ကချင်ပြည်နယ်၊ မြစ်ကြီးနားအထက်ပိုင်း မြစ်ဆုံဒေသတဝိုက်တွင် စစ်အာဏာသိမ်းပြီးနောက် စက်ယန္တရားများဖြင့် ရွှေတူး ဖော်မှုများ များပြားလာသဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းနှင့် လယ်ယာ မြေများ ပျက်စီးထိခိုက်မည်ကို ဒေသခံများက စိုးရိမ်လျက် ရှိသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မေလကတည်းက မြစ်ဆုံဒေသတွင် အကြီးစား စက်ယန္တရားကြီးများ အသုံးပြု၍ ရွှေတူးဖော် နေသည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း မေလကတည်းကစ၍ လက်ရှိအချိန်အထိ စီးပွားရေးလုပ်ငန်းရှင်များက စက်ယန္တရားကြီးများဖြင့် တူးနေကြောင်း ဒေသခံများက ပြောသည်။
တန်ဖဲဒေသခံတဦးက “သူတို့ စတူးကတည်းက ကျမတို့ ကန့်ကွက်စာတွေ တင်ခဲ့တယ်။ သဘောထား ထုတ်ပြန်ချက်တွေ လည်း ထုတ်ခဲ့တယ်။ ဒါပေမဲ့ အခုချိန်ထိ လုပ်နေတုန်းပဲ။ လုပ်ငန်းရှင်တွေ ပြောတာကတော့ သူတို့က ခွင့်ပြုချက် ရတယ်၊ ခွင့်ပေးတဲ့သူရှိလို့ လုပ်တယ်ပေါ့။ ပါမစ်ရတယ်ပေါ့။ ကျမတို့ ဒေသခံတွေ ကန့်ကွက်တဲ့ အောက်တိုဘာလကတော့ ခဏ တဖြုတ် နားလိုက်တယ်။ ပြီးတော့ သူတို့က သက်ဆိုင်ရာ ခွင့်တောင်းတယ် ပြောတယ်။ ဘယ်လဲတော့ မသိဘူး။ အဲဒီက ရလို့ တူးတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လုပ်ငန်းရှင်တချို့က ဒေသခံများ ကန့်ကွက်သောကြောင့် စက်ယန္တရားများဖြင့် ရွှေတူးဖော်ခြင်း လုပ်ငန်းများကို ရပ်ဆိုင်း ခဲ့သော်လည်း တချို့ကမူ မြစ်ဆုံ မြစ်ကမ်းနံဘေး ပြုပြင်ထိန်းသိမ်းရေး နှင့် သာယာလှပရေး ဟူသော ခေါင်းစဉ်များတပ်ပြီး ခွင့်ပြုချက်ဖြင့် တူးဖော်သည် ဟုဆိုကာ ဆိုင်းဘုတ်ထောင် တူးဖော်နေ ကြောင်း ၎င်းက ရှင်းပြသည်။
၎င်းက “ဘယ်လို ခွင့်ပေးလဲတော့ ကျမတို့လည်း မသိဘူး။ တူးဖော်နေကြတာ။ ဒီလုပ်ငန်းရှင်တွေက ကျမတို့ ဒေသခံတွေ ကိုလည်း ဂရုမစိုက်ဘူး။ ကန့်ကွက် ကမ်ပိန်းတွေ လုပ်ကြတယ်။ ဒါပေမဲ့ ဘယ်သူပဲ ဘာပြောပြော ဂရုမစိုက်ကြတဲ့ ပုံစံဘဲ။ သူတို့ကို ချပေးတဲ့ စာထဲမှာကျတော့ ပြတာ မြေ ၄ ဧကပဲ တူးရမှာ။ အခုက အဲဒီမြေမကဘူး တူးနေတာ အကုန်လုံး ပျက်စီး နေပြီ” ဟု ဆိုသည်။
လက်ရှိ အခြေအနေများအရ ဒေသခံများသည် တရားဝင်စာတင်ပြပြီး တိုင်ကြားလိုသော်လည်း မည်သူ့အား ဦးတည်တိုင် ကြားရမည်ကို မသိသောကြောင့် အခက်ကြုံနေရသည်ဟုလည်း ဒေသခံများက ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ အဆိုပါ မြစ်ဆုံဒေသတဝိုက် ရွှေတူးဖော်နေသူများထဲတွင် စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၏ ခမည်းခမက်တော်စပ်သူ ကချင်ပြည်နယ်၏ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် တဦး ဖြစ်သော ဦးယွပ်ဇော်ခေါင်လည်း ပါဝင်နေကြောင်း သိရသည်။
လုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင်နှင့်အဖွဲ့သည် ပြီးခဲ့သည့် ဧပြီလတွင် လုပ်ကိုင်ခွင့် လျှောက်ထားခဲ့ရာ စစ်ကောင်စီက ၄ ဧကရှိ အသေးစား လုပ်ကွက်များကို ချထားပေးခဲ့ပြီး မေလမှ စတင်တူးဖော်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဦးယွပ်ဇော်ခေါင်သည် ယခင်က ဖားကန့်ဘက်တွင် ကျောက်စိမ်းတူးဖော်သည့်လုပ်ငန်း၊ သစ်လုပ်ငန်းများ လုပ်ကိုင်သူ ဖြစ်ပြီး ရွှေတူးဖော်ခြင်းလုပ်ငန်း လုပ်ကိုင်သည်မှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှ ကြားသိရခြင်း ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် အမည်မဖော်လိုသူ တဦးက ပြောပြသည်။
လက်ရှိ တူးဖော်နေမှုများသည် မြစ်ဆုံအနောက်ဘက် ၃ ဖာလုံခန့် အကွာအထိ ရှိလာနေပြီ ဖြစ်ပြီး အောက်တိုဘာ ၁၄ ရက် ဒေသခံများ ကန့်ကွက်သည့် အချိန်က ၁ လနီးပါးအထိ ခေတ္တရပ်နားခဲ့ပြီး ယခုအခါ ပြန်လည်တူးဖော်နေကြောင်း ဒေသခံ တဦးက ပြောသည်။
၎င်းက “မိုးတွင်းဆိုရင် အရင်ကလည်း ရေကြီးရေလျှံတာတွေ ၅ နှစ် တကြိမ်၊ ၁၀ နှစ် တကြိမ်လောက် ဖြစ်ဖူးတော့ အဲဒီလို အချိန်နဲ့သာ တိုက်ဆိုင်ပြီး အခုအတိုင်း သွားနေရင်တော့ ကျမတို့ တန်ဖဲရွာရဲ့ မြစ်ဆုံနေရာဆိုတာ ရှိတော့မှာ မဟုတ်ဘူး” ဟု ပြောဆိုသည်။
ရွှေတူးဖော်မှုများကြောင့် ကျေးရွာများ ပြောင်းရွှေ့ရခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးခြင်း၊ မိုးရာသီတွင် ဧရာဝတီ မြစ်ရိုးတလျှောက် ရေကြီးရေလွှမ်းမိုးမည်ကို စိုးရိမ်နေရသဖြင့် ရွှေတူးဖော်ခြင်း လုပ်ငန်းများကို အပြီးတိုင် ရပ်ဆိုင်းပေးရန် ဒေသခံများက တောင်းဆိုလျက် ရှိသည်။
မြစ်ကြီးနားဒေသခံတဦးက “ကျနော်ကြားတာတော့ အခုက လုပ်ကွက်မဟုတ်ဘဲနဲ့ ပိုမှတ်ပြီး တိုးချဲ့လုပ်ကိုင်နေတယ် ကြား တယ်။ ဒေသခံတွေက သဘောမတူဘူး။
သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်တယ်။ မေခနဲ့ မလိခ မြစ်ကြောတလျှောက် ကတော့ နှစ်စဉ်နှစ်တိုင်း ရွှေတူးစားနေကြတာ။ အခုကတော့ မြစ်ဆုံမှာ လာလုပ်မှပဲ နာမည်ကြီးနေတာ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ဆုံတဝိုက်၌သာမက ဧရာဝတီမြစ်ကြောင်း တလျှောက် တွင်လည်း အလားတူ ရွှေတူးဖော်မှုများကို ပိုမိုတွေ့လာရသောကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက စာထုတ် သတိပေးထားသည်များလည်း ရှိသည်။
မြစ်ဆုံဒေသတွင် တရုတ်အစိုးရနှင့် ပူးပေါင်းပြီး ၂၀၀၇ ၌ အကြီးစား ရေအားလျှစ်စစ်စီမံကိန်း တည်ဆောက်ရန် ဆောင် ရွက်ခဲ့ရာ ဒေသခံပြည်သူများ၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ယာယီ ရပ်ဆိုင်းကြောင်း ၂၀၁၁ စက်တင်ဘာ၌ ကြေညာခဲ့သည်။
၂၀၁၅-၂၀၁၆ တွင် လုပ်ငန်းရှင်များက အလားတူ နောက်ထပ်တူးဖော်မှုများ ရှိလာခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) အစိုးရက ပိတ်ပင်ခဲ့ပြီးနောက် ရပ်တန့်နေခဲ့ရာမှ အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှုများ တဖန် ပေါ်ပေါက်လာ ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ရှင်ဗွေယန်အုပ်စု ရှိန်ဂိုင်ယန်ကျေးရွာများတွင်လည်း စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ရန် ခွင့်ပြုထားသောကြောင့် ဒေသခံများ၏ လယ်ယာမြေတချို့ ထိခိုက်ပျက်စီးသွားပြီ ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှ ဖယ်ထုတ်မှု ဒီမိုကရေစီလမ်းကြောင်း တခေတ်ပြောင်းလာစေ
မြန်မာအတိုက်အခံများကို တနေရာပေးရန် ASEAN အတွက် အချိန်ကျပြီ
တော်လှန်ရေးကို အရှိန်အဟုန် မြှင့်လိုက်တယ်