တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အဝင်အထွက် လမ်း၊ တံတားများတွင် ည ၈ နာရီမှ နံနက် ၄ နာရီထိ လူနာတင် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က စက်တင်ဘာလဆန်းပိုင်းမှစပြီး ပိတ်ပင်တားမြစ်မှုများ ပြုလုပ် လာကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ပရဟိတအသင်းဝင်တဦးက “တနင်္သာရီမြို့နယ် တမြို့နယ်လုံးမှာ အဓိကကတော့ လမ်းမကြီးတွေပေါ်ကို ပိတ်တာပေါ့။ ကျမတို့က တနင်္သာရီဆေးရုံကြီးကို သွားရတာ။ ၅၅ မိုင်လောက်သွားရတယ်။ သူတို့ ပိတ်ထားတဲ့အချိန်မတိုင်ခင်သွားပြီးလို့ မာရှယ်လောအချိန် ရောက်သွားမယ်ဆိုရင် ပြန်လာလို့မရဘူး။ မြို့ပေါ်မှာ ပဲ အိပ်လိုက်ရတယ်” ဟု ဧရာဝတီကို ပြောသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှ မြိတ်သို့သွားရာတွင် ဖြတ်သန်းရသည့် ဗောဓိကမ်းတံတားထိပ်နှင့် ကမ္မလိုင်းရွာရှိ တနင်္သာရီတိုင်းအခြေစိုက် စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်-စကခ(၁၃) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၅၈ တပ်ရင်းရှေ့များ၌ စစ်ဆေးရေးဂိတ်များချ၍ အဓိကစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားသည့် လူနာတင်ယာဉ်များနှင့် ၎င်းတို့က သံသယရှိသူ များအား သေနတ်ဖြင့်ချိန်ရွယ်ပြီး ရိုင်းစိုင်းစွာပြောဆိုဆက်ဆံခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်သောကြောင့် ဖြတ်သန်း သွားလာရာ၌ အဆင်မပြေဖြစ်ရကြောင်းလည်း ကိုယ်တွေ့ကြုံရသူများက ဆိုသည်။
စစ်အုပ်ချုပ်ရေး (Martial Law) မြို့နယ်အဖြစ် သတ်မှတ်ခံထားရသည့် တနင်္သာရီမြို့နယ်တွင် ညမထွက်ရအချိန်အား ည ၈ နာရီမှ နံနက် ၅ နာရီအတွင်း သတ်မှတ်ထားသော်လည်း လူနာတင်ယာဉ်များအနေဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုစာပြပြီး သွား၍ရခဲ့ကြောင်း၊ သို့သော် လက်ရှိတွင်မူ လုံးဝသွားခွင့်မပြုတော့ခြင်း ဖြစ်ကြောင်း သိရသည်။
မည်သည့်အကြောင်းကြောင့် တားမြစ်ပိတ်ပင်ရခြင်းဖြစ်သည်ကို အသိပေးပြောဆိုခြင်းမရှိသော်လည်း ၎င်းတို့၏ လုံခြုံရေးအတွက် ထိုသို့ပိတ်ပင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတချို့က ဆိုသည်။
ဒေသခံတဦးက “ညဘက် ဖြတ်သန်းသွားလာခွင့်မပြုဘူး။ ဖြတ်သွားတဲ့ကားတွေဆိုရင် ကားထဲကို သေနတ်ကြီးနဲ့ ထိုးချိန်ပြီးတော့ အသက်အန္တရာယ် ခြိမ်းခြောက်တယ်။ နောက်တခါ ဒီလမ်းကမလာနဲ့ပေါ့။ နည်းနည်းပါးပါး စိုးရိမ်ရရင် နီးစပ်ရာဆေးခန်းတွေကိုပဲ သွားရတယ်” ဟု ပြောသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအနေဖြင့် မြိတ်ဘက်သို့သွားရန် အစစ်ဆေးကြမ်းသည့် ဗောဓိကမ်း တံတားနှင့် ကမ္မလိုင်းရွာအခြေစိုက် ခမရ-၅၅၈ တပ်ရင်းရှေ့ရှိ အဆိုပါ စစ်ဆေးရေးဂိတ်များကို မဖြစ်မနေဖြတ်ကြရ ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်ရှိ ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်း မလုံလောက်ခြင်း၊ လက်ထောက် ဆရာဝန်များသာ ရှိခြင်းတို့ကြောင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မြိတ်ဆေးရုံသို့ သွားရောက်ကုသနေရ ကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံ ပရဟိတအသင်းဝင်တဦးက “သွားတဲ့အခါတွေမှာ စစ်ဆေးတဲ့နည်းလမ်းအတိုင်း အထောက်အထားတွေ အကုန်ပြရတယ်။ ပရဟိတသမားတွေအနေနဲ့လည်း အသက်အန္တရာယ်စိုးရိမ်ရတော့ တအားအရေးပေါ်ဖြစ်မှ လိုက်ပို့ ပေးမယ်လို့ ပြောထားတယ်။ ကျနော်တို့အနေနဲ့လည်း စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်” ဟု ပြောသည်။
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် ပရဟိတအသင်း ၂၀ ကျော်ရှိသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ ပစ်မှတ်ထားဖမ်းဆီးခံရခြင်းတို့ကြောင့် လက်ရှိ၌ အသင်း ၇ သင်းခန့် သာ ဆက်လက်လုပ်ကိုင်မှုရှိတော့ကြောင်း သိရသည်။
You may also like these stories:
တနင်္သာရီတိုင်းတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ
တိုက်ပွဲများကြောင့် ထားဝယ်နယ်စပ်ကုန်သွယ်ရေးလမ်း ပုံမှန်မလည်ပတ်နိုင်
တနင်္သာရီတွင် အရပ်သားဘတ်စ်ကားကို မှားယွင်းတိုက်ခိုက်မှု PDF တောင်းပန်
တနင်္သာရီ တောင်ပျောက်တိုက်နယ်အတွင်း စစ်ဘေးရှောင် ဦးရေ တိုးလာ