ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ပဲခူးတိုင်း အရှေ့ခြမ်း တောင်ငူနဲ့ အနောက်ခြမ်း ပြည်စတဲ့ တပ်နယ်တွေမှာ ဌာနေ ပြည်သူ့စစ်ဆိုကာ လူတစုကို စစ်ကောင်စီက လက်နက်တပ်ဆင်မှုတွေ လုပ်နေတာကို တွေ့ရပါတယ်။
တကယ်တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရလက်ထက် တောင်ငူနဲ့ ပြည်ခရိုင်တဝိုက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ရန်က ကာကွယ်ဖို့ ပြည်သူ့စစ်ဆိုကာ သတ်မှတ်ဖွဲ့စည်းခဲ့ပေမယ့် နောက်ပိုင်းတော့ ဒီဒေသတွေမှာ လက်နက်ကိုင်ပြီး ပြည်သူ့စစ်အဖြစ် မလှုပ်ရှားခဲ့တာ ၃၅နှစ် ကျော်ကြာခဲ့ပါပြီ။
ဒီလိုနှစ်ပေါင်းများစွာကြာမှ ဒီဒေသက ပြည်သူ့စစ်တွေကို ချက်ခြင်းအသက်သွင်း ဘာကြောင့် လက်နက်ပြန်တပ်ပေးရ သလဲဆိုတာကတော့ အများသိတဲ့အတိုင်း တော်လှန်ရေး အင်အားစုတွေဟာ ပဲခူးရိုးမကို ကြားခံထားကာ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာ ခပ်သွက်သွက်လှုပ်ရှားလာတာကြောင့် ဖြစ်ပါတယ်။
အခု စစ်ကောင်စီက ပြည်သူ့စစ်လို့ အမည်တပ်ကာ လက်နက်တပ်ဆင်ပေးလိုက်တဲ့ သူတွေက ဘယ်သူတွေလဲ၊ အရပ် သားတွေလား ဝန်ထမ်းတွေလား ဒါမှမဟုတ် သူတို့ သိမ်းသွင်းထားတဲ့သူတွေ သူတို့ကို ထောက်ခံသူတွေလား ဆိုတာ ကတော့ မေးခွန်းထုတ်စရာပါ။
ပြီးခဲ့တဲ့ သြဂုတ်လကလည်း ရှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ဖို့ ဆိုကာ ရဲတပ်ဖွဲ့ကလွဲပြီး ကျန်အစိုးရဝန်ထမ်းတွေကို ပြည်သူ့စစ်တပ်ရင်းဖွဲ့ကာ အင်အား အခြေအနေ ပေါ် မူတည်ပြီး တာဝန်ခွဲဝေဖို့နဲ့ အရေးကြုံရင် စစ်တပ်ရဲ့ အရန်အင်အားအဖြစ် အသုံးတော်ခံရမယ်ဆိုတဲ့ စာတစောင် လည်း ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းရဲ့ လက်မှတ်နဲ့အတူ ထွက်လာခဲ့ပါသေး တယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင်လည်း ပြည်သူလူထုပါဝင်တဲ့ ပြည်သူ့ ကာကွယ်ရေးစနစ် ဖော်ဆောင်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ တရားဝင် ပြောဆိုထားတာ ရှိပါတယ်။
ဒါပေမယ့် ပြည်သူအပေါ် မှန်ကန်တဲ့ နိုင်ငံရေးနဲ့ စည်းရုံးရေး သဘောမပါဘဲ အစိုးရဝန်ထမ်းတွေနဲ့ စစ်ကောင်စီ ထောက်ခံသူတွေကို အရန်အင်အားအဖြစ် စစ်ရေးစစ်ရာမှာ သုံးလာတာဟာ ပြည်သူ့စစ်လို့ မခေါ်ထိုက်ပါ။
ပြည်သူ့စစ်ဆိုတာဟာ ပြည်သူတွေကို အခြေခံတဲ့ စစ်ဖြစ်တာကြောင့် ပြည်သူတရပ်လုံးပါဝင်မှသာ ဒီအမည်ကိုသုံးစွဲ သင့်ပြီး ဥပမာဆိုရင် ၁၉၄၅ခုနှစ် တပ်မတော်၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတရပ်လုံး စည်းရုံးပါဝင်စေပြီး ဖက်ဆစ် ဂျပန်ကို တော်လှန်နိုင်ခြင်းဟာ ပြည်သူ့စစ်အသွင်ပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ် အမည်ခံ အဖွဲ့အစည်းတွေဟာ ၁၉၇၀ခုနှစ် ခန့် က ဖွဲ့စည်းခဲ့ဖူးတဲ့ ရှမ်းပြည် မြောက်ပိုင်း ကိုးကန့်ကာကွယ်ရေးတပ် လော်စစ်ဟန်ကစလို့ ၂၀၂၀ ခုနှစ်က ဖျက်သိမ်း ခံခဲ့ရတဲ့ ကောင်းခါး ပြည်သူ့စစ်အဆုံး မူးယစ်ဆေးဝါး၊ လောင်းကစား၊ ဒေသခံလူထုအပေါ် နိုင်လိုမင်းထက် ပြုမူမှု တွေက စလို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာဟာ ငြင်းမရပါဘူး။
ရှမ်းပြည်မြောက်ပိုင်းကို ဝင်လာတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကို တိုက်ဖို့ ဗိုလ်ချုပ်ကြီးနေဝင်းက အသိအမှတ်ပြု ခဲ့တဲ့ လော်စစ်ဟန်ရဲ့ ကိုးကန့်ကာကွယ်ရေးတပ်ဆိုရင် ဘိန်းနဲ့ တရားဝင်စီးပွားရှာခွင့် ရခဲ့သလို ကွတ်ခိုင်ဒေသ ကောင်းခါးရွာမှာ အခြေစိုက်တဲ့ ကချင်အမျိုးသား တိုးတက်ရေးနဲ့ လုံခြုံရေးတပ်မတော် (KDA)တဖြစ်လဲ ကောင်းခါး ပြည်သူစစ် အဖွဲ့ဆိုရင်လည်း အမေရိကန်ဒေါ်လာ ၁၀သန်းဖိုးခန့် ရှိတဲ့ မူးယစ်ဆေးဝါးတွေ မိပြီးတဲ့နောက်မှာ မဖုံးနိုင် မဖိနိုင် ဖြစ်လာတာကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ရက်နေ့ကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှမ်းပြည်မြောက်ပိုင်းကို သွားကာ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ခေါင်းဆောင် အိုက်ဆမ်၊ ပန်ဆေးပြည်သူ့စစ် ခေါင်းဆောင် ကျော်မြင့်၊ မန်ပန် ပြည်သူ့ စစ်ခေါင်းဆောင် စိုင်းမွန်း၊ စိန်ကြော့ ပြည်သူ့ စစ်ခေါင်းဆောင် လွယ်မောင်၊ မုံးစီးပြည်သူ့စစ်ခေါင်းဆောင် စိုင်းမွန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ် ခေါင်းဆောင် ခင်မောင်လွင်တို့နဲ့ တွေ့ဆုံကာ စစ်ရေးနိုင်ငံရေးအရ စည်းရုံးမှုတွေ လုပ်ခဲ့ပါ သေးတယ်။
ဒါ့အပြင် ရှမ်းပြည်အရှေ့ပိုင်းက မိုင်းခတ်ပြည်သူ့စစ်နဲ့ တနင်္သာရီတိုင်း ထားဝယ်ပြည်သူ့စစ်တို့ကို သက်ဆိုင်ရာ စစ်တိုင်း မှူးတွေက ခေါ်ယူတွေ့ဆုံပြီး ငွေကြေးထောက်ပံ့မှုတွေလုပ်ကာ အရေးကြုံရင် ကိုယ်ဖက်ပါအောင် သိမ်းသွင်းနေတာ တွေ့ရသလို အခုဆိုရင် မြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ပြည်သူ့စစ်ဆိုကာ သင်တန်းတွေပေးဖို့ လူစာရင်းတောင်း နေတယ်လို့ သိရပါတယ်။
တကယ်တော့ မြန်မာစစ်တပ်ဟာ ပြည်တွင်းစစ်အစမှာကတည်းက လဲဗီး(ခေါ်) စစ်ဝန်ထမ်းတပ် ခေါင်းစဉ်အောက်မှာ ကြုံရာလူကို လက်နက်ကိုင်ခိုင်းတဲ့အတွက် ပြဿနာပေါင်းများစွာနဲ့ နာမည်ပျက်ခဲ့ရသလို ပျူစောထီးဆိုကာ ဖွဲ့ပြန် တော့ လက်နက်ကိုင်ပြီး ပြစ်မှုတွေ ကျူးလွန်နေတာကြောင့် အိမ်စောင့်အစိုးရလက်ထက်မှာ ဗိုလ်မှူးကြီး မောင်မောင် က ဖျက်သိမ်းပစ်ခဲ့ရတဲ့ သာဓကရှိပါတယ်
လက်ရှိ တိုက်ပွဲတွေနဲ့ ဝိုင်းနေတဲ့ မြန်မာစစ်တပ် စိတ်ကူးယဉ်နေတဲ့ ပြည်သူ့စစ်မဟာဗျူဟာဆိုတာကတော ၁၉၆၄ခုနှစ် တပ်မှူး ညီလာခံက အစပြုခဲ့တယ်လို့ ဆိုရမှာပါ။
အဲဒီတုန်းက ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် စန်းယုက စစ်တပ်ဟာ လူတန်းစားတရပ်အနေနဲ့ မဖြစ်သင့် ဘူး အရေးကြုံခဲ့ရင် လူထုကိုယ်တိုင် ပါဝင်ဆင်နွှဲတဲ့ စစ်မျိုးဖြစ်ဖို့ တပ်မတော်ဟာ လူထုနဲ့ ကျောချင်းကပ် ရင်ချင်းအပ်ဖို့ လို့ တယ်ဆိုကာ သောင်းကျန်းမှု ချေမှုန်းရေး စစ်မဟာဗျူဟာနည်း၊ ပြည်သူ့စစ်အတွက် လေ့ကျင်ရေး၊ စစ်ပညာပို့ချရေး တွေကိုပါ စစ်အရာရှိကြီးတွေ ဝိုင်းဝန်းထည့်သွင်းဆွေးနွေးကြတာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ ကသာ၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ မော်လိုက်၊ ဖောင်းပြင် ဒေသက လူထုကို စတင်ကာ ပြည်သူ့စစ်အမြင်နဲ့ စည်းရုံးလှုံဆော်ပြီး သောင်းကျန်းသူဆန့်ကျင်ရေး အဖွဲ့ဖွဲ့ကာ စစ်တပ်နဲ့ အတူလှုပ်ရှားစေခဲ့ပါတယ်။
အောင်မြင်လာတာနဲ့ အမျှ “ဆိုရှယ်လစ် လောကသို့ မြန်မာ့လမ်းစဉ်နဲ့ ချီတက်ကြစို့” ဆိုတဲ့ တော်လှန်ရေးကောင်စီ အောက်မှာ စစ်တပ်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ဆိုတဲ့ စစ်ကြောင်း ၅ ကြောင်းဖွဲ့ပြီး လူထုကို စည်းရုံးကာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာ ပဲခူးတိုင်းမှာ အလင်းရောင်၊ အနောက်တောင် တိုင်း စစ်ဌာနချုပ် ရှိရာ မြစ်ဝကျွန်းပေါ်မှာ ရွှေလင်းယုန်၊ မိုးဟိန်း၊ တိုင်းလုံးအောင် စတဲ့ ပြည်သူပါတဲ့ စစ်ဆင်ရေး ကြီးတွေကို ဆက်တိုက်လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။
ဒီလို စစ်ဆင်ရေးမျိုးကြီးတွေကို ပြည်သူပူးပေါင်းမှုနဲ့ လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာကလည်း ပြည်တွင်းစစ် နှစ် ၂၀ ကျော်အတွင်း လက်နက်ကိုင်တို့ရဲ့ ဒဏ်ကို ခါးစည်းခံခဲ့ရတဲ့ ပြည်သူတွေဟာ တိုက်ပွဲတွေချုပ်ငြိမ်းသွားစေဖို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတုန်းကတော့ စစ်တပ်ဟာ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဆိုတဲ့ သွေးနားထင် ရောက်တဲ့ အတွေး အခေါ်မျိုး မဟုတ်ဘဲ တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်းတိုက် “ပြည်သူ့စွမ်းအားကို ယုံကြည်တဲ့ ပြည်သူ့တပ်မတော်”ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုထားချိန်ဖြစ်ပါတယ်။
ပြည်သူ့စစ် ဖွဲ့စည်းတယ်ဆိုတာက လူထုရဲ့ လိုလားထောက်ခံမှု၊ ယုံကြည်မှု အပေါ်မှာ ချိန်ထိုးဖွဲ့စည်း ရတာကြောင့် အခြေအနေ အချိန်အခါနဲ့ ကိုက်ညီဖို့ လိုသလို စည်းရုံးရေး ခိုင်မာတဲ့ နယ်မြေတွေမှာသာ ပြည်သူ့စစ်ဆိုတာ ဖွဲ့စည်း ကြတာဖြစ်ပါတယ်။
ပြည်သူ့စစ်ဆိုရာမှာလည်း အကျင့်စာရိတ္တ ကောင်းမွန်ဖို့ လိုသလို စည်းကမ်းရှိဖို့လည်း လိုပါတယ်၊ လူထုကို လက်နက် အားကိုး အနိုင်မကျင့်ဖို့၊ ပြည်သူ့ပစ္စည်း ဆန်တစေ့၊ အပ်တချောင်း၊ ချည်တမျှင် မယူဖို့၊ စိုက်ခင်းသီးနှံ မဖျက်စီးဖို့၊ တံစိုး လက်ဆောင် လာဘ်မယူဖို့၊ ရပ်ရွာ ဓလေ့ ဘာသာရေး အဆောက်အဦကို လေးစားဖို့ ၊ မပေးပဲ မယူနဲ့ မကြည်ဖြူပါက မဝယ်နဲ့ စတဲ့ကျင့်စဉ်တွေကို လိုက်နာရပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့စစ်ဆိုကာ လုယက် မီးရှို့ ပစ္စည်းသိမ်း၊ သီးနှံဖျက်စီး၊ ဂိတ်ဖွင့်ပိုက်ဆံတောင်း နေတဲ့ စစ်တပ်ကျောထောက်နောက်ခံပြု ပျူစောထီးတွေလို နိုင်ငံရေးအသိအမြင်မရှိ စည်းမဲကမ်းမဲ့ လူတစု လက်ထဲ လက်နက်သာရောက်သွားရင် သူခိုးဓားရိုးကမ်းသလို ဖြစ်နေမည်မှာ အမှန်ပါပဲ။
စည်းကမ်းနဲ့ ဖွဲ့စည်းထားတာပါဆိုတဲ့ စစ်တပ်ပင် ရွာစဉ်လှည့် မီးတိုက်၊ တွေ့ကရာပစ္စည်းသိမ်းလုပ်နေရင် သူတို့ ဖွဲ့စည်းပေးတဲ့ ပြည်သူ့စစ်တွေဆို ဘယ်လောက်ဆိုးရွားမယ်ဆိုတာကို ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့ပဲ သိနိုင်ပါတယ်။
ဒီကနေ့ အခြေအနေဟာ ဟိုတုန်းကနဲ့ မတူပါဘူး၊ လက်နက်အားကိုးနဲ့ ပြည်သူ့ကို ဂုတ်ခွစီးကာ အနိုင်ကျင့်နေတဲ့ စစ်တပ်ကို လူထုက ပြင်းပြင်းထန်ထန်ဆန့်ကျင်နေချိန်မှာ ပြည်သူ့စစ်ဆိုကာ ဖွဲ့လာတာကြောင့် လူထုအားထက် သတင်းပေးကိုသာ ယုံကြည်အားကိုးတဲ့ စစ်တပ်အနေနဲ့ ပြည်သူ အချင်းချင်း ရန်တိုက်ပေးဖို့လားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။
ဒါကြောင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းကစလို့ တဖြည်းဖြည်း လူထုနဲ့ ကင်းကွာလာကာ လက်ရှိအချိန်မှာ လူသတ် ရွာစဉ် လှည့်မီးတိုက်၊ လေယာဉ်ပျံနဲ့ ဗုံးကြဲ၊ စာသင်ကျောင်း အမြှောက်နှင့် ပစ်နေတဲ့ စစ်တပ်က အကောင်အထည်ဖော်တဲ့ ပြည်သူ့ စစ်မဟာဗျူဟာဆိုတာဟာ သူတို့အတွက် နောက်ဆုံးထွက် ပေါက်လား ဆိုတာ စဉ်းစားစရာ ဖြစ်နေပါ တော့တယ်။
You may also like these stories:
ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ
ရှမ်းပြည်တောင်ပိုင်းမှ Non-CDM များ စစ်တပ် အရန်အင်အားအဖြစ် ဖွဲ့ရန် ညွှန်ကြား
ကျွန်းလှမြို့ခံများ ပြည်သူ့စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ
မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ
လက်နက်အပ်သည့် ကောင်းခါးပြည်သူ့စစ် စီးပွားရေး လုပ်ရန် တပ်မတော်ကူညီမည်