မြန်မာပြည်မြောက်ဖျား ကျောက်စိမ်း၊ ရွှေ၊ မြေရှားစတဲ့ အဖိုးတန်သံယံဇာတ ကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာက တိုက်ခတ်ခဲ့တဲ့ ယာဂီမုန်တိုင်းနဲ့ ရေကြီးရေလျှံမှုတွေအပြီး မြစ်ကမ်းပါးပြိုကာ ရေလမ်းကြောင်းပြောင်းလာ တဲ့ သဘာဝဖြစ်စဉ်တွေကြောင့် ရွှေကြောသစ်တွေ ပိုတွေ့လာရပြီး အရင်ထက် တူးဖော်မှုပိုများလာတယ်လို့ သိရပါတယ်။
ရွှေကြောသစ် တွေ့တဲနေရာတွေက ဧရာဝတီမြစ်ဆုံဒေသတဝိုက်နှင့် ပူတာအိုဒေသတဝိုက်ဖြစ်ပြီး ဘူမိဗေဒပညာရှင်တွေ အဆိုအရ မိုးရေချိန်၊ ရေတိုက်စားမှု၊ မြေပြိုတောင်ပြိုမှုဖြစ်စဉ်တွေက ပုံမှန်မဟုတ်တဲ့ မိုးရေတွေ ဝင်လာတာ၊ မုန်တိုင်း နောက်ဆက်တွဲ မကြုံစဖူး ပြင်းပြင်းထန်ထန် ရေကြီးရေလျှံမှုကြောင့် ရွှေကြောအသစ်တွေ ထပ်ပေါ်လာတာလို့ ဆိုပါတယ်။
ဒီနေရာတွေကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နဲ့ သူ့ခမည်းခမက် ရွှေသူဌေး ဦးယွပ်ဇော်ခေါင်တို့က ထိန်းချုပ် ထားပြီး တူးဖော်သူ လုပ်ငန်းရှင်တွေအများစုက ဝန်ကြီးချုပ်နဲ့ ပတ်သက်တဲ့သူတွေပါသလို တရုတ်နိုင်ငံသား တွေများပြီး မေခ၊ မလိခမြစ်ဆုံဒေသမှာ အကြီးဆုံး ရွှေတူးနေသူက ကချင်သူဌေးကြီးဦးယွပ်ဇော်ခေါင်ရဲ့ Jade Land ကုမ္ပဏီတို့ ဖြစ်တယ်လို့ သိရပါတယ်။
သတ္တုတွင်းဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)ရဲ့ ၂၀၂၁ ခု ဖေဖေါ်ဝါရီ ၄ရက်က ဖော်ပြထားတဲ့ စာရင်းဇယားတွေအရ ကချင် ပြည်နယ်မှာ ဓာတ်သတ္တုအကြီးစား၊ အလတ်စားလုပ်ကိုင်ခွင့်ပြုထားတဲ့ အဆိုပြုနယ်မြေ ၁၀ခု၊ ဧရိယာ ၈၄၁၇၂၉၅ ဧက ရှိပြီး ဓာတ်သတ္တုအသေးစား၊ လက်လုပ်လက်စား အဆိုပြုနယ်မြေ ၄ ခု ဧရိယာ ၄၂၂၀၃၈၉ ဧက ရှိသဖြင့် စုစုပေါင်း အဆိုပြည်နယ်မြေ ၁၄ ခု၊ ဧရိယာ ၁၂၆၃၇၆၈၄ ဧက သတ်မှတ်ထားတာကြောင့် ပြည်နယ်ရဲ့ ၅၇ ရာခိုင်နှုန်းကျော်က ဓာတ်သတ္တုအဆိုပြုနယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက် ၂၀၂၀ ခုနှစ် မေလအထိ ကချင်ပြည်နယ် မြို့နယ် ၁၁ ခုမှာ အသေးစား ရွှေတူးဖော်ရေး လုပ်ကွက် ၂၂၃ ခုနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက် ၂၆၂ ခုကို သတ္တုတွင်း ဦးစီးဌာန က ချပေးထား တယ်လို့လည်း သိရပါတယ်။
အခုဆိုရင် ကချင်ပြည်နယ် ရွှေတူးဖော်မှုက စစ်တပ်အာဏာသိမ်းကာစ ၂၀၂၁ ခုနှစ်ထက် နှစ်ဆ၊ သုံးဆလောက်အထိ ပိုများလာပြီးတော့ ပိုက်ဆံရှိတဲ့ သူဌေးတွေက ရွာမြေတွေ လူနေရပ်ကွက်တွေထဲအထိ မြေတွေဝယ်ပြီး ရွှေတူးတာတွေ အပြင် ဒေသခံတွေပိုင်ဆိုင်တဲ့ တောင်တွေကိုပါ ဝယ်ယူပြီး တောင်ဖြို ရွှေတူးတာတွေကို လုပ်လာကြတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှု မရှိတာကို အခွင့်ကောင်းယူပြီး အလွန်အကျွံ ရွှေတူးဖော်မှုတွေ ကြောင့် သစ်တောပြုန်းတီး၊ မြေဆီလွှာ အဆိပ်သင့်၊ သောက်သုံးရေ မသန့်၊ ငါးတွေ ခဲဆိပ်သင့်ကာ ရှားပါးလာတာစတဲ့ သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်စီးလာမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။

ရွှေကို ဘယ်လိုတူးဖော်ကြလဲ
အစပိုင်းမှာ ရွှေတူးတဲ့သူတွေဟာ မြေဝယ်ပြီး တနိုင်တပိုင်တူးဖော်မှုအနေနဲ့ စတင်လုပ်ကိုင်ကြရာ အချိန်အနည်းငယ် ကြာ လို့ ရွှေတွေ့ပြီဆိုရင် စက်ယန္တရားကြီးတွေနဲ့ နေ့ညမပြတ်တူးဖော်ကြတယ်လို့ မြစ်ကြီးနားမြို့မှာ နေထိုင်တဲ့ ဒေသခံ တဦးက ပြောပါတယ်။
ဧရာဝတီမြစ်စတင်ရာ မြစ်ဆုံဒေသရဲ့ အထက်ပိုင်းနဲ့ အောက်ပိုင်းတလျှောက် ရွှေတူးနေကြတာကြောင့် ချိုင့်တွေက ရေအိုင် ဖြစ်၊ တောင်တွေက မြေပြန့်ဖြစ်၊ မြေပြန့်က ချိုင့်ဖြစ်တဲ့အထိ အခြေအနေဆိုနေသလို မြစ်ဆုံသာမက ပူတာအို လမ်း တလျှောက် ဆွမ်ပရာဘွမ်နဲ့ ဝိုင်းမော်ဘက်တွေမှာလည်း ယာဉ်၊ ယန္တရားတွေနဲ့ ရွှေတူးနေကြတာပါ။
ကချင်ပြည်နယ် ဒေသခံ တဦးက “အခုရွှေတူးဖို့က ပိုပြီး လွယ်တယ်။ မနှစ်ကထက်ကို နှစ်ဆသုံးဆလောက် ပိုများတယ်။ ကြောက်စရာလည်း ကောင်းတယ်။ ပြီးတော့ ဒီနှစ်က ရွှေက ပိုရနေတယ်။ ဘာကြောင့်လဲဆိုတော့ ရေကြီးပြီးမှ ရေပြန် ကျသွားတော့ ကမ်းပါးတွေ တောင်တွေ ပြိုတယ်ဆိုတော့ အောက်မှာက ကျောက်တုံးကျောက်ခဲတွေများတဲ့ ရွှေကြော တွေဖြစ်နေတာ၊ မြစ်ကမ်းနံဘေးလည်း ဖြစ်တော့ တခါထဲ တူးလိုက်ရုံပဲ”လို့ ပြောပါတယ်။
ဒါ့အပြင် ကမာ္ဘ့စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေကြောင့် ကမာ္ဘ့ရွှေဈေး တက်လာသလို စစ်တပ်အာဏာ သိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးကျဆင်းလာတာတွေကြောင့် ပြည်တွင်းရွှေဈေးမှာလည်း အာဏာ မသိမ်းခင်က အကယ်ဒမီအခေါက်ရွှေ တကျပ်သား ၁၅ သိန်းကျော်သာရှိရာကနေ အခုဆိုရင် ပြင်ပပေါက်ဈေး ၆၂ သိန်း ကျော်အထိ ရှိလာပါတယ်။
အထက်ပါ ဒေသခံက “ဒါကြောင့် ရွှေတူးတဲ့သူတွေက လောပန်တွေ ဖြစ်နေတယ်။ လက်လုပ်လက်စား နေ့စားခေါ်တဲ့ အလုပ်တောင် မရှိတော့ဘူး။ အကုန်လုံးရွှေတူးကြတယ်။ နေ့စားထက်ကို ပိုရနေတယ်။ အဲဒါကြောင့် ရွှေတူးတဲ့သူတွေက ပိုအဆင်ပြေနေတယ်။ အခု သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ စောင့်ကြည့်တဲ့အဖွဲ့တွေလည်း တားလို့ မရတော့ဘူး။ ဘယ်သူ့ကို တိုင်ရမယ်မသိ၊ အဲဒီလိုဖြစ်နေတယ်။ ဘယ်သူမှလည်း နားထောင်တော့မှာ မဟုတ်ဘူး။ ကြားကာလဆိုတော့ ဘယ်သူမှလည်း ထိန်းသိမ်းတဲ့သူ မရှိတော့ဘူး။ ဒါကြောင့် ပိုဆိုးသွားတာပေါ့နော်။ ဒီနှစ်ဆို တော်တော်ဆိုးနေပြီ”လို့ ပြောပါ တယ်။
တပိုင်တနိုင်တူးဖော်သူတွေအနေနဲ့ တနေ့ကို ငါးမူးသားကနေ တကျပ်သားလောက်ထိရပြီး ဒီ အခြေအနေတွေကြောင့် ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ကြောင်း တလျှောက်မှာ ရွှေတူးဖော်နေတဲ့ ဖောင်တွေ များပြားနေကာ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ကောင်းမူလုံကျေးရွာမှာတော့ ရွှေလုပ်ငန်းတွေက တဧကကို ကျပ်သိန်း ၃၀၀ ပေးပြီး မြေဝယ်ကာ စိုက်ပျိုးခြံနေရာတွေမှာပါ ရွှေရှာဖွေနေကြပါတယ်။
ဘယ်သူတွေ ရွှေတူးနေလဲ
မြစ်ဆုံဒေသ တန်ဖဲရွာ ဒေသခံ တဦးက “မြစ်ဆုံရဲ့ ပတ်ပတ်လည် အောက်ရော ၊ အထက်ရောမှာ ယန္တရားတွေနဲ့ တူးနေတာ ပက်ပက်စက်စက်ပဲ။ ဦးယွပ်ဇော်ခေါင်ကတော့ ပုံမှန်တူးနေတာပါပဲ။ သူ့ကိုက ကျမတို့ဒေသခံတွေ မတားနိုင်ခဲ့ဘူးလေ။ အဲဒီတော့ အခု တဖြေးဖြေးနဲ့ ပိုများလာတယ်။ သူကလည်း အထက်က ပါမစ်ရထားတယ်၊ တရားဝင်တယ်ဆိုပြီး လုပ်နေ တာလေ။ ဒီတော့ ဒေသခံတွေက ဘာမှ မတတ်နိုင်၊ မတားနိုင်တော့ဘူးဆိုတော့ ရွှေတူးတဲ့သူတွေက တရက်နဲ့ တရက်၊ တလနဲ့ တလ ပိုပိုများလာတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
ကချင်ပြည်နယ်က ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင်က လူထုအပေါ်လည် သြဇာလွှမ်းနိုင်သူ တဦးဖြစ်ကာ အရင်က ဖားကန့်ဘက်မှာ ကျောက်စိမ်းတူးတာနဲ့ သစ်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာတော့ ရွှေတူးလုပ်ငန်းကို စလုပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ သူရွှေတူးဖော်တဲ့နေရာက မေခ၊ မလိခပေါင်းစုံရာ မြစ်ဆုံဈေး တန်းရဲ့ အနောက်မှာ ရွှေတူးနေတာ ဖြစ်ပြီး အဲဒီနေရာမှာ ခုဆို ရေအိုင်အကြီးကြီးတွေ ဖြစ်နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။
နောက် အထက်ပိုင်းမှာ တရုတ်နိုင်ငံသားတွေ၊ ခရိုနီအုပ်စုတွေအများဆုံးလုပ်ကြပြီးတော့ ပြည်တွင်းက အသေးစား လုပ်ငန်းရှင်တွေလည်း ပါတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ မြစ်ဆုံဒေသခံ တဦးက “ဒေသမှာတော့ သိတဲ့အတိုင်းပေါ့ ကျောက်စိမ်းတွင်းမှာဆိုလည်း သူပဲ နာမည် ကြီးတယ်။ အခုနောက်ပိုင်းမှာဆို သူ့ရဲ့ အပေါင်းဖော်တွေ များတယ်။ မြစ်ဘေး ချောင်းဘေး ပတ်ဝန်းကျင်မှာ ကျမတို့ တနိုင် တပိုင် ခြံလေး တောင်ယာလေး ဘာလေးရှိတာပေါ့နော်။ ဒါတွေ အခုတော့ အကုန်လုံး ပျက်စီးတာပေါ့”လို့ ဧရာဝတီကို ပြောပြပါတယ်။
မကြာခင် နွေရာသီ မြစ်ရေကျတဲ့အခါ ရွှေတူးတဲ့သူတွေ ထပ်များနိုင်တာကြောင့် ဒီနှစ် မိုးတွင်းမှာလို ရေကြီးရေလျှံမှုတွေ ထပ်ဖြစ်လာမှာနဲ့ မြစ်ဆုံအလှပျောက်ကွယ်သွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ရွှေတူးဖော်မှုတွေက မြစ်ဆုံဒေသသာမက ဧရာဝတီမြစ်ရိုးတလျှောက် လုပ်ကိုင်နေကြတာဖြစ်ပြီး အခုလို အလွန်အကျွံ ရွှေတူးဖော်မှုတွေ ဆက်ရှိနေရင် ရွာလုံးကျွတ် ရေကြီးနစ်မြှုပ်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းမှာ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ အနောက်တောင်မုတ်သုံလေကြောင့် ကချင်ပြည် အထက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးတော့ မေခ၊ မလိခ မြစ်ရေကြီးလာရာကနေ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ် ၆ ပေကျော်အထိ စံချိန်တင်ခဲ့သလို မိုးရေချိန်က အရင်နှစ်တွေထက် ၁၀ ဆ ပိုများခဲ့တယ်လို့ ကချင်ပြည်နယ်မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့်လည်း မြစ်ကြီးနားမြို့နယ်ထဲက အင်ဂန်းနဲ့ ခန်းပူကျေးရွာက လူနေအိမ် ၁၀၀ ဝန်းကျင်ထိခိုက်ပျက်စီးခဲ့သလို ဝိုင်းမော်မြို့ မိုင်းနား၊ နောင်တာလော၊ ခတ်ချို၊ စန်းကား၊ မိုင်းမော၊ တာစန့်ကျေးရွာ မြစ်ကမ်းနံဘေး လူနေအိမ် ၂၀၀ ကျော် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ပြည်တွင်းရေး မတည်မငြိမ်ဖြစ်နေတဲ့ အခုလိုအချိန်မျိုးမှာ အာဏာရှိတဲ့သူတွေနဲ့ ပေါင်းပြီး ကချင်ပြည်နယ်မှာ ပုံစံမျိုးစံနဲ့ ရွှေတူးဖော်မှုတွေကို လုပ်နေကြသလို ဧရာဝတီမြစ်ကြောင်းတလျှောက်မှာလည်း အများအပြားတူးဖော်နေတယ်လို့ ကချင်သဘာဝပတ်ဝန်းကျင်အဖွဲ့ (KEG)က တာဝန်ရှိသူ ခေါန်ထွဲ က ပြောပါတယ်။
“ကချင်ပြည်နယ်မှာဆိုရင် တော်တော်လေးကို သဘာဝပတ်ဝန်းကျင် ပျက်စီးနေပြီလို့ပြောလို့ရတယ်။ အထက်ပိုင်းမှာလည်း ဒီလိုပဲ တူးဖော်နေကြတယ်။ မြစ်ဆုံဒေသမှာလည်း တနိုင်တပိုင်တူးတာနေစပြီးတော့ ရွှေထွက်တယ် ကြားတာနဲ့ စက်ကြီး တွေ ရောက်လာပြီး တူးတယ်။ နောက် ပူတာအိုမှာ ရွှေတူးလို့ ရတယ်ဆိုရင် မြေကွက်တွေကို လုပ်ငန်းရှင်တွေကနေ နာမည်မဖော်ပဲနဲ့ လာဝယ်တယ်။ အခုချိန်မှာတော့ ခက်ခဲနေတဲ့ လူတွေလည်းများတော့ မြေကွက်တွေ ရောင်းကြတယ် ဆိုတော့ လုပ်ငန်းရှင်တွေကဝယ်ပြီးတော့ ဒီလိုပဲ လာတူးကြတာ”လို့ သူက ဧရာဝတီကို ပြောပါတယ်။

ရွှေတူးဖော်မှုနောက်ဆက်တွဲ ဒေသရဲ့ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲ
ရွှေတူးဖော်တာတွေကြောင့် မြစ်ရေတွေ မကောင်းတော့တာ၊ သောက်သုံးရေတွေ ပြတ်လပ်လာတာတွေ ဖြစ်လာပြီး သွားလေရာကို ရေသန့်ဗူးဆောင်ပြီးသွားရတဲ့အခြေအနေဖြစ်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ကချင်ပြည်နယ် ဒေသခံတဦးက “အခုရွှေတူးတာကို ကြည့်ရင် ငါးနှစ်လောက်တောင်မခံတော့ဘူး သဘာဝပတ်ဝန်းကျင်က အကုန်လုံးပျက်စီးမှာပဲ။ ဒီနှစ်ရေကြီးတယ်။ နောက်နှစ်ပိုကြီးမယ်။ မြေပြန့်တွေ ဖြစ်သွားပြီ။ ရေလမ်းကြောင်းတွေက လွဲတာ ကလွဲ၊ နောက် ပိုပြီးကျယ်သွားတယ်။ ရေကျသွားတဲ့အချိန်မှာ ရေလမ်းကြောင်းပေါ်မှာ သဲသောင်ပြင်တွေ များလာတယ်။ ရေကလည်း ခမ်းလာတယ်။ ပိုပြီးတော့မှ နောက်လာတယ်”လို့ လက်ရှိဧရာဝတီမြစ်ရဲ့ အခြေအနေကို ပြောပြပါတယ်။
ကချင်ပြည်နယ်မှာ အရင်က သောက်သုံးရေအတွက် မြစ်ရေကိုသာ သုံးကြပေမယ် ရွှေတူးဖော်ကြပြီးနောက်ပိုင်း တန်ဖဲ၊ မလိစွပ်၊ဝှေ့ခါ၊ ခမ်းဖူး၊ မလိယန် ဒေသတွေမှာ သောက်သုံးရေ လုံးဝရှားပါးနေပြီး တချို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၊ ဝေးလံခေါင်ဖျားတဲ့ဒေသဆိုရင် သောက်ရေအတွက် သီးသန့်သန့်ရှင်းတဲ့နေရာတွေကနေ သွားသယ်ရတာမျိုး တောင်ကျရေ ခံသောက်ရတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။
သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတဦးက “ဧရာဝတီမြစ်ကတော့ လုံးဝကို သောက်သုံးလို့ မရတော့ဘူး။ ရေချိုးရင်တောင်မှ ကလေးတွေရော လူကြီးရော အကုန်လုံး ယားနာတွေ ဖြစ်လာတယ်။ ရေတွေ သောက်မိရင်လည်း ဝမ်းပျက်ဝမ်းလျောတွေ ဖြစ်တယ်။ ဒါကြောင့် ကျမတို့ ဒေသခံတွေ အားလုံး ရေသန့်တွေပဲ သုံးနေရတယ်။ အခက်ခဲဆုံးက သောက်ရေဖြစ်တယ်။ နောက်ပြီးတော့ မြစ်ထဲက ငါးတွေ စားမိလို့ အဆိပ်သင့်တာမျိုးတွေ ရှိတယ်။ ငါးစားဖို့တောင် ကြောက်နေရတဲ့ အခြေအနေဖြစ်တယ်”လို့ ပြောပြပါတယ်။
ရွှေတူးဖော်တာကြောင့် စိုက်ပျိုးမြေတွေ ရှားပါးလာပြီး နောက်ဆက်တွဲအနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ဒေသခံတွေ တွေ့ကြုံနေရတာပါ။
ရေကြီးရေလျှံပြီးတဲ့နောက် ဘူမိအပြောင်းအလဲ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးနဲ့ ဘူမိဗေဒ ပညာရှင် ဦးစိုးသူရထွန်းက ရွှေကြောသစ် တွေပေါ်လာတာနဲ့ ပတ်သက်လို့ “မိုးရေချိန်နဲ့ မြေပြိုတောင်ပြိုတာတွေက အမြဲတမ်းဆက်စပ်တယ်။ တောင်ပြိုမြေပြိုမှုတွေရဲ့ မြေပုံတွေ ထုတ်ခဲ့ဖူးတယ်။ မြေသားအနေအထား မြေရဲ့ ခံနိုင်ရေအား အားလုံးကို တွက်ပြီးတော့ ယူထား တယ်။ မိုးရေချိန် များတာနဲ့ ပြိုတော့မယ်ဆိုတာ သိတယ်။ ပုံမှန်မဟုတ်တဲ့ မိုးရေတွေ ဝင်လာတယ်။ ပြီးခဲ့တဲ့ မုန်တိုင်းမှာ ကချင်ပြည်လိုနေရာ မျိုးကို ဒီလောက်ထိပြင်းပြင်းထန်ထန် မဝင်ဖူးတဲ့ အချိန်မှာ ဝင်သွားတာကြောင့်လည်း ပါမယ်”လို့ ဧရာဝတီကို ပြောပါတယ်။
အလွန်အကျွံရွှေတူးတာ၊ သယံဇာတ ထုတ်ယူတာတွေ၊ သစ်တောတွေ စည်းကမ်းမဲ့ ခုတ်လှဲတာတွေကြောင့် မုန်တိုင်းတွေ ဆက်တိုက် ဝင်လာတာ၊ ရေကြီးရေလျှံမှုတွေ ဖြစ်တာ၊ တောင်ပြိုတာတွေ ဖြစ်နေပြီးတော့ အခုတိုင်းသာ ဆက်သွားမယ် ဆိုရင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုက အဆိုးဘက်ပဲ ဦးတည်နေမှာလို့ သူကပြောပါတယ်။
ဦးစိုးသူရထွန်းက “၁၉၈၈ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း သစ်တွေကို အပြောင်ရှင်းစနစ်နဲ့ သူတို့ထုတ်ရောင်းတယ်။ သတ္တုတွင်းမှာလည်း လုပ်ပိုင်ခွင့်တွေကို လုပ်ငန်းရှင်အကြီးကြီးတွေကို အကုန်ချပေးလိုက်တယ်။ အရင်တုန်းက သံတူရွှင်းနဲ့ စက်လေး သေးသေးလေးနဲ့ တူးနေရတာကနေ တကယ့်ကို အင်ဂျင်ကြီးတွေ နဲ့ လုပ်လေလေ သဘာဝပတ်ဝန်းကျင်က ထိခိုက်မှုက များလေလေပဲပေါ့”လို့ ရှင်းပြပါတယ်။
ကချင်ပြည်နယ်မှာ စည်းကမ်းတကျ တူးဖော်မယ်ဆိုရင် သဘာဝသယံဇာတများစွာ ကျန်ရှိနေပြီးတော့ NLD အစိုးရ လက်ထက်ကလည်း သတ္တုရိုင်း၊ ပလက်တီနမ် စတဲ့ အဖိုးတန် သတ္တုကြောတွေ တွေ့ရှိထားသလို ရှာဖွေမယ်ဆိုလည်း ထပ်တွေ့နိုင်တဲ့နေရာတွေရှိနေသေးတာကြောင့် နောင်တချိန် ဖက်ဒရယ်နိုင်ငံ ဖက်ဒရယ်ပြည်နယ်တခု ဖြစ်လာရင် ပြည်တွင်း ပြည်ပ ပညာရှင်တွေနဲ့ စနစ်တကျ လုပ်ကိုင်နိုင်မယ့်အနေအထားရှိတယ်လို့ ပညာရှင်တွေက သုံးသပ်ထား ပါတယ်။

သဘာဝသယံဇာတနဲ့ ပတ်သက်ပြီး NUG ဘာတွေ လုပ်နေလဲ
လက်ရှိမှာတော့ ချင်းတွင်းရော ဧရာဝတီရော နှစ်ခုလုံးမှာ ရွှေတူးဖော်မှုတွေက အကြီးအကျယ်ရှိပြီးတော့ ချင်းတွင်းမြစ်မှာ ဆိုလည်း မြစ်ရေထဲအနည်အနှစ်တွေက အရင်ထက် ပိုများလာတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်သူတွေ ဆီက သိရပါတယ်။
NUG အစိုးရရဲ့ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနကလည်း KIO နယ်မြေမှာ သဘာဝပတ်ဝန်းကျင် မထိအောင် သတ္တုတူးဖော်မှုတွေကို မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ညှိပြီးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပေမယ့် လည်း လွတ်ထွက်သွားနေရာတွေ ရှိနေဆဲပဲလို့ ဦးစိုးသူရထွန်းက ပြောပါတယ်။
ဥပမာအား NUG အစိုးရစိုးမိုးတဲ့နယ်မြေတွေမှာဆိုရင် သစ်ထုတ်တာ၊ ရွှေ သတ္တုတူးဖော်တာမျိုးတွေကို အခွန်ကောက်တာ ထက် ဒဏ်ရိုက်တယ်ဆိုတဲ့ပုံစံသုံးပြီး ကျင့်သုံးနေတာရှိတယ်လို့ ဆိုပါတယ်။
ဦးစိုးသူရထွန်းက “ရွှေထွက်ရင်လည်း ရွှေကို ခွဲယူလိုက်တာပေါ့၊ ဒီလိုမျိုး ခွဲဝေယူတာတွေ ရှိတယ်။ သစ်ဆိုရင် တားမြစ် ထားတဲ့သစ်တွေ ကျွန်းသစ်တို့ တမလန်းတို့ဆိုရင် အကုန်လုံးကို ဖမ်းပြီးအရေးယူတယ်။ ရိုးရိုးသစ်မာဆိုရင်တော့ ခွင့်ပြု ချက်နဲ့ ကြိုတင်ပြီးတော့ တင်ခဲ့ရင်တော့ ခွင့်ပြုတန်သလောက် ခွင့်ပြုပေးတာတွေ ရှိတယ်။ စစ်ကိုင်းဒေသမှာ ဒီအတွက် လည်း အခွန်အကောက်တွေ ရတာတွေလည်း ရှိပါတယ်။ ဒီတော်လှန်ရေးမှာ အသုံးဝင်တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီထက်ပိုပြီး စည်းမဲ့ကမ်းမဲ့ ဖြစ်မသွားအောင်တော့ အမြဲသတိထားနေရတယ်”လို့ ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းဖို့ ဘာတွေ လုပ်ဖို့လိုလဲ
အရပ်ဘက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေကတော့ ကချင်ပြည်နယ်အနှံ့ သတ္တုတူးဖော်မှုတွေကြောင့် ဧရာဝတီမြစ်ကို မှီခိုနေရတဲ့ လူမှုဘဝတွေ ခြိမ်းခြောက်ခံနေရတာကို အစီရင်ခံစာတွေကနေတဆင့်သတိပေးနေတဲ့အပြင် ကချင်သဘာဝပတ်ဝန်းကျင်အဖွဲ့ (KEG) အနေနဲ့ ဒေသခံ ပြည်သူတချို့ကို အွန်လိုင်းကနေ ပညာပေး လုပ်နေတာ ရှိတယ် လို့ သိရပါတယ်။
တဖက်မှာလည်း စစ်ကောင်စီက ကချင်ပြည်နယ်ရဲ့ ဒေသတချို့ကို အင်တာနက်လိုင်း၊ ဖုန်းလိုင်း ဖြတ်တောက်ထားတာတွေ ရှိတဲ့အတွက် ချိတ်ဆက်ရ ခက်ခဲမှုတွေရှိတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ဒါ့အပြင် ရွှေတူးတဲ့နေရာအနီးတဝိုက်ကိုလည်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကိုရော ဒေသခံတွေရော အနားကပ်ခွင့် မရှိပါဘူး။ တချို့ အာဏာရှင်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေဆိုရင် လက်နက်ကိုင် လုံခြုံရေးတွေ အစောင့်ချပြီး လုပ်နေတဲ့အထိ ရှိတယ်လို့ သိရပါတယ်။
အခုချိန်မှာတော့ ဥပဒေ စိုးမိုးမှု မရှိတဲ့အပြင် ကြားကာလ ဖြစ်တဲ့အတွက် တိုင်ကြားရမယ့် ယန္တရားလည်း စနစ်တကျ မရှိသလို တာဝန်ခံဖြေရှင်းပေးနိုင်တဲ့ အဖွဲ့အစည်းလည်း ရှိမနေဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
အခုလို အလွန်အကျွံ့ ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ ရပ်ဖို့၊ ပြန်လည်ကုစားဖို့ ဆိုရင် ဥယျာဉ်ခြံမြေ၊ ကိုယ်ပိုင်မြေတွေကို ရောင်းစားနေတဲ့ ဒေသခံတွေကို အသိပညာပေး ဟောပြောပွဲတွေ လုပ်ပေးတာ၊ သီးနှံစားပင်တွေကို စီးပွားဖြစ် စိုက်ပျိုး နည်း၊ ဒေသတွင်း အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်း ဆောင်ရွက်ပေးတာ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးဖို့နဲ့ ဒေသကို ဘယ်လို ဖွံ့ဖြိုးအောင်လုပ်ရမယ်ဆိုတဲ့ အသိပညာပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ KEG က ခေါန်ထွဲ က ထောက်ပြပါတယ်။

ဧရာဝတီမြစ်ရေ ညစ်ညမ်းလာမှု
ဧရာဝတီမြစ်ရေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါ မြစ်ကြီးနား၊ ဗန်းမော်နဲ့ စစ်ကိုင်းကျေးရွာတွေမှာ အဆိပ်သင့်သတ္တုတွေ ရေမှာ ပျော်ဝင်မှု မြင့်မားစွာ တွေ့ရှိရတယ်လို့ Myanmar Resource Watch (MRW )က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။
ရေနမူနာ ကောက်ယူခဲ့တာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံ၊ ကဒက်ကျွန်းနဲ့ နောင်ချိန်းကျေးရွာ၊ ဗန်းမော်မြို့နယ်ရှိ မြစေတီကျေးရွာ၊ ကျွန်းကြီးကျေးရွာနဲ့ ဗန်းမော်၊ ကသာ၊ ရွှေကူ၊ တကောင်း၊ ကျောက်မြောင်း(နွယ်ငြိမ်းရွာ)၊ မန္တလေး၊ ချောက်၊ မင်းဘူး၊ ပြည်၊ ဟင်္သာတနဲ့ ဇလွန်ကြားက (ဒေါင့်ကြီးကျေးရွာ) ဓနုဖြူ၊ ညောင်တုန်းနဲ့ မအူပင်မြို့ကြား (ချောင်းကြီး ကျေးရွာ) စတဲ့ ဧရာဝတီမြစ် ဖြတ်သန်းစီးဆင်းရာမြို့တွေနဲ့ ကျေးရွာတလျှောက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်ထဲမှာ စစ်ဆေးခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
အဆိပ်သင့်သတ္တုတွေဖြစ်တဲ့ ခဲ၊ မာကျူရီ၊ မဂ္ဂနီးစ်နဲ့ ကက်ဒ်မီယံ တွေ ရေထဲမှာ သတ်မှတ်စံချိန်ထက် ပိုများပြီး လူ၊ တိရိစာ္ဆန်တွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပြီး အထူးသဖြင့် သောက်သုံးသူတွေအပေါ် ဆိုးကျိုးတွေ သက်ရောက် စေနိုင်တာနဲ့ ကိုယ်ဝန်ဆောင် မိခင်သောက်မိရင် ကလေးမှာ ကျန်းမာရေးချို့တဲ့နိုင်သလို ရေသတ္တဝါတွေ သေကြေပျက် စီးတာ မျိုးတုန်းပျောက်ကွယ်တာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဧရာဝတီမြစ်ကို လက်ရှိအခြေအနေကနေ ပိုဆိုးမသွားဖို့ နဲ့ ကျန်းမာရေးအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ စတင်သင့်ပြီလို့ အစီရင်ခံစာက ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေကတော့ ကချင်ပြည်နယ်အနှံ့ သတ္တုတူးဖော်မှုတွေကြောင့် ဧရာဝတီမြစ်ကို မှီခိုနေရတဲ့ လူမှုဘဝတွေ ခြိမ်းခြောက်ခံနေရတာကို အဆက်မပြတ် သတိပေးနေပါတယ်။
အခုချိန်မှာ ရွှေတူးတာနဲ့ ပတ်သက်ပြီး အရင်လို လူထုဆန္ဒပြတာ၊ ကန့်ကွက်တာတွေကို ဒေသခံတွေအနေနဲ့ မပြုလုပ်နိုင်တာ ကြောင့် ရွှေတူးတဲ့သူတွေကို ထိန်းသိမ်း အုပ်ချုပ်ပေးနိုင်မယ့် အစိုးရတရပ်ပေါ်ဖို့ မျှော်လင့်နေတယ်လို့ ဒေသခံတွေက တညီတညွတ်တည်း ပြောကြပါတယ်။
You may also like these stories:
ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် တားမြစ်ထားသည့် မြစ်ဆုံတွင် ရွှေတူးမှုဖြင့် ဝေဖန်ခံနေရ
မြစ်ဆုံဒေသတဝိုက် စက်ယန္တရားများဖြင့် ရွှေတူးဖော်မှု များပြားလာ
မြစ်ဆုံအပါအဝင် ကချင်ပြည်နယ် နေရာအနှံ့၌ ရွှေတူးဖော်မှုများ တိုးလာ














