မြန်မာစစ်တပ်သည် အာဏာသိမ်းရန်ပြင်ကတည်းက ပြည်တွင်းနိုင်ငံရေး အင်အားစုများကို ဖိဖိစီးစီး ရင်ဆိုင်ရန်အတွက် EAO များအား တိုက်ခိုက်မှု၊ ဖိအားပေးမှုတို့ကို လျှော့ချထားခဲ့သည်။ အကြမ်းဖက်အဖွဲ့ ကြေညာထားသော ရက္ခိုင့်တပ်တော် (AA) ကိုပင် အပစ်အခတ်ရပ်စဲပြီး နယ်မြေထိန်းချုပ်ခွင့်ပေးခဲ့၏။ အာဏာသိမ်းပြီးနောက် တပြည်လုံးအနှံ့ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများကို ရင်ဆိုင်ရသောအခါ EAO များကို တတ်နိုင်သမျှ လိုက်လျောမှုပေးပြီး ဤပဋိပက္ခတွင် ကြားထားနိုင်ရန် လုံးပမ်းဆောင်ရွက်နေသည်ကို မြင်တွေ့နိုင်သည်။ ၁၉၈၈ အာဏာသိမ်းကာလက ရရှိခဲ့သော ရလဒ်မျိုးရအောင် ကြိုးပမ်းနေ၏။
ဤသို့ဆောင်ရွက်နေသည့်ကြားမှ ရှမ်းပြည်တောင်ပိုင်းရှိ ရှမ်း SSPP နှင့် ဝ UWSA တပ်ဖွဲ့များပြဿနာသည် မြန်မာစစ်တပ်အတွက် ဆုပ်စူး၊ စားရူးသည့်အခြေအနေမျိုး ဆိုက်နေသည်ကို တွေ့ရ၏။ ၂၀၂၁ ခုနှစ်၊ မေလကုန်မှစ၍ SSPP၊ တအာင်း TNLA တို့သည် UWSA တပ်ဖွဲ့များ၏ အကူအညီဖြင့် ရှမ်း RCSS တပ်ဖွဲ့များကို ရှမ်းပြည်မြောက်ပိုင်းမှ လည်းကောင်း၊ ရှမ်းပြည်တောင်ပိုင်း-တောင်ကြီး၊ လွိုင်လင်၊ ကျိုင်းတုံ ကားလမ်းမြောက်ခြမ်းမှ လည်းကောင်း တိုက်ထုတ်ခဲ့ပြီးနောက် ရှမ်းပြည်တောင်ပိုင်းရှိ နေရာအတော်များများကို SSPP နှင့် UWSA တပ်များက အခိုင်အမာ နေရာယူစခန်းထိုင်ပြီး ထိန်းချုပ်ထားခြင်း၊ ဒေသစည်းရုံး၊ အုပ်ချုပ်ရေးများ ဆောင်ရွက်ခြင်းကို လည်းကောင်း တွေ့ခဲ့ရ၏။
ရှမ်းပြည်တောင်ပိုင်းရှိ ရှမ်း SSPP နှင့် ဝ UWSA တပ်ဖွဲ့များပြဿနာသည် မြန်မာစစ်တပ်အတွက် ဆုပ်စူး၊ စားရူးသည့်အခြေအနေမျိုး ဆိုက်နေသည်
၂၀၂၁ ခုနှစ်၊ မေလကုန်ပိုင်းမှစ၍ ကားအစီး ၁၀၀ ကျော်၊ အင်အား ၃,၀၀၀ ခန့်ရှိသည် UWSA တပ်များသည် သံလွင်မြစ်ကို ပန်ယန်းမှတဆင့် သံလွင်ကူးတို့အား ကူး၍ ဝင်ရောက်လာခဲ့၏။ အင်အားအလုံးအရင်းနှင့် ဝင်ရောက်လာသော UWSA တပ်များသတင်းကို စစ်ကောင်စီတပ် မသိစရာအကြောင်း မရှိပေ။ သို့သော် စစ်ကောင်စီတပ်က လျစ်လျူရှုထားခဲ့၏။ EAO အချင်းချင်း တိုက်သည့်ပွဲဖြစ်၍ မြန်မာစစ်တပ်အတွက် အကျိုးရှိသည်ဟု ယူဆပြီး လွှတ်ပေးထားခြင်းဖြစ်ပုံရ၏။ တိုက်ပွဲများသည် ကြာမြင့်နိုင်ပြီး ခြေကုန်လက်ပန်းကျချိန်ရောက်မှ ကောက်စားမည်ဟု စဉ်းစားထားပုံရသည်။
သို့သော် အခြေအနေသည် ၁၀ လအတွင်း ပြောင်းလဲသွားခဲ့၏။ RCSS တပ်များ တောင့်မခံနိုင်ဘဲ ထိခိုက်ဆုံးရှုံးမှုများဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း တောင်ကြီးကားလမ်း မြောက်ဘက်မှ RCSS တပ်အများစု ဆုတ်ပေးခဲ့ရ၏။ SSPP နှင့် UWSA တပ်များက မိုင်းကိုင်မြို့နယ်အတွင်းမှ ဆင်တောင်၊ ပင်လုံဒေသမှ ဆနင်းတောင်ကြော၊ ကျေးသီးဒေသမှ လွယ်ဟွေးတောင်ကြောများကို ထိန်းချုပ်နိုင်ခဲ့ပြီး အခိုင်အမာစခန်းများ တည်ဆောက်သည်ကို တွေ့ရ၏။
SSPP နှင့် RCSS ကြား တိုက်ပွဲများသည် ကာလရှည်ဖြစ်ပြီး နှစ်ဖက် ခြေကုန်လက်ပန်းကျချိန်ကို စောင့်နေသည့် စစ်ကောင်စီတပ်အတွက် စိတ်ပျက်စရာ ဖြစ်သွားခဲ့၏။ စစ်ရေးအရဆိုလျှင် SSPP အနေအထားသည် ရှမ်းပြည်တောင်ပိုင်းအား စိုးမိုးထားနိုင်ပြီး မြန်မာစစ်တပ်၏ ရလခ၊ ရပခ စစ်တိုင်းများကို ခြိမ်းခြောက်သည့် အခြေအနေသို့ ဆိုက်လာသည်။
RCSS တပ်များက တောင်ကြီးကားလမ်း တောင်ဘက် လင်းခေး၊ မိုးနဲ၊ မိုင်းပန်နယ်ထဲသို့ ဆုတ်ခွာသွားရရာ ရှမ်းပြည်တောင်ပိုင်းရှိ SSPP, UWSA ပူးပေါင်းတပ်ဖွဲ့များကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရသည်က မြန်မာစစ်တပ် ဖြစ်သွားသည်။ နိုင်ငံရေးအရဆိုလျှင်လည်း ကျဉ်းထဲကျပ်ထဲရောက်သွားသည့် RCSS က မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကောင်းရန် ကြိုးစား၏။ SSPP နှင့် UWSA တို့က မြန်မာစစ်တပ်နှင့် ခပ်မာမာ ဆက်ဆံသည်။
နိုင်ငံရေးအရဆိုလျှင်လည်း ကျဉ်းထဲကျပ်ထဲရောက်သွားသည့် RCSS က မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကောင်းရန် ကြိုးစား၏။ SSPP နှင့် UWSA တို့က မြန်မာစစ်တပ်နှင့် ခပ်မာမာ ဆက်ဆံသည်။
ဤသို့သောအခြေအနေတွင် မြန်မာစစ်တပ်သည် ၂၀၂၂ ခုနှစ်၊ မတ်လကုန်မှစ၍ SSPP အား တပ်ဆုတ်ရန် စတင်အကြောင်းကြားပြီး SSPP နှင့် နေပြည်တော်တွင် စတင်ဆွေးနွေးသည်။ ပင်လုံ ဆနင်းတောင်ကြော၊ မိုင်းကိုင် ဆင်တောင်နှင့် မိုင်းရှူးမြောက်ဘက်ရှိ စခန်းသုံးခုမှ ဆုတ်ပေးရန် အကြောင်းကြားသည်။ ဆွေးနွေးသည်။ မိုင်းရှူးမြောက်ဘက်မှ စခန်းများကို ဖယ်ရှားခိုင်းသည်မှာ ဝနယ် ပန်ယန်းသို့ကူးသည့် တာ့ဆွတ်နန် သံလွင်ကူးတို့အား ထိန်းချုပ်ရန်ဖြစ်၏။ SSPP က လုံးဝမဆုတ်ဟု အကြောင်းပြန်၏။ သံလွင်ကူးတို့အား လက်လွှတ်ပါက ဝနယ်နှင့် ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားမည်ဖြစ်သဖြင့် လုံးဝလက်မခံခဲ့ပေ။
တဖန် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် နောက်တကြိမ် မြန်မာစစ်တပ်က SSPP အား အဆိုပါနေရာများမှ ဆုတ်ခွာရန် ရာဇသံပေးပြန်သည်။ ဤအကြိမ်တွင်မူ ခြိမ်းခြောက်မှုပါ ပါသည်။ မြေပြင် စစ်အင်အားများ ပြောင်းရွှေ့ပြ၏။ တန့်ယန်းနှင့် မိုင်းရှူးတွင် သံချပ်ကာကား ၆ စီး၊ ၇ စီးခန့်စီဖြင့် အင်အားပြသည်။ ကောင်းကင်တွင် လေယာဉ်ဝဲပြ၏။ SSPP နှင့် UWSA ဘက်ကမူ လုံးဝမဆုတ်ဟု အကြောင်းပြန်သည်။ တပ်အင်အားဖြည့်၏။ လာတိုက်လျှင် ပြန်တိုက်မည်ဟု ခပ်မာမာရပ်ခံ၏။ တန့်ယန်းအရှေ့ဘက် သံလွင်တဖက်ကမ်းတွင် မန်မန်းရှန်ဒေသ၌ UWSA တပ်များကလည်း အင်အားစုဖွဲ့ပြ၏။ သို့နှင့် မြန်မာစစ်တပ်လည်း လေသံပြန်ပျော့သွားပြီး ဘာသံမှမထွက်တော့။
ထို့နောက် SSPP အား တပ်ဆုတ်ခိုင်းမှုများကို ကျယ်ကျယ်လောင်လောင် မကြားရတော့။ အောက်ခြေမှ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဆုတ်ခိုင်းသည်ဆိုသည်မျိုး တခါတရံကြားရသော်လည်း ကျယ်ကျယ်လောင်လောင်တော့ တနှစ်ခန့် မကြားရတော့ပေ။ ယခု တနှစ်ခန့်အကြာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် နောက်တကြိမ် ကျယ်ကျယ်လောင်လောင် ကြားရပြန်သည်။
စရဖ က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နှင့် ၁၁ ရက်တွင် လဲချား–ပင်လုံ ကားလမ်း တောင်ဘက်ရှိ SSPP ၏ ယာယီတပ်စခန်း ၁၀ ခုကို ဆုတ်ပေးရန် အကြောင်းကြားခဲ့သော်လည်း SSPP ဘက်က တပ်မဆုတ်ပေးသဖြင့် စစ်ကောင်စီတပ်က စစ်အား ၃၀၀ ခန့် ဖြည့်တင်းလာ၏။ လေယာဉ်များဝဲပြပြီး အမြောက်များလည်း ဆင်လာသဖြင့် လဲချားမြို့နယ်တွင် စစ်ရေးတင်းမာမှုများ ဖြစ်ပွားလာခဲ့သည်။
လဲချား–ပင်လုံကားလမ်း တောင်ဘက်နှင့် အရှေ့ဘက်ခြမ်းသည် ယခင်ကတည်းက SSPP လှုပ်ရှားသည့် နယ်မြေ မဟုတ်သော်လည်း RCSS သည် ကားလမ်းကို ကျော်ကာ ကားလမ်းအနောက်ဘက်နှင့် မြောက်ဘက်ရှိ SSPP တပ်ဖွဲ့များကို လာရောက်တိုက်ခိုက်လေ့ရှိကြောင်း၊ ပြီးခဲ့သည့် မတ်လ ၂၉ ရက်တွင် SSPP ၏ စစ်ဦးစီးချုပ်ယာဉ်တန်းကို RCSS က လဲချား-မိုင်းနောင် ကားလမ်း တနေရာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် SSPP ဘက်က လဲချား-ပင်လုံကားလမ်း တောင်ဘက်နှင့် အရှေ့ဘက်ခြမ်းကိုကျော်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း SSPP မှ ဗိုလ်မှူးကြီး စဝ်ဆုက ပြောသည်။
စစ်ကောင်စီတပ်၏ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) က လဲချားမြို့နယ်တွင် SSPP နှင့် RCSS နှစ်ဖွဲ့စလုံး လှုပ်ရှားခွင့်မပြုဟု ပြောဆိုထားသော်လည်း RCSS သည် လဲချားမြို့နယ်ကို အခြေပြုကာ SSPP ကို လာရောက်တိုက်ခိုက်ခြင်း၊ စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းများ ရှိနေကြောင်း၊ စစ်ကောင်စီတပ်အနေဖြင့် RCSS ကို ထိုနယ်မြေမှ နှင်မထုတ်ခြင်းမှာလည်း မျှတမှုမရှိကြောင်း SSPP က ဆိုပါသည်။
စစ်ကောင်စီတပ်၏ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) က လဲချားမြို့နယ်တွင် SSPP နှင့် RCSS နှစ်ဖွဲ့စလုံး လှုပ်ရှားခွင့်မပြုဟု ပြောဆိုထားသည်။
လက်ရှိအနေအထားတွင် SSPP ဘက်မှ တပ်ဆုတ်မပေးနိုင်ဟု ဆိုထားသကဲ့သို့ မြန်မာစစ်တပ်ဘက်ကလည်း လက်နက်ကြီးများ နေရာချထားခြင်း၊ တပ်အင်အား ဖြည့်တင်းများ ပြုလုပ်နေသည်ကို တွေ့ရ၏။ ဤအခြေအနေသည် ၂၀၂၂ ခုနှစ်၊ မတ်လကုန်မှစ၍ ယခုအချိန်ထိ SSPP တပ်ဆုတ်ရန် မြန်မာစစ်တပ်က ရာဇသံပေးခြင်းရော၊ စစ်အင်အားပြခြင်းရော တနှစ်ကျော်အတွင်း အတိအလင်း သုံးကြိမ် ဖြစ်ပွားခဲ့ပြီဖြစ်၏။ သို့ဖြစ်ရာ မြန်မာစစ်တပ်အနေနှင့် ရှမ်းပြည်တောင်ပိုင်းတွင် စစ်မျက်နှာသစ် ဖွင့်မည်လောဆိုသည့် မေးခွန်းပေါ်လာ၏။
နှစ်ဖက် စစ်အင်အားအခြေအနေ
ရှမ်းပြည်တောင်ပိုင်း လက်ရှိ SSPP နှင့် ပဋိပက္ခဖြစ်ပွားနေသောနယ်မြေသည် စစ်ကောင်စီတပ်၏ အရှေ့အလယ်ပိုင်းတိုင်း (ရလခ) စစ်တိုင်းနယ်မြေဖြစ်ပြီး တိုင်းလက်အောက်ခံ တပ်ရင်း ၂၀ ရှိ၏။ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း မိုင်းနောင်၌ စကခ ၂၊ မိုင်းပန်၌ စကခ ၁၇ တို့ အခြေပြုထားသော်လည်း စကခ ၂ သည် ကရင်နီပြည်နယ်တွင် စစ်ဆင်ရေးဝင်နေပြီး စကခ ၁၇ သည် ရှမ်းပြည်မြောက်ပိုင်း၌ စစ်ဆင်ရေးဝင်နေသည်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းမှ ၂၀၂၃ နှစ်ဆန်းထိ ရှမ်းအရှေ့ တြိဂံတိုင်းရှိ စကခ ၁၄ မှ ခြောက်ရင်း၊ စကခ ၁၈ မှ လေးရင်းအား ရလခ နယ်မြေ မိုင်းရှူးနှင့် လင်းခေးတွင် စုဖွဲ့ထားရှိသည်ကို တွေ့ရ၏။ သို့သော် ၂၀၂၃ ခုနှစ်၊ ဧပြီမေလ နောက်ပိုင်းမှစ၍ စကခ ၁၄ နှင့် စကခ ၁၈ မှ တပ်ရင်း ၁၀ ရင်းလုံးအား ကရင်နီပြည်နယ်ထဲသို့ စေလွှတ်ရ၍ ရလခနယ်မြေအတွင်း ရလခ တိုင်းတပ်များသာကျန်တော့၏။
ရလခ နယ်မြေအတွင် မြန်မာစစ်တပ်အရံ နယ်ခြားစောင့်တပ် (BGF) တပ်ရင်းနှင့် ရဲတပ်ရင်းများ မရှိပါ။ ရလခအတွက် အရံအဖြစ် မတ်ကျန်း၊ နာရိုင်း၊ အက်စ်သုံးလုံး၊ ဟိုမိန်း၊ ကာလိစသည့် ပြည်သူ့စစ် (ပသစ) များသာရှိ၏။ ကာလိ ပြည်သူ့စစ်မှာ ယခင် SSPP မှ အပစ်ရပ်ပြီး ၂၀၀၉ တွင် ဖိအားပေး၍ ပြည်သူ့စစ်အသွင် ပြောင်းခံခဲ့ရသည့် SSA တပ်မဟာ ၇ ဖြစ်ရာ SSPP/SSA နှင့် ပြန်လည်ရင်ဆိုင်ရာတွင် ပါဝင်မည်မှာ မသေချာပေ။ ရလခ နယ်မြေတွင် ပအိုဝ်း ပသစ အနည်းငယ်သာ ရှိ၏။ ပအိုဝ်းပသစ အများစုမှာ ရပခ စစ်တိုင်းနယ်မြေအတွင်း ကရင်နီနှင့် ရင်ဆိုင်ထားရ၏။
ထို့ပြင် တပြည်လုံးအနှံ့ စစ်တိုက်နေရသော စစ်ကောင်စီတပ်အဖို့ ရလခ နယ်မြေသို့ တပ်အင်အားထပ်ပို့ရန် အရံတပ်မရှိပေ။ မဖြစ်မနေ ပို့ရမည်ဆိုပါက လောလောဆယ် တိုက်ပွဲမဖြစ်သည့် ရခိုင်မှ တပ်မတခုခန့်သာ ထုတ်နိုင်မည်ဟု တွက်ဆရ၏။ သို့သော်လည်း AA နှင့်လည်း စိတ်ချသည့်အခြေအနေ မရှိသေးသဖြင့် စိတ်တိုင်းကျ တပ်ထုတ်နုတ်ရန် မလွယ်ကူပေ။ ရလခ အတွက် ဖြည့်တင်းပေးနိုင်မည်မှာ မြေပြင် အမြောက်ပစ်ကူ၊ ဒုံးပစ်ကူ၊ သံချပ်ကာကားပစ်ကူနှင့် လေကြောင်းပစ်ကူတို့သာ ဖြစ်ပေလိမ့်မည်။
SSPP ရော UWSA တပ်ပါ type ၈၁ အမျိုးအစား ချေမှုန်းရေးရိုင်ဖယ်များ အပါအဝင် အာပီဂျီများ ကောင်းစွာ တပ်ဆင်ထားသည့်အပြင် UWSA တပ်များတွင် ၁၀၇ မမ၊ ၁၂၀ မမ၊ ၁၂၂ မမ လက်နက်ကြီးများ၊ FN 6/7 အမျိုးအစား ပုခုံးထမ်း လေယာဉ်ပစ်ဒုံးကျည်များ တပ်ဆင်ထားသည်။
ရှမ်းတောင်ရှိ SSPP တိုက်ခိုက်ရေးတပ်အင်အားမှာ ၂၀၂၁ ခုနှစ်တွင် တပ်မ သုံးခုနှင့် တပ်ရင်း ၃၀ ရှိ၏။ ၂၀၂၂ ခုနှစ်တွင် တပ်မတခု ထပ်မံဖွဲ့စည်းသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ တရင်းလျှင် ၁၅၀ မှ ၂၀၀ ခန့်ရှိသည့်တပ်ရင်း ၄၀ ခန့်ရှိမည်ဟု ခန့်မှန်းရ၏။ SSPP တပ်ဖွဲ့အပြင် UWSA တပ်အင်အား ၃,၀၀၀ ခန့်လည်း ၂၀၂၁ ခုနှစ်၊ မေလကုန်မှစ၍ ရှမ်းတောင်တွင် ရှိနေသည့်အပြင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် UWSA အင်အား ၃၀၀ ခန့်သည် သံလွင်အနောက်ဘက်ကမ်းသို့ ကူးလာပြီး တန့်ယန်းအနီးတွင် SSPP တပ်များနှင့်အတူ ပူးတွဲစခန်းထိုင် နေရာယူထားသည်ဟု သိရ၏။
SSPP ရော UWSA တပ်ပါ type ၈၁ အမျိုးအစား ချေမှုန်းရေးရိုင်ဖယ်များ အပါအဝင် အာပီဂျီများ ကောင်းစွာ တပ်ဆင်ထားသည့်အပြင် UWSA တပ်များတွင် ၁၀၇ မမ၊ ၁၂၀ မမ၊ ၁၂၂ မမ လက်နက်ကြီးများ၊ FN 6/7 အမျိုးအစား ပုခုံးထမ်း လေယာဉ်ပစ်ဒုံးကျည်များ တပ်ဆင်ထားသည်။
စစ်ရေးအလားအလာ
ထို့ပြင် စစ်ကောင်စီတပ်က နေရာဒေသတခု၊ တောင်ကုန်းတခု၊ စခန်းတခုတွင်သာ အကန့်အသတ်နှင့် တိုက်ခိုက်ရန် ရည်ရွယ်နေသော်လည်း SSPP ဘက်က တနေရာတွင် တိုက်ပွဲဖြစ်ပါက SSPP တပ်ရှိသည့် နေရာတိုင်းတွင် တိုက်ပွဲဖြစ်ပွားမည်ဟု သတိပေးထားရာ ရှမ်းတောင်တခုလုံးတွင် တိုက်ပွဲဖြစ်ပွားမည်ဖြစ်သည်။
တနေရာတည်းတွင်သာ အကန့်အသတ်ဖြင့် တိုက်ပါက မြန်မာစစ်တပ်က တပ်အင်အား၊ ပစ်ကူကို စုစည်းနိုင်မည်ဖြစ်သော်လည်း SSPP ရှိသည့် ရှမ်းမြောက်နှင့် ရှမ်းတောင်တခွင်လုံး စစ်မျက်နှာဖွင့်ပါက မြန်မာစစ်တပ်အတွက် တပ်အင်အားဖြည့်တင်းရန် ခက်ခဲ၏။ ယခင်က ထစ်ကနဲရှိ SSPP ဝမ်ဟိုင်းဌာနချုပ်ကို ရန်ရှာလေ့ရှိသော မြန်မာစစ်တပ်အတွက် ကြီးထွားကျယ်ပြန့်လာသော SSPP စစ်အင်အားနှင့် UWSA စစ်ကူအင်အားကို အလွယ်တကူ ရန်မရှာရဲတော့ပေ။
သို့ဖြစ်ရာ စစ်အင်အားအရ မြန်မာစစ်တပ်သည် SSPP နှင့် UWSA ကို အသာစီးရရန် မဖြစ်နိုင်ပေ။ လေကြောင်းပစ်ကူ၊ မြေပြင်ပစ်ကူ ရယူတိုက်ခိုက်ပါကလည်း အပြတ်အသတ် အသာရရန် မဖြစ်နိုင်ပေ။ ဤသို့သော အခြေအနေတွင် RCSS အင်အား ၁,၀၀၀ ခန့်နှင့် ပူးပေါင်း၍ မြန်မာစစ်တပ်က SSPP နှင့် UWSA ကို တိုက်ခိုက်မည်ဟု သတင်များ ထွက်ပေါ်နေ၏။
ဤသို့ ဆိုပါကလည်း စစ်မျက်နှာ ပို၍ကျယ်ပြန့်လာမည် ဖြစ်၏။ ရှမ်းမြောက်နှင့် ရှမ်းတောင်မှ ဆုတ်ခွာသွားသော RCSS တပ်ဖွဲ့များသည် မိုင်းပန်မြို့နယ်အတွင်း တပ်စခန်းချနေရာယူထားပြီး တောင်ကြီးကားလမ်း မြောက်ဘက်သို့ ထိုးဖောက်နိုင်ရန် PNO ပသစ အဖွဲ့နှင့်ပါ မဟာမိတ်ဖွဲ့ထားသည်ကို တွေ့ရ၏။ RCSS တပ်များ၏ လမ်းကြောင်းကို ဖြတ်တောက်ရန် ရှမ်းအရှေ့ရှိ UWSA ၁၇၁ စစ်ဒေသလက်အောက်ခံ တပ်မဟာ ခြောက်ခုမှ အနည်းဆုံး တခုမှ နှစ်ခုသည် ရှမ်းအရှေ့ မုံးထ၊ ခိုင်လုံမှ သံလွင်မြစ်အနောက်ဘက်ကမ်းသို့ ကူး၍ မိုင်းပန်၊ မိုးနဲ၊ လင်းခေး ဂွင်အတွင်းသို့ ဝင်ရောက်ပြီး RCSS လမ်း ကြောင်းအား ဖြတ်တောက်လာနိုင်၏။
ဤအခြေအနေကို ရှမ်းပြည်အရေးလေ့လာသူများလည်း သုံးသပ်တွက်ချက်ထားကြပြီး လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဆန်လွယ်ကုန်းမောဝ်တွင် UWSA တပ်များ ဝင်ရောက်နေရာယူနိုင်သည်ဟု တွက်ချက်ထားကြသည်ကို တွေ့ရ၏။ ဤသို့ UWSA တပ်များက ဖြတ်တောက်ပါက သံလွင်အရှေ့ခြမ်း၊ လွယ်တိုင်းလျံရှိ RCSS ဌာနချုပ်နှင့် မိုင်းပန်နယ်ရှိ RCSS တပ်များကြားတွင်သာမက၊ မိုင်းပန်နယ်ရှိ RCSS တပ်များနှင့် တောင်ကြီးကားလမ်း မြောက်ဘက်သို့ ပြန်လည်ထိုးဖောက်နေသော RCSS တပ်များကြားပါ ဖြတ်တောက်နိုင်မည်ဖြစ်၏။
ဤသို့သော အခြေအနေတွင် SSPP အား ရာဇသံပေးနေသော စစ်ကောင်စီတပ် တကယ် စစ်မျက်နှာဖွင့်မည်လော၊ သို့ဟုတ် အသံဖြင့် ခြိမ်းခြောက်ပြီး ဟန်ကိုယ့်ဖို့ လုပ်နေသည်လားဆိုသည်ကို စိတ်ဝင်စားဖွယ်ဖြစ်၏။ ၂၀၂၂ ခုနှစ်၊ မတ်လမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အနည်းဆုံး သုံးကြိမ်နှင့်အထက် SSPP တပ်ဖွဲ့အား ဆုတ်ခွာရန် ရာဇသံပေးနေသည့် စစ်ကောင်စီတပ်ကို SSPP နှင့် UWSA ပူးပေါင်းတပ်ဖွဲ့များက စိုးရွံ့ပုံမရှိပေ။ လာတိုက်လျှင် ပြန်တိုက်မည်ဟုသာ တုံ့ပြန်သည်ကို တွေ့ရပြီး စစ်ကောင်စီတပ် ရာဇသံကား လူမလေး ခွေးမခန့်ဖြစ်နေသည်ကို တွေ့ရ၏။
ရာဇသံပေးနေသည့် စစ်ကောင်စီတပ်ကို SSPP နှင့် UWSA ပူးပေါင်းတပ်ဖွဲ့များက စိုးရွံ့ပုံမရှိပေ။ လာတိုက်လျှင် ပြန်တိုက်မည်ဟုသာ တုံ့ပြန်သည်ကို တွေ့ရပြီး စစ်ကောင်စီတပ် ရာဇသံကား လူမလေး ခွေးမခန့်ဖြစ်နေသည်
လေလောဆယ် တွေ့ရသည့်အချက်တခုမှာ UWSA တပ်ဖွဲ့များ သံလွင်အနောက်ခြမ်း ရှမ်းတောင်နှင့် ရှမ်းမြောက်တွင် ဝင်ရောက် နေရာယူထားခြင်းကို စစ်ကောင်စီတပ်သည် အတိအလင်း ထုတ်ဖော်ပြောဆိုကန့်ကွက်ခြင်း ယနေ့တိုင် ပြုလုပ်ခြင်း မရှိပေ။ စစ်ကောင်စီတပ်သည် UWSA နှင့်ပါ ပဋိပက္ခကျယ်ပြန့်လာမည်ကို မလိုလားဟု တွက်ဆရ၏။
သို့သော် ရှမ်းတောင်တွင် တိုက်ပွဲဖြစ်ပွားပါက SSPP တတပ်တည်းသာ မဟုတ်ဘဲ UWSA တပ်များပါ ပါဝင်ကြမည် ဖြစ်သည်။ UWSA တပ်များနှင့် တိုက်ခိုက်ပါက UWSA အနေဖြင့် တိုက်ပွဲကို ရှမ်းပြည်တောင်ပိုင်းတွင်သာ ကန့်သတ်တိုက်ခိုက်မည်ဟု ခန့်မှန်းရပြီး သံလွင်အရှေ့ခြမ်းပါ စစ်နယ်ချဲ့၊ မချဲ့က စစ်ကောင်စီတပ်အပေါ် မူတည်မည်ဖြစ်၏။
သံလွင်အရှေ့ခြမ်းတွင် လတ်တလော တိုက်ပွဲများကို ရှောင်ရှား၍ ရနိုင်သော်လည်း နှစ်ဖက်တပ် တင်းမာမှုများကို ရှောင်လွှဲ၍မရနိုင်ပေ။ ဤသို့ဖြစ်ပွားပါက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်နှင့် စစ်ရေးတိုက်ပွဲ မရှိသလောက်ဖြစ်သည့် ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းပြည်အရှေ့ပိုင်း အခြေအနေသည် ပြောင်းလဲသွားပေလိမ့်မည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေသည်မှာ ရှမ်းတောင်နှင့် ရှမ်းအရှေ့သာရှိ၏။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးကားလမ်း မြောက်ဘက်တွင် SSPP နှင့် UWSA ရှိသည်။ တောင်ကြီးကားလမ်းတောင်ဘက် မိုးနဲ၊ လင်းခေး၊ မိုင်းပန်နယ်တွင် RCSS နှင့် အက်စ်သုံးလုံး ပသစ ရှိ၏။ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း ပအိုဝ်းနယ်တွင် PNO ပသစ ရှိ၏။
SSPP, UWSA, RCSS တို့နှင့် အပစ်ရပ်ထားနိုင်၍ တိုက်ပွဲများ ငြိမ်နေခြင်းဖြစ်၏။ သို့သော် ထိုအပစ်ရပ်ထားသည့် အဖွဲ့ သုံးဖွဲ့ထဲတွင် RCSS တဖွဲ့တည်းသာ NCA အပစ်ရပ် လက်မှတ်ထိုးထားပြီး မြန်မာစစ်တပ်နှင့် အလွမ်းသင့်သည်။ SSPP နှင့် UWSA တို့က NCA လက်မှတ်ထိုးခြင်း မပြုသည့်အပြင် နိုင်ငံရေးရပ်တည်ချက်က ၂၀၀၈ အခြေခံဥပဒေ အပြင်ဘက်မှဖြစ်၏။
မြန်မာစစ်တပ်အတွက် အခက်တွေ့နေသည်မှာ သူနှင့်အလွမ်းသင့်သည့် RCSS နှင့် ပူးပေါင်း၍ SSPP ကို ရင်ဆိုင်ရန် စဉ်းစားနေသော်လည်း SSPP အတူရင်ဆိုင်ရမည့် UWSA တပ်ဖွဲ့ပြဿနာ ဖြစ်၏။ UWSA တပ်များသည် ၂၀၂၁ ခုနှစ်၊ မေလတွင် ပထမအကြိမ်၊ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ဒုတိယအကြိမ် သံလွင်မြစ်အနောက်ဘက်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော်လည်း မြန်မာစစ်တပ်က ယနေ့တိုင် တရားဝင် ထုတ်ဖော်ပြောဆိုခြင်း၊ ကန့်ကွက်ခြင်းမပြုသည်ကို တွေ့ရ၏။
မြန်မာစစ်တပ်အတွက် အခက်တွေ့နေသည်မှာ သူနှင့်အလွမ်းသင့်သည့် RCSS နှင့် ပူးပေါင်း၍ SSPP ကို ရင်ဆိုင်ရန် စဉ်းစားနေသော်လည်း SSPP အတူရင်ဆိုင်ရမည့် UWSA တပ်ဖွဲ့ပြဿနာ ဖြစ်၏။
ဤသို့မပြုသည်မှာ မြန်မာစစ်တပ်အနေဖြင့် လက်ရှိအခြေအနေ၊ လက်ရှိစစ်အင်အားနှင့် UWSA တပ်ကို ရင်ဆိုင်ရန် မဖြစ်နိုင်တော့၍ ဖြစ်၏။ ထို့ပြင် ကရင်နီတွင် တော်လှန်ရေးအင်အားစုများက အခြေအနေကောင်းနေပြီး မြန်မာစစ်တပ်က အထိနာနေ၏။ ကရင်နီသို့ စစ်ကူလွှတ်ရန် ရှမ်းပြည်နယ်မှ စစ်တပ်များကို ဆွဲထုတ်ပြီးရင်း ဆွဲထုတ်နေရသည့်အခြေအနေတွင် ရှိနေ၏။
ရလခ နယ်မြေ မိုင်းနောင်နှင့် ရပခ နယ်မြေ ဖယ်ခုံ အခြေစိုက် စကခ ၂ နှင့် စကခ ၇ အား ရှမ်းမြောက်တွင် စစ်ဆင်ရေးဝင်နေရာမှ ကရင်နီသို့ စေလွှတ်ခဲ့ရပြီးဖြစ်၏။ ၂၀၂၁ ခုနှစ်မှစ၍ ရှမ်းအရှေ့ တြိဂံတိုင်းရှိ စကခ ၁၄ နှင့် စကခ ၁၈ မှ တပ်ရင်း ၁၀ ရင်းထုတ်နုတ်ပြီး ရလခ နယ်မြေ လင်းခေးနှင့် မိုင်းရှူးတွင် စုဖွဲ့ထားရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ မေလမှစ၍ ကရင်နီနယ်သို့ စေလွှတ်ခဲ့ရပြီဖြစ်သည်။
သို့ဖြစ်ရာ ရလခ နယ်မြေအတွင်း တိုင်းတပ်ရင်း ၂၀ ခန့်နှင့် ပသစများသာ ရှိ၏။ ကာလိ ပသစမှာ SSPP အား တိုက်ခိုက်ရာတွင် ပါဝင်နိုင်ဖွယ်မရှိပေ။ ကျန် ပသစ အများစုမှာလည်း မူးယစ်ဆေးဝါး ချက်လုပ်ရောင်းချသူ အများစုဖြစ်ပြီး တိုက်ရည်ခိုက်ရည် မရှိကြချေ။ သတင်းပေးအဆင့်မျှသာဖြစ်နိုင်၏။ ထိုသို့သော အခြေအနေအောက်တွင် မြန်မာစစ်တပ်အနေဖြင့် ရှမ်းပြည်တောင်ပိုင်းတွင် စစ်မျက်နှာသစ် ဖွင့်ရန်မလွယ်ကူပေ။
SSPP
SSPP သည် နိုင်ငံရေးအရ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးလျက် ရှိသော်လည်း NCA လက်မှတ်ရေးထိုးရန် ငြင်းပယ်ထားပြီး ဆွေးနွေးပွဲများတွင် နိုင်ငံရေးအရ ရှမ်းမူ၊ တောင်ကြီးမူ၊ ဖက်ဒရယ်မူကို ဆုပ်ကိုင်ဆွေးနွေးလျက်၏။ သို့ဖြစ်ရာ SSPP သည် တွေ့ဆုံဆွေးနွေးရာတွင် NCA ဘောင်အတွင်း မရှိသကဲ့သို့ သူ၏နိုင်ငံရေးရပ်တည်ချက်မှာ ၂၀၀၈ ဘောင်အတွင်း မရှိပေ။ SSPP နှင့် စစ်တပ်ကြား အသက်ဝင်သည်ဟု ဆိုရမည့် သဘောတူညီချက်များမှာ သမ္မတ ဦးသိန်းစိန်ခေတ်က လက်မှတ်ရေးထိုးခဲ့သော ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် biletral သဘောတူညီချက်များသာ ရှိ၏။
၂၀၁၂ ခုနှစ်ခန့်က လက်မှတ်ရေးထိုးထားခဲ့သော်လည်း ၂၀၁၅ ခုနှစ်ဝန်းကျင်တွင် ပြင်းပြင်းထန်ထန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်ဖြစ်ရာ ခိုင်မြဲတည်တံ့လှသည့် သဘောတူညီချက်များ မဟုတ်ဘဲ အချိန်မရွေး ပျက်ပြယ်နိုင်သည့် သဘောတူညီချက်များဟု ဆိုရမည်။
ထို့ပြင် SSPP သည် မြောက်ပိုင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) နိုင်ငံရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်သည်သာမက UWSA နှင့်လည်း နိုင်ငံရေး၊ စစ်ရေးမဟာမိတ် ဖွဲ့စည်းထား၏။ ထို့အတူ လက်ရှိ စစ်ကောင်စီနှင့် ဆွေးနွေးရာတွင် UWSA, NDAA တို့နှင့် အတူတကွ ဆွေးနွေးနေသည်ကို တွေ့ရ၏။
SSPP သည် မြောက်ပိုင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) နိုင်ငံရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်သည်သာမက UWSA နှင့်လည်း နိုင်ငံရေး၊ စစ်ရေးမဟာမိတ် ဖွဲ့စည်းထား၏။
စစ်ရေးအရဆိုလျှင်လည်း UWSA နှင့် အပြည့်အဝပူးပေါင်းထားပြီး UWSA ထံမှ စစ်ရေးအကူအညီ အပြည့်အဝ ရရှိထား၏။ လက်ရှိအခြေအနေတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ တန့်ယန်းကားလမ်း၏ တောင်ဘက် ကလော၊ တောင်ကြီး၊ လွိုင်လင်၊ ကွန်ဟိန်းကားလမ်းမြောက်ဘက်၊ ကားလမ်းမကြီး နှစ်ခုကြားရှိ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်၊ လွိုင်လင်၊ လဲချား၊ မိုင်းကိုင်၊ နမ့်စန်၊ ကျေးသီး၊ မိုင်းရှူး၊ မိုင်းရယ် မြို့နယ်များတွင် SSPP တဖွဲ့တည်း စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ နယ်မြေစိုးမိုးရေး၊ တပ်သားသစ်စုဆောင်ရေးတို့ကို ပြုလုပ်နိုင်သည်ကို တွေ့ရ၏။
သူ၏ မဟာမိတ် UWSA တပ်များမှာလည်း စစ်ရေးအရ ကူညီမှုပေးသော်လည်း ဒေသစည်းရုံးအုပ်ချုပ်ရေးများတွင် ပါဝင်ခြင်းမရှိသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ SSPP သည် ထိုနယ်မြေအား တဦးတဖွဲ့တည်း ထိန်းချုပ်နယ်မြေအဖြစ် တည်ဆောက်ထားနိုင်ပြီး အင်အားလည်း တိုးချဲ့နိုင်သည်ကို တွေ့ရ၏။ ထိုနယ်မြေအတွင်း မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်များအပ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မရှိဘဲ SSPP တဖွဲ့တည်း ထိန်းချုပ်ထားနိုင်ခြင်းမှာ ရှမ်းမြောက်၊ ရှမ်းအရှေ့တို့နှင့် ကွာခြားသော ထူးခြားချက်ဖြစ်သည်။
သို့ဖြစ်ရာ ရှမ်းပြည်တောင်ပိုင်း ထိုနယ်မြေအတွင်း SSPP တဖွဲ့တည်း စည်းရုံးရေး၊ အုပ်ချုပ်ရေး ဆောင်ရွက်နိုင်လာသည့်အပြင် စစ်ရေးအရ အချက်အခြာကျသည့်နေရာများကို ထိန်းချုပ်လာနေခြင်း၊ စစ်အင်အား တိုးချဲ့ခြင်းတို့အပြင် UWSA တပ်အင်အားအချို့၏ စစ်ရေးအကူအညီ ရရှိနေသည်ဖြစ်ရာ SSPP အတွက် ထိုဒေသကြီးသည် သပိတ်ဝင်အိတ်ဝင် အုပ်စီးထားနိုင်သည့် ဒေသကြီးဖြစ်လာသည်။ သို့ဖြစ်ရာ ရှမ်းပြည်တောင်ပိုင်းသည် SSPP နှင့် မြန်မာစစ်တပ်ကြား သေနတ်သံ မထွက်သေးသော်လည်း မြန်မာစစ်တပ်အား ကြီးစွာခြိမ်းခြောက်နေသော ဒေသဖြစ်၏။
မြန်မာစစ်တပ်၏ သံချပ်ကာကားများ ထုတ်ပြခြင်း၊ လေယာဉ်များဝဲပြခြင်း၊ အမြောက်များ ဆင်ပြခြင်းတို့ဖြင့် ဟန်ရေးပြနေခြင်းအား SSPP နှင့် UWSA က လုံးဝမမှုသဖြင့် မြန်မာစစ်တပ်မှာ ဟောင်လွန်းသောခွေး လူမလေး ဖြစ်နေပေတော့သည်။
လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများအပေါ် စိတ်ကြီးဝင်ပြီး မလုပ်ရဲတာ ဘာမှမရှိဟုဆိုကာ မိုက်မဲစွာဖြင့် ရှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်မျက်နှာသစ် ဖွင့်လှစ်ခဲ့ပါက တော်လှန်ရေး အင်အားစုများအဖို့ လက်ခမောင်းထခတ်ရန်သာ ရှိပေသည်။
သို့မဟုတ်ဘဲ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများအပေါ် စိတ်ကြီးဝင်ပြီး မလုပ်ရဲတာ ဘာမှမရှိဟုဆိုကာ မိုက်မဲစွာဖြင့် ရှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်မျက်နှာသစ် ဖွင့်လှစ်ခဲ့ပါက တော်လှန်ရေး အင်အားစုများအဖို့ လက်ခမောင်းထခတ်ရန်သာ ရှိပေသည်။ တဖက်ကလည်း စစ်မျက်နှာမဖွင့်ပြန်ပါက တဖြည်းဖြည်း အင်အားကောင်းပြီး နေရာတိုးချဲ့ယူလာသည့်ပြင် ရှမ်းပြည်တောင်ပိုင်းအား လွှမ်းမိုးထိန်းချုပ်လာသည့် SSPP နှင့် UWSA တို့အား ရင်ဆိုင်ရန် စစ်ကောင်စီတပ်အတွက် အချိန်အခါနှောင်းပြီး ဆုံးရှုံးမှုကြီးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
သို့ဖြစ်ရာ ရှမ်းပြည်တောင်ပိုင်း စစ်မျက်နှာအခြေအနေမှာ မြန်မာစစ်တပ်အတွက် ဆုပ်လည်းစူး စားလည်းရူး အခြေအနေဟု ဆိုရပါမည်။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ
ရှမ်းနှင့်ရခိုင်မှ အချိန်မရွေးပေါက်ကွဲနိုင်သည့် “လက်နက်အသင့်ငြိမ်းချမ်းရေး”
မြန်မာစစ်တပ်ကို ခွဲခြမ်းစိတ်ဖြာခြင်း အပိုင်း (၁)
အနန့်ပါ ဗုံးကြဲခံရမှု နောက်ဆက်တွဲဖြစ်စဉ်များကို UWSA သတိထားစောင့်ကြည့်နေ
SSPP ၏ မူဝါဒနှင့် အနာဂတ်ခြေလှမ်း ဘာလဲ
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို UWSA အဖက်မလုပ်