မြန်မာမှ နိုင်ငံကူးလက်မှတ်ရုံးများနှင့် သံရုံးများတွင် လျှောက်လွှာများ ပြည့်နေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ပြည်ဝင်ခွင့်ရရန် တနေ့လျှင် လူ ၁,၀၀၀ ကျော် တန်းစီနေကြသည်။ စစ်ဆေးရေးစခန်းများတွင် မည်သို့လုပ်ရမည်၊ မည်သည့် စာရွက်စာတမ်းများ လိုအပ်သည် စသည့် နိုင်ငံမှထွက်ခွာရန် နည်းလမ်းများအတွက် အကြံပေးသည့် ဝန်ဆောင်မှုများသည်လည်း မနိုင်မနင်းဖြစ်နေသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို လာမည့် ဧပြီလလယ်တွင် စတင် အကောင်အထည်ဖော်မည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် မြန်မာနိုင်ငံတဝန်းမှ လူငယ်နှင့်လူလတ် အမျိုးသားများနှင့် အမျိုးသမီးများသည် နေအိမ်များမှ ထွက်ပြေးရန် နည်းလမ်းများကို အပြင်းအထန် ရှာဖွေနေသည်။ ပြည်သူများကို လူအများအပြား မုန်းတီးသည့် စစ်တပ်သို့ ဝင်ရောက်ရန် အတင်းအကျပ်လုပ်သည့် ထိုဥပဒေသည် နိုင်ငံတဝန်းတွင် စိုးရိမ်ထိတ်လန့်မှု ဂယက်များ ဖြစ်ပေါ်စေသည်။
“ကျနော် စစ်တပ်ထဲကိုဝင်ရင် ကျနော့်ပြည်သူကို ကျနော်ပြန်တိုက်ရမယ်။ ကျနော် အဲဒီလို မလုပ်နိုင်ဘူး” ဟု ရှမ်းပြည်နယ်မှ ကိုသူရဟု အမည်လွှဲထားသူက ပြောသည်။ “စစ်တပ်က နာမည်ပျက်နေတယ်။ သူတို့က ပြည်သူတွေကို သတ်နေတယ်၊ ဖမ်းနေတယ်၊ မတရားတာတွေ အများကြီးလုပ်နေတယ်” ဟု ၎င်းကပြောသည်။
သူ့ဇနီးကလည်း သူနှင့် ရှစ်နှစ်အရွယ် သူ့သမီးကို ချန်ထားခဲ့ရန် တိုက်တွန်းနေသည်ဟု ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ရှောင်တိမ်းရန် နယ်စပ်တလျှောက်မှ ထွက်ပြေးသူ အရေအတွက်သည် “သေချာပေါက် ထောင်တက်သွားမည်” ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ တွမ် အင်ဒရူးက လွန်ခဲ့သော အပတ်တွင် သတိပေးခဲ့သည်။
ကိုသူရ၏ ဒေသတွင် လမ်းများသည် ညနေအစောပိုင်းတွင် လူသူကင်းမဲ့နေသည်။ “လမ်းပေါ်မှာ ဘယ်သူ့ကိုမှ၊ ဘယ်လူငယ်ကိုမှ မတွေ့ရတာ အံ့သြစရာပဲ” ဟု ပြောသည်။ “ဆိုင်တွေအားလုံး၊ လက်ဖက်ရည်ဆိုင်တွေ အားလုံး ညနေ ၆ နာရီဆိုရင် ပိတ်ကုန်တယ်” ဟု ၎င်းက ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို မကြေညာသေးမီကပင် ပြည်သူများကို လမ်းများတွင် ဖမ်းဆီးပြီး အတင်းအကျပ် စစ်သားစုဆောင်းနေသည်။ စစ်တပ်က ၎င်းတို့ကို ပြန်ပေးဆွဲမည်ကို လူငယ်များ ကြောက်လန့်နေသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို မကြေညာသေးမီကပင် ပြည်သူများကို လမ်းများတွင် ဖမ်းဆီးပြီး အတင်းအကျပ် စစ်သားစုဆောင်းနေသည်။ စစ်တပ်က ၎င်းတို့ကို ပြန်ပေးဆွဲမည်ကို လူငယ်များ ကြောက်လန့်နေသည်။
အတင်းအကျပ် စစ်သားစုဆောင်းခံရသူများကို ရှေ့တန်းစစ်မျက်နှာတွင် ပစ္စည်းသယ်ရန် ပေါ်တာ အထမ်းသမားအဖြစ် သုံးမည်ကို တက်ကြွလှုပ်ရှားသူများက စိုးရိမ်နေသည်။ ယခင်ကလည်း စစ်တပ်သည် အထမ်းသမားများကို လူသားဒိုင်းများအဖြစ်သုံးပြီး ရှေ့မှသွားစေကာ မြေမြှုပ်မိုင်းနင်းခိုင်းခြင်း၊ စစ်သားများအတွက် အကာအကွယ်အဖြစ် သုံးခြင်းများကို ပြုလုပ်သည်။
စစ်မြေပြင်တွင် စစ်ကောင်စီ ဆုံးရှုံးမှုမြင့်မား
လာမည့်လတွင် အကောင်အထည်ဖော်မည့် ၂၀၁၀ စစ်မှုမထမ်းမနေရ ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို အရေးပေါ်အခြေအနေတွင် ငါးနှစ်အထိ စစ်တပ်တွင် လုပ်ကိုင်စေမည် ဖြစ်သည်။ ပညာရှင်ဟု သတ်မှတ်ခံရသည့် အမျိုးသား အမျိုးသမီးများအတွက် အသက်ကန့်သတ်ချက်သည် အမျိုးသမီးများအတွက် ၃၅ နှစ်ဖြစ်ပြီး အမျိုးသားများအတွက် ၄၅ နှစ်အထိ ပါဝင်သည်။ ပညာရှင်ဆိုသည့် အမျိုးအစားကို မရေမရာ အဓိပ္ပာယ်ဖွင့်ဆိုပြီး ဆရာဝန်များ၊ အင်ဂျင်နီယာများနှင့် အခြား အသက်မွေးဝမ်းကြောင်း အုပ်စုများ ပါဝင်သည်။
ကနဦး စစ်သားစုဆောင်းမှုတွင် အမျိုးသမီးများကို လတ်တလော စုဆောင်းမည် မဟုတ်ကြောင်း စစ်ကောင်စီက မကြာသေးမီက ကြေညာသည်။ သို့သော် ထိုပြောဆိုချက်ကို ပြည်သူများက သံသယရှိပြီး အမျိုးသမီး အများအပြားသည်လည်း ထွက်ပြေးရန် ကြိုးစားနေဆဲ ဖြစ်သည်။
ပြည်သူလူထုက လုံးဝဆန့်ကျင်သည့် အာဏာသိမ်းမှုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သော စစ်ကောင်စီသည် ၎င်းတို့အုပ်ချုပ်ရေးကို လက်နက်ကိုင်ဆန့်ကျင်မှုကို မထိန်းချုပ်နိုင်ပေ။ ထိုလက်နက်ကိုင် တော်လှန်မှုတွင် လက်နက်စွဲကိုင်သည့် ပြည်သူများသာမက စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလည်း ပါဝင်သည်။
အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို စစ်ကောင်စီကျင့်သုံးသည့် ဆုံးဖြတ်ချက်သည် မကြာသေးမီက စစ်မြေပြင်တွင် အကြီးအကျယ် ဆုံးရှုံးမှုများကို ထင်ဟပ်နေသည်။ ထိုဆုံးရှုံးမှုများတွင် တပ်ရင်းလိုက် လက်နက်ချခြင်းနှင့် တရုတ်နယ်စပ်တလျှောက်မှ အဓိက ဒေသများကို လက်လွှတ်ဆုံးရှုံးရခြင်းတို့ ပါဝင်သည်။
“ဒုက္ခသည် အကျပ်အတည်းက အရင်ကတည်းကဖြစ်နေပြီး အခြေအနေ ပိုမိုဆိုးရွားတော့မယ်” ဟု ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့ Altsean ထူထောင်သူ မစ္စ ဒက်ဘီ စတော့ဟတ်က ပြောသည်။
“အောက်ခြေ အရပ်သား ဝန်ထမ်းတွေတောင်မှ အရှိန်မြင့်လာရင် သူတို့ကို အတင်းအကျပ် စစ်သား စုဆောင်းနိုင်တယ်ဆိုတာကို သိလို့ ထွက်ပြေး၊ ပျောက်ကွယ်နေကြတယ်” ဟုလည်း ၎င်းကပြောသည်။
လက်ရှိ အချိန်အထိ စစ်ကောင်စီ ထိန်းချုပ်ဒေသများမှ လူအများအပြားသည် စစ်ကောင်စီ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများနှင့် မပူးပေါင်းခြင်း သို့မဟုတ် နိုင်ငံရေးနှင့်ပတ်သက်သည့် မည်သည့် အရာကိုမဆို မလုပ်သမျှ ကာလပတ်လုံး ၎င်းတို့ တစုံတရာ ဘေးကင်းသည်ဟူသော ခံစားချက်များ ရှိခဲ့ဖူးသည်ဟု သူကပြောသည်။
“သူတို့ လုပ်ဖို့ လိုအပ်ခဲ့တာက ဆက်လက် ရှင်သန်ရပ်တည်ရေးကို အာရုံစိုက်ဖို့ပဲ” ဟု မစ္စ ဒက်ဘီ စတော့ဟတ်က ပြောသည်။ အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကြောင့် ထိုအခြေအနေသည် ပြောင်းလဲသွားသည်။ “အခုတော့ သူတို့ဟာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ အတင်းအကျပ် စစ်သားစုဆောင်းခံရမယ့် အန္တရာယ် ရင်ဆိုင်နေရပြီ” ဟု ပြောသည်။
မြန်မာမှ ထွက်ပြေးနိုင်မည့် နည်းလမ်းများသည် အကန့်အသတ်ရှိပြီး အန္တရာယ်များဖြင့် ပြည့်နေသည်။ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ အိမ်နီးချင်းနိုင်ငံများသို့ ဖြတ်ကျော်ဝင်ရောက်ခြင်း၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် နေရာများသို့ သွားရောက်ခြင်းသာဖြစ်ပြီး လမ်းတွင် စစ်ကောင်စီ အရာရှိများက ဟန့်တားမခံရအောင် မျှော်လင့်ရန်သာဖြစ်သည်။
မှန်ကန်သော စာရွက်စာတမ်းများရရှိရန် အချိန်နှင့်ငွေကုန်ပြီး အများစုတွင် အချိန်နှင့်ငွေ မရှိပေ။ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ချိန်းဆိုမှုများသည် သြဂုတ်အထိ ပြည့်နေပြီဖြစ်ကြောင်း ပြည်တွင်းသတင်းများအရ သိရပြီး အချို့နေရာများတွင် တန်းစီသူများသောကြောင့် သေဆုံးမှုများပင်ရှိသည်။ မန္တလေးမှ နိုင်ငံကူးလက်မှတ်ရုံးတွင် ပြီးခဲ့သောလက စုဝေးနေသည့်လူအုပ်သည် အလွန်များပြားသောကြောင့် အမျိုးသမီး နှစ်ဦး လူအုပ်နင်းမိပြီး သေဆုံးသည်။
မြန်မာမှ ထွက်ပြေးနိုင်မည့် နည်းလမ်းများသည် အကန့်အသတ်ရှိပြီး အန္တရာယ်များဖြင့် ပြည့်နေသည်။ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ အိမ်နီးချင်းနိုင်ငံများသို့ ဖြတ်ကျော်ဝင်ရောက်ခြင်း၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် နေရာများသို့ သွားရောက်ခြင်းသာဖြစ်ပြီး လမ်းတွင် စစ်ကောင်စီ အရာရှိများက ဟန့်တားမခံရအောင် မျှော်လင့်ရန်သာဖြစ်သည်။
ဗုဒ္ဓဘာသာ လူများစုက ဖိနှိပ်ခံနေရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည့်တိုင်းရင်းသားလူနည်းစုများအတွက် ရွေးချယ်စရာနည်းလမ်းမှာ ပိုမိုနည်းပါသည်။ ရိုဟင်ဂျာ မွတ်ဆလင်တဦးဖြစ်သူ ကိုသူရသည် သူ၏မှတ်ပုံတွင်တွင် ဘင်္ဂါလီဟု ဖော်ပြထားသောကြောင့် နိုင်ငံကူးလက်မှတ်သစ် မရနိုင်ဘဲဖြစ်နေသည်။ ဘင်္ဂါလီ ဆိုသည်မှာ ရိုဟင်ဂျာများသည် နိုင်ငံသား မဟုတ်ဟုဆိုလိုသည့် လူမျိုးရေးခွဲခြားသော စကားလုံးဖြစ်သည်။
စစ်တပ်၏အမြင်တွင် သူသည် မြန်မာနိုင်ငံနှင့် မသက်ဆိုင်ပေ။ ထို့ကြောင့် သူသည် နိုင်ငံမှ တရားဝင် မထွက်ခွာနိုင်ဟု အဓိပ္ပာယ်ရသည်။
ပြီးခဲ့သည့်လအတွင်း ရခိုင်ပြည်နယ် ကျေးရွာများ၊ ဒုက္ခသည် စခန်းများမှ ရိုဟင်ဂျာများကို ဖမ်းဆီးမှု အများအပြားရှိကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားကြပြီး ၎င်းတို့ကို အတင်းအကျပ် စစ်သားစုဆောင်းသည်ဟုလည်း စွပ်စွဲကြသည်။
စစ်တပ်သည် ရိုဟင်ဂျာများကို ယခင်ကလည်း အကြမ်းဖက်သောကြောင့် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်တွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို ရင်ဆိုင်နေရသည်။
စစ်တပ်က လုပ်ချင်ရာလုပ်သည်
အတင်းအကျပ် စုဆောင်းထားသူများကို လူသားဒိုင်းအဖြစ် အသုံးပြုမည်ကို စိုးရိမ်ကြောင်း စစ်တပ်မှ ဘက်ပြောင်းပြီး ဒီမိုကရေစီလိုလားသော တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းသည့် ပြည်သူ့ပန်းတိုင် လူမှုအခြေပြုအဖွဲ့မှ ကိုနောင်ရိုးက မကြာသေးမီက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အခြား ဘက်ပြောင်းလာသူများ၏ ပြောပြချက်များအရ ထိုသို့ အတင်းအကျပ် စုဆောင်းခံရသူများကို ၎င်းတို့မိသားစုများနှင့် လူမှုအသိုက်အဝန်းများကလည်း အဆက်အသွယ် ဖြတ်တောက်ထားနိုင်ကြောင်း သိရသည်။ ၎င်းတို့၏ မိုဘိုင်းဖုန်းများနှင့် ကွန်ပျူတာများကိုလည်း သိမ်းဆည်းပြီး ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခွင့် ရမည်မဟုတ်ကြောင်း ၎င်းကပြောသည်။
မန္တလေးတွင် စစ်ကောင်စီအရာရှိများသည် မြို့နယ်များသို့ လွန်ခဲ့သောအပတ်က သွားရောက်ပြီး အသံချဲ့စက်များသုံးကာ ပြည်သူများကို ပြန်ပေးဆွဲခြင်း မဟုတ်ကြောင်း၊ အတင်းအကျပ် စစ်သားစုဆောင်းသည်ဆိုသည့် သတင်းများ မမှန်ကြောင်းပြောပြီး ပြည်သူများကို အာမခံသည်ဟု Myanmar Now က ဖော်ပြခဲ့သည်။ နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် အလားတူ သတင်းစကားများ ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ချိခဲ့ကြောင်းလည်း Dawei Watch သတင်းဌာနက ဖော်ပြသည်။
ညနေအလုပ်မှ အိမ်ပြန်လျှင် အလုပ်သမားများ လုံခြုံသည်ဟု မခံစားရကြောင်း အမျိုးသမီးအများစု ပါဝင်သည့် အထည်ချုပ်စက်ရုံ လုပ်သားများ အပါအဝင် အလုပ်သမားများအရေး ဆောင်ရွက်သူ ကိုကျော်ကြီးဟု အမည်လွှဲထားသူက ပြောသည်။ အိမ်သို့ ပြန်ရောက်သောအခါတွင်လည်း ထိတ်လန့်နေရကြောင်း ပြောသည်။
“ကျနော်တို့ မြို့နယ်မှာ မိသားစုတခုစီက အမည်တွေကို စစ်တပ်က စာရင်းပြုစုထားပြီးပြီ။ အဲဒါက သန်းခေါင်စာရင်း အတွက်လို့ ကျနော်တို့ ထင်ခဲ့ပေမယ့် မမျှော်လင့်ဘဲ အတင်းအကျပ် စစ်သားစုဆောင်းမယ့် အစီအစဉ်ကို သူတို့က ကြေညာလိုက်တယ်” ဟု ကိုကျော်ကြီးက ပြောသည်။
သူသည် အသက် ၃၆ နှစ်ရှိပြီး နှစ်ပို စစ်မှုထမ်းရမည့် ပညာရှင် မဟုတ်သောကြောင့် ကင်းလွတ်သင့်သော်လည်း အာမခံချက် မရှိကြောင်း ပြောသည်။ “စစ်တပ်က သူတို့လုပ်ချင်ရာလုပ်တယ်” ဟု ပြောသည်။
“ကျနော်တို့ မြို့နယ်မှာ မိသားစုတခုစီက အမည်တွေကို စစ်တပ်က စာရင်းပြုစုထားပြီးပြီ။ အဲဒါက သန်းခေါင်စာရင်း အတွက်လို့ ကျနော်တို့ ထင်ခဲ့ပေမယ့် မမျှော်လင့်ဘဲ အတင်းအကျပ် စစ်သားစုဆောင်းမယ့် အစီအစဉ်ကို သူတို့က ကြေညာလိုက်တယ်” ဟု ကိုကျော်ကြီးက ပြောသည်။
သူ့အသက် ၃၈ နှစ်ရှိပြီဖြစ်သော်လည်း သူသည် ရှေ့နေဖြစ်ပြီး ပညာရှင်ဖြစ်သောကြောင့် အတင်းအကျပ် စစ်သာစုဆောင်းခံရမည်ကို စိုးရိမ်ကြောင်း ကိုသူရက ပြောသည်။ တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် နေရာတခုခုသို့ ထွက်ပြေးခြင်းသည်လည်း သူမိသားစုကို ထောက်ပံ့ရန် ထိုနေရာတွင် မည်သို့ လုပ်ကိုင်စားသောက်ရမည်ကို မသိသောကြောင့် ရွေးချယ်စရာ နည်လမ်း မဟုတ်ကြောင်း ပြောသည်။ သို့သော် နယ်စပ်သို့ သွားလာရေးတွင်လည်း လမ်းများကို ကန့်သတ်ထားပြီး ထိုလမ်းများမှ ဖြတ်သန်းသူ မည်သူမဆိုကို စစ်ကောင်စီစစ်သားများက စစ်မေးဖွယ် ရှိသောကြောင့် သူကစိတ်ပူသည်။
ထိုလမ်းများကို ဖြတ်သန်းနိုင်ခဲ့ပါကလည်း ထိုင်းအာဏာပိုင်များက ပြန်ပို့မည့် အန္တရာယ်ကို ကိုသူရ ရင်ဆိုင်နေရသည်။ ထိုင်းဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထဝီဆင်က မြန်မာနိုင်ငံသားများ ထိုင်းသို့ တရားမဝင် မလာရန် သတိပေးထားသည်။ ထိုင်းနယ်စပ် မဲဆောက်မြို့မှ အာဏာပိုင်များကလည်း မည်သည့်နိုင်ငံခြားသားမဆို ၎င်းတို့နေအိမ်များတွင် နေထိုင်ပါက မှတ်ပုံတင်ရန် ဒေသခံများကို ပြောကြားထားသည်။
သူ့ဇနီးနှင့် ရှစ်နှစ်အရွယ်သမီးကို ချန်ထားခဲ့ရမည်ကို ကိုသူရ ကြောက်သည်။ “သူတို့အတွက် အရမ်းခက်ခဲလိမ့်မယ်၊ သူတို့ဘဝနဲ့သူတို့ ရပ်တည်ရလိမ့်မယ်။ ဒါပေမယ့် ရွေးစရာလမ်းမရှိဘူး။ ကျနော်သွားရမှာပဲ” ဟု ၎င်းကပြောသည်။
(The Guardian ပါ Rebecca Ratcliffe နှင့် အောင်နိုင်စိုးတို့၏ ‘They have lists of everyone’s names’: Myanmar conscription law unleashes wave of fear ကို ဘာသာပြန်သည်။)
You may also like these stories:
လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ
အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေ၏ အဓိကအချက် ၆ ချက်
စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်
မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး