မြန်မာ့အရေးကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ ဥက္ကဋ္ဌတာဝန် အလှည့်ကျသည့် ၃ နိုင်ငံက ပူးတွဲ ကိုင်တွယ်မည်ဖြစ်ကြောင်း လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောသည်။
အလှည့်ကျ ၃ နိုင်ငံဆိုရာ၌ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ၊ ယခင် ဥက္ကဋ္ဌနှင့် နောက်လာမည့် ဥက္ကဋ္ဌတို့က အဓိကထား ကိုင်တွယ်ရန် အာဆီယံခေါင်းဆောင်များက စက်တင်ဘာ ၅ ရက်တွင် သဘောတူလိုက်ခြင်းဖြစ်သည်ဟု ပြောကြောင်း AP သတင်းဌာနတွင် ဖော်ပြထားသည်။
၄၃ ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၅ ရက်မှ ၇ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပနေခြင်းဖြစ်ကာ စက်တင်ဘာ ၅ ရက် ဆွေးနွေးပွဲပြီးသည့်နောက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောခြင်းဖြစ်ပြီး အဆိုပါ ဆုံးဖြတ်ချက်သည် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ချဉ်းကပ်မှုပုံစံအသစ်ဖြစ်ပြီး မြန်မာ့အရေးကို ပိုမိုစဉ်ဆက်မပြတ် စီမံခန့်ခွဲစေနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
လာအိုနိုင်ငံသည် လာမည့်နှစ် ၂၀၂၄ ခုနှစ်တွင် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ရာ လက်ရှိအစီအစဉ်အရ မြန်မာ့အရေးကို ကမော္ဘဒီးယား၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံက ယခုနှစ်ကုန်အထိနှင့် ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှား ၊ လာအိုနှင့် မလေးရှားနိုင်ငံတို့မှ ခေါင်းဆောင်များက ပူးတွဲကိုင်တွယ်ကြမည် ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုပါက ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံအစား ဖိလစ်ပိုင်နိုင်ငံက ပြောင်းလဲတာဝန်ယူမည်ဖြစ်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက မြန်မာနိုင်ငံအစား ၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် အဆင်သင့်ဖြစ်နေပြီဟု အင်္ဂါနေ့တွင် ပြောကြားကြောင်း AFP သတင်းက ဖော်ပြသည်။
ဖိလစ်ပိုင် သမ္မတအိမ်တော်၏ ထုတ်ပြန်ချက်တွင် “ကျွန်ုပ်တို့သည် ကဏ္ဍသစ်တခု စတင်သည်နှင့်အမျှ ကျွန်ုပ်တို့၏ အသိုက်အဝန်းတည်ဆောက်မှု၏ အခြေခံအုတ်မြစ်များကို ခိုင်ခံ့စေမည်ဖြစ်ပြီး အာဆီယံ၏ အခန်းကဏ္ဍသစ်ကို စတင်မည်” ဟု ရေးသားထားသည်။သို့သော်လည်း မည်သည့် အကြောင်းကြောင့် မြန်မာနိုင်ငံအစား အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရသည်ကိုမူ ထုတ်ပြောခြင်း မရှိပေ။
အစည်းအဝေးကို လာရောက်သည့် အာဆီယံ သံတမန် ၂ ဦးကမူ မြန်မာ့အရေးအကျပ်အတည်းနှင့်ပတ်သက်၍ အခမ်းအနားအစီအစဉ်ကို မြန်မာနိုင်ငံဘက်က အပိုင်စီးထားခြင်း မပြုနိုင်ရန်နှင့် ပြင်ပမိတ်ဖက်များ မြန်မာသို့ လာရောက်စုစည်းရခြင်းကို ကာကွယ်ရန် အာဆီယံ ခေါင်းဆောင်များက ဖိလစ်ပိုင်နိုင်ငံထံ အလှည့်အကျဥက္ကဋ္ဌအဖြစ် လွှဲပြောင်းတာဝန်ယူရန် သဘောတူခြင်းဖြစ်ကြောင်း AFP သတင်းအရ သိရသည်။
လက်ရှိအစည်းအဝေးကို မြန်မာနိုင်ငံဘက်က ကိုယ်စားပြုတက်ရောက်သူ မရှိကြောင်း ဂျာကာတာမှ လာသည့် သတင်းများအရ သိရပြီး အာဏာသိမ်းမြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံကို တန်းတူကိုယ်စားပြုမှု မပေးခဲ့သဖြင့် ထိပ်သီးအစည်းအဝေးကို မတက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ Facebook စာမျက်နှာမှ တဆင့် စက်တင်ဘာလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
အစည်းအဝေးတွင် လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် ဆုပ်ကိုင်ထားမည်ဟု ပြောကြောင်း နိုင်ငံတကာသတင်းဌာနများက ရေးသားသည်။
သမ္မတ ဂျိုကို ဝီဒိုဒိုက “အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖေါ်တဲ့ကိစ္စနဲ့ ပတ်သက်ရင် ဒီ ၅ ချက် ကို ၂၀၂၁ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေအားလုံး သဘောတူညီခဲ့တာဖြစ်ပြီး ဒါဟာ အာဆီယံအသင်းကြီးရဲ့ စုပေါင်းအားထုတ်မှုဖြစ်တယ်ဆိုတာ ကျနော် သတိပေးချင်ပါတယ်။ နောက်ပြီး ဒီဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံရဲ့ အဓိက လမ်းညွှန်ချက်အဖြစ် ဆက်လက် ထားရှိမှာဖြစ်တယ်” ဟု ဆိုသည်။
လက်ရှိအာဆီယံ ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံပါဝင်ခွင့်ကို ကန့်သတ်ထားသော်လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရန် အာဆီယံက ချမှတ်ထားသည့် မူဝါဒအရ တွန်းအားပေးသည့်အနေနှင့် အင်ဒိုနီးရှားသည် ဘက်ပေါင်းစုံနှင့် အကြိမ်ပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့ကြောင်း သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် မြန်မာ စစ်ကောင်စီနှင့် ဆွေးနွေးခဲ့သော်လည်း မြန်မာနိုင်ငံ၏ အမြင်နှင့် ရပ်တည်ချက်တို့ကို စက်တင်ဘာ ၅ ရက် ထိပ်သီးအစည်းအဝေးပြီး ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် မဖော်ပြဘဲ လျစ်လျူရှုခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အပြုသဘော မဆောင်သည့် သုံးသပ်ချက်များနှင့် တစ်ဖက်သတ်ဆန်ပြီး မျှတမှု မရှိသော ဆုံးဖြတ်ချက်များ ပါရှိသည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်သည်ဟု စစ်ကောင်စီက ဆိုသည်။
ထို့အပြင် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူ များကို တိကျစွာလေးစားလိုက်နာပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ထပ်လောင်း အသိပေးကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
မြန်မာပဋိပက္ခသည် အာဆီယံအတွက် အခက်ခဲဆုံးစိန်ခေါ်မှုတခုဖြစ်နေပြီး ဘုံသဘောတူညီချက်ကို အကောင်အထည် ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှုမရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အဆိုပါ ထိပ်သီး အစည်းအဝေးတွင် ပြောသည်။
မြန်မာ့အရေးကို အာဆီယံ အလှည့်ကျ ၃ နိုင်ငံမှ ဥက္ကဋ္ဌ ၃ ဦးက ပူးတွဲကိုင်တွယ်မည့်ကိစ္စအပေါ် သဘောထား သိရှိနိုင်ရန် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်အား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယခုသတင်းရေးသားချိန်အထိ တုံ့ပြန် ဖြေကြားမှုမရှိပေ။
စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းကမူ အာဆီယံ အဆင့်မြင့် အစည်းအဝေးများတွင် မြန်မာ စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့် မပေးသည့် အာဆီယံ၏ ရပ်တည်ချက်ကို ဆက်လက် ထိန်းသိမ်းရန်လိုအပ်သည်ဟု စက်တင်ဘာ ၅ ရက်တွင် ပြောကြောင်း စင်္ကာပူအခြေစိုက် STRAIT TIMES သတင်းဌာနက ဖော်ပြသည်။
၎င်းက “ဒီလိုမှမဟုတ်ရင် ကျနော်တို့အပေါ် ယုံကြည်ကိုးစားမှု ပျက်ပြားသွားမှာဖြစ်ပြီး အာဆီယံဗဟိုပြုမှုကိုလည်း ထိခိုက်လာမှာပါ။ ပြီးတော့ မြန်မာ့အရေးကြောင့် အဖွဲ့ကြီးရဲ့ အဓိကမိတ်ဖက်နိုင်ငံတွေနဲ့ ထိတွေ့မှုတွေမြှင့်တင်ဖို့ လိုအပ်နေတဲ့ အချိန်ကျမှ မိတ်ဖက်တွေနဲ့ဆက်ဆံရေး ထိခိုက်စေမှာပါ” ဟု ဆိုသည်။
လက်ရှိကျင်းပနေသည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ပုံမှန်အားဖြင့် အမေရိကန်သမ္မတ လာတက်လေ့ရှိ သော်လည်း ယခုတခေါက်တွင် သမ္မတဂျိုးဘိုင်ဒန်အစား ဒုသမ္မတ Kamala Harris တက်ရောက်ရန်ရှိကြောင်း၊ တရုတ်ဝန်ကြီးချုပ် လီကျန်း၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရောဗ်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့လည်း တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများက ရေးသားကြသည်။
You may also like these stories:
အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ စစ်ကောင်စီပြော
အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်
အလျှော့ပေး ပြေလည်ရေးသမားတွေရဲ့ ASEAN မြန်မာ့အရေးမှာ အလုပ်မဖြစ်