ရက္ခိုင့်တပ်တော် AA က စစ်တွေ တဖက်ကမ်း ပေါက်တောမြို့ကို ယနေ့နံနက်က သိမ်းလိုက်ပြီးနောက် စစ်ကောင်စီက မြို့ ကို လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်လျှက် ရှိသည်။
ပေါက်တောမြို့သည် ရခိုင်ပြည်နယ် မြို့တော် စစ်တွေနှင့် ရေမိုင် ၁၆ မိုင်ခန့်သာကွာဝေးပြီး ရေလမ်းကို အဓိက အသုံးပြု ရသော မြို့ဖြစ်ကာ စစ်တွေသို့ ရေလမ်းခရီးဖြင့်လာပါက အချိန် ၁ နာရီခန့်ဖြင့် ရောက်နိုင်သလို မင်းပြား၊ ပုဏ္ဏားကျွန်းမြို့တို့ နှင့်လည်း နီးစပ်သည့် မြို့ဖြစ်သည်။
ဒေသခံတဦးက “ပေါက်တောမြို့ပေါ်ကို စစ်ရေယာဉ်ကနေ လက်နက်ကြီးနဲ့ ပစ်နေသလို လေကြောင်းပါ တိုက်ခိုက် နေ တယ်။ မြို့ခံတွေ အားလုံးထွက်ပြေးနေကြပြီ၊ မြို့ပေါ် မှာလူတယောက်မှ မရှိတော့ဘူး။ အိမ်တွေ၊ ဆိုင်ခန်းတွေ အားလုံး ပိတ်ပြီး ထွက်ပြေးနေကြရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA သည် နိုဝင်ဘာ ၁၅ ရက် ညပိုင်းကတည်းက ပေါက်တော မြို့မရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့တွင် မြို့တွင်းရှိ စစ်ကောင်စီ လက်အောက်ခံ အစိုးရဌာနဆိုင်ရာရုံးများကိုပါ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေခရိုင်အတွင်းရှိ ပေါက်တောမြို့နယ်တွင် အစိုးရဌာနဆိုင်ရာရုံးများအနေဖြင့် မြို့မရဲစခန်း၊ ရဲစခန်း၊ ရဲကင်း စုစုပေါင်း ၇ခု ရှိပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်၊ ပညာရေးနှင့် ကျန်းမာရေးဦးစီးဌာန၊ ဘဏ်စသည်တို့ရှိပြီး ယခုအခါ ရုံးလုပ်ငန်းဆိုင်ရာ ယန္တရားများလည်း ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပေါက်တောမြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် လက်နက်ချရန် ငြင်းဆန်ခဲ့သဖြင့် AA မှ သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ရာ စခန်းမှူးအပါအဝင် အင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက လက်နက်ချခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ထို့ပြင်ပေါက်တောမြို့တွင် စစ်တပ်စခန်း မရှိသည့်အတွက် မြို့မရဲစခန်းကို ထိန်းချုပ် သိမ်းပိုက်နိုင်ခြင်းသည် မြို့တခုလုံးကို ထိန်းချုပ်ထားနိုင်သည့်အခြေအနေဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း AA သည် ပေါက်တောမြို့မရဲစခန်းမှူး နှင့် တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိခဲ့သလို အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများက ဖော်ပြထားသည်။
ထို့နောက် စစ်ကောင်စီသည် ပေါက်တောမြို့ကို ယနေ့ နံနက် ၁၀ နာရီကျော်မှ စ၍ ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ခဲ့ သလို စစ်ရေယာဉ်မှ လည်း မြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပေါက်တောမြို့ခံ တဦးက “ရဲစခန်းကို ရဟတ်ယာဉ်နဲ့ လာပြီးပစ်တယ် မြို့ကို ပျက်သွား စေချင်တဲ့ပုံနဲ့ကို တိုက်ခိုက်နေ တာ”ဟု ဧရာဝတီသို့ ပြောသည် ။
လတ်တလောတွင် စစ်ကောင်စီသည် ပေါက်တောမြို့ကို လျှပ်စစ်မီးများ ဖြတ်တောက်ထားလိုက်သလို ဖုန်းနှင့် အင်တာနက် လိုင်းများကိုလည်း ကန့်သတ် ထိန်းချုပ်ထားကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “ လျှပ်စစ်မီးက ဖြတ်ထားပြီ။ အခုဖုန်းက အဝင်ပဲရတော့တယ်၊ အထွက်မရတော့ဘူး။ မြို့မှာလည်း အကုန်ထွက်ပြေးကုန်ကြပြီ” ဟု ဆိုသည်။
ထိုတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဧရာဝတီမှ ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ AA က စစ်ကောင်စီစခန်းများကို တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ တရက်တည်းမှာပင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်၊ ရဲစခန်းစသည့် စခန်းပေါင်း (၄၀) နီးပါးကို စွန့်လွှတ် ခဲ့ရကာ လက်နက်မချသော စစ်ကောင်စီတပ်ဖွဲ့များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA က အသိပေးထားသည်။
You may also like these stories:
ရခိုင်စစ်ပွဲ ပထမရက် စစ်တပ်စခန်းတချို့ အသိမ်းခံရ
စစ်ကောင်စီ၏ ပလက်ဝဗျူဟာတပ်စခန်း ၂ ခု AA တိုက်ခိုက်
ဖလမ်းမြို့ဝန်းကျင်အား ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်
စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်
လွိုင်ကော်တွင် တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချ