ကျိုင်းတုံမြို့ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းရဲ့ မြို့တော် ဖြစ်ပါတယ်။
ကျိုင်းတုံခရိုင်ရဲ့ ခရိုင်ရုံးစိုက်ရာ မြို့လည်း ဖြစ်ပြီး ခရိုင် ၇ ခု နဲ့ မြို့နယ် ၁၀ မြို့နယ် ရှိပါတယ်။
ကျိုင်းတုံမှာ ၂၀၁၇ ခုနှစ် မတ်လကုန် အထိ လူဦးရေ ၁၆၉၇၃၀ ရှိပြီး ရှမ်းလူမျိုး အများစု နေထိုင်ကာ ဒုတိယ အများဆုံး ကတော့ လားဟူ လူမျိုးများ ဖြစ်ကြောင်း သိရပါတယ်။
၁၉၅၂ ခုနှစ် သန်းခေါင် စာရင်းအရ ဆိုရင်တော့ ကျိုင်းတုံနယ် အတွင်း အိမ်ခြေပေါင်း ၄၅၄၉၂ အိမ်ရှိပြီး လူဦးရေ ၂၆၇၈၃၆ ဦး ရှိတယ်လို့ ဆိုပါတယ်။
ကျိုင်းတုံ တနယ်လုံးမှာ ဂုံရှမ်း၊ လူးရှမ်း၊ လားဟူ၊ လီရှော၊ ရှမ်းကြီး၊ ကွီ၊ အာခါ၊ တရုတ်၊ ဗမာ အစရှိတဲ့ လူမျိုးပေါင်း ၄ဝ ကျော် မှီတင်း နေထိုင်ကြကြောင်းလည်း သိရပါတယ်။
နေထိုင်ကြသူ အများစုဟာ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ပြီး ခရစ်ယာန်၊ ဟိန္ဒူ နဲ့ အစ္စလာမ် ဘာသာ ကိုးကွယ်သူ အနည်းငယ် ရှိတယ်လို့ ဆိုပါတယ်။
ကျိုင်းတုံနယ်ဟာ စတုရန်း မိုင်ပေါင်း ၁၃၂ဝဝ ခန့် ကျယ်ဝန်းပြီး တောင်ထူထပ် ပေါများပါတယ်။ တောင်များ အနက် အချို့မှာ ပေ ၅ဝဝဝ မှ ၇ဝဝဝ အထိ မြင့်ကြပါတယ်။
အရှေ့မှ အနောက် ၆၂ မိုင်၊ တောင်မှ မြောက် ၆၃ မိုင် ကွာဝေးပါတယ်။
မြေပြန့် ဒေသများမှာ လယ်စပါး စိုက်ပျိုးပြီး တောင်တန်းဒေသ များမှာတော့ ယာစပါး နဲ့ ဘိန်း စိုက်ပျိုးကြကြောင်း သိရပါတယ်။
ကျိုင်းတုံမြို့ကို ခေမာရဋ္ဌတုံကပူရီ လို့ ခေါ်ကာ ဘယားဂါဟပ် ဘုရင် လက်ထက်ကစပြီး ထင်ပေါ်ကျော်ကြား လာခဲ့တယ် လို့ ဆိုပြီး ရှေးဟောင်း သမိုင်းများမှာ ဖော်ပြပါရှိပါတယ်။
ကျိုင်းတုံ ဆိုတဲ့ အမည်နာမ ဖြစ်ပေါ်လာပုံကတော့ စိတ်ဝင်စားဖွယ်ရာ ကောင်းပါတယ်။
ခေမာရဋ္ဌ လို့လည်း အမည်ရပြီး ဂုံရှမ်းစော်ဘွား အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ ဂုံရှမ်းတို့ရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။
မြို့ရံပေါင်း ၃၂ မြို့ရှိတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော် အခါက အခု ကျိုင်းတုံမြို့ တည်နေရာမှာ ဆွမ်းဆန်ဆေးရာမှ စီးဆင်းတဲ့ရေဟာ ကန်တခု ဖြစ်လာပါတယ်။
အဲဒီကန်ကို နောင်တုံး လို့ ခေါ်ကြပါတယ်။
ရှမ်းဘာသာ အရ နောင်မှာ အင်း၊ တုံးမှာ ခံယူတယ်လို့ အဓိပ္ပာယ် ရပါတယ်။ နောင်ကာလ ရွေ့လျောလာပြီး နောင်တုံးဟာ နောင်တုံ ဖြစ်လာတယ်လို့ ဆိုပါတယ်။
အဲဒီကမှ တဆင့် ကျိုင်းတုံ ဆိုတဲ့ အမည်နာမ ဖြစ်တည်လာကြောင်း သိရပါတယ်။
အရွယ်ရောက် လူလားမြောက်ပြီးတဲ့ ယောက်ျားတိုင်း မိရိုးဖလာ ရှမ်းကြီး ဘာသာစကား နဲ့ စာပေ အပြင် ယိုးဒယား (ထိုင်း) ဘာသာစာပေ နဲ့ ဂုံရှမ်း ဘာသာစာပေ တို့ကို တတ်ကျွမ်း နားလည်ကြတယ် လို့လည်း ဆိုပါတယ်။
တရုတ်နိုုင်ငံ ယူနန်ပြည်နယ် ထဲက စစ်ဆောင်ပန္နား ဒေသမှာလည်း ဂုံရှမ်း လူမျိုးတွေ နေထိုင်ကြပါတယ်။
စစ်အတွင်း ဂျပန်တွေ အုပ်စိုးတဲ့ ခေတ်မှာ ကျိုင်းတုံ နယ်ဟာ မိုင်းပန်နယ်နဲ့ အတူ ယိုးဒယား နိုင်ငံအတွင်း သွတ်သွင်းခြင်း ခံရပါတယ်။
မဟာမိတ်တွေ ပြန်ဝင်လာတဲ့ စစ်အုပ်ချုပ်ရေး ခေတ်မှာတော့ ရှမ်းပြည်နယ် အုပ်ချုပ်ရေးထဲ ပြန်လည် ရောက်ရှိလာကြောင်း သိရပါတယ်။
အခုအခါ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ဆိုပြီး ၃ ပိုင်း ပိုင်းခြား သတ်မှတ် လိုက်လို့ ကျိုင်းတုံနယ်ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ပါဝင်တဲ့ နယ်ကြီးတနယ် ဖြစ်လာပါတယ်။
ကျိုင်းတုံမြို့ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ အကြီးဆုံးမြို့ ဖြစ်တာသာမက ရှမ်းပြည်နယ် နဲ့ တရုတ်နိုင်ငံ၊ ရှမ်းပြည်နယ် နဲ့ ယိုးဒယား နိုင်ငံ၊ ရှမ်းပြည်နယ် နဲ့ အင်ဒိုချိုင်းနား တို့ကို ကူးသန်း သွားလာနိုင်တဲ့ မြန်မာ ရဲ့ အရှေ့ပိုင်း တံခါးပေါက်လည်း ဖြစ်ပါတယ်။
၁၉၅၅ ခုနှစ်က ကျိုင်းတုံမြို့မှာ လူဦးရေ ၁၂ဝဝဝ ခန့်ရှိကာ ကျိုင်းတုံစော်ဘွား ရုံးစိုက်ရာမြို့ ဖြစ်ပြီး စော်ဘွားမှာ စဝ်စိုင်းလုံ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ အချိန်က မြို့ဟာ ဇင်းမယ် (ချင်းမိုင်) သွား လမ်းပေါ်မှာ တည်ရှိကြောင်း သိရပါတယ်။
ကျိုင်းတုံ မြို့နဲ့ ၈ မိုင်ကွာနေရာမှတော့ လေယာဉ်ကွင်းသစ်ကြီး ရှိပါတယ်။
ပြည်တော်သာ ညီလာခံကို ကျိုင်းတုံမြို့မှာ ၁၉၅၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
၁၉၅၂ ခုနှစ် ဩဂုတ်လမှာ အဲဒီကာလ ဝန်ကြီးချုပ် ဦးနုဟာ ပြည်တော်သာ ၅ နှစ် စီမံကိန်းကို ကြေညာခဲ့ပါတယ်။

ပြည်တော်သာ စီမံကိန်း ဆိုတာဟာ တော်ဝင်လယ်သမားများနိုင်ငံ အဖြစ် ဖွင့်ဆိုပါတယ်။
အဲဒီ စီမံကိန်းဟာ ဦးနုရဲ့ နိုင်ငံရေး ပန်းတိုင် ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ကြီးပွား ချမ်းသာရေး နဲ့ ဗုဒ္ဓဘာသာ လောကနီတိများကို အခြေခံတဲ့ ဒီမိုကရက်တစ် ဆိုရှယ်လစ် နိုင်ငံတော် တည်ထောင်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။
စက်မှုလုပ်ငန်းကို အခြေခံတဲ့ စီးပွားရေး တည်ဆောက်ခြင်းဟာ ပြည်တော်သာ စီမံကိန်းရဲ့ ပင်မဗဟို အတွေးအခေါ်ဖြစ်ပြီး ကိုလိုနီခေတ် ကုန်ကြမ်းသာ ထုတ်လုပ်တဲ့ စီးပွားရေး အခြေအနေကို ပြောင်းလဲဖို့ ဖြစ်ကြောင်း၊ စိုက်ပျိုးရေး နဲ့ စက်မှု ထွန်းကားရေး မျှတစွာ ဖွံ့ဖြိုး ရမယ့် ရည်မှန်းချက်လည်း ထားရှိကြောင်း သိရပါတယ်။
ဒါပေမယ့် ပြည်တော်သာ စီမံကိန်း အကောင်အထည် ဖော်မှု မအောင်မြင်ခဲ့ပါ။
အဲဒီ အခါက ကျိုင်းတုံမြို့ အုပ်ချုပ်ရေးမှာ နယ်အုပ်ချုပ်ရေး နဲ့ တပူးတပေါင်းတည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း ဆိုင်ရာ နယ်ခြားဝန်ဟာ လွယ်မွေမှာ ရုံးစိုက်ကာ နယ်ခြား ဝန်ထောက်ရဲ့ အကူအညီနဲ့ ကျိုင်းတုံမြို့ကို ရံဖန်ရံခါ လာရောက် ကြည့်ရှု စစ်ဆေးလေ့ ရှိတယ်လို့ ဆိုပါတယ်။
ကာကွယ်ရေး အတွက် ပြည်ထောင်စုအစိုးရက ကြည်းတပ် တပ်ရင်းတခု နဲ့ စစ်ရဲများထားရှိ စောင့်ရှောက် ပေးထားကြောင်းလည်း သိရပါတယ်။
ကျိုင်းတုံမြို့ရှိ အကျဉ်းထောင်ကတော့ ရှမ်းပြည်နယ် တခုလုံးမှာ အကြီးဆုံး အကျဉ်းထောင် ဖြစ်ပါတယ်။
မြို့ပေါ်က ထင်ရှားတဲ့ အဆောက်အုံများ အနေနဲ့ အထက်တန်းကျောင်း၊ ဗရင်ဂျီ သာသနာပြုများရဲ့ စိန့်လူးဝစ် အလယ်တန်း ကျောင်း၊ အမေရိကန် ဗက်ပတစ် စာသင်ကျောင်း၊ တရုတ်ဘုံ ကျောင်း နဲ့ ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြတဲ့ ဂုံရှမ်း လူမျိုး နဲ့ မြန်မာ လူမျိုးတို့ ကိုးကွယ် ဆည်းကပ်တဲ့ ဘုန်းတော်ကြီး ကျောင်းများ ရှိပါတယ်။
ဒါ့အပြင် ကျိုင်းတုံ ဆေးရုံကြီးမှာလည်း ကျိုင်းတုံ နယ်မှာ အကြီးဆုံး ဆေးရုံကြီး ဖြစ်ပါတယ်။
ကျိုင်းတုံမှာ ထူးခြားတဲ့ ဘုရားစေတီ များစွာလည်း ရှိပါသေးတယ်။
ကျိုင်းတုံမြို့လယ်မှာ တည်ရှိတဲ့ ရခိုင်ဘုရားကြီး လို့လည်း ခေါ်တဲ့ မဟာမြတ်မုနိ ဘုရားကြီးဟာ စဝ်ဖကွန်ကျောက် လက်ထက်မှာ တည်ထား ကိုးကွယ်ခဲ့ကြောင်း သိရပါတယ်။
ဘော်လုံးကွင်း နဲ့ နောင်တုံကန်လည်း ရှိပြီး စွန်စလီ၊ စွန်တောင် နဲ့ စွန်လွဲ စေတီများလည်း ရှိပါသေးတယ်။
စွန်လွဲစေတီတော်ကြီးရဲ့ ထူးခြားချက် တရပ်ကတော့ ကျိုင်းတုံနယ်ကို အုပ်ချုပ်တဲ့ ဘယ်စော်ဘွားကမှ အဲဒီ စေတီ တော်ကို သွားရောက် ဖူးမြော်ခြင်း မပြုကြဘူးလို့ ဆိုပါတယ်။

အကြောင်းကတော့ စေတီတော်ကို တည်ခဲ့သူများဖြစ်ကြတဲ့ ဝ လူမျိုး ဇနီးမောင်နှံ တို့ဟာ သူတို့ကို စေတီတည်ဖို့ တားမြစ်တဲ့ မင်းကို စိတ်နာပြီး ကြောက်မက်ဖွယ် ကျိန်စာဆိုထားခြင်းကြောင့် ဖြစ်ကြောင်း သိရပါတယ်။
ကျိန်ဆိုပုံမှာ ကျိုင်းတုံနယ် အတွင်း တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့ ဘုရင် အဆက်ဆက်ဟာ မိမိတို့ ဝလူမျိုးမောင်နှံ တည်ထားတဲ့ ဘုရားကို ကိုးကွယ်ပါက မူးဝေခြင်း၊ လေသင်တုန်း ဖြတ်ခြင်း ရောဂါနဲ့ သေပါစေ၊ အန္တရာယ် ရောက်ပါစေ ဆိုပြီး ကျိန်ဆိုထားတယ်လို့ ဆိုပါတယ်။
စီပွားရေးကဏ္ဍ အနေနဲ့ စိုက်ပျိုးရေး၊ ကုန်စည် ကူးသန်း ရောင်းဝယ်မှု နဲ့ ခရီးသွား လုပ်ငန်းများ ရှိပြီး အခုအခါမှာတော့ ထိုင်းနိုင်ငံနဲ့ နှစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး နဲ့ ကုန်သွယ်မှု လုပ်ငန်းများ တိုးမြှင့်နိုင်ဖို့ မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေး တံတားဂိတ်ကနေ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး-မိတ္ထီလာ-မန္တလေး လမ်းကြောင်း များကနေ ကုန်စည်စီးဆင်းမှု ဆောင်ရွက်နိုင်ရေး၊ ခရီးသွား လုပ်ငန်းများ တိုးမြှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အစီအစဉ်များလည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။
ပညာရေးကဏ္ဍမှာတော့ ကျိုင်းတုံ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (ကျိုင်းတုံ)၊ ကွန်ပျူတာ တက္ကသိုလ် (ကျိုင်းတုံ)၊ ကျိုင်းတုံ ပညာရေး ဒီဂရီကောလိပ်၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း (ကျိုင်းတုံ) တို့ ရှိပါတယ်။
ကျိုင်းတုံမှာ စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ ထင်ရှားတဲ့ အဆောက်အအုံ တခုကတော့ ကျိုင်းတုံ ဟော်နန်းပဲ ဖြစ်ပါတယ်။
ကျိုင်းတုံဟော်နန်း ဟာ ကျိုင်းတုံနယ်ကို အုပ်ချုပ်ခဲ့တဲ့ စော်ဘွားများ နေထိုင်ခဲ့ရာ အဆောက်အအုံ ဖြစ်ပါတယ်။
ဟော်နန်းကို ၁၉၀၃ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပါတယ်။
၁၉၀၆ ခုနှစ်မှာ ပြီးစီးခဲ့ကာ ဥရောပနဲ့ အိန္ဒိယဟန်များ လွှမ်းမိုးထားပြီး ရှမ်းရိုးရာ နဲ့ မြန်မာ ဗိသုကာ ပုံစံကို ပေါင်းစပ် တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။
၁၉၀၃ ခုနှစ်မှာ ဒေလီ သစ္စာခံပွဲကို တက်ရောက်ခဲ့တဲ့ စော်ဘွား စဝ်ကွန်ကျောက်အင်းတလျဲန်း က ဟော်နန်း ဒီဇိုင်းကို ပုံစံ ထုတ်ခဲ့ကြောင်း သိရပါတယ်။
ဟော်နန်းကို မြေးဖြစ်သူ စဝ်စိုင်းလုံ က ရှမ်းပြည်နယ် အစိုးရကို မလွှဲပြောင်းပေးခင် ၁၉၅၉ ခုနှစ်အထိ ဟော်နန်းမှာပဲ စဝ်ကွန်ကျောက် မိသားစုများ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၁၉၆၂ ဗိုလ်ချုပ်ကြီး နေဝင်း စစ်အာဏာ သိမ်းပြီးနောက် ရှမ်းစော်ဘွားများကို ဖမ်းဆီးခဲ့ကာ ကျိုင်းတုံ ဟော်နန်း ကိုလည်း အစိုးရရုံး အဖြစ် အသုံးပြုခဲ့ပါတယ်။
မြန်မာ့ ခရီးသွားနှစ် အတွက် ကြိုတင်ပြင်ဆင်ဖို့ ဆိုပြီး အဲဒီ အချိန်က နဝတ စစ်အစိုးရက ဒေသခံများ ကန့်ကွက်နေတဲ့ ကြားကနေ ဟော်နန်းကို ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖြိုချခဲ့ပြီး ဟိုတယ်အဖြစ် ဆောက်လုပ်ခဲ့ကြောင်း သိရပါတယ်။

၁၉၉၆ ခုနှစ်မှာ ဟိုတယ် တည်ဆောက်ခြင်း ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။
ကျိုင်းတုံ ဟော်နန်းကို ဖြိုချပြီး အဲဒီမြေမှာ တည်ဆောက်တဲ့ ဟိုတယ်ကို Amazing Kengtong Resort အမည်နဲ့ ဟိုတယ် ဖွင့်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက် စစ်ကောင်စီက ကျိုင်တုံမြို့၊ နောင်တုံကန် အနီး မြေနေရာမှာ ဟော်နန်း ပုံစံတူ ပြန်လည် ဆောက်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ်မှာတော့ အဆိုပါ ကျိုင်းတုံ ဟိုတယ်ကို ခရိုနီ သူဌေး တဦးဖြစ်သူ ဦးအောင်မျိုးမင်းဒင်က ပိုင်ဆိုင် သွားကြောင်းလည်း သိရှိရပါတယ်။ ။
ကိုးကား –
၁။ မြန်မာ့ စွယ်စုံကျမ်း အတွဲ – ၂၊ ၁၉၇၃ ခုနှစ်၊ ဒုတိယ အကြိမ်၊ စာပေဗိမာန်။
၂။ ခရီးသွား စာစုများ။
၃။ Wikipedia
၄။ moi.gov.mm














