(၁)
စာရေးသူတို့သည် စကားလုံးများနှင့် နေ့စဉ် ထိတွေ့နေရလေရာ ခံစားမှုများ ရှိတတ်ကြသည်။
သုံးဖန်များသဖြင့် ပွန်းပဲ့နေသော စကားလုံးများကို မရွေးချယ်ချင်။
ဖောက်ပြန်ရေးသမား၊ နယ်ချဲ့ လက်ကိုင်တုတ် စသော နိုင်ငံရေး ဝေါဟာရများမှာ ရွံစရာ ဖြစ်နေတတ်၏။
သုံးရက် တမွန်းတည့် အတွင်း သုံးသူတွေ များလွန်း၍ ဖန်တရာ တေနေသောကြောင့် ဟောင်းနွမ်း၍ ဆီသည်မ လက်သုတ်ပဝါ ကဲ့သို့ ဖြစ်၍နေလေသည်ဟု ဤအချက်နှင့် ပတ်သက်၍ ပီမိုးနင်း ရေးခဲ့ဖူးလေသည်။
ယခု တလော “ကူးဒေတား” ဆိုသော ပြင်သစ် စကားလုံးမှာ လှပသစ်လွင်သော စကားလုံး တလုံး ဖြစ်နေသည်။
စစ်တပ်က အာဏာ သိမ်းခြင်း ဟူ၍ သတင်းစာများ၌ ရေးသား ဖော်ပြကြသော်လည်း နိုင်ငံရေးသမားများက ခေါ်၍ လွယ်သော “ကူးဒေတား” ဟူ၍ပင် သုံးကြ၏။
တချို့က “ကူး” ဟုပင် အတိုခေါ်ကြ၏။
စစ်တပ်က အာဏာ သိမ်းသည်၊ မသိမ်းသည် နိုင်ငံရေး ဝေဖန် အကဲဖြတ်နေခြင်း မဟုတ်။ စကားလုံး၏ လှပ သစ်လွင်မှုကို ထိတွေ့ ခံစားနေခြင်းသာ ဖြစ်၏။
အမှန်အားဖြင့် စစ်တပ်က အာဏာ သိမ်းခြင်းမှာ အဓိပ္ပာယ် ဆိုးဝါးသော စကားလုံး ဖြစ်လေသည်။
စစ်တပ်က အာဏာ သိမ်းခြင်းကို လူထုက လားလားမျှ မလိုလားပေ။
ပြည်သူ့ထံမှ နိုင်ငံရေး အာဏာကို ဆန္ဒတောင်း၍ ယူခြင်း မဟုတ်ဘဲ အတင်းအဓမ္မ လက်နက် အားကိုး လုပ်ခြင်း ဖြစ်၍ မည်သည့် ငြိမ်းချမ်းရေး လူထုကမှလည်း နှစ်သက်မည် မဟုတ်ပေ။
ခုခံသူရှိလျှင် သွေးချောင်း စီးနိုင်သော ကိစ္စမျိုး ဖြစ်သည်။
ဒီမိုကရေစီ မြတ်နိုးသူတိုင်း စစ်တပ် အာဏာ သိမ်းခြင်းကို လိုလားမည် မဟုတ်ပေ။
(၂)
စစ်တပ်က အာဏာ သိမ်းပြီလော ဟူသော သတင်းများ ပျံ့နေစဉ် ကျနော်သည် အီဂျစ် သမ္မတ နတ်ဆား ရေးသော “တော်လှန်ရေး၏ အဘိဓမ္မာ” အမည်ရှိ စာအုပ်ကို ဖတ်မိလေသည်။
နိဒါန်း၌ သမ္မတ နတ်ဆား ကိုယ်တိုင်က “ဤစာအုပ်မှာ စာအုပ်အဖြစ် ထုတ်ဝေရန် ရည်ရွယ်ရင်း မရှိပေ။ ဤအတွေးများမှာ ကျွန်ုပ်တို့ ကိုယ်အား စူးစမ်း လေ့လာရန် အတွက်သာ ဖြစ်သည်။ ငါတို့သည် ဘာလဲ၊ လာမည့် အီဂျစ် ရာဇဝင်၌ ငါတို့၏ ကဏ္ဍသည် ဘာလဲ တို့ကို ရှာဖွေရန်သာ ဖြစ်သည်” ဟူ၍ ဖော်ပြထားသည်။
အမှန်အားဖြင့် ဤစာအုပ်ကလေးမှာ အီဂျစ် အမျိုးသား လှုပ်ရှားမှုကို နောက်ခံလျက် တော်လှန်ရေး ခေါင်းဆောင် တဦး ဖြစ်သူ နတ်ဆား၏ ကိုယ်တွေ့ မှတ်စု ထင်မြင်ချက်များကို ဖော်ပြထားခြင်း ဖြစ်၍ စိတ်ဝင်စားဖွယ်ရာ ကောင်းပေသည်။
၁၉၅၂၊ ဇူလိုင်လ ၂၃ ရက်၌ တော်လှန်ရေး စတင်သည်။
စစ်ဗိုလ် တစု ခေါင်းဆောင်၍ စစ်တပ်ဖြင့် အာဏာသိမ်းကာ ဖာရောက် ဘုရင်ကို နန်းမှ ချလိုက်ကြသည်။ ဤက စ၍ အီဂျစ် ပြည်ကြီး၌ အမျိုးသား လှုပ်ရှားမှုကြီး ထကြွကာ အာရပ် လောက၌ ခေါင်းဆောင်နိုင်ငံ ဖြစ်လာလေသည်။
ဤနေရာ၌ စစ်တပ်ဖြင့် အာဏာသိမ်းခြင်းကို တွေ့ရ၍ နတ်ဆား၏ ဇာတ်လိုက် အဖြစ်ကို အားကျသော် အပေါ်ယံ လက်လက်ကို ရွှေဟု ထင်မှတ်မှားခြင်းသာ ဖြစ်ပေလိမ့်မည်။
အီဂျစ်ပြည်၏ အခြေအနေကို သိထားရန် လိုပါသည်။
အီဂျစ်ပြည်မှာ သယံဇာတ ကြွယ်ဝသော်လည်း ခေတ်မမီဘဲ လယ်ကူလီများ ပေါကာ ဆင်းရဲသော နိုင်ငံ ဖြစ်သည်။
တူရကီ လက်အောက်၌ နေရပြီးနောက် အင်္ဂလိပ် အုပ်စိုးခြင်း ခံရသည်။
၁၉၃၆ က စ၍ ရှင်ဘုရင် အုပ်ချုပ်ရေး ရရှိလာသော်လည်း အင်္ဂလိပ် စစ်တပ်များ ချထားခွင့် ပေးထားရသော ကျွန်တပိုင်း နိုင်ငံ ဖြစ်လာသည်။
စစ်အပြီး၌ နိုင်ငံခြား ခြယ်လှယ်မှုများ ပို၍ခံရသည်။ စီးပွားရေး မတိုးတက်၍ လူထုထဲတွင် မကျေနပ်သူ များလာသည်။
ရှင်ဘုရင်မှာ ဗောင်းတော်ညိတ် စစ်ဗိုလ်တစု ခြံရံလျက် တိုင်းပြည်အား ပစ်ထားကာ ဇိမ်ခံနေ၏။ ဆင်းရဲသားများ ငတ်နေစဉ် ဘုရင့် နန်းတော်မှာ ရေမွှေးနံ့ ထုံကြိုင်နေ၏။
ယင်းအခြေအနေနှင့် သစ္စတော်ခံ ဘုရင့် စစ်ဗိုလ်များကို ဆန့်ကျင်၍ နာဂစ်၊ နတ်ဆား အမှူးပြုသော စစ်ဗိုလ်တစုက နန်းတော်ကို သိမ်းပိုက်ကာ အာဏာ ယူလိုက်ခြင်း ဖြစ်လေသည်။
မကျေနပ်သော လူထု တရပ်လုံးက စစ်ဗိုလ်များ နောက်၌ ရှိသည်။ ဤကား အခြေအနေ၏ ထူးခြားချက် ဖြစ်လေသည်။
ထိုသို့ အာဏာသိမ်းပြီးနောက် တိုင်းပြည် ပြုပြင်ရေး လုပ်ငန်းများ စတင် လုပ်ကြရလေသည်။ လယ်ယာမြေ ပြုပြင်ရေး တီထွင်ကြသည်။ အမျိုးသား ကုန်ထုတ် တိုးတက်ရေး ကောင်စီ ဖွဲ့ကာ ဆောင်ရွက်ကြသည်။
နာဂစ် နေရာတွင် သမ္မတ နတ်ဆား တက်ပြီးနောက် ဆူးအက် တူးမြောင်းကို ပြည်သူပိုင် လုပ်သည်။
နတ်ဆား၏ ရည်ရွယ်ချက်ကား လွတ်လပ်၍ အားကောင်းသော အီဂျစ်ပြည်ကြီး ထူထောင်ရန် ဖြစ်လေသည်။
(၃)
နတ်ဆား၏ “တော်လှန်ရေး၏ အဘိဓမ္မာ” စာအုပ် ဒုတိယပိုင်းမှာ မှတ်သားဖွယ်ရာ ကောင်းပေသည်။ သူ၏ ဖွင့်ဟ ဝန်ခံချက်များ ပါသည်။
တော်လှန်ရေး တခု၏ လုပ်နည်း လုပ်ပုံများကို စစ်ဆေး သုံးသပ်ထားသည်။
သူသည် သွေးထွက် သံယိုမှု (ဝါ) လက်နက် ဝါဒ၏ အပြစ်များကို မြင်လေသည်။ လူတယောက်အား လုပ်ကြံရန် တာဝန် ကျစဉ်က အဖြစ်အပျက်ကို ဖော်ပြထားသည်။
ပစ်ကြ ခတ်ကြပြီးနောက် ပြန်လာရာ နတ်ဆားသည် တညလုံး အိပ်မပျော်။
ထိုည၌ အော်သံ၊ ငိုသံ၊ ကယ်ပါယူပါ အသံများ ကြားယောင်နေကာ ဆေးလိပ်သာ တွင်တွင်ဖွာလျက် “ငါလုပ်တာ မှန်သလား” ဟု သံသယ ဝင်နေသည်။
“ကျွန်ုပ်တို့ တိုင်းပြည် ကောင်းစားရေးကို မျှော်မှန်းမိသည်။ သို့သော် ယင်းသို့ ပြုရန် ဘယ်လမ်းသည် အကောင်းဆုံးနည်း။ ဖယ်ရှားသင့်သူကို ဖယ်ရှားရန်လော၊ သို့မဟုတ် ရှေ့ရောက်သင့်သူကို ရှေ့သို့ တင်ရန်လော” ဟု သူသည် တွေးနေ၏။
သူသည် “ကျွန်ုပ်တို့ နည်းလမ်းများကို ပြောင်းရမည်” ဟု မြင်လာလေသည်။
သူသတ်ခဲ့သောသူ မသေပါစေနှင့်ဟု ဆုတောင်းနေသည်။ မနက်မိုးလင်း တထိတ်ထိတ်နှင့် သတင်းစာကို ဖတ်လိုက်ရာ ဟင်းခနဲ သက်ပြင်းချနိုင်တော့၏။ ထိုသူကား အသက်မသေ။
နတ်ဆားက သွေးထွက် သံယို လုပ်ရန် လွယ်ပါသည်ဟု ဖော်ပြထားလေသည်။ ။
(ငြိမ်းချမ်းရေး ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ ရေးသားသည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော “လွတ်လပ်ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်သွား ပါသည်။)














