သတ္တိကို ဖွင့်ဆိုတဲ့ အဆိုအမိန့်တွေ များစွာ အနက်က မောင်သော်က ကြိုက်နှစ်သက်တဲ့ ဖွင့်ဆိုချက် တခုက-
“သတ္တိ ဆိုသည်မှာ အကြောက်တရားကို ကျော်လွှားနိုင်ခြင်းပင် ဖြစ်သည်”
ဆိုတဲ့ သိုးဆောင်း လူမျိုးတို့ရဲ့ ထုံးကို အကြိုက်ဆုံးပဲ။
ဟုတ်တယ်။ မကြောက်တတ်ရင် သတ္တိမရှိနိုင်ဘူး။
ကြောက်စရာ ရှိတာကို ကြောက်ဖို့ ကောင်းတဲ့ အကြောင်း သိရှိထားပြီးမှ ဒီအကြောက်တရားကို ဘယ်လို ဖယ်ရှားမယ်၊ ဘယ်ပုံ တွန်းလှန်မယ် ဆိုတာကို သိရှိပြီး လုပ်စရာရှိတာကို ရဲဝံ့စွာ လုပ်ဆောင်နိုင်ခြင်းဟာ သတ္တိ အစစ်ပဲ ဖြစ်တယ်။
ဟုတ်တယ်၊ ကြောက်ရကောင်းမှန်း မသိလို့ လုပ်ရတဲ့ သတ္တိဟာ မိုက်ရူးရဲ သတ္တိပဲ ဖြစ်တယ်။ စစ်မှန်တဲ့ သတ္တိ မဖြစ်နိုင်ဘူး။
မြန်မာ့ ယဉ်ကျေးမှု နယ်ပယ်မှာ ဟီရိသြတပ္ပ တရား ဆိုတာ ရှိတယ်။
မကောင်းမှုကို ပြုရမှာ ရှက်ခြင်း၊ ကြောက်ခြင်းပဲ။ ဒါဟာ အင်မတန် ကောင်းတဲ့ အရှက်တရား၊ အကြောက်တရားပဲ ဖြစ်တယ်။
ဒါဟာ လိမ္မာယဉ်ကျေးတဲ့ လူတွေရဲ့ လက္ခဏာပဲ ဖြစ်တယ်။ အဲဒီက လွဲလို့ ရှက်ခြင်း၊ ကြောက်ရွံ့ခြင်း (အားနာခြင်း) ကို စဉ်းစားကြရလိမ့်မယ်။
မောင်သော်က အရင် အပတ်က “ခင်တော့ ခင်တယ်၊ အားတော့ မနာနိုင်ဘူး” လို့ အပြတ် ပြောပြီးပြီပဲ။
လူဟာ သဘာဝ အားဖြင့် ကြောက်တတ်ပါတယ်။ ဘာကို ကြောင်တာလဲ ဆိုတော့ မိမိရဲ့ အသက်ဘေး အန္တရာယ်ကို ကြောက်တာပါ။
သတ္တဝါတိုင်းဟာ အသက်ကို အခင်တွယ်ဆုံးပဲ။ နောက်ဆုံး အချိန်အထိ အသက်ကို ဖက်တွယ်ထားချင်ကြတယ်။ မတတ်သာလို့သာ အသက်ကို စွန့်လွှတ်ကြရတယ်။
တတ်နိုင်လျှင်တော့ လောကမှာ ဖြစ်သလို နေချင်တုန်းပဲ။
ခြေပြတ် လက်ပြတ် ဖြစ်လည်း နေချင်သေးတယ်။ ကျိုးနေ ကန်းနေလည်း နေချင်သေးတယ်။ နူနေဝဲနေလည်း နေချင်သေးတယ်။
အသက် ရှင်နေသေး သမျှ ဘယ်လိုပင် နေရနေရ နေထိုက်တယ်လို့ အောက်မေ့နေကြတယ်။
နောက် အဆိုအမိန့် တချက်က “အသက်နဲ့ လူလုပ်တာ မဟုတ်ဘူးဟေ့၊ အရှက်နဲ့ လူလုပ်တာ” လို့ ပြောကြတဲ့ အချက်ပဲ။
ရှက်တတ်တဲ့ လူ၊ အရှက်ကြီးတဲ့ လူ၊ ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားတဲ့ လူတွေဟာ လောကမှာ အရှက်နဲ့ အသက်ကို လဲလေ့ ရှိကြတယ်။
ဂုဏ်သိက္ခာ ကင်းကွာခြင်းထက် သေရခြင်းကိုသာပဲ မြတ်နိုးလေ့ ရှိကြတယ်လို့ အင်္ဂလိပ်တွေက ဆိုပါတယ်။ ဒါဟာလည်း တကယ့် သတ္တိခဲမှ ပြုလုပ်နိုင်စွမ်း ရှိပါတယ်။
ဂျပန် ဆာမူရိုင်းတွေကတော့ “ဆေပုကူ” ဆိုပြီး မိမိ ဝမ်းဗိုက်ကို မိမိဘာသာခွဲ သေပွဲလှလှ ဝင်လေရှိပါတယ်။ ဂျပန် ဆာမူရိုင်း အမျိုးသမီးကျတော့ ဝမ်းဗိုက်အစား လည်မျိုကို ဓားနဲ့ထိုး အဆုံး စီရင်လေ့ရှိကြတယ်။ အာဂ သတ္တိပါပဲ။
မြန်မာ ရာဇဝင်တော့ ကျနော်က သိပ်မကျေညက်ဘူးဗျ။ ဘယ်မင်း လက်ထက်လည်းတော့ မမှတ်မိဘူး၊ မင်း လုလင် တယောက်ကို သူ့ရဲ့ သတ္တိနဲ့ ပတ်သက်ပြီး ဘုရင်က ပြက်ရယ်ပြုတော့ မင်းလုလင်က နန်းရင်ပြင်မှာ သူ့ဝမ်းဗိုက်ကို ဓားနဲ့ ခွဲ၊ အူကို ဆွဲထုတ်ပြီး နန်းတော်တိုင် ရစ်ပတ်ပြ ဆိုသကိုးဗျ။
သူသေတော့ ဘုရင်က “သင်းသည် သတ္တိမရှိ၊ မိုက်ရူးရဲမျှသာတည်း”လို့ မှတ်ချက်ပေးဖူးတယ်။ ဒါလည်း မှန်တာပဲဗျ။ သတ္တိကို အလွဲသုံးစား လုပ်ခြင်းလို့ ဆိုရမယ်။
မြန်မာတွေဟာ တကယ်မှ သတ္တိ ရှိရဲ့လားလို့ ကျနော်တော့ မကြာခဏ သံသယ ဖြစ်မိတယ်။ လူစုလူဝေးနဲ့ ဆိုရင် မိုက်ပြရဲတယ်၊ ကောက်ရိုးမီး လိုပဲ။
“ဆော်ဒါ လင်မနစ်ရည် ဖောက်လိုက်ရင် မြည်သတဲ့။ နိုင်ငံခြားနဲ့ အများက ဆိုပြန်သည်…” လို့ သီချင်းတောင် ရှိသေးတာပဲ။
မြန်မာပြည် နဲ့ ဟိမဝန္တာတောင်ဟာ နီးနီးကလေးပါ။ ဒါပေမယ့် ဒီနေ့ထိ ဧဝရက် တောင်ထိပ်ကို တက်တဲ့အဖွဲ့ထဲမှာ ဗမာ တယောက်မှ မပါသေးဘူး။
ဘာမဆိုင် ညာမဆိုင် နယူးဇီလန်က အက်ဒမန် ဟိလာရီက ဟိမဝန္တာ တောင်ထိပ်ကို တက်နိုင်ခဲ့တယ်။ ဂျပန် တောင်တက် အဖွဲ့ဝင်တွေလည်း ဟိုးအဝေးကြီးကနေ ဧဝရက်ကို လာတက်သွားကြပြီ။
မြန်မာကတော့ “အသက်ကလေးရယ်တဲ့ ရှည်စေလို မြနန္ဒာ ရေညိုသန်းတယ် မန်းတောင်ရိပ်ခို” လို့ သီချင်းကလေး တညည်းညည်းနဲ့ မန်းတောင်ရိပ်မှာ အိပ်တော်မူဆဲပါပဲ။
ပင်လယ် သမုဒ္ဒရာအောက် ရေငုပ်ဖို့လည်း မြန်မာက ဝါသနာ မပါဘူးဗျ။ လေယာဉ်ပျံပေါ်က လေထီး မဖွင့်ဘဲ အလွတ်ဆင်း လုပ်ဖို့လည်း စိတ်မဝင်စားဘူး။
ကျိုက်ထီးရိုး တောင်ပေါ်ကနေ လူပျံဝဲဆင်းတဲ့ ဂလိုက်ဒါနဲ့များ ဆင်းလိုက်ရ သိပ်ကောင်းမှာပဲ။
ဘယ်သူ ဆင်းမလဲ၊ မောင်သော်က လာကြည့်ပါမယ်။ ဒါတောင် ကျိုက်ထီးရိုး တောင်ထိပ်ကို ဆင်နဲ့ ဖြစ်စေ၊ အထမ်းနဲ့ ဖြစ်စေ တက်ပြီး စွန့်စွန့်စားစား လာကြည့်ရမှာနော်။
စွန့်စားတဲ့ နေရာမှာ စောင့်ကြည့်သူ အဖြစ်နဲ့ကတော့ ဝါသနာ အပါဆုံးပဲ။
မောင်သော်ကဟာ တိုက်ရေယာဉ် ၁၀၃ ပျက်စဉ်က ပင်လယ်ပြင်မှာ ၁၃ ရက် တိုင်တိုင် လက်ပစ် ကူးခဲ့သူပါ။ အဲဒါ သတ္တိ ရှိတယ်တော့ မထင်ပါနဲ့။ ရေနစ် သေရမှာ ကြောက်လို့ပါ။
မောင်သော်ကက သေတာကို ဝါသနာ မပါဘူးဗျ။
ထီပေါက်တာတို့၊ နောက်မိန်းမယူတာ တို့ကျတော့ သိပ်ဝါသနာပါတယ်။ သိပ်စွန့်စားရဲတယ်။ မယုံရင် စမ်းကြည့်လေ။ ဒီအပတ် ထီ ၅၀၀ ဖိုး ထိုးထားတယ်။
သတ္တိရှင် တယောက်တော့ ထူးထူးခြားခြား ကြားမိတယ်။ အဲဒါ တိုင်းလုံးကျော် သင်္ဘောက စက်ဆရာပဲ။
သင်္ဘော နစ်ခါနီး ရေတွေ ဝင်တော့ သူက ဆလင်ဖြစ်သူကို “ကမ်းကို ထိုးမောင်း၊ ငါစက်ကုန် ဖွင့်ပေးမယ်” ဆိုပြီး ရေဝင်စ ပြုနေတဲ့ စက်ခန်းထဲ ဆင်းသွားတယ်။
စက်ခန်းထဲမှာ သူ့တာဝန်ကို အဆုံးအထိ လုပ်သွားတယ်။ ပြန်တက်မလာတော့ဘူး။ သူ့မှာ စက်ခန်းက ပြန်ထွက်လာနိုင်ဖို့ မျှော်လင့်ချက် မရှိတာကို သိလျက်သားနဲ့ သူ့တာဝန်ကို သူ ဆက်လုပ်သွားတယ်။
ဒါကို သတ္တိ မခေါ်ရင် ဘာကို သတ္တိ ခေါ်ကြမလဲ။
သံတွဲ အနီးမှာ ပျက်ကျသွားခဲ့တဲ့ အိတ်စ်ဝိုင် အေဒီအမ် (XY ADM) က လေယာဉ်မယ် တင်တင်လှိုင်လည်း အလားတူ သတ္တိရှင်မကလေးပါပဲ။
ခရီးသည် တို့ကို အသက်ကယ် အင်္ကျီ ကိုယ်စီ ဝတ်ပေးပြီးနောက် နစ်သွားတဲ့ လေယာဉ်ကြီးထဲမှာ ပါသွားတယ်။
ဒီလို သတ္တိရှင်တွေ သတင်းကို ကြားရတိုင်း တအံ့တသြ ဖြစ်ရပါတယ်။ ချီးကျူးရပါတယ်။
သတ္တိ ဆိုတာ စစ်မြေပြင်က စစ်သားသာလျှင် ရှိတာ မဟုတ်ပါဘူး။ သတ္တိကို အယူအဆ မှားနေမှာစိုးလို့ ပြောရတာပါ။
တခါတလေကတော့ ခံရဲတာ သတ္တိပါ။
မောင်သော်က အပေါစား အမေရိကန် ကောင်းဘွိုင်ကားတကား ကြည့်ဖူးတယ်။
အဲဒီ ဇာတ်ကားမှာ မက္ကဆီကန် တောင်သူ ဦးကြီးတယောက်ဟာ သူ့ လယ်ယာကွက်ကလေးနဲ့ သူ ရွာပြင်မှာ ဂျုံခင်း စိုက်နေတယ်။
ဂျုံ ရိတ်သိမ်းချိန် ကျတော့ မက္ကဆီကန် ဓားပြတွေ လာပြီး သူပင်ပန်းခံပြီး နဖူးကချွေး ခြေမကျသည်အထိ စိုက်ပျိုး ရိတ်သိမ်းထားတဲ့ ဂျုံသီးနှံတွေကို အတင်းအဓမ္မ သိမ်းယူတယ်။
သူ့ဝိုင်အရက်တွေလည်း ပိုက်ဆံမပေးဘဲ သောက်ပစ်တယ်။ သူ့တဲက ကြက်ငှက်တွေကိုလည်း ဆွဲယူသွားတယ်။ သူ့မိန်းမကို ဗလက္ကာရ ပြု၊ သူ့ကိုလည်း နားသယ် နားရင်း ကျင်းသွားသေးတယ်။
နှစ်စဉ်နှစ်စဉ် ဒီလိုပဲ ဂျုံပေါ်ချိန်ကျလာပြီ ဆိုရင် သောင်းကျန်းကြတယ်။
ကြာတော့ သူ့ကို သနားတဲ့ ရွာသားတွေက “ခင်ဗျား ဘာ့ကြောင့် ဒီလို နှစ်စဉ်နှစ်တိုင်း အနှိပ်စက် ခံနေရတာလဲ။ တခြား သူတို့နဲ့ လွတ်ရာကို ပြောင်းပြီး လုပ်ကိုင် စားသောက်ပါလား” လို့ အကြံပေးတယ်။
အဲဒီမှာ မက္ကဆီကန် လယ်သမားကြီးက ရွာသားတွေကို ပြန်ပြောလိုက်တဲ့ စကားလုံးကို မောင်သော်က သိပ် သဘောကျ မိတယ်။
လယ်သမားကြီးက “ဟေ့ဒီမှာ ငါက ဘာလို့ ပြောင်းပြေးရမှာလဲကွ။ ဒါဟာ ငါ့မြေ၊ ငါ့ယာ၊ ငါ ဒီမှာပဲနေ၊ ဒီမှာပဲ သေမယ်၊ သူတို့ နှိပ်စက်တာကြောင့် ထွက်ပြေးရတယ် ဆိုရင် သူတို့ကို ကြောက်ပါတယ်လို့ ဝန်ခံရာ ကျသွားမှာပေါ့ကွ။ အဲဒီတော့ သူတို့ နှိပ်စက်နိုင်သမျှ နှိပ်စက်ပေ့စေပေါ့ကွာ။ သူတို့က လုပ်ရဲရင် ငါက ခံရဲတယ်ကွ။ မင်းတို့ မှတ်ထား၊ လောကမှာ တခါတလေ ခံရဲတာဟာလည်း သတ္တိပဲကွ၊ အဲဒါမှ ဇွဲသတ္တိ လို့ ခေါ်တယ်။ သူတို့က ဇွဲသတ္တိ မဟုတ်ဘူး ဖွဲသတ္တိကွ ဖွဲသတ္တိ သိလား”တဲ့။
မောင်သော်က သိပ်ကြိုက်သွားတယ်ဗျာ။
ဟုတ်တယ်လေ လောကမှာ တချို့သော လူစုက လုပ်ရဲ ကိုင်ရဲတာမှ သတ္တိ လို့ ထင်နေကြတယ်။
အမှန်စင်စစ်ကျတော့ ခံရဲတာလည်း သတ္တိ ပါပဲ…။ ။
(စာရေးဆရာကြီး မောင်သော်က ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “ပင်စင်နာ တဦး၏ အတွေးအထင် ပထမအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက် အသက် ၆၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














