အရှေ့တီမောနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဝင်ခွင့်ရရန် နီးကပ်လာချိန်တွင် စစ်ကောင်စီက အာဆီယံသို့ သတိပေးစာတစောင်ပေးပို့ပြီး အရှေ့တီမော အဖွဲ့ဝင်ဖြစ်ခွင့်ကို ကန့်ကွက်သည်။ ထိုကိစ္စသည် မြန်မာမှ အတိုက်အခံများနှင့် ထိတွေ့ဆက်ဆံခြင်းကို အာဆီယံနှင့် အခြားအစိုးရများသို့ သတိပေးခြင်းဖြစ်သည်။
အောက်တိုဘာလတွင် အာဆီယံ အစည်းအဝေး ကျင်းပသောအခါ အရှေ့တီမောကို အဖွဲ့ဝင်ခွင့်ပြုရေး ထောက်ခံမှု ဆိုင်းငံ့ထားရန် ရည်ရွယ်ချက်ကို မြန်မာစစ်ကောင်စီက အာဆီယံ လက်ရှိဥက္ကဋ္ဌ မလေးရှားနိုင်ငံသို့ တရားဝင် အကြောင်းကြားသည်ဟု ထိုင်း PBS သတင်းဌာနက ကိုးကားသည့် သတင်းရင်းမြစ်များက လွန်ခဲ့သော အပတ်တွင် ပြောသည်။
နေပြည်တော်၏ ကန့်ကွက်မှုက အရှေ့တီမောသည် အာဆီယံ၏ ပဋိညာဉ်ပါ အခြေခံမူဖြစ်သော အဖွဲ့ဝင်များ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို ချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်ကို ဗဟိုပြုသည်။
နေပြည်တော်၏ ကန့်ကွက်မှုက အရှေ့တီမောသည် အာဆီယံ၏ ပဋိညာဉ်ပါ အခြေခံမူဖြစ်သော အဖွဲ့ဝင်များ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို ချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်ကို ဗဟိုပြုသည်။
စစ်ကောင်စီက ဒီလီမှ အရှေ့တီမောအစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မည်သည့် ထိတွေ့ဆက်ဆံမှုမဆို ရှောင်ရှားရန် တောင်းဆိုသည်။ NUG သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာမှစစ်အုပ်ချုပ်ရေးကို တိုက်ခိုက်နေသည့် အခြားအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် အစိုးရဖြစ်သည်။

အရှေ့တီမောအစိုးရသည် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်ပြီး မစွက်ဖက်ရေးမူကို ဗြောင်ကျကျ ဆက်လက် ချိုးဖောက်နေပါက အရှေ့တီမောကို အာဆီယံအဖွဲဝင်အဆင့်ပေးရန် မည်သည် စဉ်းစားသုံးသပ်ကိုမဆို မိမိတို့ အခိုင်အမာ ကန့်ကွက်မည်ဟု စာတစောင်တွင် စစ်ကောင်စီက သတိပေးသည်။ ထိုစာကို အာဆီယံ-မြန်မာရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိများ အစည်းအဝေး အလှည့်ကျခေါင်းဆောင် ဟန်ဝင်းအောင် လက်မှတ်ရေးထိုးသည်ဟု ဖော်ပြသည်။
သူ၏နိုင်ငံ အာဆီယံသို့ ဝင်ရောက်ရေးအတွက် ပြင်ဆင်မှုများ ကောင်းစွာ ပြီးစီးပြီဖြစ်ကြောင်း ဖော်ပြပြီး အရှေ့တီမော သမ္မတ ဟိုဆေး ရားမို့စ်-ဟော်တာက ထိုစာကို တုံ့ပြန်သည်။ “မြန်မာက ကန့်ကွက်တာ ဘာမှမဆိုင်တဲ့ကိစ္စပဲ” ဟု ၎င်းကပြောပြီး တရားဝင်ဆုံးဖြတ်ချက် ချထားပြီးဖြစ်ကြောင်း ဆက်လက်ပြောသည်ဟု UCA News က ကိုးကားဖော်ပြသည်။
မေလက အစည်းအဝေးတခုတွင် အာဆီယံခေါင်းဆောင်များသည် အောက်တိုဘာလ ထိပ်သီးအစည်းအဝေးတွင် အရှေ့တီမောကို ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် သဘောတူထားသည်။
သို့သော် အရှေ့တီမောက မြန်မာနှင့် ပတ်သက်သည့် ၎င်း၏ ချဉ်းကပ်ပုံနည်းလမ်းကို ပြင်ဆင်ပြီး မူဝါဒပြုပြင်ရန် ရှင်းလင်းသော ကတိကဝတ် ပြသသည်အထိ ထိုဝင်ရောက်ခွင့် လုပ်ငန်းစဉ်များအားလုံး ရပ်ဆိုင်းရန် အာဆီယံကို မြန်မာက တိုက်တွန်းကြောင်း အထက်ပါစာအရ သိရသည်။
ထိပ်တိုက်တွေ့မှု အများအပြားအပြီးတွင် ထိုအငြင်းပွားမှု ဖြစ်ပေါ်သည်။ အရှေ့တီမောက NUG နှင့် အစည်းအဝေးများ ကျင်းပပြီးနောက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အရှေ့တီမော သံအမတ်ကို နှင်ထုတ်သည်။ အာရှမှ သက်တမ်းအငယ်ဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် အရှေ့တီမောသည် မြန်မာစစ်ကောင်စီကို အမြဲတမ်း ဝေဖန်သည့်နိုင်ငံဖြစ်ပြီး ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် မြန်မာပြည်သူများ၏ တိုက်ပွဲကို လွန်စွာထောက်ခံသည့် နိုင်ငံဖြစ်သည်။

အချုပ်အခြာအာဏာကို စော်ကားခြင်း
အရှေ့တီမော ဝင်ရောက်ခွင့်ကို ကန့်ကွက်ခြင်းဖြင့် မြန်မာစစ်ကောင်စီသည် အာဆီယံနှင့် အရှေ့တီမောကို သတင်းစကားတခု ပေးပို့သည်ဟု ISEAS-Yusof Ishak အင်စတီကျု၊ အာဆီယံလေ့လာရေးဌာနမှ ဝါရင့် သုတေသီနှင့် ညှိနှိုင်းရေးမှူး ဂျိုအန် လင် ဝေလင်းက ပြောသည်။
အရှေ့တီမောက NUG ကို ၎င်း၏နိုင်ငံတွင် ဆက်ဆံရေးရုံး ဖွင့်ခွင့်ပေးခြင်းအပါအဝင် အရှေ့တီမောက NUG နှင့်ဆက်ဆံခြင်းသည် အချုပ်အခြာအာဏာကို တိုက်ရိုက်စော်ကားခြင်းဖြစ်သည် စစ်ကောင်စီက သတ်မှတ်ကြောင်း ဂျိုအန် လင် ဝေလင်းက ပြောသည်။
“အာဆီယံရဲ့ ဝင်ရောက်မစွက်ဖက်ရေးမူကို ကိုးကားလိုက်ခြင်းအားဖြင့် စစ်ကောင်စီဟာ ဒီကိစ္စကို အာဆီယံ ပဋိညာဉ်ချိုးဖောက်မှုတခုအဖြစ် ပုံဖော်ဖို့ ကြိုးစားနေတယ်” ဟု ၎င်းကပြောသည်။
“ဒီကိစ္စက အာဆီယံစံနှုန်းတွေက အဓိက မဟုတ်နိုင်ဘဲ အခြားအဖွဲ့ဝင်တွေ အရှေ့တီမောလို လိုက်လုပ်တာကို တားဆီးဖို့ အဓိကဖြစ်သလို ပြည်တွင်းမှာလည်း စစ်ကောင်စီက အမျိုးသား ဂုဏ်သိက္ခာကို ကာကွယ်နေတယ်ဆို့တဲ့ လုပ်ဇာတ်ကို ပိုမိုခိုင်မာအောင် လုပ်တာဖြစ်တယ်”
“ဒီကိစ္စက အာဆီယံစံနှုန်းတွေက အဓိက မဟုတ်နိုင်ဘဲ အခြားအဖွဲ့ဝင်တွေ အရှေ့တီမောလို လိုက်လုပ်တာကို တားဆီးဖို့ အဓိကဖြစ်သလို ပြည်တွင်းမှာလည်း စစ်ကောင်စီက အမျိုးသား ဂုဏ်သိက္ခာကို ကာကွယ်နေတယ်ဆို့တဲ့ လုပ်ဇာတ်ကို ပိုမိုခိုင်မာအောင် လုပ်တာဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။
သို့သော် အာဆီယံ၏ ရလဒ်များကို ပုံဖော်ရန် မြန်မာ၏ စွမ်းရည် အကန့်အသတ်ရှိကြောင်း၊ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများသည် အရှေ့တီမော၏ အဖွဲ့ဝင်ဖြစ်ခွင့်ကို မူအားဖြင့် သဘောတူထားပြီးဖြစ်သောကြောင့် ဖြစ်ကြောင်း ဂျိုအန် လင် ဝေလင်းက ပြောသည်။
မလေးရှားနှင့် အင်ဒိုနီးရှားအပါအဝင် အခြား အာဆီယံအဖွဲ့ဝင်များသည်လည်း NUG နှင့် ထိတွေ့ဆက်ဆံကြပြီး အရှေ့တီမော တနိုင်ငံတည်းကို ရွေးထုတ်ပြောခြင်းသည် မဆီလျော်ကြောင်းလည်း ၎င်းက ပြောသည်။
ဧပြီလတွင် မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်သည် NUG အဝေးရောက်ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အွန်လိုင်းအစည်းအဝေး ကျင်းပပြီး ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် NUG ကိုယ်စားလှယ်များပါသည့် အစည်းအဝေးတခု ကျင်းပခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီသည် အရှေ့တီမော အာဆီယံအဖွဲ့ဝင်ဖြစ်ရေးလုပ်ငန်းကို ကြန့်ကြာအောင် သို့မဟုတ် ရှုပ်ထွေးအောင်လုပ်ရာတွင် အောင်မြင်ကောင်း အောင်မြင်နိုင်သော်လည်း ၎င်း၏ ကန့်ကွက်မှုသည် ပိုမိုကျယ်ပြန့်သည့် သဘောတူညီချက်ကို ပြောင်းလဲစေနိုင်ဖွယ်မရှိကြောင်း ဂျိုအန် လင် ဝေလင်းက ပြောသည်။
“ပွတ်တိုက်မှုတွေ ဖန်တီးဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ယူတဲ့ ပုံစံကို မြန်မာက သူ့သြဇာနည်းနည်းပဲ ရှိတာတောင် ဘယ်လိုအသုံးချနိုင်တယ်ဆိုတာကိုသာ ပြသလိုက်တာဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။

အာဆီယံအဖွဲ့ဝင်များသည် မြန်မာ့ပြည်တွင်းစစ် ရပ်စဲရေးကို မကြာခဏ တောင်းဆိုကြသော်လည်း ၎င်းတို့သည် ထိုပြဿနာအတွက် ပြတ်ပြတ်သားသား မရှိကြောင်း သြစတြေးလျနိုင်ငံ၊ ဒီကင်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခနှင့် အရှေ့တောင်အာရှ နိုင်ငံရေးကျွမ်းကျင်သူ ဒါမီယန် ကင်းစ်ဘာရီက ပြောသည်။
“ဒါကြောင့် အရှေ့တီမောကို ပြောဆိုခွင့်ပေးထားတာဟာ သူတို့အတွက် တစိတ်တပိုင်း အပြစ်လွတ်တယ်” ဟု ၎င်းကပြောပြီး ဝင်ရောက်မစွက်ဖက်ရေးမူကြောင့် မည်သည့် အာဆီယံအဖွဲ့ဝင်မှ အရှေ့တီမောကို အရေးယူမည် မဟုတ်ကြောင်း ဆက်လက်ပြောသည်။
“စစ်ကောင်စီက ဒီအချက်ကို နားလည်ပြီး ဝေဖန်မှု တိတ်သွားအောင် လုပ်ချင်တာ ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ အဲဒီကိစ္စမှာ သဘောထားပြောတာ” ဟု ကင်းစ်ဘာရီ ပြောပြီး အရှေ့တီမော အဖွဲ့ဝင်ဖြစ်ရေး အားထုတ်မှု တနှစ်နောက်ကျသွားနိုင်ကြောင်းလည်း ပြောသည်။
အရှေ့တီမောအတွက် မြန်မာသည် တခုတည်းသော အတားအဆီး မဟုတ်ပေ။ လူသတ်မှုအတွက် အလိုရှိနေသည့် ဖိလစ်ပိုင် နိုင်ငံရေးသမားတဦးကို လွှဲပြောင်းပေးရန် အရှေ့တီမောက ငြင်းဆန်သောကြောင့် ဖိလစ်ပိုင်ကလည်း မတ်လတွင် အရှေ့တီမောကို သတိပေးချက် ထုတ်ပြန်ခဲ့သည်။
“အာဆီယံအဖွဲ့ဝင် တနိုင်ငံတည်းကိုပဲ စိတ်ပျက်အောင် လုပ်ရင်တောင် အရှေ့တီမော အဖွဲ့ဝင်ခွင့် ခက်ခဲသွားနိုင်တယ်” ဟု ကင်းစ်ဘာရီက ပြောပြီး အရှေ့တီမောသည် အာရှထက် ပစိဖိတ်ပိုဆန်သည် ဆိုသည့်အမြင် အနည်းငယ်ရှိကြပြီး ထို့ကြောင့် စိတ်အားထက်သန်မှုနည်းကြောင်း ဆက်လက်ပြောကြားသည်။
အရှေ့တီမောသည် ၂၀၀၂ ခုနှစ် လွတ်လပ်ရေးရပြီး မကြာမီ အာဆီယံအဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားသော်လည်း စီးပွားရေးတိုးတက်မှု နိမ့်ခြင်းနှင့် အဖွဲ့၏ လှုပ်ရှားမှုများတွင် အပြည့်အဝ ပါဝင်ရန် အင်စတီကျူးရှင်းစွမ်းရည်အပေါ် စိုးရိမ်မှုများကြောင့် ထိုလုပ်ငန်းသည် အတားအဆီးဖြစ်နေသည်။
အရှေ့တီမောသည် ၂၀၀၂ ခုနှစ် လွတ်လပ်ရေးရပြီး မကြာမီ အာဆီယံအဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားသော်လည်း စီးပွားရေးတိုးတက်မှု နိမ့်ခြင်းနှင့် အဖွဲ့၏ လှုပ်ရှားမှုများတွင် အပြည့်အဝ ပါဝင်ရန် အင်စတီကျူးရှင်းစွမ်းရည်အပေါ် စိုးရိမ်မှုများကြောင့် ထိုလုပ်ငန်းသည် အတားအဆီးဖြစ်နေသည်။
သို့သော် မြန်မာ၏ ကန့်ကွက်မှုသည် လုပ်ထုံးလုပ်နည်းနှင့် ဂုဏ်သိက္ခာအရမျှသာဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အာဆီယံက မူအားဖြင့် သဘောတူထားပြီးဖြစ်သည့် အရှေ့တီမော အဖွဲ့ဝင်ဖြစ်ရေးကို လမ်းလွဲစေမည်မဟုတ်ဟု သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန တွဲဖက်သုတေသီနှင့် နိုင်ငံတကာဆက်ဆံရေးပါရဂူ ဟန်းတား မာစတန်က ပြောသည်။
နေပြည်တော်သည် ၎င်း၏ ပြည်တွင်းရေးကို စွက်ဖက်သည်ဟု မြင်သည့်ကိစ္စများကို အမြဲတမ်း ရေရှည် ဆန့်ကျင်သောကြောင့် ယခု ကန့်ကွက်ခြင်းသည် အံ့သြစရာမဟုတ်ကြောင်း ၎င်းကပြောသည်။
အရှေ့တီမောဝန်ကြီးချုပ် ဆာနာနာ ဂပ်စ်မော်နှင့် သမ္မတ ရားမို့စ်-ဟော်တာတို့သည် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာစင်မြင့်တွင် မီးမောင်းထိုးပြီး စစ်ကောင်စီကို အပြင်းအထန် ဝေဖန်သူများဖြစ်သည်။
“အောက်တိုဘာ ထိပ်သီးအစည်းအဝေးမှာ အရှေ့တီမောကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ဖို့ ဖိလစ်ပိုင်က ဆန့်ကျင်မဲပေးမယ့် အလားအလာ မမြင်ဘူး” ဟု ၎င်းကပြောပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ထိုကိစ္စကို ထောက်ခံကြောင်း မေလက လူသိရှင်ကြားပြောခဲ့သည်ကို ထောက်ပြသည်။
အာဆီယံအဖွဲ့ဝင်အများစုက အရှေ့တီမောကို အဖွဲ့အတွင်း ထိန်းချုပ်ထားခြင်းသည် ၎င်း၏ တိုးတက်မှုကို ကူညီရန်သာမက အားပြိုင်နေသည့် ပြင်ပ သြဇာသက်ရောက်မှုမှ ကာကွယ်ပေးနိုင်သောကြောင့် သေနင်္ဂဗျူဟာအရ အရေးပါသည်ဟု မြင်ကြသည်ကို ဂျိုအန် လင် ဝေလင်းက သဘောတူသည်။
“အရှေ့တီမောကို ဝင်ခွင့်ပေးကြောင်း တရားဝင်ကြေညာခြင်းဟာ အဓိကကျတဲ့ အစဉ်အလာ အောင်မြင်မှုဖြစ်ပြီး ဒေသတွင်းညီညွတ်ရေးဆိုတဲ့ အာဆီယံရဲ့ ပုံဖော်မှုကို ပိုမိုခိုင်မာစေတယ်” ဟု ၎င်းကပြောသည်။
(South China Morning Post ပါ Maria Siow ၏ Will Myanmar block East Timor’s Asean entry? Junta’s NUG warning shot tests bloc’s unity ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီ စစ်ရှုံးနေသည်ဟု အရှေ့တီမော သမ္မတ ပြော
မြန်မာ့အရေးကြောင့် အာဆီယံသို့ အရှေ့တီမော ဝင်ရောက်ရေး ဆုံးဖြတ်ရ ခက်နေ
မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း
မြန်မာ့အရေး မဖြေရှင်းနိုင်ရင် အာဆီယံမှာ မပါသေးဟု တီမော ပြော
အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ














