အာရက္ခတပ်တော် (AA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များ၏ မကွေးဘက် ထိုးစစ်သည် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်း တဝိုက်တွင် အပြန်အလှန်တိုက်ခိုက်ရင်း စစ်ဆိုင်ထားသည်မှာ ကြာပြီဖြစ်သည်။
ထိုအခြေအနေမှ ယခုအခါ နတ်ရေကန်စခန်းကို တဖြည်းဖြည်းချင်း သိမ်းပိုက်နိုင်ရန် လက်တကမ်းအလို အခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ပြန်၍စဉ်းစားကြည့်သည့်အခါ AA သည် စစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းယူပြီးနောက် အမ်း-ပဒါန်းလမ်းကြောင်းကို ချီစစ်ဝန်ရိုးသဖွယ် အသုံးပြု၍ မကွေးတိုင်းဘက်ခြမ်းအတွက် စစ်မျက်နှာဖွင့်ခဲ့သည်ကို တွေ့နိုင်သည်။
လမ်းတလျှောက်ရှိ စစ်တပ်၏ ခံစစ်နေရာများကို တဆင့်ချင်း တိုက်ခိုက်လာခဲ့ပြီး နတ်ရေကန်အနီးအရောက်တွင် ကာလတခုအထိ စစ်တန့်နေခဲ့ရာက ယခုလတ်တလော၌ စစ်နည်းဗျုဟာပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
AA သည် စစ်ကော်မရှင်၏ ပင်မ ခံစစ်စခန်းကြီးဖြစ်သည့် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းကို သိမ်းပိုက်ရရှိရေးထက် ထိုစခန်း၏ ပတ်လည်ပတ်ဝန်းကျင်တွင်ရှိသည့် ကာကင်းစခန်းများကို တိုက်ခိုက်လာသည်ကို တွေ့ရသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် နတ်ရေကန်စခန်းဘက်သို့ စစ်ကူအင်အားဖြည့်တင်းခြင်း၊ ရိက္ခာ၊ ခဲယမ်းပေးပို့ခြင်းများ ပြုလုပ်ရန် အခက်တွေ့လာခဲ့သည်။ စစ်တပ်၏ စစ်ကူစစ်ကြောင်းများမှာ လမ်းကြောင်းလုံခြုံရေးကို အထောက်အကူပြုပြီး တထောက်နားရပ်များအဖြစ် အသုံးပြုနိုင်သည့် ကာကင်းစခန်းများ မရှိတော့ခြင်းကြောင့် ပင်မစခန်းသို့ ချဉ်းကပ်ရန် ပို၍ခက်ခဲလာခြင်းဖြစ်သည်။
ထိုစစ်ကြောင်းများသည် စစ်ကူလိုက်ရင်း လမ်းတွင် AA ၏ ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခြင်းကိုခံရသဖြင့် ဖရိုဖရဲနှင့် စစ်ကြောင်းဖွဲ့စည်းပုံပျက်ကာ ထွက်ပြေးခဲ့ကြရသည်အထိ ဖြစ်လာခဲ့သည်။
နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ပင်မစခန်းသည်လည်း ကာကင်းစခန်း တခုပြီးတခုကို လက်လွှတ်ခဲ့ရသဖြင့် တဖြည်းဖြည်း ပိတ်ဆို့ခံလိုက်ရသည့်အနေအထားသို့ ရောက်ရှိလာခဲ့သည်။
နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ပင်မစခန်းသည်လည်း ကာကင်းစခန်း တခုပြီးတခုကို လက်လွှတ်ခဲ့ရသဖြင့် တဖြည်းဖြည်း ပိတ်ဆို့ခံလိုက်ရသည့်အနေအထားသို့ ရောက်ရှိလာခဲ့သည်။
ပြန်ကြည့်မည်ဆိုပါက ပြီးခဲ့သည့် စက်တင်ဘာလအတွင်း၌ ဂုတ်ကြီးစခန်းကို လက်လွှတ်ခဲ့ရပြီးနောက် စစ်တပ်သည် ဆုန်ကုန်း၊ စပ်စီ၊ ဇင်ပြွန်း စသည့်နေရာများမှ အင်အားများဖြင့် စစ်ကြောင်းနှင့် ဂုတ်ကြီးစခန်းမှ ထွက်ပြေးလာကြသည့် အင်အားများပေါင်းပြီး နတ်ရေကန်ဘက်ကို ပြန်လည် ထိုးစစ်ဆင်ခဲ့သည်။

ထိုစစ်ကြောင်း ကို Y-12, Y-8 နှင့် ဂျက်ဖိုက်တာများကိုသုံးပြီး လေကြောင်းပစ်ကူပေးခဲ့သော်လည်း စစ်ကြောင်းများမှာ AA ၏ ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် ရှေ့သို့မတိုးနိုင်ခဲ့ပေ။ ထို့ကြောင့် AA ထိန်းချုပ် ထားသည့် အရပ်သားပြည်သူများနေထိုင်သော ကံမြင့်ကန်၊ စွန်တက်၊ လင်းတဲ၊ တုံးကြီး၊ အထက်ဆင်လမ်းကျေးရွာတို့ကို စစ်တပ်က မစားရတဲ့အမဲ သဲနှင့်ပတ်သည့်သဘောဖြင့် လေကြောင်းမှ ဗုံးကြဲခဲ့သည်ကို တွေ့ရသည်။
ထို့နောက် စစ်တပ်စစ်ကြောင်းများ တက်လာရန် မလွယ်တော့သည့် အခြေအနေတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် နတ်ရေကန်စခန်းအတွက် အားထားရသည့် ဖိုက်တာစခန်းကုန်းကို AA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။
စစ်တပ်ဘက်က အရာရှိ၊ စစ်သည်များသည် လက်နက်ကြီးများကိုသာမက လက်နက်ငယ်များကိုပါ စွန့်ပစ်ကာ ကိုယ်လွတ်ရုန်းပြီး ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။ ထို့ကြောင့် AA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ပင်မခံစစ်စခန်းကုန်းဖြစ်သည့် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းကုန်းကိုသာ အပြီးသတ် သိမ်းပိုက်ရမည့် အနေအထားကို ရောက်လာခဲ့သည်။
အောက်တိုဘာလ ၁၅ ရက်က AA ၏ စစ်ရေးသတင်း ထုတ်ပြန်ချက်တွင် နတ်ရေကန်ဗျူဟာကုန်းစခန်းအား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေး အနည်းငယ်သော လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။
အောက်တိုဘာလ ၁၅ ရက်က AA ၏ စစ်ရေးသတင်း ထုတ်ပြန်ချက်တွင် နတ်ရေကန်ဗျူဟာကုန်းစခန်းအား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေး အနည်းငယ်သော လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် လက်ရှိ အနေအထားမှာ နတ်ရေကန်စခန်း၏ ကာကင်းစခန်းများကို သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ထောက်ပံ့မှု လမ်းကြောင်းအားလုံးကို ဖြတ်တောက်ကာ ပင်မစခန်းကုန်းကို တိုက်ခိုက်နေသည့်သဘောကို တွေ့ရသည်။ နတ်ရေကန်စခန်းအနီးအထိ ချဉ်းကပ်ထားနိုင်ပြီဖြစ်ကြောင်းကိုလည်း ကမ္ဘာလုံးပုံစံ ရေဒါဆောက်အဦပုံများကို ဒရုန်းဖြင့် အနီးကပ် ရိုက်ကူးထားသည့် ရုပ်သံအချို့ကိုလည်း AA က ထုတ် ပြန်ထားသေးသည်။
ထိုသို့ AA နှင့် ပူးပေါင်းတပ်ဖွဲ့များက အနီးကပ် ဝိုင်းပတ်ပိတ်ဆို့ထားသဖြင့် နတ်ရေကန်စခန်းက စစ်သားများ ကြုံသလို ထွက်ပြေးနေကြသည်ကိုလည်း တွေ့ရသည်။ အောက်တိုဘာလ ၁၇ ရက်က ထုတ်ပြန်သည့် AA ၏ ထုတ်ပြန်ချက်တွင် ထွက်ပြေးနေသူများနှင့် အလင်းဝင်လာသူ စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၁၁ ဦးကို ထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်က စတင်သည့် အမ်း-ပဒါန်းလမ်းကြောင်းပေါ်မှ နတ်ရေကန်ဗျူဟာကုန်းအနီး တိုက်ပွဲများအတွင်း စစ်တပ်ဘက်က အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် (တမခ ၉၉) နှင့် အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၇) တို့၏ ကွပ်ကဲမှုအောက် ခြေလျင်၊ ခြေမြန်တပ်များနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှ အင်အားများကို ဖြည့်တင်းကာ ခံစစ်ဆင်နေခြင်းဖြစ်သည်။

လတ်တလောအထိလည်း နတ်ရေကန်ဗျူဟာကုန်း လက်မလွှတ်ရရေးအတွက် စစ်တပ်ဘက်က လေကြောင်းပစ်ကူများ အဆမတန်အသုံးပြုပြီး ခုခံနေဆဲဖြစ်သလို စစ်ကူအင်အားဖြည့်ရန်လည်း ကြိုးစားနေဆဲဖြစ်သည်။
ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရသည့် နတ်ရေကန်စခန်းအတွင်းရှိ လက်ကျန်စစ်သားများအတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၆ ရက်တို့တွင် Y-12 လေယာဉ်ဖြင့် ရိက္ခာနှင့်ခဲယမ်းများ ချပေးခဲ့သည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် စခန်း လက်မလွှတ်ရရေး လက်ကျန်အင်အားဖြင့် စစ်တပ်ဘက်က ရသလောက် ခုခံဦးမည့်သဘောကို တွေ့ရသည်။
ထိုသို့ နတ်ရေကန်ပင်မစခန်းကုန်းကို AA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေသလို ကပစ ၁၄ ကိုပါ တပြိုင်နက်တည်း ခြိမ်းခြောက်လာသည်ကိုလည်း တွေ့ရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်က ဂုတ်ကြီးရွာ စခန်းကို အပြီးသတ် သိမ်းပိုက်ပြီးသည့် အချိန်ကပင် AA ၏ ထိုးစစ်ဦးတည်ရာသည် ငဖဲရှိ ကပစ ၁၄ ဘက် ကာကင်းစခန်းများအနီးအထိ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။
ထို့ကြောင့် နတ်ရေကန်လေကြောင်းရန်စခန်းကို အပြီးသတ် သိမ်းပိုက်ပြီးပါက AA ၏ ထိုးစစ်သည် မကွေးတိုင်းအတွင်းရှိ ကပစ စက်ရုံများနှင့် မြို့များဘက်ကို ရောက်လာမည့်သဘောကို တွေ့ရသည်။
လက်ရှိအနေအထားအရ AA နှင့် ပူးပေါင်းတပ်ဖွဲ့များ အနီးစပ်ဆုံးအထိ ရောက်ရှိနေသည့် ကပစမှာ ကပစ ၁၄ ဖြစ်သည်။ ကပစ ၁၄ ၏ ကာကင်းစခန်းဖြစ်သည့် ဇင်ပြွန်းရွာအနီးရှိစခန်း၏ တမိုင်ခန့်အကွာအထိ AA က ရောက်ရှိလာနေပြီဖြစ်ခြင်းကြောင့်ဖြစ်သည်။
ဂက်စ်စက်ရုံအဖြစ် လူသိများသော်လည်း ဒုံးကျည်များနှင့် အီလက်ထရွန်းနစ် Printed Circuit Board (PCB) များ ထုတ်လုပ်သည် စက်ရုံဟုလည်းဆိုကြပြီး မြေအောက်လိုဏ်ဂူများ ရှိကြောင်းလည်း သိရသည်။ ထို ကပစ ၁၄ နှင့် ပဒါန်းမြို့သည် ၈ မိုင်ခန့်သာဝေးပြီး ပဒါန်းတွင် မစခဟုခေါ်သည့် အမှတ် (၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (အမတ ၉၀၅) နှင့် လက်အောက်ခံ အမြောက်တပ်ရင်းများဖြစ်သည့် အမတ ၃၇၅ နှင့် အမတ ၄၀၉ တို့ရှိသည်။
လက်ရှိအခြေအနေကို ကြည့်လျှင် စစ်တပ်ဘက်က နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကို လက်လွှတ်ရရန် နီးလာပြီဖြစ်ကြောင်း တွေ့ရသည်။ ထို့ပြင် စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံများအနက် စစ်တပ်ဘက်က ပထမဆုံးလက်လွှတ်ရမည့် ကပစ စက်ရုံ ဖြစ်လာနိုင်သည်ကိုလည်း တွေ့ရသည်။
ထို့နောက် ပဒါန်းအခြေစိုက် အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ဖြစ်သည့် မစခ ၉၀၅ နှင့် အမြောက်တပ်ရင်းများလည်း AA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်ခြင်းကို ခံရမည့်အနေအထားသို့ မကြာမီ ရောက်လာနိုင်ဖွယ်ရှိသည်။
AA ၏ ထိုးစစ်ကို မကွေးတိုင်းအတွင်း ပထမဆုံး ခံရမည့်မြို့မှာလည်း ပဒါန်းမြို့ ဖြစ်လာနိုင်သည်။ ထို့ပြင် မြေပြန့်ဖြစ်သည့် မကွေးတိုင်းအတွင်းက ကပစ စက်ရုံများရှိရာ နေရာများကိုလည်း AA ၏ ထိုးစစ် ရောက်ရှိလာနိုင်သည်။
AA ၏ ထိုးစစ်ကို မကွေးတိုင်းအတွင်း ပထမဆုံး ခံရမည့်မြို့မှာလည်း ပဒါန်းမြို့ ဖြစ်လာနိုင်သည်။ ထို့ပြင် မြေပြန့်ဖြစ်သည့် မကွေးတိုင်းအတွင်းက ကပစ စက်ရုံများရှိရာ နေရာများကိုလည်း AA ၏ထိုးစစ် ရောက်ရှိလာနိုင်သည်။
မကွေးတိုင်းအတွင်း ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွင် ကပစ ၁၃၊ ကပစ ၁၂၊ ကပစ ၁၀၊ ကပစ ၂၀၊ ကပစ ၂ နှင့် ကပစ ၂၁ တို့ ရှိကြသည်။ ထို ကပစ စက်ရုံများတွင် ၆၀ မီလီမီတာ မှ ၁၂၀ မီလီမီတာအထိရှိသည့် စိန်ပြောင်းလက်နက်၊ ခဲယမ်းနှင့် ဗုံးသီးများ ထုတ်လုပ်သည့် စက်ရုံများလည်း ပါဝင်သည်။

ထို့ကြောင့် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကုန်းကို သိမ်းပိုက်ရန် လက်တကမ်းအလိုသို့ ရောက်လာသည့် AA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်သည် မကွေးတိုင်းအတွင်းရှိ မြို့များနှင့် ကပစများကို သိမ်းပိုက်ရန်အထိ ဖြစ်လာနိုင်သည့်ထိုးစစ်ဟု ဆိုရမည်ဖြစ်သည်။
အာဏာသိမ်း စစ်တပ်သည် ရှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များကို တရုတ်နိုင်ငံ၏ နောက်ကွယ်က ဖိအားပေးမှုကြောင့် တမြို့ပြီးတမြို့ ပြန်သိမ်းနိုင်ခဲ့သည်။ ထိုသို့ သိမ်းပိုက်နိုင်မှုကြောင့် စစ်ရေးပိုင်းတွင် အားသာလာသည့်သဘော ဝါဒဖြန့်လာသည့် စစ်တပ်သည် AA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ မကွေးစစ်မျက်နှာက ထိုးစစ်ကြောင့် အရေးနိမ့်မှုများကိုမူ နတ်ရေကန်စခန်းကို လက်လွှတ်ရခါနီးအချိန်အထိ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးကြောင်း တွေ့ရသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
နတ်ရေကန် ဗျူဟာစခန်းအားလုံးနီးပါး AA သိမ်းပိုက်
နတ်ရေကန် အဓိက ကာကင်းစခန်းကြီး AA သိမ်း၊ လေကြောင်းရန်စခန်းမှ စစ်သားများ ထွက်ပြေး
နတ်ရေကန်တောင် ဗျူဟာကုန်းနားအထိ AA ရောက်လာ
နတ်ရေကန်စခန်း ဘယ်လောက် အရေးပါလဲ (ရုပ်/သံ)
အမ်း- ပဒါန်းလမ်းပေါ်မှ ဂုတ်ကြီးစခန်း AA သိမ်း
နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား














