ထားဝယ်မြို့ဟာ တနင်္သာရီတိုင်း ဒေသကြီးရဲ့ မြို့တော် ဖြစ်ပါတယ်။
ထားဝယ်မြို့ကို အင်္ဂလိပ်က Tavoy လို့ သုံးပြီး တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ထားဝယ် ခရိုင်နဲ့ ထားဝယ် မြို့နယ်များ ရုံးစိုက်ရာမြို့လည်း ဖြစ်ပါတယ်။
ထားဝယ် မြစ်ဝ ကနေ မိုင် ၃ဝ ခန့် ကွာဝေးတဲ့ ထားဝယ်မြစ် လက်ဝဲဘက် ကမ်းပေါ်မှာ တည်ရှိပါတယ်။
ထားဝယ်ဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးစိုက်ရာမြို့ ဖြစ်လို့ တိုင်းဒေသကြီးရုံး၊ မြူနီစပယ်ရုံး၊ ဆေးရုံကြီး၊ အစိုးရ တန်းမြင့်ကျောင်း နဲ့ ဈေးရုံများ ရှိပြီး စည်ကားတဲ့ မြို့ကြီး တမြို့ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ထားဝယ်မှာ လူဦးရေ ၁၂၅ ၆၀၅ ဦး ရှိကြောင်း၊ ၁၉၅၃ ခုနှစ် သန်းခေါင် စာရင်းအရ ကတော့ လူဦးရေ ၄ဝ၃၁၂ ဦးခန့် ရှိကြောင်း သိရပါတယ်။
ထားဝယ်မှာ ပူအိုက် စွတ်စိုတဲ့ ရာသီဥတုလည်း ရှိပါတယ်။
ထားဝယ် မြို့ကို ကောဇာ သက္ကရာဇ် ၁၁၁၆ ခုနစ် (ခရစ် သက္ကရာဇ် ၁၇၅၄) တပေါင်းလဆန်း ၁၃ ရက်နေ့မှာ သာဂရမြို့စား ၁၇ ဆက်မြောက် မင်းနဲလှ လက်ထက်မှာ စတင် တည်ထောင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြို့စတည်တဲ့ ၁၁၁၆ ခုနစ်ကို “ဥဩ အော်သည် ထားဝယ်တည်” လို့ အဆိုအမှတ် ရှိကြောင်း သိရပါတယ်။
မင်းနဲလှ လက်ထက်မှာ လက်ရှိ ထားဝယ်မြို့ကို သာယာဝတီ အမည်နဲ့ တည်ခဲ့ခြင်း ဖြစ်တယ် လို့လည်း ဆိုပါတယ်။
မြို့တည်နေပုံမှာ လေးထောင့် ဖြစ်ပါတယ်။

သာဂရ မြို့ဟောင်းဟာ နှစ်ပေါင်းများစွာ တည်တံ့ခဲ့တဲ့ မြို့ ဖြစ်ကြောင်း သိရပါတယ်။
ထားဝယ် လူမျိုးများ ရှိပြီးမှ လူမျိုးကြောင့် ထားဝယ်မြို့လို့ ခေါ်တွင်ရခြင်း ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ထားဝယ် လူမျိုးတွေဟာ မူလ အစကတည်းက ရှိခဲ့လို့ နေရာဒေသ ထားဝယ်က ဒုတိယ လိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
ကုန်းဘောင်ခေတ် တလျှောက်လုံး ထားဝယ်မြို့မှာ မြို့ဝန်ရာထူး ထားရှိ အုပ်ချုပ်ခဲ့ရာမှာ နောက်ဆုံး ထားဝယ်မြို့ဝန်က မင်းကြီး မင်းကျော်စည်သူ ဘွဲ့ခံ ဦးရွှေလုတ် ဖြစ်ကြောင်း သိရပါတယ်။
ထားဝယ်မြို့ကို အာချီဘော်ကင်းဘဲ ဦးဆောင်သော ဗြိတိသျှ တပ်တွေက ၁၈၂၄ ခုနစ် အောက်တိုဘာမှာ ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် ရန္တပို စာချုပ်အရ ၁၈၂၆ ခုနှစ်မှာ ဗြိတိသျှ လက်အောက် ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ကိုလိုနီခေတ်မှာ မြို့လယ်မှာ အစိုးရ အဆောက်အအုံတွေ တည်ဆောက်ပြီး ရုံးတွေ ဖွင့်လှစ်ခဲ့ပါတယ်။
၁၉၃၀ ပြည့်နှစ် ဝန်းကျင်မှာတော့ ထားဝယ်လည်း နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
တော်လှန်ရေးသမား ခေါင်းဆောင်တွေ အနေနဲ့ သခင် ဗသိန်းတင်၊ သခင် စံဝင်း၊ သခင် ဗဆွေ၊ သခင် ဘိုးမှဲ့ စသူတို့ဟာ ထင်ရှားသူတွေ ဖြစ်ပါတယ်။
၁၉၄၂ ခုနှစ် ၁၉ ဇန်နဝါရီ ၁၉ ရက် BIA တပ်တွေ ချီတက်လာတဲ့ အခါမှာတော့ ထားဝယ်ကို သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီ အချိန်က ထားဝယ် နယ်သားတွေ အများအပြား BIA ထဲ ဝင်ရောက် ကြတယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့ဟာ မြို့မရပ်ကွက် ၁၅ ခု နဲ့ ရပ်ရွာအုပ်စုပေါင်း ၂၃ ခု တို့ ပါဝင်ပြီး အကျယ်အဝန်းမှာ ၂၆၃၆ ဒသမ ၁၄ စတုရန်းမိုင် ရှိကြောင်း သိရပါတယ်။
လမ်းပန်း ဆက်သွယ်ရေး အနေနဲ့ကတော့ ထားဝယ်မြို့မှာ လေဆိပ်လည်း ရှိပါတယ်။
ထားဝယ်ဟာ ရထားလမ်းနဲ့ ဝေးတဲ့ မြို့တမြို့ ဖြစ်လို့ လမ်းပန်း ဆက်သွယ်ရေးမှာ ကုန်းလမ်း ကား နဲ့ ရေလမ်း သင်္ဘောများ ကိုသာ အဓိက အားထားရကြောင်းလည်း သိရပါတယ်။
မော်လမြိုင်ကနေ ရထား လမ်းဆုံး ဖြစ်တဲ့ ရေးမြို့နဲ့လည်း ကားလမ်း ပေါက်ပါတယ်။ ဒါပေမယ့် တောင်အတက်အဆင်း ခရီးကြမ်းလို့ သွားလာရေး အခက်အခဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထားဝယ် ကားဂိတ်လည်း ရှိပြီး ကုန်တင် ကား၊ ခရီးသည်တင် လူစီးကားများ ရှိပါတယ်။

ထားဝယ် ဆိပ်ကမ်းမှာလည်း ဆိပ်ကမ်းကောင်းဖြစ် အရောင်းအဝယ် စည်ကားကြောင်း၊ ထားဝယ်ကနေ နိုင်ငံခြား ဆိပ်ကမ်း မြို့များကို ရေကြောင်း အဆက်အသွယ်လည်း အလွန်ကောင်းမွန်ကြောင်း သိရပါတယ်။
ပညာရေးကဏ္ဍ အနေနဲ့လည်း ထားဝယ် တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ထားဝယ် ကွန်ပျူတာ တက္ကသိုလ်၊ ပညာရေး ကောလိပ်၊ သူနာပြု သင်တန်းကျောင်း၊ အထက်တန်းကျောင်း ၇ ကျောင်း၊ အလယ်တန်းကျောင်း ၅ ကျောင်း၊ မူလတန်းကျောင်း ၇၈ ကျောင်းတို့ ရှိကြောင်း သိရပါတယ်။
ထားဝယ်ရှိ အထင်ကရ နေရာများကတော့ ဟိန္ဒား သတ္တုတွင်း၊ ရွှေတောင်စား စေတီတော်၊ လောကမာရဇိန် ဘုရားကြီးနဲ့ ရှင်သာလျောင်း ဘုရား၊ ရှင်ကိုးရှင် စေတီ ဘုရားများနဲ့ မောင်းမကန် ကမ်းခြေ စတဲ့ နေရာများ ဖြစ်ပါတယ်။
ရှင်ကိုးရှင် ဘုရားများမှာ ရှင်တောက်ထိန်၊ ရှင်မုတ္ထီး၊ ရှင်ဇလွန်၊ ရှင်ပင်ခရု၊ ရှင်ဓာတ်ဝဲ၊ ရှင်တောင့်ပုံ၊ ရှင်ဥဩ၊ ရှင်ဆံတော်၊ ရှင်မျှော်တို့ ဖြစ်ပါတယ်။
ဒါ့အပြင် မြစေတီ၊ ဇလွန်းတောင် ဘုရား၊ ကနန်းတောင် ဘုရား၊ ကြည့်မျှော်တောင် အစရှိတဲ့ တောင်ပေါ် ဘုရားစေတီ တို့ကိုလည်း လွယ်ကူစွာ သွားရောက် ဖူးမြော်နိုင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
နောက်ထပ် ထင်ရှား ကျော်ကြားတဲ့ နေရာ တခုကတော့ စပါးတောင် ဖြစ်ပါတယ်။
စပါးတောင်ဟာ ထားဝယ်မြို့ အရှေ့တောင်ဘက်မှာ ရှိပါတယ်။
ထားဝယ်မြို့ အရှေ့ဘက် ပေါက်တိုင်း တံတားကနေ တောင်တက်လမ်း အစ တောင်ပွား ဘုန်းကြီးကျောင်းတိုက် အထိ တမိုင် ကျော်ကျော်ခန့်သာ ဝေးပါတယ်။
ကျန်းမာရေး အတွက် လမ်းလျှောက်သူများ၊ ခြေလျင်ခရီး ထွက်သူများ (hikers) နဲ့ စက်ဘီး စီးသူများကြား ကျော်ကြား အသုံး များတဲ့ နေရာတခု ဖြစ်ပါတယ်။
မြန်မာပြည် တဝန်း သီချင်းများထဲပါ နာမည် ကြီးတာကတော့ ထားဝယ်ရှိ မောင်းမကန် ကမ်းခြေ ဖြစ်ပါတယ်။
နာမည်ကျော် မောင်းမကန် ကမ်းခြေ စခန်းဟာ ထားဝယ်မြို့ အနောက်မြောက်ဘက်ရှိ ပင်လယ် ကမ်းခြေမှာ တည်ရှိပါတယ်။
မောင်းမကန်ကို ထားဝယ်ကနေ မြစ်တဖက် ကူးပြီး ၈ မိုင်ခန့် ကားနဲ့ သွားရပါတယ်။
မောင်းမကန် ကမ်းခြေကနေ မိနစ်အနည်းငယ် လမ်းလျှောက်ရုံနဲ့ ပန်းတင်အင်း ကျေးရွာ ရေပူစမ်း ရှိရာကိုလည်း သွားရောက် နိင်ပါသေးတယ်။
မောင်းမကန် အနီးမှာ သုံးထပ်လမ်းမကြီးလည်း ရှိပါတယ်။
မောင်းမကန် ကမ်းခြေဟာ မြန်မာနိုင်ငံမှာ အရှည်ဆုံးနဲ့ အဖြောင့်တန်းဆုံး ကမ်းခြေ ဖြစ်ပါတယ်။

အခြား ထင်ရှားတဲ့ ဖိုးဖိုးကျောက်၊ ဆင်ထောင့်၊ မြင်းခွာအော်၊ ပညစ်၊ Myanmar Paradise အစရှိတဲ့ ကမ်းခြေများလည်း ရှိပါတယ်။
အပူချိန်မြင့်တဲ့ ရေပူစမ်း အနေနဲ့ ပလောက် မြို့နယ်ရှိ ပဲရေပူစမ်းဟာ ထင်ရှားပါတယ်။
စီးပွားရေး ကဏ္ဍမှာတော့ ထားဝယ် ပိုးလုံချည်မှာ ထင်ရှားပြီး ၁၉၀၃ ခုနှစ်ကတော့ ထားဝယ်မှာ ရက်ကန်း စင်ပေါင်း ၉၉၅ စင် ရှိတယ်လို့ ဆိုပါတယ်။
ထားဝယ် လုံချည်များကို မြန်မာနိုင်ငံ တဝန်းလုံးကို တင်ပို့ ရောင်းချရပါတယ်။
ဒေသ ထွက်ကုန်များမှာ စပါး ၊ ရာဘာ၊ သစ်၊ ဆီအုန်း စတဲ့ သစ်တောထွက် ပစ္စည်းများအပြင် ခဲမဖြူ အဖြိုက်နက် စတဲ့ တွင်းထွက် ပစ္စည်းများလည်း ထွက်ရှိ ပါတယ်။
မြို့ကျောထောက် နောက်ခံ ဒေသများမှာ သတ္တုတွင်းများ၊ ရာဘာခြံများ၊ ကျွန်းသစ်တောများ ရှိခြင်း၊ မြို့ပေါ်နဲ့ ကမ်းခြေ များမှာ ငါးပိ၊ ငါးခြောက် လုပ်ငန်း တွင်ကျယ်ခြင်း တို့ကြောင့် အရောင်းအဝယ် ဗဟိုဌာန တခုလည်း ဖြစ်ပါတယ်။
ဆန်စက် နဲ့ သစ်စက် များလည်း ရှိပါတယ်။
အခုအခါမှာတော့ ထားဝယ်မှာ အထူး စီးပွားရေးဇုန် စီမံကိန်း၊ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းများလည်း ရှိပြီး ရေနက် ဆိပ်ကမ်းသာ အကောင်အထည် ပေါ်လာရင် အရှေ့တောင်အာရှရဲ့ အရေးကြီး ဆိပ်ကမ်းတခု ဖြစ်လာကာ အခုထက် ပိုပြီး ဖွံဖြိုး တိုးတက် လာမယ်လို့ ခန့်မှန်းမှုများလည်း ရှိနေပါတယ်။ ။
ကိုးကား-
၁။ မြန်မာ့ စွယ်စုံကျမ်း အတွဲ- ၅၊ အပိုင်း (က)၊ ၁၉၆၁ ခုနှစ်၊ ပထမ အကြိမ်၊ စာပေဗိမာန်။
၂။ Wikipedia














