေရိုမစ် ကိုလတ် အမည်ရှိ ပင်လယ်ကူးသင်္ဘောကြီးမှာ ကျောက်ဆူးကြိုးပြတ်ကာ မျောပါနစ်မြုပ်သွားပြီးတဲငယ် အိမ်ငယ် မဆိုထားနှင့် ရေတပ်စခန်းနှင့် စက်ရုံများပင် မြေတွင် ပြားပြားဝပ်သွားသည်ဟု မှတ်တမ်းများအရ သိရသည်။
မြေပုံ၊ မင်းပြား၊ ပေါက်တောမြို့နယ်တွင် တက်လာသည့် ဒီရေလှိုင်းကြောင့် ရေနစ်သေဆုံးမှု အများအပြားရှိခဲ့ပြီး လူပေါင်း ၁၀၃၇ ဦး၊ ကျွဲနွားကောင်ရေ ၁၇၅၃၇ သေဆုံးခဲ့သည်။
၁၉၇၅ ခုနှစ်က တိုက်ခတ်ခဲ့သည့် လူပေါင်း ၃၀၃ ဦး သေဆုံးခဲ့ရသော ပုသိမ်လေမုန်တိုင်းမှာလည်း ပြင်းထန်ခဲ့သည် ဟု ဆိုရမည်။ ထို့နောက် ဆက်တိုက်ဆိုသလို ၁၉၈၂ ခုနှစ် ဂွ ဆိုင်ကလုန်း၊ ၁၉၉၄ ခုနှစ် မောင်တောဆိုင်ကလုန်း၊ ၂၀၀၆ ခုနှစ် မာလာဆိုင်ကလုန်းတို့ မြန်မာ့ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခတ်ခဲ့သည်။
အဆိုးရွားဆုံး ဆိုင်ကလုန်း မုန်တိုင်းမှာ၂၀၀၈ ခုနှစ် မေလ ၂ ရက်က ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ ဝင်ရောက်တိုက်ခတ် ခဲ့သည့် နာဂစ်မုန်တိုင်းဖြစ်ပြီး လူပေါင်း ၁၃၈၃၇၃ သေဆုံးခဲ့ရသလို၊ လပွတ္တာမြို့နယ် တခုတည်းပင် လူပေါင်း ၈ သောင်းခန့်၊ ဘိုကလေးမြို့နယ်တွင် ၁ သောင်းခန့် သေဆုံးခဲ့သည်။
လူပေါင်း ၂ ဒသမ ၄ သန်း၏ လူမှုဘဝများ ထိခိုက်ခဲ့ရပြီး၊ ပျက်စီး ဆုံးရှုံးမှုနှင့် ပတ်သက်၍ ဝီကီပီးဒီးယားက အမေရိ ကန် ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိကြောင်း မှတ်တမ်းတင်သော်လည်း အစိုးရအဖွဲ့အစည်းများက အမေရိကန် ၄ ဒသမ ၁ ဘီလီယံ ရှိကြောင်း ဆိုသည်။
သဘာဝဘေးအန္တရာယ်ကြောင့် ထိုမျှ သေဆုံးနေသော်လည်း နအဖ စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲလုပ်၍ အတည်ပြုနိုင်ရေးကိုသာ အားထုတ်နေခဲ့ပြီး စစ်ဗိုလ်ချုပ်များ၏ နိုင်ငံခြားသား ကြောက်သည့် ရောဂါ ကြောင့် ပြည်ပနိုင်ငံများ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကူညီမှုများကို ချက်ခြင်း လက်မခံသဖြင့် စားရေးရိက္ခာပြတ် ကာ နောက်ဆက်တွဲ သေဆုံးမှုများလည်း ရှိခဲ့သည်။
ယခု စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် တာဝန်ယူနေသည့် ဦးကိုကိုလှိုင် ဆို လျှင် “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်” ခေါင်းစဉ်ဖြင့် မုန်တိုင်းဒဏ်ကြောင့် နေစရာစားစရာ မရှိ၊ မျော နေသော လူသေအလောင်းများ၊ တိရစ္ဆာန်အလောင်းများကြား ရုန်းကန်ရပ်တည်နေရသည် မြစ်ဝကျွန်းပေါ်သားများကို “ဧရာဝတီတိုင်းဟာ ရေခံမြေခံ ကောင်းတယ်၊ လယ်ကြား မြောင်းကြားမှာ ဖားတွေ ငါးတွေ ဖမ်းစားကြ၊ လယ်ကန်သင်း မှာ ပေါက်တဲ့ ကန်စွန်း ပုဇွန်စာလို အရွက်လတ်လတ်ဆတ်ဆတ်ကို ငါးပိရည်နဲ့တို့စားရင် ထမင်းမြိန်ပြီး အဟာရ ဓာတ် လည်း ပြည့်စုံတယ်၊ နိုင်ငံတကာကလှူတဲ့ ချော့ကလက် မစားရလည်း ရှင်သန်နိုင်တယ်။ နိုင်ငံခြားအကူအညီ အထောက်အပံ့ မပါလည်း ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ပါတယ်” ဟု ကိုယ်ချင်းစာနာစိတ်မရှိဘဲ စစ်အစိုးရသတင်းစာ တွင် လှိုင်အောင် အမည်ဖြင့် ဆောင်းပါး ရေးသားခဲ့သေးသည်။
ယခုအခါ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ၁၅ နှစ် ရှိခဲ့သည့်တိုင် မသေဘဲ ကျန်ရစ်ခဲ့သည့် လူပေါင်း ၂ ဒသမ ၄ သန်း၏ လူမှုဘဝများမှာ အမျိုးမျိုးပြောင်းလဲခဲ့သလို ဘဝတည်ငြိမ်မှု မရှိသေးသူများလည်း များစွာရှိသည်ကို တွေ့ကြရ မည် ဖြစ်သည်။
နာဂစ်မုန်တိုင်းကြောင့် ခံစားခဲ့ရသည်များကို သင်ခန်းစာယူ၍ ယခု လာမည့်၂၀၂၃ ခုနှစ်၏ ဆိုင်ကလုန်းမုန်တိုင်း တွင်လည်း အဖွဲ့အစည်းအသီးသီး၏ နှိုးဆော်မှုများ၊ ဌာနဆိုင်ရာနှင့် ရပ်ကျေးများ၏ ပူးပေါင်းပြင်ဆင်မှုများ ကြိုတင် လုပ်ဆောင်နေကြသည်ကို တွေ့ရသလို၊ မုန်တိုင်းဖြတ်ကျော်မည့် လမ်းကြောင်းအတွင်းရှိ မြို့ရွာများမှ ဒေသခံများ အနေဖြင့်လည်း ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းခြင်းများပြုလုပ်၍ မိုခါမုန်တိုင်းအတွင်း အပျက်အစီး အဆုံးအရှုံး နည်းနိုင်သမျှ နည်းပါးစေရန် ကြိုးပမ်းလျက်ရှိသည်။ ။
You may also like these stories:
မုန်တိုင်းအန္တရာယ်ကြောင့် စစ်တွေနှင့် ပင်လယ်ကမ်းစပ်ရှိ ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်း
မုန်တိုင်းကြောင့် သံတွဲရှိ ဟိုတယ်နှင့် တည်းခိုခန်းများ ယာယီပိတ်ရန် ထုတ်ပြန်
မုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံတချို့ ဘေးလွတ်ရာရွှေ့ပြောင်း