တိတ်ဆိတ်သည့် အမှောင်ထုကို ဖောက်ထွက်လာသော သေမင်းတမန်လေကြောင်း အန္တရာယ်အချက်ပေး ဥသြသံက မြို့သူမြို့သားတို့အား ညဉ့်ယံ၌ စမ်းတဝါးဝါးဖြင့် ဗုံးခိုကျင်းရှိရာ ဝရုန်းသုန်းကား ပြေးထွက်၍ သဲအိတ်များ ပတ်ခြာလည် ကာရန်ထားသည့် ကျင်းများထဲတွင် ပြားပြားဝပ်စေ၏။
ကောင်းကင်ယံမှ အသံထက်မြန်သော တိုက်လေယာဉ်တို့၏ မြည်ဟိန်းသံအပေါ် စိုးရိမ်ထိန့်လန့်စွာ နားစွင့်ကြရာ ဆိတ်ငြိမ် သွားပါမှ အိပ်ယာပြန်ဝင်သူကဝင်၊ ပြန်မအိပ်နိုင်သူက ဆေးပေါ့လိပ်ဖွာကာ လေကြောင်းအန္တရာယ်ကြားထဲက ရှည်လျားလှ သော ညတာများကို ဖြတ်သန်းကြရသည်။
ထိုအခြေအနေက ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တပ်ကင်းစင်သွားသောဒေသများရှိ ပကတိမြေပြင် အခြေအနေတရပ် ပင်ဖြစ်သည်။
ပြီးခဲ့သည့် မိုးအကုန် ဆောင်းအကူး နိုဝင်ဘာလ ၁၃ ရက် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့ စစ်တွေမြို့ အနောက်ဘက်ကမ်း ရသေ့တောင်မြို့နယ် အငူမော်ကားလမ်းဘေးရှိ ဒုံးပိုက်၊ ဆင်ပိုက်နယ်ခြားစောင့်စခန်း နှစ်ခုကို သေနတ်သံပေးကာ တတိယမြောက် ရခိုင်စစ်ပွဲကို စတင်ခဲ့ကြသည်။
တိုက်ပွဲအားလုံး မြို့ကြီးများဆီသို့
ရှမ်းမြောက်ဒေသ၌ ဖြစ်ပွားခဲ့သော ညီနောင်သုံးဖော်၏ ၁၀၂၇ ပထမလှိုင်းလုံးနှင့်အတူ လိုက်ပါလာခဲ့သော ရခိုင်စစ်ပွဲ သည် ယခင် ၂၀၁၈ – ၂၀၁၉ ခုနှစ်စစ်ပွဲများနှင့် မတူတော့ဘဲ တိုက်ပွဲများသည် မြို့ကြီးဆီသို့သာ ဦးတည်လာခဲ့သည်။
ရသေ့တောင်မြို့နယ် အငူမော် ကားလမ်းဘေးက စလိုက်သောတိုက်ပွဲသည် ၄ ရက်မြောက်နေ့ နိုဝင်ဘာလ ၁၆ ရက် ၌စစ်တွေမြို့ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာ ပေါက်တောမြို့သို့ ရောက်ရှိသွားပြီး လက်ရှိဖြစ်ပွားနေသော ရခိုင်စစ်ပွဲတွင် ပထမဆုံး စစ်ရှောင်ရသော မြို့တမြို့ဟုပင် ဆိုရပေမည်။

ပေါက်တောမြို့သည် လွန်ခဲ့သော ရခိုင်စစ်ပွဲကာလက တိုက်ပွဲဖြစ်ပွားခြင်း မရှိသလောက်နည်းပါးခဲ့ရာ မြို့ခံတို့သည် စစ်ပွဲ အတွေ့အကြုံ နုနယ်လှ၏၊ ပေါက်တောမြို့ရှိ ဌာနဆိုင်ရာရုံးများကို AA က သိမ်းပိုက်လိုက်သည် ဆိုသည်နှင့် စစ်ကောင်စီ သည် ရေကြောင်းမှ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်သလို လေကြောင်းဖြင့်လည်း မြို့ကို ဗုံးကြဲလာရာ တိုက်ပွဲအတွေ့ အကြုံမရှိသည့် ပေါက်တောမြို့ခံများမှာ ဈေးဆိုင်များပင် ပိတ်ချိန်မရဘဲ အသက်လုထွက်ပြေး ကြရသည်ဟု ဆိုသည်။
ပေါက်တောမြို့သိမ်းသတင်းသည် သတင်းဌာနများတွင် တဟုန်ထိုးတက်လာသည့်အတွက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲကာ ပေါက်တောမြို့ကို ဗုံးမိုးရွာချခဲ့ရာ မြို့ခံများနှင့် ULA / AA အဖွဲ့ ဝင်များက သတင်း မီဒီယာများကို ပြစ်တင်ဝေဖန်မှုများရှိလာခဲ့သဖြင့် ထိုအချိန်မှစ၍ သတင်းမီဒီယာများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း သတင်းရယူခွင့် ခက်ခဲလာခဲ့သည်။
AA ၏ စစ်ရေးဗျူဟာအရ ပေါက်တောမြို့ကို ကနဦးသိမ်းပိုက်မည့်အစီအစဉ် မရှိခဲ့သော်လည်း ပေါက်တောမြို့ရှိ ရဲတပ်ဖွဲ့ဝင် များက နယ်မြေခံ ULA / AA အဖွဲ့ဝင်များထံဆက်သွယ်ပြီး ၎င်းတို့ လက်နက်ချပြီး စခန်းက အမြန်ဆုံးထွက်ခွာ လိုကြောင်း ညှိနှိုင်းခဲ့ရာမှ ပေါက်တောမြို့သိမ်းပိုက်မှုဖြစ်စဉ်သည် ဆိုင်းမဆင့် ဗုံမဆင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု AA နှင့်နီးစပ်သူ တဦး က ဧရာဝတီသို့ ပြောသည်။
ရခိုင်တိုက်ပွဲသည် ၂၀၂၄ နွေဦးကာလရောက်လာသောအခါ ချင်းပြည်နယ် ပလက်ဝအပါအဝင် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့်မြို့ကြီးများ၌ ရေကုန်ရေခမ်း တိုက်ပွဲဆင်နွှဲခဲ့ရာ ရခိုင်မြောက် ပိုင်းတခွင်မှ လူကုံတန်များအပါအဝင် ပြည်သူများသည် စစ်ရှောင်ဘဝဖြင့် နယ်ဘက် ကျေးရွာများသို့ ဝင်ရောက်ခိုလှုံခဲ့ ရသည်။
တိုက်ပွဲကြားထဲ အတက်ကြမ်းနေသော ကုန်ဈေးနှုန်း
လူနေထူထပ်ပြီး ကုန်စည်ရောင်းဝယ်ဖေါက်ကားမှု အားကောင်းသော ရခိုင်ပြည်နယ် မြို့ကြီးများတွင် စစ်မီးဟုန်းဟုန်း တောက်လောင်လာသောအခါ အသင့်စောင့်နေသော ကုန်ဈေးနှုန်းကလည်း မိုးထိအောင် အတက်ကြမ်းလာသည်မှာ လက်ရှိချိန်အထိ ဖြစ်သည်။
ဓါတ်ဆီ ၁ လီတာ ကျပ် ၂၈၀၀ မှ ၂ သောင်း ၇ထောင်၊ ၃သောင်းစသဖြင့် မြင့်တက်လာသလို ကြက်သွန်၊ ငရုတ်၊ ဆေးပေါ့ လိပ်၊ ခေါက်ဆွဲထုပ်၊ ကော်ဖီထုပ်၊ ဆပ်ပြာ၊ ဟင်းချိုမှုန့်၊ သကြား၊ မုန့်ခြောက်ထုပ်စသည့် ကုန်ပစ္စည်းများမှာလည်း ယခင် ထက် ၁၀ ဆနီးပါးအထိ အတက်ကြမ်းနေသည်။
ရခိုင်ပြည်နယ်အတွင်း အလိပ် ၅၀ပါ ဆေးပေါ့လိပ် ၁ ထုပ်လျှင် ယခင် ကျပ် ၄၀၀၀ ဝန်းကျင်မှ ယခု ကျပ် ၁၅၀၀၀ ယခင် လက်ဖက်ရည်ဆိုင်များတွင် ကော်ဖီ ၁ ခွက်လျှင် ကျပ် ၃၀၀ ဝန်းကျင်မှ ယခု ၁၅၀၀ အထိ ဈေးမြင့်တက်နေသလို ကလေး များ စားသည့် မုန့်ခြောက်ထုတ်များမှာလည်း ဈေးကွက်တွင် ပြတ်ကုန်သောကြောင့် မုန့်စားချင်၍ ကလေးများ ပူဆာလျှင် အိမ်ရှင်မများအဖို့ မနည်းချော့မော့နှစ်သိမ့်နေရသည်။

ဓါတ်ဆီဈေးက ကျပ် ၃သောင်း အထိ ထိုးတက်ခဲ့ချိန်တုန်းက ရခိုင်မြောက်ပိုင်းတခွင် ကျေးရွာချင်းဆက်လမ်း၊ ချောင်း မြောင်းများ၌ အင်ဂျင်စက်သံပင် မကြားရသည့်အခြေအနေသို့ ရောက်ခဲ့ပြီး ပြည်သူအများစုမှာ ဈေးသွား ဈေးဝယ် အပါအဝင် တနေရာမှ တနေရာသို့ ကိစ္စတခုခုဖြင့် နိစ္စဓူဝ ခရီးသွားရကြရာတွင် ခြေလျင်လမ်းလျှောက်ပြီး သွား လာကြ သည်များကိုလည်း မြင်တွေ့ရသည်။
ရခိုင်တိုက်ပွဲ ၃ လကျော်ကြာ ၂၀၂၄ ဇန်နဝါရီ အရောက် ကျောက်တော်နှင့် ပလက်ဝနယ်စပ်မှ ကုလားတန် မြစ်ကြောင်း တလျှောက်ရှိ စစ်ကောင်စီ၏ အမြောက်ကြီးများ တပ်ဆင်ထားသော ဗျူဟာကုန်းများနှင့် အထိုင်စခန်း အားလုံးကို AA တပ်များက သိမ်းပိုက်ရရှိခဲ့သလို ဖေဖော်ဝါရီလဆန်းပိုင်းတွင်လည်း ကျောက်တော်အခြေစိုက် စကခ ၉ တပ်မဌာနချုပ်နှင့် လက်အောက်ခံတပ်ရင်းများကို AA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။
ထိုသို့ ကုလားတန်မြစ်ကြောင်းတလျှောက် စစ်ကောင်စီတပ် ကင်းစင်သွားသည့်အခါ ရိက္ခာပြတ်လပ်မှုကို ခါးစည်း ခံနေရ သော ရခိုင်လူထုနှင့် ကုန်သည်များက အိန္ဒိယနယ်စပ်မှ စားသောက်ကုန်များကို ရခိုင်ပြည်သို့ ပို့ရန် စီစဉ်လာကြသည်။
ရခိုင်ဌာနဆိုင်ရာဝန်ထမ်းများဘဝ အပြောင်းအလဲ
ရခိုင်စစ်ပွဲ ၅ လကျော်ခန့်အကြာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝရှိ စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာရုံးများအားလုံးသည် AA အလံတော်အောက် ရောက် သွားပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA / AA )၏ နိုင်ငံရေးမှူး၊ နယ်မြေမှူး၊ တိုက်နယ်မှူးများသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်း၌ အစားထိုးရယူလိုက်ကြသည်။
ရခိုင်မြောက်ပိုင်းက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ အုပ်ချုပ်ရေးစသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ သည် စစ်ကောင်စီ ကင်းစင်သွားသည့်နှင့်တပြိုင်နက် အစိုးရလစာများ မရရှိကြတော့ပေ။ လည်ကတုံး အင်္ကျီအဖြူနှင့် ကတ္တီပါ ဖိနပ်စီးကာ စားပွဲပေါ်၌ အလုပ်လုပ်နေသော ဌာနဆိုင်ရာအရာရှိ အရာရှိငယ်များနှင့် အောက်ခြေဝန်ထမ်း များသည် လအတန်ငယ်ကြာသောအခါ ဝမ်းရေးအခက်ကြုံလာကြရသည်။
ဌာနဆိုင်ရာ ဝန်ထမ်းဘဝဖြင့် အနည်းငယ် စုမိဆောင်းမိရှိသော ဝန်ထမ်းမိသားစုများသည် ကုလားတန်မြစ်ကြောင်း အတိုင်း စက်လှေဖြင့်ဆန်ကာ အိန္ဒိယနယ်စပ်သို့ သွား၍ ကုန်ပစ္စည်းများဝယ်ယူကာ တဆင့် ပြန်ရောင်းကြသလို တချို့ဝန်ထမ်းများ သည် ပျံကျဈေးများတွင် ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များကို တဆင့် ဝယ်ယူရောင်းချခြင်းဖြင့် ဈေး သည် ကုန်သည်ပွဲစားဘ၀ ကူးပြောင်းကြကုန်၏။
ကုလားတန်မြစ်ကြောင်းကို သုံး၍ ရခိုင်ပြည်၏ စားနပ်ရိက္ခာအပါအဝင် အခြေခံလိုအပ်သော ကုန်စည်အကျပ်အတည်း ကုစားရန် အိန္ဒိယနယ်စပ်ကို အားထားခဲ့သော်လည်း လက်တွေ့၌ အိန္ဒိယနိုင်ငံထုတ် ကုန်ပစ္စည်းက မဆိုစလောက်ရရှိပြီး ရခိုင်သို့ ဝင်သည့် ကုန်ပစ္စည်းအများစုမှာ မကွေး၊ စစ်ကိုင်းမှ အိန္ဒိယနယ်စပ်သို့ လမ်းကြောင်းအမျိုးမျိုးဖြင့် ရောက်လာသည့် မြန်မာကုန်စည်များသာဖြစ်သည်ဟု ထိုနယ်စပ်သို့ သွားရောက်သည့် မိတ်ဆွေကုန်သည်များက ပြောသည်။

ထို့ပြင် အိန္ဒိယနယ်စပ်တွင်နေထိုင်သည့် ချင်းမျိုးနွယ်စု လိုင်လူငယ်များ၏ အနှောင့်အယှက်ပေးမှု၊ AA အပေါ်ထားသည့် အိန္ဒိယအစိုးရ၏ နိုင်ငံရေးအမြင်နှင့် ပေါ်လစီမူဝါဒများကြောင့် အိန္ဒိယနယ်စပ်သည် ရခိုင်ပြည်၏ ကုန်ပစ္စည်း အကျပ် အတည်းကို ဖြေရှင်းမှု မပေးနိုင်ခဲ့ကြောင်း ရခိုင်နိုင်ငံရေးအသိုင်းအဝန်းက ပြောဆိုကြသည်။
ဆက်သွယ်ရေး ပြတ်တောက်ခြင်း
ရခိုင်စစ်ပွဲစတင်သည်ဆိုသည်နှင့် စစ်ကောင်စီသည် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်လိုက်သည့် အတွက် သတင်းအချက်အလက်များ ပြတ်တောက်သွားခဲ့ရသည်။ စစ်ကောင်စီ၏ လက်နက်ကြီး တောက်လျောက် ပစ်ခတ်သံများကိုသာ ကြားရပြီး မည်သည့်နေရာတွင် တိုက်ပွဲဖြစ်ပွားနေသည်ကိုပင် မသိကြရပေ။
တဦးနှင့်တဦး အဆက်အသွယ်ပြုလုပ်ရန်ပင် မလွယ်ကူတော့ဘဲ ခရီးသွားရင်း လူချင်း မျက်နှာချင်းဆုံတွေ့မှာသာ သာ ကြောင်းမာကြောင်း မေးမြန်းရပြီး ဒေသတွင်း တိုက်ပွဲအခြေအနေများကိုလည်း တဦးနှင့်တဦး သတင်းချင်း ဖလှယ်ကြရ သည်။
တိုက်ပွဲများကြောင့် ရခိုင်မြောက်ပိုင်း မြို့ကြီးများရှိ ဘဏ်များအားလုံး ရပ်ဆိုင်းသွားသလို အင်တာနက် ပြတ်တောက်၍ အွန်လိုင်းမှ ငွေလွှဲငွေထုတ်လုပ်သည့်လုပ်ငန်းများလည်း အခက်ကြုံကာ ငွေထုတ်သည့် အဖိုးအခရာခိုင်နှုန်းများ အဆမတန် မြင့်တက်ခြင်းများကို လက်ရှိအချိန်အထိ ကြုံတွေ့နေရသည်။
ဌာနဆိုင်ရာဝန်ထမ်းများ၏ ပုံမှန်ဝင်နေကျ လခငွေများလည်း မရရှိကြတော့သည့်အတွက် ရခိုင်ပြည်နယ်တွင် ငွေသား ရှာပါးခြင်း၊ စစ်ကောင်စီ၏ ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ကုန်ရောင်းကုန်ဝယ်လုပ်ငန်းများ ပိတ်ဆို့ခံရခြင်း တို့ကြောင့် ငွေသားများရှားပါးကာ Kpay ၊ Wave Pay ဖြင့် ငွေထုတ်ရာတွင် ၆ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးဆောင် ကာ ငွေထုတ်ကြရသည်။
စစ်ရေးသတင်းများကို သိလိုသည့် ပြည်သူများသည် ဖုန်းနှင့်အင်တာနက်လိုင်းများ မရတော့သည့်အတွက် ရေဒီယိုများ ဝယ်ယူကာ စစ်သတင်းများကို နားထောင်ကြရပြီး ကျေးလက်များတွင် ရေဒီယိုရှိသောအိမ်သည် လူအလွန် စည်ကားသည်။ ညနေတိုင်း သတင်းလာချိန် ထိုအိမ်၌ ကျေးရွာရှိသက်ကြီးပိုင်းများဖြင့် ပြည့်လျှံနေတတ်သည်။ သို့သော်လည်း ဓါတ်ခဲ ရှားပါးသဖြင့် သတင်းပြီးသည်နှင့်ရေဒီယို ပိတ်ကာ ဓာတ်ခဲအားကို ချွေတာကြရသည်။
စစ်အတွင်း ပညာရေးနှင့် စိုက်ပျိုးရေး
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသံစသည်နှင့် စစ်ကောင်စီ၏ လမ်းပိတ်ဆို့ခြင်းအပါအဝင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဖြင့် ဗုံးကြဲမှုတို့ကြောင့် စစ်တွေမြို့ ပေါ်ကလွဲပြီး ရခိုင်ပြည်မြောက်ပိုင်းရှိ စာသင်ကျောင်းများအားလုံး ၂၀၂၃ ခုနှစ် နိုဝင်ဘာကုန်ကတည်းက ပိတ်ထားခဲ့ကြသည်။
ဆယ်ကျော်သက်အရွယ် ကျောင်းသူ ကျောင်းသားများ ပျော်ရွှင်စွာကျောင်းတက်ကြသော စာသင်ကျောင်းများသည် စစ်ရှောင်လာသော ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ပြည့်နေကာ ကျောင်းဝရံတာများသည်ပင် စစ်ရှောင်တို့၏ အဝတ်လှမ်းသည့်နေရာတခု ဖြစ်နေသည်။

ပြီးခဲ့သော ပညာသင်နှစ်က ရခိုင်မြောက်ပိုင်းကျောင်းသူ ကျောင်းသားများသည် အတန်းတင်စာမေးပွဲကို မဖြေဆိုလိုက် ရသဖြင့် စာမေးပွဲ အောင်သည် ကျသည်ကို မသိရှိရသလို ယခုပညာသင်နှစ်ကာလတွင်လည်း ကျောင်းများ ပြန်လည် ဖွင့်နိုင်ခြင်းမရှိသည့်အတွက် မိဘများသည် သားသမီးများ စာနှင့် ကင်းဝေးမသွားစေရန် နီးစပ်ရာ ကျူရှင်ဝိုင်းများကို ပို့ဆောင်ပြီး စာတတ်မြောက်ရန် လုံးပန်းကြရသည်။
သို့သော်လည်း စစ်ကောင်စီ၏ ပညာရေးဌာနတခုလုံး မရှိတော့ပြီဖြစ်ရာ ပြဋ္ဌာန်းစာအုပ်များ ရှာမရခြင်း၊ ရခိုင်မြောက်ပိုင်း တွင်ရှိနေသော ကျောင်းဆရာများအား ပြန်လည် တာဝန်ပေးနိုင်မှု မရှိသေးခြင်းအပါအဝင် အာရက္ခပြည်သူ့အစိုးရ၏ ပညာရေးမူဝါဒ သတ်သတ်မှတ်မှတ် ရေးဆွဲပြဋ္ဌာန်းနိုင်မှု မရှိသေးခြင်းတို့ကြောင့် AA ထိန်းချုပ်သည့်နယ်မြေများတွင် ပညာရေးကဏ္ဍသည် ကျူရှင်ဝိုင်းများကိုသာ အားထားနေရသည်။
မိုးဦးလေဦးတွင် နှစ်စဉ် လယ်ကွင်းများ၌ ကွက်လပ်မကျန်အောင် စပါးစိုက်ပျိုးကြသော ရခိုင်တောင်သူများအနေဖြင့် ယခုနှစ် စပါးစိုက်ရာသီ မိမိလယ်ကွင်းထဲသို့ ခြေဦးပင် မလှည့်ချင်ကြပေ။
စပါးဈေးကျဆင်းခြင်း၊ စက်သုံးဆီ၊ ဓါတ်မြေသြဇာအပါအဝင် သွင်းအားစုစရိတ်များ ပုံမှန်ထက် ၁၀ ဆ လောက် မြင့်နေ သဖြင့် လယ် ၁၀ ဧကရှိသော လယ်သမားသည် လယ် ၅ ဧက သာသာလောက်သာ ထွန်ယက်ကာ မိသားစု ဝမ်းစာဖူလုံရန်လောက်သာ စိုက်ပျိုးကြသည်ကို တွေ့ရသည်။
ထိုသို့ တပြည်လုံးအတိုင်းအတာဖြင့် အကျပ်ရိုက်နေသော ရခိုင်မြောက်ပိုင်းတောင်သူများသည် ကံဆိုးမသွားရာ မိုးလိုက် ရွာဆိုသလို ဇူလိုင်တလလုံး မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် မြစ်ချောင်းများ ရေလျှံတက်ကာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံစသည့်မြို့နယ်များတွင် ရေကြီးရေလျှံကာ လယ်ကွင်းများ နွံဖုံးခြင်း၊ ရေနစ်ခြင်းတို့ကြောင်း စပါးခင်းများ ပျက်စီးကာ ရာသီပေါ်သီးနှံစိုက်ခင်း အမြောက်အမြားလည်း ဆုံးရှုံးကြရသည့် အတွက် ရခိုင်တောင်သူများအဖို့ တပူပေါ် နှစ်ပူဆင့်ကြရသည်။
စစ်ဒဏ်ခံ ရခိုင်ပြည်သူများ
ရခိုင်မြောက်ပိုင်းတွင် စစ်တွေမြို့နှင့်မောင်တောမြို့မှလွဲပြီး ကျန်မြို့ကြီးများကို AA က သိမ်းပိုက်ကာ အုပ်ချုပ်ရေး ယန္တရားများ ထူထောင်ထားသော်လည်း လုံးဝပျက်စီးသွားသော ဆက်သွယ်ရေး၊ စီးပွားရေးနှင့်လျှစ်စစ်မီးစသော မရှိမဖြစ်လိုအပ် သည့် ကဏ္ဍများကို အကောင်အထည်ဖော် လုပ်ကိုင်နိုင်ခြင်းမျိုး မတွေ့ရသေးပေ။
မြို့ကြီးပတ်ပတ်လည်တွင် စိုက်ထူထားသော ဖုန်းတာဝါတိုင်များ အထီးကျန်နေသလို ကားလမ်းဘေးတလျှောက်တွင် အစီအရီ သွယ်တန်းထားသော လျှပ်စစ်ကြိုးတန်းများနှင့် ဓါတ်မီးတိုင်များမှာလည်း ရေညှိများတက်ကာ နွယ်ကြိုးများပင် ရစ်ခွေနေကြသည်။
ရခိုင်မြောက်ပိုင်းမြို့ကြီးများကို AAက လုံးဝသိမ်းပိုက်ပြီးဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်က အချိန်မရွေးရှိနိုင်သေးသည့်အတွက် မြို့ခံအများစုသည် မြို့တွင်းသို့ ပြန်လည် နေထိုင်ခွင့် မပြုသေးဘဲ အများစုမှာ စစ်ရှောင်ဘဝဖြင့်သာ ရှိနေဆဲဖြစ်သည်။
စစ်ရေးကာလ ကြာရှည်လာသည်နှင့်အမျှ စစ်ဒဏ်ကိုခံနေရသော ရခိုင်လူထု၏ စိတ်ထဲတွင် စစ်ကောင်စီမြေပြင်တပ်များ ကင်းစင်သွား၍ အားတက်ခြင်းများဖြစ်ပေါ်နေသလို တဖက်တွင်လည်း ကုန်ပစ္စည်း ပြတ်လတ်ခြင်း၊ ကျန်းမာရေး စောင့် ရှောက်မှု အပြည့်အဝ မရရှိခြင်း၊ ဝင်ငွေနှင့် အလုပ်အကိုင် မရှိခြင်းအစရှိသည့် အထွေထွေ အကျပ်အတည်းကို ခါးစည်း ခံနေရကြသည်။
ထိုအခြေအနေများနှင့် ပတ်သက်၍ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရန်သူကို မောင်းထုတ်နိုင်ခြင်းထက် ပိုအရေး ကြီးသော အောင်မြင်မှု အာမခံချက်များကို စဉ်းစားဖို့လိုသောကြောင့် စစ်ရေးအရသာမက နိုင်ငံရေးအရပါ ဆက်လက်ပြင် ဆင်ပြီး လုပ်ဆောင်သွားရန် အရေးကြီးကြောင်း ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောထားသည်။
ရခိုင်လူထုသည် စစ်ဒဏ်ကို အလူးအလဲခံစားနေရသည့်အတွက် ပြည်သူအချင်းချင်းပင် တောင်မင်းကို မြောက်မင်း မကယ်နိုင်ဆိုသည့်အခြေအနေသို့ ရောက်နေရာ ပြည်သူများ၏ ကြံ့ကြံ့ခံနိုင်မှုစွမ်းအားနှင့်အတူ အာရက္ခပြည်သူ့အစိုးရ၏ ပြန်လည်တည်ဆောက်ရေး စွမ်းရည်ကို စောင့်မျှော်ကြည့်ရှုကြရမည်သာ။
You may also like these stories:
၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း
ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်
ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)
ရခိုင်၌ ငွေသားရှားပါး၍ Kpay ထုတ်လျှင် ၁၈ ရာခိုင်နှုန်း ပေးနေရ
ရခိုင်မြောက်ပိုင်း ရေလွှမ်းမိုးမှု လယ်ဧက ၅ ထောင်ခန့် ပျက်စီး














