စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်တာကာလအတွင်း နိုင်ငံတဝန်း တရားဥပဒေစိုးမိုးမှု ယန္တရားသည် တစစ ပျက်စီးယိုယွင်းလာသည်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်လိုသည့် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ၏ တပ်သားများ၊ ရဲဝန်ထမ်းများသည် အချိန်ပြည့် သတိကပ်ထားပြီး လက်ဦးသူက ဦးသလို တိုက်ခိုက်ရန် အပြန်အလှန် ချောင်းမြောင်းနေသည့် အခြေအနေဖြစ်သည်။
ရဲဝန်ထမ်းများသည် မြို့ရွာများတွင် တရားဥပဒေစိုးမိုးရေးကဏ္ဍကို တာဝန်ယူရသည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သော်လည်း ယခုအခါ စစ်ကောင်စီဘက်မှ အချိန်မရွေး တိုက်ပွဲဝင်ရန် တပ်လှန့်ခံထားရသူများ၊ အသင့်ပြင်ထားရသူများ ဖြစ်လာသည်။ ထိုအခြေအနေတွင် မြန်မာ-တရုတ်နယ်စပ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်သည့်နယ်မြေတွင် အခြေစိုက်ကာ အုပ်စုဖွဲ့လှုပ်ရှားနေသည့် ဒုစရိုက်ဂိုဏ်းများ၊ ၎င်းတို့ ကျောထောက်နောက်ခံပြုထားသည့် လူကုန်ကူးပွဲစားများ၏ လှုပ်ရှားမှုသည် အတင့်ရဲလာသည်။
လူငယ်များကို လစာကောင်းကောင်းရမည်ဟူ၍ လှည့်ဖျားကာ ဝ ဒေသတွင်းသို့ ခေါ်ဆောင်ပြီး ရောင်းချခံရမှုများ မြင့်တက်လာခြင်း ဖြစ်သည်။
ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ တာချီလိတ် စသည့် မြို့ကြီးများပေါ်အထိ လူငယ်များကို စည်းရုံးသိမ်းသွင်းမှု ပြုသည့်အပြင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များအကြား တိုက်ခိုက်မှု ပြင်းထန်နေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့အတွင်းမှ လူငယ်များကိုပါ လစာကောင်းကောင်းရမည်ဟူ၍ လှည့်ဖျားကာ ဝ ဒေသတွင်းသို့ ခေါ်ဆောင်ပြီး ရောင်းချခံရမှုများ မြင့်တက်လာခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ မေလအတွင်း ဝ ဒေသထဲသို့ ခေါ်ဆောင်ပြီး လူကုန်ကူးခံရသူ ၃၅၀ ထက်မနည်း ရှိခဲ့သည်။ ထိုလူဦးရေ ၃၅၀ ခန့်ထဲတွင် ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ စစ်ကိုင်း၊ မကွေး တို့မှ လူငယ်များ၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှား တို့အပြင် ရုရှားနိုင်ငံသားများလည်း ပါဝင်သည်။ ထိုကိန်းဂဏန်းသည် လူကုန်ကူးခံရပြီး ပြန်လွတ်မြောက်လာသူများ၊ ၎င်းတို့ လူကုန်ကူးခံထားရသဖြင့် ကယ်ဆယ်ပေးရန် အကူအညီ တောင်းခံထားသူများ၏ စာရင်းသာဖြစ်သည်။ လူကုန်ကူးခံရသူ အရေအတွက်သည် ထိုကိန်းဂဏန်းထက်လည်း ပို၍များပြားနိုင်သည်။
ဝ ဒေသ
ထိုရာနှင့်ချီသည့် လူငယ်များ လူကုန်ကူး၊ ကျွန်ပြုခံရသည့် ဝ ဒေသသည် တရုတ်-မြန်မာ နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း၌ တည်ရှိသည်။ ထိုဒေသကို ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဗဟိုအစိုးရ၏ စွက်ဖက်မှု မပါဘဲ အပြည့်အဝ အုပ်ချုပ်ခွင့်ရထားပြီး UWSA အုပ်ချုပ်သည့် နယ်မြေနှင့် ဗဟိုအစိုးရ အာဏာသက်ရောက်သည့် နယ်မြေတို့သည် နှစ်ဖက်တပ်များ ဆိုင်၍ နယ်နိမိတ်ပိုင်းခြားထားသည်။ အလွယ်နည်းဖြင့် ခွဲခြမ်းသတ်မှတ်ရလျှင် သံလွင်မြစ်အရှေ့ဘက်ခြမ်းသည် UWSA ၏ ဝ မြောက်ပိုင်း နယ်မြေဖြစ်ပြီး မြစ်၏ အနောက်ဘက်ခြမ်းသည် ဗဟိုအစိုးရအာဏာသက်ရောက်သည့် နယ်နိမိတ်ဖြစ်သည်။

ဝ မြောက်ပိုင်းဒေသကို ပန်ဆန်းနှင့် နမ့်တစ်ဟူသည့် အထူးမြို့နယ် နှစ်ခု၊ မိုင်းမော၊ မိုင်းလင်းနှင့် မိုင်းပေါက် ဟူသည့် ခရိုင်သုံးခုဖြင့် ဖွဲ့စည်းထားသည်။ ထိုခရိုင်များတွင် မိုင်းမောသည် မြို့နယ် ၁၁ ခု၊ မိုင်းလင်းသည် မြို့နယ် ခြောက်ခု၊ မိုင်းပေါက်သည် မြို့နယ် ငါးခုဖြင့် ဖွဲ့စည်းထားသည်။ မြို့နယ်အားဖြင့် တွက်လျှင် ဝ မြောက်ပိုင်းဒေသ၌ မြို့နယ် စုစုပေါင်း ၂၄ မြို့နယ် ရှိသည်။
ထို ၂၄ မြို့နယ်အနက် ပန်ဆန်း အထူးမြို့နယ်၊ မိုင်းလင်းခရိုင်အတွင်းမှ မိုင်းလင်းမြို့နယ်၊ မိုင်းပေါက်ခရိုင်အတွင်းမှ မိုင်းပေါက်မြို့နယ်တို့သည် ကာစီနိုရုံများ၊ ပြည့်တန်ဆာရုံများ၊ မက်သာဖက်တမင်း၊ Ecstasy, K နှင့် Happy Water ကဲ့သို့သော မူးယစ်ဆေးများ အရောင်းအဝယ်လုပ်နိုင်သည့် ဟိုတယ်များနှင့် အစည်ကားဆုံးမြို့များ ဖြစ်သည်။
UWSA သည် လွန်ခဲ့သည့် နှစ် ၂၀ ကျော် သမိုင်းတွင် ရွှေတြိဂံဒေသတွင်း ဘိန်းနှင့် မူးယစ်ဆေးကုန်ကူးခြင်း၊ လက်နက်ကုန်ကူးခြင်းတို့ လုပ်ကိုင်ခဲ့သည့် မှတ်တမ်းများရှိခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။
UWSA သည် လွန်ခဲ့သည့် နှစ် ၂၀ ကျော် သမိုင်းတွင် ရွှေတြိဂံဒေသတွင်း ဘိန်းနှင့် မူးယစ်ဆေးကုန်ကူးခြင်း၊ လက်နက်ကုန်ကူးခြင်းတို့ လုပ်ကိုင်ခဲ့သည့် မှတ်တမ်းများရှိခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။ ၂၀၀၅ ခုနှစ် နောက်ပိုင်းမှစ၍ ဘိန်းစိုက်ပျိုးခြင်း မရှိတော့ဘဲ ရာဘာ၊ လက်ဖက်၊ လိမ္မော်နှင့် ဒေသတွင်း မြေရှားနှင့် အခြားသတ္တုများ တူးဖော်ခြင်းဖြင့် ဝင်ငွေရှာဖွေသည်ဟု တရားဝင်ကြေညာထားသည်။
သို့သော် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု၏ စောင့်ကြည်မှုစာရင်းထဲတွင် UWSA သည် မူးယစ်ဆေး၊ လက်နက်ကုန်ကူးခြင်းများနှင့် ဆက်နွယ်နေဆဲ ဖြစ်သည်။ ထို့ပြင် UWSA ဘက်မှ ထုတ်ဖော်ပြောဆိုလေ့မရှိသည့် ဒေသတွင်း ကြီးမားသော စီးပွားရေးလုပ်ငန်းတခုသည် ကာစီနိုရုံများ၊ လောင်းကစားဝိုင်းများ၊ ပြည့်တန်ဆာရုံများ၊ ဖုန်းနှင့် ကျားဖြန် (ခေါ်) အင်တာနက်မှ လိမ်လည်ရသည့် လုပ်ငန်းများဖြင့် တွဲဆက်ထားသည့် ဟိုတယ်လုပ်ငန်း ဖြစ်သည်။
ထိုလုပ်ငန်း အမျိုးအစားကို ဝ ဒေသတွင်း၌ ဖျော်ဖြေရေးလုပ်ငန်းဟုလည်း ခေါ်ဆိုသည်။ UWSA ၏ ဖျော်ဖြေရေးလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံသူများသည် တရုတ်လုပ်ငန်းရှင်များဖြစ်သည်။ ပန်တောင်၊ ကျင်းလုံ၊ အမျိုးသမီးတိုင်းပြည်၊ ကျူတင်း၊ ဟွာစင်း၊ ထိုင်လုံ စသဖြင့် တရုတ်အမည် အမျိုးမျိုးဖြင့် ဖွင့်လှစ်ထားသည့် ပြည့်တန်ဆာရုံများကို အုပ်စုဖွဲ့ ဒုစရိုက်ဂိုဏ်းများအသွင်ဖြင့် ထိန်းချုပ်ထားပြီး ထိုနေရာသည် လူကုန်ကူးမှု၊ ကျွန်ပြုမှု၊ လိင်ကျွန်ပြုမှုများ ဖြစ်ပွားနေသည့် ဒုစရိုက်အသိုက်အမြုံလည်း ဖြစ်သည်။
တရုတ် ပြည့်တန်ဆာရုံများ
တရုတ်လူမျိုးများ ဦးစီးလုပ်ကိုင်နေသည့် ပြည့်တန်ဆာရုံများနှင့် ကျားဖြန်လုပ်ငန်းများကို လက်နက်ကိုင် စောင့်ကြပ်သည့် အမျိုးသားများက ထိန်းချုပ်လေ့ရှိသည်။ ထိုလက်နက်ကိုင်ဆောင်ထားသူများသည် လုပ်ငန်းအတွင်း ၎င်းတို့ လူကုန်ကူး၍ အဓမ္မခိုင်းစေထားသည့်သူများ ထွက်မပြေးစေရန်နှင့် ၎င်းတို့ ခိုင်းစေသည့် အလုပ်ကို လုပ်ရန် ငြင်းဆိုပါက ရိုက်နှက်အပြစ်ပေးရန် စောင့်ကြည့်နေသူများ ဖြစ်သည်။ ၎င်းတို့၏ လှုပ်ရှားမှု၊ ကျောထောက်နောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ ရှိမှုဟူသည့် အချက်များအရ ထိုလုပ်ငန်းရှင်များ၊ အုပ်စုများသည် စနစ်တကျ စုဖွဲ့ထားသည့် အုပ်စုဖွဲ့ ဒုစရိုက်ဂိုဏ်းများ (Organized Crime Groups) ဖြစ်သည်။
ပန်ဆန်းနှင့် မိုင်းပေါက်မြို့တို့ရှိ ပြည့်တန်ဆာရုံများတွင် အပျော်မယ်များ ရရှိသည့် လုပ်အားခသည် ၄၅ မိနစ်လျှင် ယွမ် ၂၀၀၊ တညတာအတွက် ယွမ် ၁,၀၀၀ မှ ၂,၅၀၀ အထိ ဖြစ်သည်။ ယွမ် ၁၀၀ သည် မြန်မာငွေ ၄၂,၀၀၀ ကျပ်နှင့် တန်ဖိုးညီမျှသည်။ အပျော်မယ်များ ရရှိသည့်ငွေကို သူဌေးက ၅၀ ရာခိုင်နှုန်း ခွဲဝေယူသည့်စနစ်အား အချို့ပြည့်တန်ဆာရုံများတွင် ကျင့်သုံးသည်။
လူကုန်ကူးခံရသည့် အမျိုးသမီးများကို ပွဲစားများက တရုတ်လူမျိုး လုပ်ငန်းရှင်များထံတွင် ယွမ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ခန့်ဖြင့် အပြီးအပိုင်ရောင်းချသွားရာ ၎င်းတို့သည် အဓမ္မပြည့်တန်ဆာလုပ်ရန် ခိုင်းစေခံရကာ ကျွန်ပြုခံရသည့် အခြေအနေနှင့် ရင်ဆိုင်ကြရသည်။
သို့သော် လူကုန်ကူးခံရသည့် အမျိုးသမီးများကို ပွဲစားများက တရုတ်လူမျိုး လုပ်ငန်းရှင်များထံတွင် ယွမ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ခန့်ဖြင့် အပြီးအပိုင်ရောင်းချသွားရာ ၎င်းတို့သည် အဓမ္မပြည့်တန်ဆာလုပ်ရန် ခိုင်းစေခံရကာ ကျွန်ပြုခံရသည့် အခြေအနေနှင့် ရင်ဆိုင်ကြရသည်။
ထိုပြည့်တန်ဆာရုံများတွင် အပျိုစင် အမျိုးသမီးဆိုလျှင် တရက်တာအတွက် ယွမ် ၅,၀၀၀ မှ ၈,၀၀၀ အထိ ပေါက်ဈေးရှိသဖြင့် လူကုန်ကူးသူများသည် အသက် ၁၄ နှစ်နှင့်အထက် ကလေးငယ်များကိုပါ ပစ်မှတ်ထားသည်ကို တွေ့ရသည်။
အထက်တွင် ဖော်ပြခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း လူကုန်ကူးခံရသည့် ဦးရေ ၃၅၀ ခန့်ထဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် မိန်းကလေး နှစ်ဦး ပါဝင်သည်ကို တွေ့ရသည်။ ထို့ပြင် အပျော်မယ်များအဖြစ် ခိုင်းစေရန်အတွက် အသက် ၂၅ နှစ်အောက် အမျိုးသမီးများကို ပို၍ ပစ်မှတ်ထားသည်ကို တွေ့ရသည်။ ပန်ဆန်းနှင့် မိုင်းပေါက်ရှိ ပြည့်တန်ဆာရုံများ၏ အလုပ်ခေါ်ယူစာများတွင်လည်း အသက် ၂၅ နှစ်အောက် အမျိုးသမီးများကို ပို၍ အလိုရှိသည်ဟူ၍ သတ်မှတ်ထားသည်ကို တွေ့ရသည်။

ပြည့်တန်ဆာလုပ်ငန်းဟု ဆိုရာတွင်လည်း နာရီပိုင်းအလိုက် အပျော်မယ်လုပ်ရသည့် အလုပ်တခုတည်း မဟုတ်ပေ။ ဝ ဒေသတွင်း လာရောက် ပျော်ပါးသည့် လောင်းကစားသမားများ၊ ကာစီနို၊ ကျားဖြန်လုပ်ငန်းနှင့် ပြည့်တန်ဆာရုံများတွင် အလုပ်လာ လုပ်ကိုင်ကြသည့် တရုတ်လူမျိုးများ၏ အငှားမယားအဖြစ် လုပ်ကိုင်ရခြင်း၊ ညစ်ညမ်းရုပ်သံများ ရိုက်ကူးပေးရခြင်းနှင့် အင်တာနက်မှတဆင့် ဗီဒီယိုကောလ်ဖြင့် တိုက်ရိုက်ခေါ်ဆိုပြီး လိင်ဖျော်ဖြေရေး လုပ်ပြရခြင်းများလည်း ပါဝင်သည်။ ထို့ပြင် အိပ်စက်ခိုင်းခြင်း မရှိဘဲ နာရီပေါင်းများစွာ အပျော်မယ်လုပ်ရန် မူးယစ်ဆေးနှင့် လိင်စိတ်ကြွဆေးများ အဓမ္မအသုံးပြုခိုင်းစေခြင်းများလည်း ပါဝင်သည်။
လူကုန်ကူးခံရပြီး ကျားဖြန်လုပ်ငန်းလုပ်ရသည့် အမျိုးသားများနှင့် အမျိုးသမီးများသည်လည်း တရက်လျှင် ၅ နာရီခန့်သာ အိပ်ခွင့်ရပြီး ဖုန်းနှင့် အင်တာနက်မှတဆင့် လိမ်လည်သည့်အလုပ် လုပ်ရပြီး ပြင်ပသို့လည်း ထွက်ခွင့် မရှိဘဲ တိုက်ခန်းတခုတည်းတွင် ပိတ်ထား၍ ခိုင်းစေခြင်းမျိုး ဖြစ်သည်။ အချို့ လူကုန်ကူးခံရသူများသည် ကနဦးတွင် ကျားဖြန်လုပ်ငန်းလုပ်ရပြီး နောက်ပိုင်းတွင် ပြည့်တန်ဆာလုပ်ရန် အဓမ္မခိုင်းစေခံခဲ့ရသည်။ ၎င်းတို့ စေခိုင်းမှုများကို မလုပ်နိုင်ကြောင်း ငြင်းဆိုပါက ပြစ်ဒဏ်ပေးခြင်းကို အဆင့်ဆင့် ပြုလုပ်သည်။
သစ်ပင် သို့မဟုတ် အခန်းတွင်းရှိ တန်းတွင် ကြိုးဖြင့် တန်းလန်းချည်ထားခြင်း၊ ကြိုးချည်ခံထားသူကို မီးဖြင့်တို့ခြင်း၊ ခွေးလှောင်အိမ်တွင်းထည့်၍ ပိတ်လှောင်ထားခြင်း၊ အဝတ်အစားများ ချွတ်၍ ကြိုးတုပ် ရိုက်နှက်ခြင်း၊ အလင်းရောင် မရှိသည့် အလုံပိတ်အခန်းထဲတွင် ရက်များစွာ ပိတ်လှောင်ထားခြင်းနှင့် ရင်ညွန့်အထိ ရေမြုပ်သည့်ရေကန်အတွင်း ချည်နှောင်ထားခြင်းတို့ လုပ်သည်။
ပထမအဆင့်အနေဖြင့် ပေးသည့်ပြစ်ဒဏ်များသည် အခန်းတွင်း ပိတ်လှောင်၍ အုပ်စုဖွဲ့ ရိုက်နှက်ခြင်း၊ လျှပ်စစ် ကျင်စက်ဖြင့် တို့ခြင်း၊ အစားနှင့်ရေ ဖြတ်တောက်ခြင်းတို့ ဖြစ်သည်။ ထိုထက်ပို၍ ဆိုးဝါးသည့် ဒုတိယအဆင့်၊ တတိယအဆင့် ပြစ်ဒဏ်များသည် သစ်ပင် သို့မဟုတ် အခန်းတွင်းရှိ တန်းတွင် ကြိုးဖြင့် တန်းလန်းချည်ထားခြင်း၊ ကြိုးချည်ခံထားသူကို မီးဖြင့်တို့ခြင်း၊ ခွေးလှောင်အိမ်တွင်းထည့်၍ ပိတ်လှောင်ထားခြင်း၊ အဝတ်အစားများ ချွတ်၍ ကြိုးတုပ် ရိုက်နှက်ခြင်း၊ အလင်းရောင် မရှိသည့် အလုံပိတ်အခန်းထဲတွင် ရက်များစွာ ပိတ်လှောင်ထားခြင်းနှင့် ရင်ညွန့်အထိ ရေမြုပ်သည့်ရေကန်အတွင်း ချည်နှောင်ထားခြင်းတို့ ဖြစ်သည်။
ဒုစရိုက်လုပ်ငန်းများနှင့် နှီးနွယ်နေသည့် UWSA
ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေး အဝန်းအဝိုင်းတွင် အင်အားကြီးသည့်တပ်၊ ဒေသကို ကွန်ဖက်ဒရိတ်အဆင့်အထိ အုပ်ချုပ်ခွင့်နှင့် အာဏာရထားသည့်တပ် ဟူ၍ နာမည်ကျော်စောသည့် UWSA ၏ အခြားမျက်နှာစာသည် အုပ်စုဖွဲ့ ဒုစရိုက်ဂိုဏ်းများနှင့်အတူ စီးပွားရှာခြင်း ဖြစ်သည်။ အမျိုးသမီးငယ်များ၊ အမျိုးသားများ ရာနှင့်ချီ၍ လူကုန်ကူး ကျွန်ပြုခံနေသည့် အဖြစ်အပျက်များ ဆက်တိုက်ဖြစ်နေသော်လည်း ၎င်းဒေသတွင်း ဖျော်ဖြေရေးလုပ်ငန်းခွင်သည် ဆက်လက် လည်ပတ်နေဆဲပင် ဖြစ်သည်။
ထိုလုပ်ငန်းများကို UWSA က တရားဝင်လိုင်စင်ချ၍ လုပ်ကိုင်ခွင့် ပေးထားခြင်းဖြစ်သည်။ ဝ ဒေသ၏ အခွန်အကောက်ဌာနက လုပ်ငန်းခွန်ကောက်ခံ၍ အကျိုးအမြတ်ရသည့်အပြင် ထိုလုပ်ငန်းများတွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များကြား ပူးတွဲရင်းနှီးမြှုပ်နှံမှုပြု၍ လုပ်ကိုင်ခြင်းများလည်း ရှိသည်။
ဝ ဒေသ၏ ထိပ်သီး ခေါင်းဆောင်များနှင့် မိသားစုဝင်များသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိုလုပ်ငန်းများမှ အကျိုးအမြတ်များ ရနေသူများ ဖြစ်သည်။ ဝ ခေါင်းဆောင်များနှင့် UWSA သည် ဝ ဒေသတွင်း ဖြစ်နေသည့် လူကုန်ကူး ကျွန်ပြုမှု၊ နှိပ်စက်ညှဉ်းပန်းမှုများတွင် တာဝန်အရှိဆုံး အဖွဲ့အစည်းဖြစ်သည်။
UWSA ကဲ့သို့ပင် ကိုးကန့် နယ်ခြားစောင့်တပ်နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ခွင့် ရထားသည့် မြန်မာ-တရုတ် နယ်စပ်မှ မြို့များ၌လည်း ကာစီနိုရုံများ၊ ပြည့်တန်ဆာလုပ်ငန်းများ လည်ပတ်၍ လူကုန်ကူးမှုများ ဖြစ်ပွားနေသည့် ဖြစ်စဉ်များ ရှိနေသည်။ ထိုကာစီနိုရုံများ၊ ပြည့်တန်ဆာ လုပ်ငန်းများ၏ နောက်တွင် မူးယစ်ဆေးနှင့် လက်နက်ကုန်သွယ်မှု ပြုလုပ်နေသည့် အုပ်စုဖွဲ့ ဒုစရိုက်ဂိုဏ်းများကလည်း ပါဝင်ပတ်သတ်သည့်အပြင် ထိုလုပ်ငန်းများက အိမ်ရှင် လက်နက်ကိုင်တပ်များအတွက် ဝင်ငွေ အမြောက်အများ ရှာဖွေပေးနေရာ ထိုလုပ်ငန်းများသည် အလွယ်တကူ ပြိုပျက်သွားရန် အလားအလာ နည်းလွန်းသည်။
နိုင်ငံတကာ၏ တွန်းအား
အမေရိကန်ပြည်ထောင်စု၏ ၂၀၂၂ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှု အလွန်ကာလတွင် တရားဥပဒေ စိုးမိုးရေး၊ လူကုန်ကူးခံရသူများကို အကာအကွယ်ပေးခြင်းနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်မှု ယန္တရားများ များစွာလျော့ပါးသွားသည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီသည် တရားဥပဒေ စိုးမိုးရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေး ယန္တရားများကို လျစ်လျူရှုပြီး ၎င်းကို ဆန့်ကျင်နေသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဖိနှိပ်ရန် ဦးစားပေး လုပ်ဆောင်နေသည်ဟုလည်း အစီရင်ခံစာက မှတ်ချက်ပြုထားသည်။
လူကုန်ကူးမှုနှင့် စပ်လျဉ်း၍ နိုင်ငံများ၏ အဆင့်ကို ၁၊ ၂(စောင့်ကြည့်အဆင့်) နှင့် ၃ အထိ ခွဲခြမ်းသတ်မှတ်ရာ မြန်မာသည် နောက်ဆုံးအဆင့် ၃ တွင် ရှိနေသည်။
ထိုအစီရင်ခံစာအရ လူကုန်ကူးမှုနှင့် စပ်လျဉ်း၍ နိုင်ငံများ၏ အဆင့်ကို ၁၊ ၂(စောင့်ကြည့်အဆင့်) နှင့် ၃ အထိ ခွဲခြမ်းသတ်မှတ်ရာ မြန်မာသည် နောက်ဆုံးအဆင့် ၃ တွင် ရှိနေသည်။ လူကုန်ကူးမှု လျော့ပါးရန် အစိုးရမှ အားထုတ်မှု မရှိခြင်း၊ အစိုးရယန္တရားတွင် လာဘ်စားမှုနှင့် ဝန်ထမ်းများက လူကုန်ကူးမှုတွင် ပါဝင်ပတ်သတ်နေခြင်း၊ လူကုန်ကူးမှုများကို စုံစမ်းဖော်ထုတ်ရန် မလုပ်ခြင်း၊ လူကုန်ကူးခံခဲ့ရသူများကို ပံ့ပိုးပေးမှု မလုပ်ခြင်း၊ မှုခင်းများ ထပ်မဖြစ်ရန် ကာကွယ်ခြင်းများ မလုပ်ဆောင်ခြင်းတို့ကြောင့် ထိုအဆင့် ၃ စာရင်းတွင် ဝင်နေခြင်းဖြစ်သည်။ ထိုအစီရင်ခံစာသည် လူကုန်ကူးခံရပြီး ကာကွယ်သူမဲ့နေသည့် မြန်မာများ၏ အခြေအနေကို ထင်ဟပ်နေသည်။
နိုင်ငံသားများ လူကုန်ကူးခံခဲ့ရသည့် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အာဏာပိုင်များ၊ အရပ်ဘက် လှုပ်ရှားသည့်အဖွဲ့များသည်လည်း ၎င်းတို့နိုင်ငံသားများကို ပြန်လည် ကယ်ထုတ်ရာတွင် မြန်မာအာဏာပိုင်များနှင့် ခက်ခက်ခဲခဲ ညှိနှိုင်းများပြုလုပ်၍ ကယ်ထုတ်ခဲ့ရကြောင်းကို ထုတ်ဖော် ပြောဆိုထားကြသည်။
ထို့ပြင် ထိုင်းအာဏာပိုင်များက ၎င်း၏ နိုင်ငံသား ၁၄၀ ခန့် ရှမ်းပြည်နယ်တွင်း၌ လူကုန်ကူးခံထားရပြီး ထိုထဲမှ ၆၃ ဦးကိုသာ ကယ်ထုတ်နိုင်ကာ ကျန်နေသူများကို ကယ်နိုင်ရန် ကြိုးစားနေရဆဲ ဖြစ်သည်ဟု ထိုင်းသတင်းမီဒီယာများကို ဇွန်လ ပထမပတ်က ပြောဆိုထားသည်။ ၎င်းတို့အနေဖြင့် လူကုန်ကူးခံထားရသည့် ၎င်းတို့နိုင်ငံသားများကို ကယ်နိုင်ရန် ချိတ်ဆက် ဆောင်ရွက်ရာတွင်လည်း နှစ်လမှ သုံးလခန့် ကြာမြင့်သည်ဟု ဆိုထားသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းသည်လည်း မတ်လနှင့် မေလတွင် နေပြည်တော်၌ စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ဖုန်းနှင့် အင်တာနက်တို့ဖြင့် လိမ်လည်မှုများကို မြန်မာနှင့် ပူးပေါင်း၍ နှိမ်နင်းရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်ဒေသနှင့် နေပြည်တော်သို့ မေလ ပထမပတ်အတွင်းက ရောက်လာခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းသည်လည်း ထိုပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်ပင် ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံဘက်မှ တွန်းအားပေးလာသည့် တဖက်တွင် တရုတ်ဆိုရှယ်မီဒီယာများ၌ “မြင့်မားသည့် လစာကို မမက်မောနှင့်၊ မြန်မာပြည်မြောက်ပိုင်းသည် လှပသော သုခဘုံ မဟုတ်” ဟူသည့် သတိပေးစာများဖြင့် ပညာပေး ရုပ်သံများကို ဖြန့်ချိလာခဲ့သည်။ သတိပေးစာနှင့်အတူ သရုပ်ဖော်ရိုက်ကူးထားသည့် ပညာပေး ရုပ်သံ မှတ်တမ်းတိုများကိုလည်း ပူးတွဲ တင်ထားပြီး ထိုရုပ်သံများထဲတွင် လူကုန်ကူးဂိုဏ်းများက ပိတ်လှောင် ခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများနှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ ခွဲထုတ်ရောင်းချခြင်းများကို သရုပ်ဖော်ထားသည်။
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း လာရောက်ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေး၊ လောင်းကစားများနှင့် အင်တာနက်ပေါ်မှ လိမ်ညာမှုများကို ပူးပေါင်းနှိမ်နင်းရန် ဆွေးနွေးပြီးနောက် ထိုသတိပေး၊ ပညာပေးမှတ်တမ်းများ ပို၍ ခပ်စိပ်စိပ် မြင်တွေ့လာရသည်။
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း လာရောက်ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေး၊ လောင်းကစားများနှင့် အင်တာနက်ပေါ်မှ လိမ်ညာမှုများကို ပူးပေါင်းနှိမ်နင်းရန် ဆွေးနွေးပြီးနောက် ထိုသတိပေး၊ ပညာပေးမှတ်တမ်းများ ပို၍ ခပ်စိပ်စိပ် မြင်တွေ့လာရသည်။
ထိုသို့ ဖိအားများရှိလာသည့် တဖက်တွင် UWSA သည် ၎င်းဒေသတွင်း တရားဥပဒေစိုးမိုးရေးကို တင်းကြပ်ရန် ပြင်ဆင်သည်ကို တွေ့ရသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် UWSA ၏ တရားရေးဝန်ထမ်းများ၊ ရဲဝန်ထမ်းများ အားလုံး တရားဥပဒေစိုးမိုးရေး လုပ်ကိုင်ခြင်းမှအပ ကာစီနိုရုံများ၊ ဖျော်ဖြေရေးရုံများသို့ လုံးဝ ဝင်ထွက်ခြင်း မပြုရန်၊ ထိုဖျော်ဖြေရေးရုံများသို့ ယူနီဖောင်းနှင့် လက်နက်ကိုင်ဆောင်၍ သွားလာခြင်း လုံးဝမပြုလုပ်ရန်၊ စနေနှင့် တနင်္ဂနွေမှအပ အရက်သောက်ခြင်း မပြုရန် တားမြစ်စာ ထုတ်ခဲ့သည်။
မတ် ၂၃ ရက်တွင် ၎င်းဒေသတွင်း လူကုန်ကူးခံခဲ့ရသည့် လူ ၁၀၀ ကို စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ထံသို့ ပြန်လွှဲပြောင်းပေးခဲ့ပြီး စစ်ကောင်စီဘက်မှ လူကုန်ကူးခံထားရသူများကို ကယ်ထုတ်ပေးရန် အကူအညီ တောင်းခြင်းကြောင့် ရှာဖွေကယ်ဆယ်ပေးထားသူများ ဖြစ်သည်ဟု ထုတ်ပြန်ချက်တစောင် ထုတ်ထားသည်။
ဇွန် ၆ ရက်တွင်လည်း ၎င်းဒေသတွင်း ဖျော်ဖြေရေးရုံများ အားလုံးတွင် မူးယစ်ဆေးဝါးများ လုံးဝ ရောင်းချခြင်း မပြုလုပ်ရန်၊ K Powder, Ecstasy နှင့် Happy Water ကဲ့သို့သော မူးယစ်ဆေးများလည်း လုံးဝ မရောင်းရန်၊ တွေ့ရှိလျှင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု စာတစောင်ထပ်မံ ထုတ်ပြန်ခဲ့သည်။
သို့သော် ထိုလုပ်ဆောင်မှုများသည် ဝ ဒေသတွင်း အုပ်စုဖွဲ့ ဒုစရိုက်ဂိုဏ်းများနှင့် ဒုစရိုက်လုပ်ငန်းများကို အပြီးသတ် ရှင်းလင်းပစ်လိုက်နိုင်သည်ဟု ဆိုနိုင်ခြင်း မရှိပါ။ လုပ်ငန်းများသည် လွတ်လွတ်လပ်လပ်ပင် ဆက်လည်ပတ်နေဆဲ ဖြစ်သည်။ လူကုန်ကူးပွဲစားများသည်လည်း လစာမြင့်သည့် အလုပ်များပေးမည်ဟု လူမှုကွန်ရက်များမှတဆင့် ဆက်ဆွဲဆောင်နေဆဲ ဖြစ်သည်။
UWSA ဒုတိယမျိုးဆက် ဘာလဲ ဘယ်လဲ
ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ၏ သတ်မှတ်ချက်အရ လူသားလုံခြုံရေးကို စီးပွားရေးလုံခြုံမှု၊ စားနပ်ရိက္ခာ ဖူလုံမှု၊ ကျန်းမာရေး လွှမ်းခြုံမှု၊ သဘာဝပတ်ဝန်းကျင် လုံခြုံမှု၊ နိုင်ငံရေးအရ လုံခြုံမှု၊ လူတဦးချင်း လုံခြုံမှုနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ လုံခြုံမှုဟူသည့် ကဏ္ဍ ၇ ရပ်ဖြင့် တိုင်းတာ သတ်မှတ်သည်။ ထို့ပြင် လူတဦးချင်းစီသည် ဂုဏ်သိက္ခာရှိစွာ အသက်ရှင်နေထိုင်နိုင်မှု မရှိခြင်း၊ ၎င်း ရပ်တည်ရှင်သန်ရန် အသက်မွေးဝမ်းကြောင်း ပြုနိုင်ခြင်းမရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းတို့သည်လည်း လူသားလုံခြုံရေး မရှိသည့် အခြေအနေဟု ဆိုနိုင်သည်။
ထိုအချက်များနှင့် ချိန်ထိုးတွက်ဆလျှင် ဝ ဒေသတွင်း အခြေတည် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှု၊ ဒုစရိုက်ဂိုဏ်းများ လှုပ်ရှားနေခြင်းသည် လုံခြုံရေးနှင့် လူ့အဖွဲ့အစည်း၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် လှုပ်ရှားမှုများ ဖြစ်သည်။ ထိုအခြေအနေများကို အရှေ့တောင်အာရှတွင်းမှ အိမ်နီးချင်းနိုင်ငံများသာမက ကမ္ဘာ့ အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန် ပြည်ထောင်စုနှင့် လူ့အခွင့်အရေး၊ လူသားလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများကလည်း စောင့်ကြည့် မှတ်တမ်းတင်ယူထားကြသည်။
UWSA ၏ ပထမဆုံးခေါင်းဆောင်မျိုးဆက်ဖြစ်သည့် ပေါက်ယူချန်း၊ ဝေရှောက်ခမ်တို့ ငယ်ရွယ်သည့် ကာလတွင် ဘိန်းကုန်ကူးသည့်တပ်၊ မူးယစ်ဆေးထုတ်လုပ်သည့်တပ်ဟူ၍ အတိတ်မှ အရိပ်မည်း ဖုံးအုပ်မှု ကြီးမားခဲ့သည်။ ထိုခေါင်းဆောင်များကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များအဖြစ် မသတ်မှတ်ဘဲ ကမ္ဘာ့နိုင်ငံ့အသိုင်းအဝိုင်းတွင် မူးယစ်ရာဇာများအဖြစ် သတ်မှတ်ခဲ့ပြီး UWSA ၏ ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သည့် ဝေရှောက်ခမ်ကို အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၂ သန်းဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ဖူးသည်။
ခေတ်စနစ်ပြောင်းလာသည့်နောက် UWSA သည် ၂၀၁၅ ခုနှစ်မှစ၍ ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေး အဝန်းအဝိုင်းတွင် ပါဝင်လာခဲ့ပြီး ၎င်း၏ဒေသကို နိုင်ငံ၏ တရားဝင်ပြည်နယ်တခုအဖြစ် ရရှိရန်လည်း ရည်မှန်းချက် ကြီးကြီးမားမား ထားရှိထားသည်။
ခေတ်စနစ်ပြောင်းလာသည့်နောက် UWSA သည် ၂၀၁၅ ခုနှစ်မှစ၍ ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေး အဝန်းအဝိုင်းတွင် ပါဝင်လာခဲ့ပြီး ၎င်း၏ဒေသကို နိုင်ငံ၏ တရားဝင်ပြည်နယ်တခုအဖြစ် ရရှိရန်လည်း ရည်မှန်းချက် ကြီးကြီးမားမား ထားရှိထားသည်။

တိုင်းရင်းသားနိုင်ငံရေး အသိုင်းအဝိုင်းတွင် နိုင်ငံရေးသြဇာအာဏာရရန် အတွက်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ဖွဲ့ပြီး လက်နက်နှင့် ငွေကြေးအကူအညီများပေး၍ ၎င်း၏ပုံရိပ်ကို တည်ဆောက်နေသည်။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနှင့် ရင်ဆိုင်ရချိန်တွင်လည်း ၎င်း၏ မဟာမိတ်များမှ တဆင့် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့အသစ်များကို ထောက်ခံကူညီမှု ပြုထားသည်။
ထို့ပြင် UWSA ၏ ပထမခေါင်းဆောင်မျိုးဆက်သည် အသက်အရွယ် ကြီးလာပြီဖြစ်သဖြင့် ၎င်းတို့၏ ဒုတိယမျိုးဆက် ခေါင်းဆောင်အသစ်များအား တာဝန်လွှဲပြောင်းပေးရန် နီးကပ်လာသည့်အချိန်လည်း ဖြစ်သည်။ ပေါက်ယူချန်း၏ သားဖြစ်သူ ပေါက်အိုက်ခမ်းသည် UWSP၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး ၎င်းကို အနာဂတ် ဝ ခေါင်းဆောင်အဖြစ် မျှော်မှန်းမှုများလည်း ရှိနေသည်။
UWSA ကို တည်ထောင်ခဲ့သူ တဦးဖြစ်သည့် ကျောက်ညီလိုင်၏သား ကျောက်အိုက်နပ်လိုင်သည်လည်း UWSP နိုင်ငံရေးဌာန၏ ဌာနကြီးမှူးအဖြစ် တာဝန်ယူထားသည်။ UWSA ၏ တပ်ပိုင်းတွင်လည်း ပေါက်ယူချန်း၏ တူတော်စပ်သူ ပေါက်အိုက်ချန်က ဒုတိယတပ်မှူးကြီးအဖြစ် တာဝန်ယူထားသည်။
ထိုဒုတိယမျိုးဆက် ခေါင်းဆောင်သစ်များသည် ၂၀၂၂ ခုနှစ်အတွင်းမှစ၍ ရာထူးများ တိုးကာ ထိပ်သီးခေါင်းဆောင်များ ဖြစ်လာကြခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေသည့် ဝ ဒေသတွင်း ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်လျှင် ဝ ၏ ဒုတိယမျိုးဆက် ခေါင်းဆောင်များသည်လည်း ပထမမျိုးဆက်ကဲ့သို့ပင် အရိပ်မည်းမိုးသည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိသည်။
(ရှင်းလင်းချက် – ဆောင်းပါးပါ အချက်အလက်များသည် ဝ ဒေသတွင်း ဖျော်ဖြေရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသည့် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝ ဒေသတွင်း ကာလရှည်ကြာ နေထိုင်ခဲ့ဖူးသည့် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့မှ အရာရှိများနှင့် ပြည့်တန်ဆာရုံများတွင် အလုပ်လုပ်နေသူများကို မေးမြန်းထားသည့် အချက်အလက်များ၊ လူကုန်ကူးခံရပြီး လွတ်မြောက်လာသူများ၏ ထုတ်ဖော်ပြောဆိုချက်များကို အခြေပြု၍ ရေးသားထားခြင်း ဖြစ်သည်။)
(မာဂရတ်သည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ
စစ်အာဏာသိမ်းမှုကြားက မြန်မာလူကုန်ကူးမှု တရုတ် ဘယ်လိုတုံ့ပြန်မလဲ
အရှေ့တောင်အာရှသားတွေကို သွေးစုပ်နေတဲ့ တရုတ်လူဆိုးဂိုဏ်းများ
“ဝ” ပြည်နယ်တောင်းဆိုမှု သို့မဟုတ် အစိုးရ ဖြေရှင်းရခက်မယ့် ပုစ္ဆာ
တရုတ်ခြံစည်းရိုးနှင့် လူကုန်ကူးမှု ဗဟိုချက်ဖြစ်လာသည့် မြန်မာနယ်စပ်