လမ်းဘေး စာအုပ်အဟောင်း ရောင်းဆိုင်၌ ပန်းချီစာအုပ်များ မွှေနှောက် ရှာဖွေရင်း “ကြိုးပြတ်နေသော စောင်းအို” ပန်းချီကား အကြောင်းကို စာအုပ်ရောင်းသူနှင့် စကားစပ်မိကြပါသည်။
စာအုပ်ဟောင်း ဝယ်နေကြဖြစ်၍ စာအုပ်ရောင်းသူနှင့် ရင်းနှီးနေပါသည်။
သူက စောင်းကြိုးဖြတ်သည့် ကိစ္စကို ဤသို့ ပြောပါသည်။
ရှေးခေတ်က တရုတ်ပြည်မှာ စောင်းတီး အင်မတန်တော်သူနဲ့ စောင်းသံကို အင်မတန် နားထောင် ခံစားတတ်သူ နှစ်ဦး ရှိတယ်တဲ့ဗျ။
တယောက်က တောတောင်တွေ အကြောင်း ဖွဲ့နွဲ့တဲ့ သီချင်းကို တီးရင် တယောက်က “အို… တောတန်းကလေးကို မြင်လာပြီ၊ တောင်တန်းတွေလည်း ပေါ်လာပြီ” နဲ့ ပြောရင်း လှိုက်လှိုက်လှဲလှဲ ခံစား နားထောင်တတ်တယ်။
တယောက်က မြစ်တွေ၊ စမ်းချောင်းတွေ အကြောင်း ဖွဲ့နွဲ့တဲ့ သီချင်းကို တီးရင် “အို…ဟောဟို သောင်စပ်မှာ လှိုင်းကလေးတွေ တဖျပ်ဖျပ် ခတ်နေကြပြီ၊ စမ်းရေ စီးသံကလေးတွေ ကြားရပြီ” နဲ့ ပြောရင်း ကြည်ကြည်နူးနူး နားထောင် ခံစားတတ်တယ်တဲ့။
တနေ့မှာ နားထောင် ခံစားတတ်သူဟာ အပြင်းဖျားပြီး ကွယ်လွန်သွားရှာတယ်။
သူလည်း ကွယ်လွန်သွားရော ကျန်ခဲ့တဲ့ စောင်းသမားဟာ သူ့စောင်းက စောင်းကြိုးတွေကို အကုန် ဖြတ်ပစ်လိုက်တယ်။ ဘယ်တော့မှလည်း စောင်းမတီးတော့ဘူး။
ဒီအဖြစ်အပျက်ကို မူတည်ပြီး စောင်းကြိုးကို ဖြတ်ခြင်းဟာ ရင်းနှီး ကျွမ်းဝင်တဲ့ မိတ်ဆွေကောင်း၊ အဖော်ကောင်း အဖြစ် ရပ်တည်ခြင်းရဲ့ အမှတ်လက္ခဏာ ဖြစ်လာခဲ့တယ်တဲ့ဗျ။
စာအုပ်သည် ကျနော့် မိတ်ဆွေက သူ့စကားကို ခဏ ရပ်ထားပြီးမှ “ကျနော့်အသိ စောင်းသမား တယောက်ရှိတယ်။ သူက သူ့မိန်းမလည်း သေရော သူ့စောင်းက ကြိုးတွေကို အကုန်ဖြတ်ပစ်လိုက်တယ်၊ စောင်းတီး သင်တန်းပေးတဲ့ အလုပ်ကို လည်း မလုပ်တော့ဘူး” စာအုပ်ဝယ်သူများက စာအုပ်ဈေးမေးသောကြောင့် ကျနော့် မိတ်ဆွေ စာအုပ်သည်၏ စကားက အကြာကြီး ပြတ်နေပါသည်။ ပိုက်ဆံ ပြန်အမ်းရင်း အလှုပ်ရှုပ်နေပြန်ပါသည်။
“စောင်းကြိုးတွေ ဖြတ်ပစ်လိုက်တယ်။ သင်တန်းတွေလည်း ရပ်ပစ်လိုက်တယ် ဆိုတော့ သူ့အဖော်…အဲ သူ့ ချစ်ဇနီး အတွက် တော်တော် စိတ်ထိခိုက်သွားတာ ဖြစ်မှာပေါ့ဗျာ၊ ခင်ဗျာ့ ဇာတ်လမ်းထဲက စောင်းသမားကို သူကြားဖူးလား မသိဘူး”
ကျနော်က ကျနော့်မိတ်ဆွေ စာအုပ်သည်ကို စကားခေါ်သည့် အနေဖြင့် ထပ်ပြောကြည့်ပါသည်။ သူက စာအုပ် ဝယ်သူများနှင့် ပြောရင်း ဆိုရင်း အလုပ်ရှုပ်သည်ထက် ရှုပ်နေပါသည်။
စာအုပ်ဝယ်သူများ ထွက်သွားသော အခါ ကျနော်က “ခင်ဗျာ့ သူငယ်ချင်း စောင်းသမားရဲ့ ဇနီး ကွယ်လွန်သွားတာ ဘယ်လောက် ကြာသွားပြီလဲဗျ”ဟု မေးရင်း စကားကို အတင်း ပြန်ဆက်ပါသည်။
“တနှစ်ကျော်ကျော်လောက် ရှိပြီ ထင်ပါရဲ့ဗျာ။ အင်း…အခုတော့ သူစောင်းကြိုးတွေ အသစ်အသစ် ပြန်တပ်နေပါတယ်”
“ဘယ်လို ဖြစ်တာလဲဗျာ”
“လွန်ခဲ့တဲ့ နှစ်လ လောက်က သူက နောက်အိမ်ထောင် ပြုတယ်လေ။ ဒါပေမယ့် သူ့အလုပ်က မကောင်းဘူး။ သင်တန်းလည်း မပေးနိုင်တော့ဘူး၊ သူ့ စောင်းကြိုးတွေလည်း ခဏခဏ ပြတ်နေတယ်၊ ခင်ဗျား နားရှုပ်ကုန်ပြီလား မသိဘူး၊ သူ့မိန်းမက ဒါကြီး တီးနေရုံနဲ့ မစားလောက်ဘူး ဆိုပြီး သူ့စောင်းကြိုးတွေကို ရိုက်ရိုက် ဖြတ်ပစ်လို့တဲ့ဗျ။ အဲ ဖြတ်ပုံချင်းတွေတော့ မတူဘူးပေါ့လေဗျာ”
စာအုပ်သည် မိတ်ဆွေထံမှ အပြန် စာအုပ်တွေနှင့် အတူ စောင်းကြိုးဖြတ်သံ မျိုးစုံလည်း ပါလာလေသည်။ ။
(ဒဿန စာပေများ ရေးသားသော စာရေးဆရာကြီး နန္ဒာသိန်းဇံ ရေးသားခဲ့သည့် ဤဆောင်းပါးကို လှိုင်းသစ် စာပေတိုက်က ၁၉၉၅ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “အသွင်သဏ္ဌာန်တို့ နောက်ကွယ်၌ ဒုတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက် အသက် ၆၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)