စာကလေးများသည် နှောင့်ယှက် ဖျက်ဆီးတတ်သော သတ္တဝါများ ဖြစ်သည်ဟု ဆိုကာ တရုတ်ပြည်၏ ခေါင်းဆောင် မော်စီတုန်းသည် တခါက စာကလေးများ အပေါ်တွင် စစ်ကြေညာခဲ့ဖူးသည်။
သူ၏ ကြေညာချက်ကြောင့် သန်းပေါင်းများစွာသော တရုတ် ပြည်သူများသည် လမ်းမများပေါ်သို့ ထွက်လာခဲ့ကြကာ သံပုံးများ၊ လင်ပန်းများကို တီးကာ စာကလေးများကို ခြောက်ထုတ်ခဲ့ကြဖူးသည်။
တရုတ် လူထုကြီးသည် အားကုန် မောပန်းသွားသည် အထိ စာကလေးများကို တောထုတ် မောင်းနှင် ပစ်ခဲ့ကြသည်။
စာကလေးများ ရန်မှ ကင်းဝေးသွားသည့် အခါတွင် ပက်ကျိများသည် တစခန်း ထလာကြကာ ကောက်နှံများကို ဝါးမျို ကိုက်ဖြတ် ပစ်ခဲ့ကြသည်။
သစ်ပင်များ ပေါ်တွင် တရွရွ တက်လာကြသည်။ လမ်းသွား လမ်းလာတို့ အပေါ်သို့ မိုးရွာသည့်နှယ် ကျလာ ကြသည်။
ဤတွင် စာကလေး သုတ်သင်ရေး စစ်ပွဲကို ရပ်ဆိုင်း ပစ်လိုက်ရသည်။
သဘာဝကြီးကို တားဆီးပစ်ရမည် ဟူသော ထိုမဟာ အစဉ်အလာ အတိုင်း ယခု အာလာစကာ ပြည်နယ် သည်လည်း ဝံပုလွေများကို သုတ်သင် ရှင်းလင်းပစ်ရန် စစ်ကြေညာလိုက် ပြန်လေပြီ။
ရည်ရွယ်ချက်မှာ ယခုတိုင် ဦးရေ အတော်များနေသေးသော ဒရယ်ကြီးမျိုး နှင့် ဆတ်မျိုး တို့ကို ထိန်းသိမ်းရန် ဖြစ်သည်ဟု ဆိုသည်။
တောပစ် မုဆိုးနှင့် ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်ရန်လည်း ဖြစ်သည် ဆို၏။ သို့ရာတွင် အကြောင်း မဟုတ်ပါ။
ဝံပုလွေ ဦးရေသည် များသည်ထက် များလာကာ သူတို့အဖို့ မကြာခဏ ဆိုသလို အငတ်ပြဿနာ နှင့် ကြုံတွေ့ နေကြရသည်။
အာလာစကာ ပြည်နယ်သည် ဝံပုလွေများကို စစ်ကြေညာသည့် အချိန်လောက်မှာပင် တောင်ပိုင်း ပြည်နယ် ၄၈ ပြည်နယ် တို့တွင်လည်း တိရစ္ဆာန် မျိုးနွယ် ထိန်းသိမ်းရေး သမားများသည် ဝံပုလွေ သုတ်သင်ရေး အတွက် နည်းလမ်းများကို ရှာဖွေနေကြသည်။
ယင်းမှာ သဘာဝ လောကကြီးကို လူက မိမိ စိတ်တိုင်းကျ ဖြစ်အောင် ပုံသွင်းရန် ကြိုးပမ်းမှု တရပ်ဟုပင် ဆိုရတော့မည်။
လွန်စွာ မောက်မာ၍ လွန်စွာ အမြင်တိုသော အာလာစကာ ပြည်နယ်၏ ဆုံးဖြတ်ချက်သည် ဇီဝဗေဒ၏ အကျိုး အတွက်သာ မဟုတ်ပါ။ ကိုယ်ကျိုးစီးပွား သက်သက် အတွက်သာ ဖြစ်ပါသည်။
သတ္တဝါ မျိုးနွယ်တခု ဖြစ်သော ကျွန်ုပ်တို့ လူသားများက သဘာဝကြီးနှင့် ကင်းကွာပြီး သဘာဝကြီးကို ရန်ပြု နေသည်ကို မြင်ရသည်မှာ တော်တော်တော့ စိတ်ဆင်းစရာ ကောင်းပါသည်။
အာလာစကာ ပြည်နယ်၏ မိုက်မဲမှုမှာ ကမ္ဘာကြီးကို “နတ်ဥယျာဉ်” အဖြစ် ပြောင်းလိုသော ဆန္ဒ ဖြစ်သည်။
တနည်း ပြောရလျှင် သတ္တဝါ မျိုးနွယ် တခုကို ဦးရေ လျော့နည်းအောင် လုပ်ပြီး အခြား မျိုးနွယ်တခုကို ဦးရေ တိုးအောင် လုပ်ခြင်းဖြင့် သဘာဝကြီးအား လူတို့၏ ပျော်ရွှင်မှု သက်သက် အတွက် ဖန်တီးရန် ဖြစ်သည်။
ဤသို့သာ တိရစ္ဆာန် မြင်မြင်သမျှကို တိုက်ခိုက်နေလျှင် တိရစ္ဆာန်အုပ် ခေါင်းဆောင်များကို သတ်မိပြီး ကျန်ခဲ့တဲ့ ဝံပုလွေတို့ အကွဲကွဲ အပြားပြား ဖြစ်နိုင်သည်။ ဝံပုလွေ ပေါက်ကလေးများကို အန္တရာယ် ဖြစ်စေသည်။
ယင်းသို့ သဘာဝကြီး၏ အစဉ်အတိုင်း ဖြစ်ပျက်နေသည့် သဘောကို ပြောင်းပြန် လှန်ပစ်ခြင်း၊ ရှုတ်ချ အထင်သေး ခြင်းသည် အသစ်အဆန်းတော့ မဟုတ်ပါ။
သဘာဝကြီးသည် ကိုယ့်ကိုယ်ကိုယ် ကုသ ကာကွယ်နိုင်သော စွမ်းအားရှိသည် ဟူသော အချက်နှင့် အခြားသော သက်ရှိ သတ္တဝါများအား လူက ကျွန်ပြုခွင့် ရှိသည် ဆိုသော အချက်တို့ကို များစွာသော အမေရိကန် လူမျိုးများက သံသယ ဖြစ်နေချိန်၊ မေးခွန်း ထုတ်နေချိန်တွင် ထိုသို့ သဘာဝကြီးကို ပြောင်းပြန် လှန်ပစ်ရန် ကြိုးစားခြင်းကတော့ နည်းနည်း ဆန်းနေ ပါသည်။
ကျွန်ုပ်တို့ လူသားများသည် အလိုလိုက်ခံရ၍ ပျက်စီးနေသော ကလေးငယ် တယောက်လို သဘာဝကြီးကို ကိုယ့်ဒေသ အကျိုး၊ ကိုယ့်နိုင်ငံရေး အကျိုး၊ စီးပွားရေး အကျိုးတို့နှင့် ကိုက်အောင် သဘာဝကြီးသည် ကျွန်ုပ်တို့ လိုချင်တောင့်တ နေသော အရာကို ပေးရန် ငြင်းဆိုနေမည်သာ ဖြစ်သည်။
ကျွန်ုပ်တို့ လိုချင်နေသော အရာမှာ သဘာဝကြီးကို လူက ပိုင်ဆိုင်သည် ဆိုသည့် အသိစိတ် ဖြစ်သည်။ သဘာဝကြီးသည် သူ့ဘာသာ သီးခြား ရပ်တည်၍ နေရသည်ဟု မရှိဘဲ လူ၏ အမျိုးမျိုး ပုံသွင်းခြင်းကို သာ ခံနေရသည်။
သဘာဝကြီးသည် ဖျက်ဆီး ပစ်မည်လော၊ ထိန်းသိမ်းထားမည်လော ဆိုသည့် ငြင်းခုံမှု၏ အကြောင်းအရာ ဖြစ်ခဲ့ရသည်။
တခါတရံတွင် သဘာဝကြီးသည် တိုးတက် ဖွံ့ဖြိုးမှုကို ဟန့်တားနေသည့် ချစ်စဖွယ် အတားအဆီးဟု မြင်သူမြင်ကြသည်။ တခါတရံတွင်လည်း သဘာဝကြီးသည် အလှအပတွေ စုဝေးရာဟု စိတ်ကူးယဉ်သူတို့က မြင်ကြသည်။
တခါတရံတွင်လည်း သဘာဝကြီးသည် လူ့စိတ် အလိုမလိုက်သည့် စက်ယန္တရားကြီးဟု တွေးခေါ်ရှင်တို့က လှောင်ပြောင် သရော်ကြသည်။
သို့ရာတွင် သဘာဝကြီး၏ တကယ့် တန်ဖိုးကိုမူ သဘာဝကြီး ပျက်ပြုန်း သွားချိန်အထိ ကျွန်ုပ်တို့ သဘောပေါက်နိုင်ကြမည် မထင်ပါ။
ကျွန်ုပ်တို့သည် သဘာဝကြီးကို ဖြုန်းတီး စားသုံးပစ်ပြီးသည့် နောက်တွင် သဘာဝ၏ ဆုံးရှုံးမှုများကို ဖုန်းကွယ်ရန် အတွက် အတုများကို ဖန်တီးတတ်ကြပါသေးသည်။
အမေရိကန် တော်တော်များများသည် ယနေ့ သူတို့တွေ့နေရသည့် လူစိုက်သည့် အစားထိုး တောအုပ်ကလေးများကို တကယ့် တောကြီး မျက်မည်းဟု ထင်နေကြပါသည်။
ယခင်က သစ်တောကြီးများ ရှိခဲ့သည့်နေရာတွင် ယခု သစ်ပင် ပျိုးခင်းများနှင့် ရွယ်တူ၊ မျိုးတူ၊ အမြင့်တူလောက် ရှိသော ခင်တန်းကလေးများကို မြင်ကြရပါသည်။
ချုပ်၍ ပြောရလျှင် လူစိုက်ထားသည့် သစ်တောများလောက်ကိုသာ မြင်နေကြရပါသည်။
ငါးမျှားသူများသည် မြစ်များ၊ ချောင်းများထဲတွင် ငါးမျှားတံကို ချလိုက်သည့် အခါတွင် နေရင်း ဇာတိမဟုတ်သော ငါးများကိုသာ တွေ့နေကြရပါသည်။
ယခုအခါ၌ အမေရိကန် ချောင်းများထဲတွင် ဌာနေ ငါးများ ဖြစ်သည့် လည်ပြတ် ငါးသလောက် ယောက်ဖ ငါးနှင့် ငါးကြင်း တို့သည် ဆုတ်ခွာစ ပြုကာ ဥရောပ ငါးသလောက်ညို မျိုးနှင့် သတက် ရောင်စုံ ငါးမျိုးတို့သာလျှင် ကူးခတ်နေကြလေပြီ။
အမေရိကန် တောများတွင် စိုင်များနှင့် အခြားသော အသင်းအအုပ်နှင့် နေသည့် တောသတ္တဝါများသည် မုဆိုးတွေ လက်မှိုင် ချရလောက်အောင် ပျောက်ကွယ်စ ပြုနေလေပြီ။
အမေရိကန် တို့သည် ထိုမျှသာလျှင် သဘာဝကြီးကို ဖျက်ဆီးနေသည် မဟုတ်သေးပါ။
အရီဇိုးနားပြည်နယ် ကန်များထဲတွင် အပွားမြန်သော တရုတ် ငါးကြင်းများကို လွှတ်ကြသည်။ ဂေါက်ကွင်း ရေအိုင်များ ထဲတွင် ပေါက်နေသော ပေါင်းမြက် မရှိအောင်ဆိုကာ အပွားမြန်သော တရုတ် ငါးကြင်းများကို လွှတ်ပြီး မွေးကြသည်။
သို့ဖြင့် သဘာဝ အလှသည် ပျက်စီးသွားခဲ့ရသည်။
အာဖရိက ငါးတမျိုး ဖြစ်သည့် တီလားပီးယား ငါးကို တူးမြောင်းတွေထဲသို့ လွှတ်၍ မွေးခဲ့ကြ၍ တူးမြောင်း ရေစီးရေလာကို ပိတ်ဆို့ထားသည့် ဒိုက်သရောတို့ကို ရှင်းလင်းနိုင်ခဲ့သည် မှန်ပါ၏။
သို့ရာတွင် ထိုငါးများသည် ကိုလိုရာဒို မြစ်ထဲက ငါးသိုင်းကို စားပစ်ခဲ့ကြသည်။
အမေရိကန် ပြည်ထောင်စု အနောက်ဘက် ကမ်းခြေမှသည် အရှေ့ဘက် ကမ်းခြေအထိ ဥရောပ ဆက်ရက် မျိုးများသည် ကောင်းကင်ကို မှောင်မည်းသွားအောင် အုပ်လိုက် ကြီးစိုးခဲ့ကြသည်။
လွန်ခဲ့သည့် ရာစုနှစ် တခုလောက်က လူတချို့က ရှိတ်စပီးယား၏ ပြဇာတ်များကို ဖတ်၍ ထိုငှက်များကို သဘောကျကာ အမေရိကသို့ ယူလာပြီး လွှတ်ခဲ့ကြရာမှ ပေါက်ဖွားလာခဲ့ကြခြင်း ဖြစ်သည်။
ယခု အချိန်တွင်မူ သန်းပေါင်းများစွာသော ဆက်ရက်များသည် အမေရိကန် ကောက်နှံများကို ဖျက်ဆီး စားသောက်လျက် ရှိကာ ဌာနေငှက်မျိုး ဖြစ်သော ငှက်ပြာမျိုးကို မျိုးတုန်းအောင် လုပ်ခဲ့ကြသည်။
ယခု တခါတွင်လည်း အမေရိကန်များသည် မျိုးခြား အပင်များကို ယူ၍ စိုက်ခဲ့ကြသဖြင့် ထိုအပင်တွေ ပွားလာနေလေပြီ။ ယင်းတို့ အထဲတွင် ကွတ်ဇူ၊ ဟိုက်ဒရီလာ နှင့် ဗေဒါ ပင်တို့ အပါအဝင် ဖြစ်သည်။
အမေရိကန် တို့သည် သဘာဝကြီးနှင့် ဆော့ကစား လေလေ၊ ကိုယ်မနိုင်သည့် ဇာတ်ကို ကြုံရလေလေ အဖြစ်မျိုးနှင့် တိုးနေကြရသည်။
ကူးသန်းသွားလာမှု များနေသော ကမ္ဘာကြီးတွင် “အာလာစကာ ပြည်နယ်” သည် ရှေးဟောင်း သံစဉ် တခုလို သန့်ရှင်း နေခဲ့သည်။
ကြော်ငြာ ကက်တလောက်များတွင် သဘာဝကို ပြန်သွားကြ ဆိုသည့် ကြော်ငြာမျိုး၊ “ဝံပုလွေ တို့၏ ကခုန်ခြင်း” နှင့် “နောက်ဆုံး မိုဟီကန်များ” စသည့် ရုပ်ရှင်များကို မြို့နေ လူထုက နှစ်နှစခြိုက်ခြိုက် ကြည့်နေခြင်း တို့ကို ထောက်၍ အမေရိကန်တို့သည် သဘာဝကြီး၏ ဖြူစင် သန့်ရှင်းမှုကို တောင့်တ နေကြောင်း ထင်ရှားသည်။
ယခုခေတ် လူငယ်များသည် ရှေးဟောင်း သစ်တောကြီးများ၊ ငါးသလောက် ယောက်ဖ နှင့် ဝံပုလွေ အူသံ တို့ကို တွေ့ဖူး မြင်းဖူး ကြားဖူးကြတော့မည် မထင်။
ထိုအရာများ အစား ကျယ်လောင်သော သဘာဝ ထိန်းသိမ်းရေး ကြွေးကြော်သံများ လောက်ကိုသာ ကြားနေရပေ တော့မည်။
ဝေးလံသော အရပ်မှ သစ်တောကြီးများ ထိန်းသိမ်းရေး၊ ရှားပါး မျိုးနွယ် တိရစ္ဆာန်များ ထိန်းသိမ်းရေး စသည့် အသံများ ကိုသာ ကြားနေရပေတော့မည်။
ထိုအသံများကြောင့် သာလျှင် တောရိုင်း တိရစ္ဆာန် တို့သည် ကျန်ရှိနေဦးမည် ဟူသော အသိဖြင့် ဖြေသိမ့် နေရတော့မည်။
သို့ရာတွင် ထိုတိုက်ပွဲ အနိုင်ရ မရ ကိစ္စမှာ လူ့အပေါ်တွင်သာ တည်ပါသည်။
သဘာဝကြီးကို ထိန်းသိမ်းသူ ဖြစ်လာဖို့ အတွက် လူသည် သဘာဝကြီး အပေါ်တွင် မဟုတ်ဘဲ သဘာဝကြီး၏ အထဲတွင် မိမိ နေရာမှန်ကို ပြန်လည် သတ်မှတ်ဖို့ လိုပါသည်။
သဘာဝကြီးကို တည်ဆောက်သည့် ဗိသုကာ မဟုတ်ဘဲ သဘာဝကြီးထဲတွင် မှီတင်းနေထိုင်သူ ဖြစ်ဖို့ လိုပါသည်။
သဘာဝကြီးကို ကိုယ့်စိတ်တိုင်းကျ ပြုပြင်ဖန်တီးဖို့ မြှူဆွယ်နေသော စက်မှုသိပ္ပံ ပညာ၏ မြှူဆွယ်မှုကို ကြံ့ကြံ့ခံနိုင်ဖို့ လိုပါသည်။
တခါက ဝန်ရိုးစွန်း ဝက်ဝံများကို လေယာဉ်ဖြင့် လိုက်လံ ပစ်ခတ်ခြင်း မပြုရန် တားဆီး ပိတ်ပင်ခဲ့သည့် အာလာစကာ ပြည်နယ်သည် သဘာဝကြီး၏ ဟန်ချက် ညီညီ တည်ရှိနေမှုကို ဖျက်ဆီးလိုသူတို့၏ အလိုသို့ လိုက်ရန် ပြင်ဆင်နေလေပြီ။
ဤသည်မှာ မကောင်းသော ဇီဝဗေဒ ပညာရပ် တခုမျှသာ မကပါ။ ဝံပုလွေ တို့၏ ကံကြမ္မာ အတွက် ဝမ်းနည်းဖွယ် ဖြစ်ပါသည်။
ဝံပုလွေ သည် အရိုင်း၏ လှပ ခန့်ညားသော သင်္ကေတ ဖြစ်ပါသည်။
ကိုယ်မအုပ်စိုး နိုင်သဖြင့် ဖျက်ဆီး သုတ်သင်ပစ်ရန် ကြိုးစားသော လူ၏ အားထုတ်မှု၏ သားကောင် ဖြစ်ပါသည်။
အချုပ် ပြောရလျှင် ဝံပုလွေသည် ကျနော်တို့နှင့် သဘာဝကြီး၏ ပဋိပက္ခတို့ ပေါင်းရာ ဖြစ်ပါသည်။
အာလာစကာ ကောင်းကင်ယံတွင် ပျံဝဲနေသော ရဟတ်ယာဉ် ပြတင်းပေါက်မှ ရိုင်ဖယ် သေနတ်ပြောင်းများ ထွက်ပေါ် လာကာ အောက်မှ ကြောက်လန့်နေသော ဝံပုလွေကို ချိန်ရွယ် လိုက်ခြင်းသည် လူက တိရစ္ဆာန်အပေါ်တွင် ကြောက်ဖွယ် တန်ခိုး အာဏာ ရှိကြောင်းကို ပြသလိုက်ခြင်းမျှသာ မက (ဟုတ်ကဲ့) လူသည် မသိသား ဆိုးဝါးသည့် သတ္တဝါ ဖြစ်ကြောင်း ကိုလည်း ပြသလိုက်ခြင်း ဖြစ်ပါသည်။ ။
ရည်ညွှန်း။ ။ Time, December 28, 1992 မှ Ted Gup ၏ The World is not A Theme Park ကို ပြန်ဆိုသည်။
(စာရေးဆရာကြီး မြသန်းတင့် ရေးသားသည့် ဤဘာသာပြန် ရသစာတမ်းကို လင်းဦးတာရာ စာအုပ်တိုက်က ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေသော “ကမ္ဘာမြေကြီးသည် နတ်ဥယျာဉ်မဟုတ် (သမိုင်းစကား၊ ပန်းစကား – ၂)” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)