မြောက်ပိုင်းစစ်မျက်နှာတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စိုးမိုးလှုပ်ရှားရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းအပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ပါ ပါဝင်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် KIA စစ်ရေးပူးပေါင်းမှုအရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ PDF တပ်ရင်းများသည် စစ်ဒေသ ၁ အတွင်း ပါဝင်ပြီး စစ်ဒေသမှူးအဖြစ် KIA စစ်ဦးစီးချုပ်က ဆောင်ရွက်သည်။
ထို့ပြင် KIA ၏ မဟာမိတ်များဖြစ်ကြသည့် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့သည်လည်းကောင်း၊ ချင်းအမျိုးသားတပ်ဦး (CNF) သည်လည်းကောင်း အခါအားလျော်စွာ KIA ၏ စစ်ဆင်ရေးတွင် ပါဝင်ကြ၏။ သို့ဖြစ်ရာ KIA ၏ စစ်ဆင်ရေးနယ်မြေအတွင်း ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ ပါဝင်ပြီး ကျယ်ပြန့်သည့် မြောက်ပိုင်းစစ်မျက်နှာဟု ဆိုရမည်။
မြောက်ပိုင်းစစ်မျက်နှာသည် ကျယ်ပြန့်သကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ အင်အားလည်း များပြားသည်။ KIA တပ်ဖွဲ့သည် စုပေါင်း ခြေလျင်တပ်ရင်း ၅၁ ရင်းပါသည့် တပ်မဟာ ၁၂ ခု၊ လက်နက်ကြီးတပ်ရင်း ၄ ရင်းနှင့် အထူးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) သည် တပ်ဖွဲ့ ၁၃ ခု ထပ်မံ ဖွဲ့စည်းထားပြီး အင်အား ၁,၇၀၀ ခန့်ရှိ၏။ ရက္ခိုင့်တပ်တော်သည် အင်အားအချို့ (အများဆုံး ၁၀ ရင်းခန့်) ရှိနိုင်၏။ ABSDF မှ စစ်ကြောင်းနှစ်ခုဖြင့် အင်အား ရာအချို့ရှိ၏။ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရှမ်းမြောက်တို့တွင် PDF တပ်ရင်းများစွာ ရှိသော်လည်း လက်နက်တပ်ဆင်နိုင်မှုအရ PDF တပ်ရင်းအချို့ကို စစ်ဆင်ရေးကြီးများအတွက် ထုတ်နုတ်အသုံးပြုပြီး အများစုကို ပြောက်ကျားတပ်ဖွဲ့များအဖြစ် ဖြန့်ခွဲလှုပ်ရှားစေသည်ကို တွေ့ရ၏။
၂၀၂၃ ခုနှစ် မိုးရာသီတွင် စစ်တပ်ကပြုလုပ်သည့် နန်ဆန်ယန်ထိုးစစ်အား အထိနာအောင် ပြန်လည် တိုက်ခိုက်ပြီးနောက် မြောက်ပိုင်းစစ်မျက်နှာတွင် တိုက်ပွဲကြီးများအတွက် အချိန်ပြန်ယူခဲ့၏။ ထို့နောက် ရှမ်းမြောက်တိုက်ပွဲများကို အခွင့်ကောင်းယူ၍ စစ်ဆင်ရေးများကို ပြန်လည်စတင်ခဲ့၏။
စစ်ကိုင်း
မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး အရှိန်အား အခွင့်ကောင်းယူပြီး KIA သည် စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်တို့တွင် စစ်မျက်နှာများ စတင်ဖွင့်လှစ်ခဲ့၏။ ကောလင်း မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်ခဲ့ပြီး နိုဝင်ဘာ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့၏။ စစ်ကောင်စီက ကောလင်းအား ပြန်လည် ထိုးစစ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်တွင် စတင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၁ ရက်ဝန်းကျင်ခန့်တွင် ပြန်လည်သိမ်းပိုက်ခဲ့၏။ ယခုအခါ PDF များက မြို့အား ဝိုင်း၍၊ မြို့တွင်းသို့ ဝင်ရောက်၍ ပြန်လည် တိုက်ခိုက်လျက်ရှိ၏။
ခမ်းပါတ် မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့၏။ စစ်ကောင်စီက ခမ်းပါတ် ပြန်လည်ထိုးစစ်အား ၂၀၂၃ ဒီဇင်ဘာ ၅၊ ၆ ရက်နေ့တို့တွင် ပြန်လည် စတင်ခဲ့သော်လည်း၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်ဆုတ်ခွာသွားသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး အရှိန်အား အခွင့်ကောင်းယူပြီး KIA သည် စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်တို့တွင် စစ်မျက်နှာများ စတင်ဖွင့်လှစ်ခဲ့၏။ ကောလင်း မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်ခဲ့ပြီး နိုဝင်ဘာ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့၏။
ရွှေပြည်အေး မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၂၁ ရက်တွင် စတင်ခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်တွင် သိမ်းပိုက်နိုင်ခဲ့၏။ စစ်ကောင်စီ၏ ရွှေပြည်အေး ပြန်လည်ထိုးစစ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင် စတင်ခဲ့သော်လည်း PDF တပ်ဖွဲ့များ၏ ခုခံမှုကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်ဝန်းကျင်တွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွား၏။
ကလေးမြို့တွင် အဓိက စခန်းသိမ်းတိုက်ပွဲကြီးအဖြစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်ပြီး ရဲစခန်းတခုနှင့် အကျဉ်းစခန်း နှစ်ခုအား နိုဝင်ဘာ ၄ ရက်နေ့တွင် သိမ်းပိုက်ခဲ့၏။ တဖန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကလေးတပ်နယ်မှ စခန်း သုံးခုကို သိမ်းပိုက်ခဲ့ပြီး ကျန်စခန်းများ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်၏။
မော်လူးမြို့ကိုလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် KIA နှင့် PDF တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့၏။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီက မော်လူးမြို့အား ပြန်လှန် ထိုးစစ်ဆင်ရန် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ။
ကနီမြို့သိမ်းတိုက်ပွဲကို PDF များက ၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် စတင်ခဲ့ပြီး မြို့နေရာ အများစုအား ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း စစ်ကူလာသည့်တပ်များအား ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်၏။
ရှမ်းမြောက်
တချိန်တည်းတွင် ရှမ်းပြည်မြောက်ပိုင်းတွင်လည်း KIA အတွက် ခြေကုပ်နေရာများရရှိရန် တပ်မဟာ ၄၊ ၆၊ ၈ တို့မှ အင်အားများကို စုစည်း၍ မုန်းပေါ်၊ မုန်းစီး၊ နမ္မတူ – နန့်ဟိုင်းဒေသများအား တိုက်ခိုက် ထိန်းချုပ်ပြီး နန့်ဖတ်ကာ မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၂၉ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်တွင် နန့်ဖတ်ကာအား အပြီးသိမ်းပိုက်နိုင်ခဲ့၏။ နန့်ဖတ်ကာ မြို့သိမ်းတိုက်ပွဲမှာ ၂၇ ရက် ကြာမြင့်ခဲ့၏။ ဟောင်ဝစ်ဇာ အမြောက်များနှင့် လက်နက်ငယ် ၃၀၀ ကျော် သိမ်းပိုက်ရရှိခဲ့၏။ ရှမ်းမြောက်တွင် ထိုက်သင့်သည့် ထိန်းချုပ်နယ်မြေတခု ရယူခဲ့၏။
ဇန်နဝါရီလ ၃ ရက်နေ့တွင် လိုင်ဇာနှင့် နားဖော့ကြားတွင် ရဟတ်ယာဉ်တစင်းကို ပစ်ချခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့တွင် နန့်ဖတ်ကာတိုက်ပွဲများအတွင်း တိုက်လေယဉ်တစင်း ပစ်ချခံရ သို့မဟုတ် ပျက်ကျခဲ့၏။
မိုးမိတ်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် KIA, PDF ပူးပေါင်းတပ်များသည် မိုးမိတ်မြို့ကို စတင်တိုက်ခိုက်ခဲ့၏။ မြို့တွင်းရှိ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့၏။
မြို့ပြင်ရှိ ဗျူဟာကုန်း၊ ခမရ ၃၄၈၊ ခလရ ၂၂၃၊ ခလရ ၂၇၆ တပ်ရင်း ဌာနချုပ်တို့အား ဆက်လက် တိုက်ခိုက်နေစဉ် ၁၀ ရက်ခန့်အကြာ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာခဲ့၏။ ဗျူဟာအရ ဆုတ်ခွာသည်ထက် အကြောင်းတခုခုကြောင့် ဆုတ်ခွာပေးပုံရ၏။ မြောက်ပိုင်းစစ်မျက်နှာတွင် ဗျူဟာအရ အောင်မြင်မှု မရသည့် တခုတည်းသော တိုက်ပွဲဖြစ်၏။
မဘိန်း၊ စီခမ်း
ရွှေလီမြစ် အနောက်ဘက်ခြမ်းရှိ မဘိန်းမြို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် KIA ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့၏။
ဖေဖော်ဝါရီလ ၁၅ ရက်တွင် စီအူနှင့် နန့်ဟွမ်းကြား တံတားကို စစ်ကောင်စီက ဗုံးကြဲဖျက်ဆီးခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စီအူနှင့် မန်စီကြားရှိ စီခန်း (ဂျယ်ခမ်း) ဗျူဟာကုန်း၊ ခလရ ၁၅၊ ၁၂၁၊ ၂၇၆၊ ၂၂၃ တပ်ရင်းများ စုပေါင်း တပ်စွဲထားသည့် ဗျူဟာကုန်းအား KIA, AA, KNDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့၏။
မန်ဝိန်းကြီး၊ မန်စီ
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် မန်ဝိန်းကြီးအနီး ကောင်းခန်၊ မန်ဝိန်းကြီး တပ်စခန်းများအား KIA တပ်မဟာ ၃၊ ရင်း ၂၇ နှင့် KNDF ပူးပေါင်း တိုက်ခိုက်နိုင်ခဲ့ပြီး သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး ၅၀ ကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
ဆက်လက်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ခမရ ၁၀၂ စခန်းထိုင်သည့် ကိုက်ထိပ်စခန်းကို တပ်မဟာ ၃ မှ ဝင်ရောက် သိမ်းပိုက်ခဲ့သကဲ့သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ခလရ ၂၅၀ စခန်းထိုင်သည့် မန်စီမြို့နယ် ဘလောင်ဒိန်ဆာ စခန်းအား သိမ်းပိုက်နိုင်ခဲ့၏။ မတ်လ ၃ ရက်နေ့ မန်စီမြို့နယ်၊ မဂျီဂုံ ဗျူဟာကုန်းအား KIA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရာ စခန်းကုန်းအများစု သိမ်းပိုက်နိုင်ပြီး ၁၂၂ ဟောင်ဝစ်ဇာ အပါအဝင် လက်နက်အမြောက်အများ သိမ်းဆည်းရမိခဲ့၏၊၊
ဆင်ဘို
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဒေါဖုန်းယန်၏ အနောက်ဘက်၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ဆင်ဘိုမြို့အား KIA တပ်မဟာ ၈ ရင်း ၅၊ ရက္ခိုင့်တပ်တော်နှင့် PDF ပူးပေါင်းအင်အားများက မြို့ကို ဦးစွာ တိုက်ခိုက်သိမ်းပိုက်ခဲ့၏။ ထို့နောက် မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ဆင်ဘို အခြေစိုက် ခလရ ၁၄၁ အား ဌာနချုပ်အား ဝိုင်းပတ်တိုက်ခိုက်မှုများ စတင်ခဲ့၏။ တချိန်တည်းတွင် ဧရာဝတီအရှေ့ခြမ်းရှိ တာလောကြီး တဝိုက်ရှိ ပြည်သူ့စစ်စခန်းများကိုလည်း KIA မှ တိုက်ခိုက်ခဲ့၏။
ဖားကန့်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှစ၍ ဝှေခါဒေသရှိ စစ်တပ်နှင့် ရဲစခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အပြီးသိမ်းယူနိုင်ခဲ့၏။ ဝှေခါဒေသတွင် အရေးပါသော ကျောက်စိမ်းမှော် ဒေသတခုဖြစ်ပြီး ဖားကန့်၏ တောင်ဘက်တွင်ရှိ၏။ ဟိုပင်သို့ ကားလမ်းပေါက်၏။ ဖားကန့်၏ တောင်ဘက် ထွက်ပေါက်ကို ပိတ်ဆို့လိုက်၏။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် KIA ပူးပေါင်းတပ်ဖွဲ့များသည် ကာမိုင်း တာဝါကုန်းကို သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ကာမိုင်းနှင့် ဖားကန့်ကြားရှိ နန့်တိန်စခန်းအား သိမ်းပိုက်ခဲ့၏။ နန့်တိန်စခန်းအား ပြန်လည် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များနှင့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် နန့်တိန်၊ ကျောက်ဖျာ တဝိုက်တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်ခဲ့ပြီး ထိုးစစ်ဆင်လာသည့် ရန်သူကို ချေမှုန်းခဲ့၏။ နန့်တိန်အား ထိန်းချုပ် လိုက်သဖြင့် ဖားကန့်မှ မိုးကောင်း၊ မြစ်ကြီးနားလမ်းအား ပိတ်ဆို့ထားနိုင်၏။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် KIA တပ်မဟာ ၉၊ ရင်း ၂၆၊ ရင်း ၃၁ နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များသည် တာမခန်ရှိ ရဲစခန်းနှင့် ခမရ ၁၁၉ ထိုင်သည့် စခန်းများကို တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရဲစခန်းအား သိမ်းပိုက်ရရှိခဲ့၏။
ခြေမြန်တပ်ရင်း (ခမရ) ၁၁၉ စခန်းကို ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လေကြောင်းပစ်ကူ၊ မြေပြင်ပစ်ကူများ ပေးပို့ကာကွယ်ခဲ့၏။ မတ်လ ၁ ရက်နေ့ တွင် KIA စခန်းအများစုကို သိမ်းနိုင်ခဲ့သည်။ သို့သော် စစ်တပ်က မတ်လ ၆ ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် တာမခန်သို့ စစ်ကူများ ထပ်မံဖြည့်တင်းပြီး ခုခံခဲ့၏။ တာမခန်သည် ဥရုမြစ်ရိုးတွင်ရှိပြီး ဖားကန့်မှ ဟုမ္မလင်းသို့ သွားသည့် လမ်းကြောင်းပေါ်တွင်ရှိ၏။
ဖားကန့်ဒေသရှိ စစ်ကောင်စီ၏ တပ်မ ၃၃ တပ်များ ထွက်ပေါက် မရှိတော့ဘဲ ပိတ်ဆို့ ဝိုင်းပတ်ခံရတော့မည်ဖြစ်ရာ စစ်ကောင်စီတပ်များ အသည်းအသန် ခုခံကာကွယ်နေ၏။ KIA ၏ စစ်ရေးရည်ရွယ်ချက်သည် စီးပွားရေးအရ အရေးပါသည့် ဖားကန့်ဒေသဖြစ်သည်ဟု စစ်ကောင်စီက ယူဆပြီး စစ်ကူပို့လာပုံရ၏။
လိုင်ဇာ စစ်မျက်နှာ
သို့သော်လည်း ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ အလုံးအရင်းနှင့် ထိုးစစ်ဆင်လာသည်မှာ လိုင်ဇာစစ်မျက်နှာတွင် ဖြစ်၏။ KIA, ရက္ခိုင့်တပ်တော်နှင့် PDF အင်အားထောင်ချီ အသုံးပြု၍ စစ်ဆင်လာခြင်း ဖြစ်၏။
လိုင်ဇာနှင့် ဆိုင်ထားသော ဖရယ်ဘွမ်၊ ဘွန်ရယ်ဘွမ်၊ ဖွန်းပျင်ဘွမ် စသည့် ဗျူဟာမှူး၊ တပ်မမှူးများ အခြေချသည့် စခန်းကုန်းများ၊ ဒေါဖုန်းယန် အခြေစိုက် ခလရ ၁၄၂ ဌာနချုပ်အပြင် ဝိုင်းမော်အနီး အောင်မြေသစ်၊ ရွှေညောင်ပင်အထိ၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀၃ တပ်ရင်း၊ ပွိုင့် ၂၅၉ လေယာဉ်ကွင်း စခန်းကုန်းနှင့် ဒေါဖုန်းယန်မြို့နယ်အနီးရှိ ရန်သူ၏ ပွိုင့် ၆၁၁ (Ntap Bum) စခန်းများအထိ ဗန်းမော်၊ မြစ်ကြီးနားကားလမ်း တလျှောက် စစ်မျက်နှာဖွင့်လှစ်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၏။
ဖားကန့်ဒေသရှိ စစ်ကောင်စီ၏ တပ်မ ၃၃ တပ်များ ထွက်ပေါက် မရှိတော့ဘဲ ပိတ်ဆို့ ဝိုင်းပတ်ခံရတော့မည်ဖြစ်ရာ စစ်ကောင်စီတပ်များ အသည်းအသန် ခုခံကာကွယ်နေခြင်း ဖြစ်၏။ KIA ၏ စစ်ရေးရည်ရွယ်ချက်သည် စီးပွားရေးအရ အရေးပါသည့် ဖားကန့်ဒေသဖြစ်သည်ဟု စစ်ကောင်စီက ယူဆပြီး စစ်ကူပို့လာပုံရ၏။
ထိုးစစ် စတင်သည့်နေ့တွင် မလိစခန်း၊ အင်လုံခ စခန်း၊ ရှဒန်ပါစခန်း၊ ဘွမ်ရဲဘွမ်စခန်း၊ ခါယာချက်စခန်း၊ ဖွမ်းပြင်ဘွမ်စခန်း၊ တပိန်မြစ်စခန်း၊ ခလရ ၂၃၇ အနီးကာကင်းစခန်း၊ ဂွယ်ကထောင်ရွာအနီးစခန်း ဟူ၍ စခန်းကိုးခု သိမ်းပိုက်ရသည်ဟု KIA က တရားဝင်ထုတ်ပြန်သည်။ မတ်လ ၈ ရက်နေ့တွင် ဒေါဖုန်းယန်၊ ခမ်ကိုင်တောင်ရှိ ခလရ ၁၄၂ ဌာနချုပ်မှ စစ်သည်အင်အား ၁၀၀ ခန့်နှင့် အိမ်ထောင်သည် ၁၀၀ ခန့် လက်နက်ချ၏။
မတ်လ ၈ ရက်၊ ၉ ရက်များတွင် ကစန်ဘွမ်၊ ခါယာဘွမ်၊ လဂျားယန်၊ အင်တပ်ဘွမ် စသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရရှိခဲ့၏။ သုံးရက်အတွင်း စခန်း ၂၀ ကျော်ခန့် သိမ်းပိုက်နိုင်ခဲ့၏။ မတ်လ ၉ ရက်နေ့တွင် ပြန်လည် ထိုးစစ်ဆင်ရန် ကြိုးစားသည့် စစ်ကောင်စီ စစ်ကြောင်းအား ဝိုင်းမော်မြို့နယ် အောင်မြေသစ်နှင့် ရွှေညောင်ပင်ကြားတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့၏။
ထိုးစစ် စတင်သည့် မတ်လ ၇ ရက်နေ့တွင် မြစ်ကြီးနား လေတပ်စခန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီး ရဟတ်ယာဉ်တစင်း အပါအဝင် ထိခိုက်မှုများရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့၏။ အလားတူ ဗန်းမော် လေယာဉ်ကွင်းကိုလည်း တိုက်ခိုက် ဖျက်ဆီးခဲ့၏။
ဆွမ်ပရာဘွမ်
၂၀၂၃ ခုနှစ်က ဆွမ်ပရာဘွမ်နှင့် မြစ်ကြီးနားကြား စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယခု လိုင်ဇာထိုးစစ်နှင့်အတူ ဆွမ်ပရာဘွမ်မြို့နှင့် အနီးရှိ စခန်းများကို ၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၏။ ဦးစွာ မလိယန်စခန်းအား သိမ်းပိုက်နိုက်ခဲ့ပြီး ဆွမ်ပရာဘွမ် ရဲစခန်းမှ လက်နက်ချခဲ့၏။ ကျန်စခန်းများအား ဆက်လက် ထိုးစစ်ဆင်နေဆဲ ဖြစ်၏။
ကချင်စစ်မျက်နှာ
လက်ရှိ ကချင်စစ်မျက်နှာတွင် လိုင်ဇာထိုးစစ်သည် တဖက်က မြစ်ကြီးနားကို ဦးတည်သကဲ့သို့ တဖက်တွင် ဗန်းမော်ဘက်သို့ ဦးတည်သည်။ ဗန်းမော်၏ အရှေ့ဘက် မဂျီဂုံဗျူဟာ၊ ဘလောင်ဒိန်ဆာ၊ ကိုက်ထိပ်၊ မန်ဝိန်းကြီး၊ ဗန်းမော်၏ တောင်ဘက်ရှိ စခန်းကြီး၊ မဘိန်းတို့အား KIA ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ပြီး ဗန်းမော်၏ အနောက်ဘက်ရှိ ရွှေကူ-ဧရာဝတီ မြစ်ကြောင်းတလျှောက် KIA နှင့် PDF များ လှုပ်ရှားစိုးမိုးနေ၏။ ယခု ဒေါဖုန်းယန်မှ ကုန်းလော၊ မြို့သစ်သို့ ဦးတည်လာရာ ဗန်းမော်သည် ပတ်လည်မှ ဝိုင်းပတ်ပိတ်ဆို့ခံရပြီ ဖြစ်၏။
ထို့ကြောင့်လည်း မတ်လ ၇ ရက် ညသန်းခေါင်သန်းလွဲတွင် ဗန်းမော်တက္ကသိုလ်အတွင်းရှိ ဆရာနှင့် ကျောင်းသားများအား ဖယ်ရှားပြီး စစ်တပ်မှ ဝင်ရောက်နေရာယူသည်ကို တွေ့ရ၏။ ညကြီးမင်းကြီး ကမူးရှူးထိုး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေကြပုံရ၏။
တချိန်တည်းတွင် တာမခန်စခန်းအား KIA မှဆက်လက်တိုက်ခိုက်ရာ မတ်လ ၉ ရက်နေ့ညတွင် သိမ်းပိုက်ရရှိခဲ့၏။ သို့ဖြစ်ရာ ဖားကန့်ဒေသသည်လည်း ဝှေခါ၊ နန့်တိန်၊ တာမခန်တို့မှ ပတ်လည်ပိတ်ဆို့ပြီး ဖြစ်၏။
တဖန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဟိုပင်နှင့် နန့်ရင်းကြားလမ်း ဘူဒိုဇာနှင့် ထိုးဖျက်ပြီး ကားလမ်းပိတ်သည်ကို တွေ့ရ၏။ မိုးညှင်းအမြောက်တပ်ကလည်း လက်နက်ကြီးများ ပစ်ခတ်နေသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ သံလမ်းရိုးဟု ဒေသခံများက ခေါ်ကြသည့် မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ မော်ဟန်၊ နန့်စီအောင် တလျှောက်တွင် KIA နှင့် ပူးပေါင်းတိုက်ခိုက် လာနိုင်သည်ဟု တွက်ဆပုံရ၏။ မော်လူးအား PDF များ သိမ်းပိုက်ထားသည်ဖြစ်ရာ ကချင်ပြည်နယ်၊ သံလမ်းရိုးအား တိုက်ခိုက်ခဲ့ပါက မြစ်ကြီးနားအား တောင်ဘက်မှ ပိတ်ဆို့ဖြတ်တောက်ခံရပြီ ဖြစ်၏။
မြောက်ဘက် ဆွမ်ပရာဘွမ်၊ အရှေ့ဘက် ဝိုင်းမော်၊ အနောက်ဘက် ကာမိုင်း စသည်ဖြင့် မြစ်ကြီးနားအား ပတ်လည်မှ ဝိုင်းပတ်ခံရပြီ ဖြစ်၏။ သို့ဖြစ်ရာ ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဗန်းမော်သို့ ကုန်းလမ်းမှ စစ်ကူ၊ ရိက္ခာ၊ ခဲယမ်း မပို့နိုင်တော့ဘဲ စရိတ်စကကြီးသည့် လေကြောင်းဖြင့်သာ ပို့နိုင်တော့မည်ဖြစ်၏။ ဗန်းမော်သို့ ရေကြောင်းနှင့် ပို့နိုင်သော်လည်း လမ်းတလျှောက်တိုက်ခိုက်ခံရပြီး အမြန်ပို့ဆောင်နိုင်မည်မဟုတ်ပေ။
တချိန်တည်းတွင် ဆွမ်ပရာဘွမ်သို့ ပူတာအိုမှ ပို့သည့်စစ်ကူများအား ဆွတ်ပီယန် မရောက်မီ ဖြတ်တောက် တိုက်ခိုက်ခံရပြီး ရှေ့မတိုးနိုင်ပေ။ သို့ဖြစ်ရာ ပူတာအိုသည်လည်း ကချင်ပြည်နယ် မြောက်ဘက်စွန်းတွင် အထီးတည်း ပိတ်မိနေပြီး လေကြောင်းမှလွဲ၍ ထောက်ပို့ မရှိတော့ပေ။
ကချင်စစ်မျက်နှာတွင် လက်ရှိ ဗန်းမော်နှင့် ဖားကန့်တို့ ဝိုင်းပတ် ပိတ်ဆို့ခံထားရပြီး မြစ်ကြီးနားလည်း ပိတ်ဆို့ခံရမည့် အလားအလာရှိချိန်တွင် စစ်တပ်အတွက် ကချင်ပြည်နယ်တွင် KIA ၏နောက်ထပ် စစ်ရေးပစ်မှတ်သည် ဗန်းမော်လော၊ ဖားကန့်လော၊ မြစ်ကြီးနားလော ဆိုသည်ကို တွက်ဆရန် ခက်ခဲသွားပေတော့၏။
မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်သာမက ပူတာအို၊ တနိုင်း၊ ဆဒုံးဒေသများသည်လည်း အသီးသီး ဖြတ်တောက် ပိတ်ဆို့ခံနေရပြီး ၁၀၂၇ စစ်ဆင်ရေး စတင်ခါစက ရှမ်းမြောက်အခြေအနေသို့ ရောက်နေပေသည်။
စစ်ဒေသ ၁
ထို့ပြင် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့အား စစ်ဒေသ ၁ အဖြစ် စစ်ရေး တာဝန်ယူထားသော KIA အနေဖြင့် ထိုတိုင်းများအတွင်း ပြောက်ကျားစစ် ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲနေရာမှ ပြောက်ကျားစစ်နှင့် ပေါင်းစပ်ပြီး လှုပ်ရှားစစ်၊ ထိုးစစ်များကို စစ်ကောင်စီ၏ တပ်တည်တပ်လှုပ်အပေါ် မူတည်၍ ပြုလုပ်လာနိုင်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့က NUG ကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ်တို့ မန်ဝိန်းကြီး စစ်မြေပြင်သို့ လာရောက် စစ်ဆေး လူလုံးပြသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။
လက်ရှိ စစ်ကိုင်းတိုင်းတွင် ခမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူးတို့ကို သိမ်းပိုက်ထားဆဲဖြစ်ပြီး ကောလင်း၊ ကလေး၊ ကနီတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲ ဖြစ်၏။ ထို့အပြင် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းများအတွင်း တန့်ဆည်၊ ကန်ထူးမတိုက်ပွဲအပါအဝင် တိုက်ပွဲငယ်များစွာလည်း ဖြစ်ပွားနေသည်။ ထို့ပြင် မဘိန်း၊ ထီးချိုင့်နှင့် ဆက်စပ်နေသည့် တကောင်း၊ ကြာညှပ်ဒေသတွင်လည်း တိုက်ပွဲများပြင်းထန်၍ ကားလမ်းပိတ်ထားရ၏။
မန္တလေးတိုင်းအတွင်းမှ မန္တလေး PDF နှင့် မိုးကုတ် PDF များသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နှင့် ပူးတွဲ လှုပ်ရှားခဲ့သော်လည်း ယခုအခါ TNLA အပစ်ရပ်သွားပြီ ဖြစ်သဖြင့် စစ်ဒေသ ၁ ၏ စစ်ရေးလှုပ်ရှားမှုများတွင် ပြန်လည် တွေ့မြင်ရနိုင်၏။
မြောက်ပိုင်းစစ်မျက်နှာ
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ ပါဝင်သည့် မြောက်ပိုင်းစစ်မျက်နှာတွင် ကချင်စစ်မျက်နှာမှစ၍ ပြန်လှန်ထိုးစစ် စတင်ခဲ့ပြီဖြစ်၏။ ပြောက်ကျားစစ်၊ ခုခံစစ်မှသည် လှုပ်ရှားစစ်၊ ပြန်လှန်ထိုးစစ်သို့ ကူးပြောင်းလာခဲ့ပြီဖြစ်၏။ စစ်တပ်သည် အချိန်တိုအတွင်း စခန်းများလက်လွှတ်ရ၊ လက်နက်ချရသည့်အပြင် မြေပြင်စစ်ကူ စေလွှတ်နိုင်ခြင်း မရှိပေ။ လေတပ်ကလည်း စစ်မြေပြင် မဟုတ်သည့် လိုင်ဇာကိုသာ အညှိုးအတေးနှင့် ဗုံးကြဲတိုက်ခိုက်နေရာ လက်တွေ့ တိုက်ပွဲဖြစ်ပွားနေသည့် စစ်မြေပြင်သို့ အကူအညီ မဖြစ်ပေ။ အခြားစစ်မျက်နှာများကဲ့သို့ပင် မြောက်ပိုင်းစစ်မျက်နှာတွင်လည်း တော်လှန်ရေးတပ်ဖွဲ့၏ ထိုးစစ်ကို မခံနိုင်ခဲ့ပေ။
မန္တလေးတိုင်းအတွင်းမှ မန္တလေး PDF နှင့် မိုးကုတ် PDF များသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နှင့် ပူးတွဲ လှုပ်ရှားခဲ့သော်လည်း ယခုအခါ TNLA အပစ်ရပ်သွားပြီ ဖြစ်သဖြင့် စစ်ဒေသ ၁ ၏ စစ်ရေးလှုပ်ရှားမှုများတွင် ပြန်လည် တွေ့မြင်ရနိုင်၏။
မြောက်ပိုင်း စစ်မျက်နှာ၏ စစ်ရေး အပြောင်းအလဲများကြောင့် ကျယ်ပြန့်သည့် ပြောက်ကျားစစ်ဆင်မှုနှင့်အတူ စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများကို ကချင်စစ်မျက်နှာတွင်သာမက စစ်ဒေသ ၁ အတွင်းရှိ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့တွင်ပါ ဆက်လက် တွေ့ရတော့မည်ဖြစ်၏။
ကျယ်ပြန့်သော မြောက်ပိုင်းစစ်မျက်နှာတွင် KIA, AA, PDF တို့၏ ပူးပေါင်းစစ်ဆင်ရေး ရည်မှန်းချက်နှင့် ပစ်မှတ်များကို တွက်ဆရန် ခက်ခဲနေပေလိမ့်မည်။ ထို့အပြင် လိုင်ဇာစစ်မျက်နှာတွင် တိုက်ပွဲဝင်နေကြသူများမှာ ကချင်များသာမက ရခိုင်များလည်းပါသည်။ ထို့အတူ အညာ PDF, ဗမာ PDF များလည်း ပါသည်။ နိုင်ငံရေးအရဆိုလျှင် ပြည်ထောင်စုပုံစံသစ်ကို ပူးပေါင်း လက်တွဲ အကောင်အထည် ဖော်နေကြခြင်း ဖြစ်၏။
မြောက်ပိုင်း၏ တိုက်ပွဲခေါ်သံ စတင်ခဲ့ပေပြီ။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ
လှုပ်လှုပ်ရှားရှား ကူမင်းဆွေးနွေးပွဲများ
တအာင်းမြို့များအတွက် အရပ်သား အုပ်ချုပ်ရေး ကတိပြု
KNU ထိန်းချုပ်နယ်မြေများ ပိုမို ကျယ်ပြန့်လာနေ ဟုဆို
စစ်ကောင်စီကို တိုက်ရန် မွန်ပြည်သစ်ပါတီမှ အတွင်းရေးမှူးနှင့်အဖွဲ့ ခွဲထွက်