ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် မင်းပြားမြို့နယ်တို့ရှိ စစ်ကောင်စီတပ် ဌာနချုပ် စခန်း ၄ ခုအား တပြိုင်နက်ထိုးစစ်ဆင်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ မနက်အစောပိုင်းတွင် သတင်း ထုတ် ပြန်သည်။
AA အနေဖြင့် မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးရှိ အမှတ် ၉ တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်းအား ၉ ရက်မြောက် နေ့အဖြစ် ယမန်နေ့က ဆက်လက် ထိုးစစ်ဆင်ရာတွင် လေ့ကျင့်ရေးသင်တန်းကျောင်း၏ အစိတ်အပိုင်းများစွာကို သိမ်းပိုက် ထားနိုင်ကြောင်းနှင့် စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံတိုက်ခိုက်နေကြောင်း ယင်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။
တိုင်းဗဟို လေ့ကျင့်ရေးကျောင်း တိုက်ခိုက်ခံရသဖြင့် ယနေ့မနက်အစောပိုင်းတွင် မင်းပြားမြို့ မြောက်ပိုင်းရှိ မင်းဖူးကျေးရွာ ဆေးရုံအား စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အဆောက်အဦများ ပျက်စီးခဲ့ရပြီး ဆေးကုသမှုခံယူနေသည့် အရပ်သားများနှင့် ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA က ဆိုသည်။
ထိုဆေးရုံသည် စစ်ကောင်စီထံမှ ဖမ်းမိထားသည့် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဆေးကုသပေးနေသည့် အရပ်ဘက် ဆေးရုံဖြစ်ကြောင်းလည်း AA က ပြောထားသည်။
ထို့ပြင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၅၀ တပ်ရင်းဌာနချုပ်၊ မောင်တောမြို့မြောက်ဘက်ရှိ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၁ တပ်ရင်း အထိုင်ချတပ်စွဲထားသည့် ကြိမ်ချောင်း၊ တောကျောင်း စစ်စခန်းနှင့် ဘူးသီးတောင်မြို့ နယ်၊ သရဖီကျေးရွာအနီး အခြေစိုက်ထားသည့် ခမရ ၅၅၂ တပ်ရင်းတို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်လျက် ရှိကြောင်း AA က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်၊ ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်အတွင်း AA ထိုးစစ်ဆင်နေသည်မှာ သုံးလကျော်လာပြီဖြစ်ပြီး ပလက်ဝနှင့် ရခိုင်မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့တို့အပါအဝင် အိန္ဒိယနယ်စပ်နှင့် ဘင်္ဂလား ဒေ့ရှ်နယ်စပ်တို့ ရှိ နယ်ခြားစောင့်တပ်စခန်းအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်သည်။
နိုင်ငံရေး လေ့လာသူတဦးက “ရခိုင်မြောက်ပိုင်းကတော့ စစ်တွေကို ဝိုင်းထားပြီးပြီ။ ရသေ့တောင်ကိုလည်း တိုက်နေပြီ ဆိုတော့ မကြာခင် ရမှာပဲ။ ဘူးသီးတောင်နဲ့ မောင်တောပဲ ကျန်လိမ့်မယ်။ ဘူးသီးတောင်နဲ့ မောင်တောကို တဖြည်းဖြည်းချင်း ပိတ်ဆို့ပြီး တိုက်သွားမယ့် သဘောရှိတယ်။ ဘူးသီးတောင်နဲ့ မောင်တောကလည်းပဲ စစ်တွေနဲ့ ပြတ်တောက်နေပြီ” ဟု သုံး သပ်သည်။
လက်ရှိတွင် AA အနေဖြင့် ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမြို့တော် စစ်တွေမြို့အား စီးနင်းတိုက်ခိုက်ခြင်း မရှိသေးသော်လည်း စစ်တွေနှင့် အနီးဆုံးဖြစ်သည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့တို့၌ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိကာ စစ်ကောင်စီဘက်က လည်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ကူတို့ဖြင့် ပစ်ခတ်နေပြီး တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲအုပ်ကျော်စိုးအောင် အပါအဝင် တပ်ဖွဲ့ဝင် ၂၃ ဦး AA ထံ လက်နက်ချခဲ့သည့်အတွက် AA အနေဖြင့် မြို့မရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ ၅၅၀ တပ်စခန်းကိုပါ ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
AA ထံသို့ လက်နက်ချအလင်းဝင်ခြင်းနှင့်ပတ်သက်၍ ရဲစခန်းတွင် အင်အားနည်းသည့်အတွက် စစ်ကူရန် တင်ပြခဲ့သော် လည်း ပူးပေါင်းပေးမှု မရှိခြင်း၊ ရေရှည် တောင့်ခံရေးအတွက် ရိက္ခာလုံလောက်မှု မရှိခြင်း၊ ရခိုင်ဒေသတွင် တာဝန်ကျသည် မှာ ၂ နှစ်ကျော်ပြီဖြစ်သော်လည်း ပြောင်းရွှေ့ခွင့်၊ နုတ်ထွက်ခွင့် မပြုသည့်အပြင် လုပ်သက်ခွင့်၊ ရှောင်တခွင့် ရပိုင်ခွင့်များ အား ကန့်သတ်ထားခြင်းတို့ကြောင့် စစ်တပ်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လက်အောက် အလုပ်မလုပ်ချင်တော့ဘဲ အလင်းဝင် ခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ် ကျော်စိုးအောင်က AA ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် ပြောထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းအား အလုံးစုံ ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေသည်နှင့် တပြိုင်နက် တောင်ပိုင်းရှိ တရုတ်စီမံကိန်း များတည်ရှိရာ ကျောက်ဖြူမြို့နှင့် ဆက်စပ်နေရာများတွင် ထိတွေ့တိုက်ခိုက်မှုများရှိနေသည့်အပြင် ရမ်းဗြဲမြို့သိမ်းပိုက်နိုင် ရေးအတွက်လည်း ထိုးစစ်ဆင်လျက် ရှိသည်။
စစ်ကောင်စီသည် ကျောက်ဖြူနှင့် နယ်မြေဆက်စပ်နေသည့် ရမ်းဗြဲမြို့အား လက်မလွှတ်ရရေးအတွက် ရေကြောင်း၊ လေ ကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသည့်အပြင် လေကြောင်းမှ စစ်ကူ အင်အားများ ပို့ဆောင်ခြင်းနှင့် ကျောက်ဖြူမြို့သို့ ကုန်းလမ်းမှ ဝင်ရောက်ရာ လမ်းကြောင်းဖြစ်သော မအီတံတားနှင့် ကျောက်ကြီးပေါက်တံတားတို့အား မိုင်းခွဲဖျက်ဆီးထား သည်။
တိုက်ပွဲ ပြင်းထန်နေသည့် ရမ်းဗြဲမြို့သို့ ဖေဖော်ဝါရီ ၂၄ ရက်က အမ်းအခြေစိုက် ခမရ ၃၇၃ နှင့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၃၆ တို့ ပူးပေါင်းအင်အား ၁၂၀ ဦးခန့်အား ရဟတ်ယာဉ်များဖြင့် စစ်ကူပို့ဆောင်ခဲ့သော် လည်း AA ၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။
AA ၏ တိုက်ခိုက်မှုကြောင့် ထိုစစ်ကူစစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၈၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား ရရှိထား ကြောင်းနှင့် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက်ချေမှုန်းလျက်ရှိကြောင်း AA က ပြောထားသည်။
ထို့ပြင် Y-12 လေယာဉ်ဖြင့် ဖေဖော်ဝါရီ ၂၆ ရက်က ရမ်းဗြဲမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ချပေးသည့် ရိက္ခာ၊ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ကျောက်ဖြူနှင့် အနီးကပ်ဖြစ်သော ရမ်းဗြဲတွင် တမြို့လုံးနီးပါး ပျက်စီးသည်အထိ တိုက်ပွဲပြင်းထန်းနေသော်လည်း ရခိုင် ဒေသ စီးပွားရေးအချက်အချာဖြစ်သော ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့တွင် တရုတ်စီမံကိန်းများရှိနေသည့်အတွက် AA အနေဖြင့် စစ်ရေးအရတိုက်ခိုက်ခြင်းထက် ပိတ်ဆို့ ထိန်းချုပ်မည့် အခြေအနေသာရှိကြောင်း နိုင်ငံရေးလေ့လာသူ ဦးသန်း စိုးနိုင်က သုံးသပ်သည်။
၎င်းက “ဘူးသီးတောင်၊ မောင်တောကို ဦးတည်တိုက်ခိုက်နေတဲ့ တချိန်တည်းမှာ အလယ်ပိုင်းမှာရှိနေတဲ့ ရမ်းဗြဲကျွန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ လုံးပမ်းနေတဲ့ အနေအထား တွေ့ရပါတယ်။ ရမ်းဗြဲကျွန်းသိမ်းပြီးပြီဆို တပြိုင်နက်ထဲမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ နေရာကို ဆက်တိုက်မယ်တော့ မထင်ပါဘူး” ဟု ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စတင် ထိုးစစ်ဆင်နေသည့် AA အနေဖြင့် လတ်တလောတွင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နှင့် တောင်ကုတ်မြို့နယ်အထိပါ ပိတ်ဆို့ခြိမ်းခြောက်နေသည့်အတွက် တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းနှင့် အုပ်ချုပ်ရေးမြို့တော် စစ်တွေတို့တွင် စစ်ကောင်စီက ခုခံစစ်ပြင်ဆင်နေရသည့် အခြေအနေ ဖြစ်ကြောင်း စစ်ရေးလေ့လာသူတချို့က သုံးသပ်ထားသည်။
စစ်ရေးလေ့လာသူတဦးက “စစ်ရေးပစ်မှတ်က အဓိက နှစ်နေရာက အမ်းမှာရှိနေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ စစ်တွေမြို့ပဲဖြစ်ပါတယ်။ အမ်းကို သိမ်းပိုက်ရေးဟာ စစ်လက်နက်အင်အားနဲ့ လူထုအင်အား ပူးပေါင်းလို့ရှိရင် အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်ဟာလည်း ခံနိုင်ရည် မရှိပါဘူး။ ကာလတခုပဲ ဖြစ်မှာပါ။ အဲဒါပြီးရင်တော့ စစ်တွေသိမ်းတဲ့ တိုက်ပွဲနဲ့ ပြည်နယ်တခုလုံး လွတ်မြောက်ရေးကို အဆုံးသတ်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
အမ်းသည် မကွေးတိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ လှုပ်ရှားရာ ငဖဲမြို့နယ်နှင့် ထိစပ်နေပြီး ရခိုင်ပြည် နယ် ဝင်ပေါက်တခု ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စစ်ကောင်စီအနေဖြင့် သေချာပေါက် စစ်ရှုံးနေပြီဖြစ်ကြောင်း X (Twitter) လူမှုကွန်ရက်စာမျက်နှာကတဆင့် ယမန်နေ့တွင် ပြောဆိုခဲ့ပြီး အပြစ်မဲ့ အရပ်သားများအား ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းနက်နေမည်ဆိုပါက “မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သား၊ သမီး၊ မြေး၊ မြစ်တွေအတွက် သိက္ခာနည်းနည်း ချန်ထားခဲ့သင့်ပါတယ်” ဟုလည်း ပြောဆို ရေးသားထားသည်။
You may also like these stories:
AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်
မင်းပြားမြို့ကို AA သိမ်းပိုက် ထိန်းချုပ်နိုင်
ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ