ကြုံဖူးခဲ့သမျှသော ပြည်ထောင်စုနေ့များ၏ မြန်မာနိုင်ငံ အခြေအနေများနှင့် နှိုင်းယှဉ်လျှင် ယခုနှစ် ၂၀၂၄ နှစ်တွင် ကြုံတွေ့ရသော အခြေအနေမှာ အဆိုးဝါးဆုံးဟု ထင်မြင်မိပါသည်။
နိုင်ငံတနိုင်ငံအနေဖြင့် ဆိုးခြင်းနှင့် ကောင်းခြင်း ဆိုသည်မှာ အထူးအဆန်း မဟုတ်သော်ငြားလည်း ယနေ့မြန်မာနိုင်ငံ ကြုံတွေ့နေရသော အခြေအနေမှာ တမူထူးသည်ဟု ဆိုနိုင်ပါလိမ့်မည်။ ပြည်သူလူထုကြီး၏ ဆိုးခြင်းနှင့် ကောင်းခြင်းများ၊ မုန်းခြင်းနှင့် ချစ်ခြင်းများတွင် မည်သည့်ခေတ်ကာလတုန်းကမှ မရှိခဲ့ဖူးသော ရက်စက်ခြင်း၊ မုန်းတီးခြင်း၊ ခံပြင်းခြင်း စသည့် ဒေါသရောပြွန်းနေသော ခံစားမှုများက မထိန်းနိုင် မသိမ်းနိုင်လောက်သည်အထိ ပြန့်ပွားနေသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။
အဖွဲ့အစည်း Institutional အစွဲကြီးမှုများ၊ လူမျိုးရေး အစွဲကြီးမှုများသည် အရှိန်အဟုန်ဖြင့် တိုးပွားမြင့်တက်နေသည်မှာ မငြင်းနိုင်သည့်အချက် ဖြစ်သည်။ ထိုသို့သော အစွဲအယူများကြောင့် ထိခိုက်ခံစားခဲ့ကြရသော မိသားစုများ၊ လူပုဂ္ဂိုလ်များအနေဖြင့်လည်း နာကျည်းမှုများ၊ ဒေါသဖြစ်မှုများ၊ မုန်းတီးရွံရှာမှုများဖြင့် ဖုံးလွှမ်းနေကြရသည်ကို နားလည်ပေးနိုင်ပါသည်။
ထိုသို့သော အခြေအနေများတွင် မူဝါဒအတွက်ဖြစ်စေ၊ ယုံကြည်ချက်အတွက်ဖြစ်စေ၊ ခံယူချက်အတွက်ဖြစ်စေ ဆွေးနွေးညှိနှိုင်းကြဖို့ မည်သူမှ စိတ်ကူးထဲတွင် ရှိမနေကြတော့ပေ။ လက်နက်ဖြင့် အနိုင်တိုက်ကြခိုက်ကြဖို့ကိုသာ အားသန်နေကြပါတော့သည်။ လူမှုကွန်ရက်များတွင် ရေးသားကြသော ကောက်ချက်များအား ကြည့်လိုက်လျှင်လည်း ဒေါသ၊ မောဟသံများကိုသာလျှင် အများစု တွေ့နေရပါသည်။
အပြုသဘောဆောင်သော၊ တိုင်းပြည်အား မည်သို့မည်ပုံ ပြန်လည်ထူမတ်ကြမည်လဲဆိုသည့် အရေးအသားများ၊ အပြောအဆိုများကိုလည်း များများစားစား မတွေ့ရသည့်အတွက်လည်း အံ့အားသင့်စရာ ဖြစ်ရပါသည်။ စကားဝိုင်းဖွဲ့မိသည့် မိတ်ဆွေများအတွင်း အားလုံးလောက်နီးနီးသည် စိတ်ပျက်လက်ပျက် ဖြစ်နေကြသူတွေက အများစုဖြစ်နေသည်။ လက်ရှိအခြေအနေကို ထိန်းသိမ်းနိုင်ဖို့ မည်သူကမှ မတတ်နိုင်ကြဟူသော ကောက်ချက်မျိုးကိုသာ ချမှတ်နေကြသူက ပို၍ပင် အများစု ဖြစ်နေပါသည်။ ပြည်ထောင်စုနေ့ကိုပင် အသိအမှတ်ပြု စိတ်ဝင်စားသူများ အလွန်ကို နည်းပါးသွားသည်မှာ စိတ်မကောင်းစရာ ဖြစ်ပါသည်။
မူဝါဒအတွက်ဖြစ်စေ၊ ယုံကြည်ချက်အတွက်ဖြစ်စေ၊ ခံယူချက်အတွက်ဖြစ်စေ ဆွေးနွေးညှိနှိုင်းကြဖို့ မည်သူမှ စိတ်ကူးထဲတွင် ရှိမနေကြတော့ပေ။ လက်နက်ဖြင့် အနိုင်တိုက်ကြခိုက်ကြဖို့ကိုသာ အားသန်နေကြပါတော့သည်။
ယနေ့ စစ်တိုက်နေသူများ၏ အများစုမှာ နိုင်ငံရေး မျှော်မှန်းချက်၊ ယုံကြည်ချက်ဖြင့် တိုက်နေကြသည်ကို နားလည်ပေးနိုင်သော်လည်း အချို့အချို့သော ပုဂ္ဂိုလ်များမှာမူ အမုန်းတရားသက်သက်ဖြင့် စစ်တိုက်နေကြသည်ကို တွေ့မြင်လာရသောအခါ များစွာ စိတ်မကောင်း ဖြစ်ရပါသည်။ အမုန်းတရား သက်သက်ဖြင့် တိုက်ခိုက်ကြသည်ဆိုလျှင် အပြန်အလှန် တိုက်ခိုက်မှုများမှာ မည်သည့်အခါမှ ပြီးဆုံးသွားဖွယ် မရှိတော့ပေ။ အဆုံးအစ မရှိ၊ အပြန်အလှန် တိုက်ခိုက်နေကြမည့် ဝဲသြဃ သံသရာတွင် နစ်မွန်းနေတော့မည် ဖြစ်ပါသည်။
အချို့သော စာရေးသူများက ၁၉ ရာစု အတွေးအခေါ်တခုဖြစ်သည့် “အာဏာဆိုတာ သေနတ်ပြောင်းဝကနေ ထွက်တာ” ဆိုသည့် အဆိုအမိန့်ဖြင့် စစ်တိုက်နေသူများကို အားပေးခြင်းများကိုလည်း တွေ့လာရရာ စစ်ပွဲများပိုပြီး အရှိန်အဟုန်တက်လာမည်ကို စိတ်ပျက်မိပါသည်။ အဆိုပါ အတွေးအခေါ်သည် ယနေ့ခေတ်ကာလနှင့် လားလားမျှ မအပ်စပ်တော့ပါ။ ယနေ့ခေတ်ကာလသည် ပညာခေတ်ကာလများဖြစ်၍ လက်နက်ဖြင့် အာဏာတည်ဆောက်မှုသည် ထွန်းကားရန် မဖြစ်နိုင်တော့ပေ။ အကယ်၍များ ထွန်းကားနေမည်ဆိုခဲ့ပါကလည်း ပြည်တွင်းစစ်သည်လည်း ပြီးစီးနိုင်ရန် လမ်းမမြင်နိုင်တော့ဟု ဆိုချင်ပါသည်။
သို့ဆိုလျှင် တိုင်းပြည် အေးချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုသည်မှာလည်း လမ်းမမြင်နိုင်တော့ဟု ဆိုချင်ပါသည်။ ပါဝင်ပတ်သက် တိုက်ခိုက်နေကြသူများအပြင် ဒေသတွင်းရှိ ပြည်သူလူထု အားလုံးမှာလည်း ဒုက္ခဆင်းရဲများ ဆက်လက် ရင်ဆိုင်ကြရပေမည်။
အမှန်စင်စစ် ယနေ့ခေတ်ကာလသည် လက်နက်ဖြင့် ကြီးနိုင်ငယ်ညှဉ်း အုပ်ချုပ်နိုင်ဖို့ဆိုသည်မှာ စိတ်ကူးယဉ်ခြင်းသက်သက်သာဖြစ်ပြီး အကယ်၍များ ဖြစ်ခဲ့မည်ဆိုလျှင် ခဏမျှသာ ဖြစ်နိုင်မည်ဖြစ်ပါသည်။ ထိုသို့သော လက်နက်ဖြင့် အုပ်ချုပ်သူကိုယ်တိုင်ပင်လျှင် မိမိလုပ်ခဲ့သည့်ဒဏ်များကို မိမိကိုယ်တိုင် ပြန်ခံရဖို့ ဖြစ်နိုင်ခြေ အလွန်များမည် ဖြစ်ပါသည်။
ယခုနှစ် ပြည်ထောင်စုနေ့ ဝန်းကျင်တွင် ဖြစ်ပျက်နေခဲ့သော အများသိပြီးဖြစ်သည့် အဖြစ်အပျက်များမှာ တုန်လှုပ် ခြောက်ခြားစရာ အဖြစ်အပျက်များ ဖြစ်ပါသည်။ မုန်းတီးမှု၊ ရက်စက်မှုအပြည့်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ စစ်ပွဲများတွင်လည်း စစ်တပ်ဘက်မှ အကျအဆုံး များလာသည့်အပြင် လက်နက်ချခြင်း၊ စခန်းအား စွန့်ခွာခြင်း၊ ထွက်ပြေးခြင်းများကြောင့် စစ်စခန်းအများအပြား လက်လွှတ်ခဲ့ရပြီ ဖြစ်ပါသည်။
အမှန်စင်စစ် ယနေ့ခေတ်ကာလသည် လက်နက်ဖြင့် ကြီးနိုင်ငယ်ညှဉ်း အုပ်ချုပ်နိုင်ဖို့ဆိုသည်မှာ စိတ်ကူးယဉ်ခြင်းသက်သက်သာဖြစ်ပြီး အကယ်၍များ ဖြစ်ခဲ့မည်ဆိုလျှင် ခဏမျှသာ ဖြစ်နိုင်မည်ဖြစ်ပါသည်။
လူအင်အားမှာလည်း စာရင်းလိမ်ပြထားမှုများကြောင့် လက်တွေ့တွင် စာရင်းပါ အရေအတွက်ထက် နည်းလွန်းမက နည်းနေပြီး ၂၀၁၀ တုန်းက ပြဌာန်းထားသော စစ်မှုထမ်းဥပဒေအား ပြန်လည်အသက်သွင်း၍ လူသူစုဆောင်းနေရသည့် အခြေအနေဖြစ်ပါသည်။ မကြာမီ မြို့ပြများ၏ လမ်းမများပေါ်တွင် ဥပဒေအရဟုဆိုပြီး လူငယ်လူရွယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးမှုများ ဖြစ်လာနိုင်သည်ဟု ဆိုပါသည်။
သို့သော် သာမန်အားဖြင့်ဆိုလျှင် အများယူဆထားသကဲ့သို့ စစ်တပ်သည် အလျင်အမြန် ကျဆုံးဖို့တော့ မလွယ်သေးဟု သုံးသပ်မိပါသည်။ အဆိုပါအခြေအနေမှာ နှစ်ဖက်တိုက်ပွဲများ ဆက်လက်၍ ကြာရှည်နေဦးမည့် သဘောဟု သုံးသပ်မိပါသည်။
ပညာရှင် အတော်များများ၏ မှတ်ချက်များကို နားထောင်ကြည့်သောအခါ စစ်ပွဲများအလွန်အတွက် သူတို့စိုးရိမ်ကြသည်ဟု ဆိုပါသည်။ စစ်ပွဲများ ပြီးစီးပြီးသည့်နောက်ပိုင်း ဖြစ်ပေါ်လာမည့် အချင်းချင်း ပြဿနာများမှာ ယခုစစ်ပွဲဖြစ်နေသည်ထက် မလျော့နည်းနိုင်သော ပြဿနာများ ဖြစ်လာလိမ့်မည်ဟု သူတို့က ခန့်မှန်းပြီး စိတ်ပူသည်ဟု ဆိုပါသည်။
အိမ်နီးချင်း နိုင်ငံတချို့အနေဖြင့် စစ်တပ်ကျဆုံးသွားခဲ့လျှင် မြန်မာနိုင်ငံအား ထိန်းသိမ်းနိုင်မည့်အဖွဲ့အစည်း မရှိတော့ဘဲ အချင်းချင်းဖြစ်သည့် ပဋိပက္ခကြောင့် တိုင်းပြည်ပြိုကွဲမည့် အန္တရာယ်ရှိသည်ဟုပင် ယူဆသူများရှိသည်ဟု ကြားသိရပါသည်။ အချို့ကမူ စစ်တပ်ရှိနေသောကြောင့်သာ တိုင်းပြည်ပြိုကွဲမည့် အန္တရာယ်ဖြစ်နေတာဖြစ်ပြီး စစ်တပ်မရှိတော့မှ အဆိုပါအန္တရာယ်မှ ကင်းလွတ်မည်ဟု ဆိုပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့ ကျင်းပသော ကာ/လုံ အစည်းအဝေးတွင် မြန်မာအား အပြောင်းအလဲများ ပြုနိုင်သည်ဟု အများက မျှော်လင့်ထားခဲ့ကြသည်ဟု ဆိုပါသည်။ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တချို့ပင်လျှင် အပြောင်းအလဲရှိမည်ဟု ယုံကြည်ကြသည်ဟု သိရသည်။
အဘယ်ကြောင့်ဆိုသော် တိုင်းပြည်အား အုပ်စိုးသူ စစ်တပ်အနေဖြင့် လက်ရှိအတိုင်း ဆက်သွား၍ မဖြစ်နိုင်တော့သည်ကို အားလုံးက လက်ခံထားကြသောကြောင့် ဖြစ်ပါသည်။ သို့သော် လက်တွေ့တွင် မည်သည့် အပြောင်းအလဲကိုမှ မပြုလုပ်ခဲ့ပေ။ ခေါင်းဆောင်တဦးတည်း၏ သဘောထားကြောင့်လား၊ ပြောင်းလဲမှုပုံစံများအား ညှိနှိုင်း၍ မရသောကြောင့်လား မသိရပေမင့် လက်ရှိအတိုင်း ဆက်သွားနေဦးမည်ဆိုလျှင် စစ်တပ်အတွက် အခက်အခဲများစွာကို ရင်ဆိုင်ရတော့မည်ဟု ဆိုကြပါသည်။
အချို့ကမူ စစ်တပ်ရှိနေသောကြောင့်သာ တိုင်းပြည်ပြိုကွဲမည့် အန္တရာယ်ဖြစ်နေတာဖြစ်ပြီး စစ်တပ်မရှိတော့မှ အဆိုပါအန္တရာယ်မှ ကင်းလွတ်မည်ဟု ဆိုပြန်သည်။
မြန်မာသည် လက်တွေ့ဘဝ၌ နေရာဒေသတိုင်းလိုလို လူမျိုးပေါင်းစုံ ရောယှက်ကာ နေထိုင်ကြသည်က များပါသည်။ လူမျိုးတမျိုးထဲက အများစုနေထိုင်ကြသည့် ဒေသများလည်း ရှိပင်ရှိငြားသော်လည်း အဆိုပါလူမျိုးကြီးက သူနှင့်အတူ နေထိုင်ကြသော အခြားလူမျိုးငယ်များအား အနိုင်ကျင့်ဖိနှိပ်မှုများဟူ၍ မဆိုစလောက်မျှသာ ရှိနိုင်ပါသည်။ ပြုပြင်နိုင်သည့် အနေအထားတွင် ရှိသည်ဟု ဆိုချင်ပါသည်။
မဟာလူမျိုးကြီးဝါဒဟု စွပ်စွဲပြစ်တင်နေကြသော်လည်း လက်တွေ့တွင် စစ်တပ်တခုတည်းကသာ ကျင့်သုံးလေ့ရှိသည်ကို တွေ့နိုင်ပါသည်။ သို့ဆိုလျှင် ယနေ့ဖြစ်နေသော လူမျိုးစွဲဝါဒဖြင့် စစ်တိုက်နေသူများ အနေဖြင့် အဆိုပါ ရောနှောနေထိုင်နေခြင်းအား မည်သို့မည်ပုံ ဖြေရှင်းကြမည်နည်းဆိုသည့် မေးခွန်းအား ဖြေကြားရန် လိုလာပါလိမ့်မည်။
နိုင်ငံရေး အစုအဖွဲ့တခု၏ ထုတ်ပြန်ကြေညာချက်တခုတွင် ဖော်ပြထားသော “ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေး” (Peaceful co-existence) အား သတိရမိပါသည်။ ထိုအဆိုမှာ ၁၉၅၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့တွင် အာရှ၊ အာဖရိက ၂၉ နိုင်ငံက သဘောတူချမှတ်လိုက်သော အခြေခံမူ ၅ ချက်၏ ခေါင်းစဉ်ဖြစ်သည်ဟု သတိထားမိပါသည်။
သို့သော် အဆိုပါ အစုအဖွဲ့၏ အဆိုပြုချက်မှာ မြန်မာနိုင်ငံအတွင်း အတူတကွ ရောနှောနေထိုင်နေကြသော လူမျိုးများ အားလုံးအတွက် တဦးနှင့်တဦး၊ တစုနှင့်တစု ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်စေရေးကို ဦးတည်ထားသည်ကို တွေ့ရပါသည်။ အဆိုပါ အဆိုပြုချက်သည် မြန်မာ့ရှေ့ရေးအတွက် များစွာအရေးကြီးပြီး အသုံးတည့်မည်ဟု ယူဆမိပါသည်။ မြန်မာသည် ထိုသို့သော လူမျိုးတမျိုးနှင့်တမျိုး အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားကြရန် များစွာလိုအပ်နေသောကြောင့် ဖြစ်ပါသည်။ သို့မှသာလျှင် ချစ်ကြည်ခြင်းစသော လောကပါလတရားများ ထွန်းကားသော အေးချမ်းသာယာသည့် နိုင်ငံတခု ဖြစ်လာနိုင်မည်ဟု ယူဆမိပါသည်။ ထိုသို့သောကာလတွင်မှ မြန်မာနိုင်ငံအား ပြည်ထောင်စုစစ်စစ်အဖြစ် တွေ့မြင်နိုင်ပါလိမ့်မည်။
မြန်မာသည် ထိုသို့သော လူမျိုးတမျိုးနှင့်တမျိုး အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားကြရန် များစွာလိုအပ်နေသောကြောင့် ဖြစ်ပါသည်။ သို့မှသာလျှင် ချစ်ကြည်ခြင်းစသော လောကပါလတရားများ ထွန်းကားသော အေးချမ်းသာယာသည့် နိုင်ငံတခု ဖြစ်လာနိုင်မည်
မည်သို့ပင် ဆိုကြပါစေ ယနေ့ မြန်မာ့နိုင်ငံရေးနှင့် စစ်ရေးကိစ္စများတွင် ပါဝင်နေကြသူများအနေဖြင့် ကိုယ့်ယုံကြည်မှုဖြင့် လုပ်ကိုင်ကြသည်ဖြစ်ပါစေ၊ ကိုယ့်လူမျိုးစွဲဖြင့် ဆောင်ရွက်ကြသည် ဖြစ်ပါစေ၊ ကိုယ့်အာဏာ ရရှိရေးအတွက် လုပ်ကိုင်ကြသည် ဖြစ်ပါစေ တိုင်းပြည်အတွက်ဆိုသည့် စိတ်ကူးကလေးပါ ထည့်တွက်ပြီး လုပ်ကိုင်ကြမည်ဆိုလျှင် ကြုံနေရသည် ဒုက္ခသုက္ခများ အနည်းငယ် လျော့နည်းလေမလားဟူ၍ မဝံ့မရဲ မျှော်လင့်နေရပါသည်။
(ဉာဏ်လင်းသည် ဝါရင့် နိုင်ငံရေးသမားဟောင်းတဦး ဖြစ်သည်။)
You may also like these stories:
တပြည်ထောင်စနစ် ပြိုကွဲခြင်းကို တားဆီးမရ
၁၀၂၇ စစ်ဆင်ရေးအလွန် မြန်မာတွင် ဗဟိုဖြန့်ထွက်စနစ်သစ် လိုအပ်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်များကသာ နိုင်ငံ ပြိုကွဲခြင်းကို တားဆီးနိုင်မည်
ပြည်ထောင်စုတွေ ဖြေရလေ့ရှိတဲ့ စာမေးပွဲ
ပြည်ထောင်စုနေ့ကို တကိုယ်တော် မကျင်းပနိုင်