အမ်း-ပဒါန်းလမ်းရိုးမပေါ် မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း စစ်ကော်မရှင်၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာစခန်းကြီးဝင်းထဲရှိ ကာကင်းစခန်းများ အပါအဝင် စခန်းကုန်းအားလုံးနီးပါးကို အာရက္ခတပ်တော် (AA)ပူးပေါင်းတပ် ဖွဲ့မှ သိမ်းပိုက်ထားပြီး လက်ကျန်စခန်းကုန်းတခုအား ဆက်လက်ထိုးစစ်ဆင်နေကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
AA ပူးပေါင်းတပ်ဖွဲ့သည် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ)များဆီ ထိုးဖောက်ရာလမ်းရှိ အဓိကစခန်းကြီး ဖြစ်သော ထိုနတ်ရေကန်စခန်းကို ပြီးခဲ့သည့်နှစ်လယ်ပိုင်းကတည်းက စတင်ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
မြေပြင်ရှိ စစ်ရေးသတင်းရင်းမြစ်တဦးက “စခန်းတခုလုံးတော့ ရတာမဟုတ်သေးပါဘူး။ ဒါပေမယ့် တော်တော်များများကို သိမ်းလိုက်ပြီ။ တခုပဲ ကျန်တော့တယ်။ ဂူခေါင်းကနေ ခုခံနေကြတယ်။ အဲဒါကို ရှင်းနေရသေးတယ်။ လေကြောင်းကနေ အဆက်မပြတ် လာနေတာ” ဟု ဧရာ၀တီကို ပြောသည်။
နတ်ရေကန်ဗျူဟာကုန်းတွင် ပတ်ပတ်လည် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းများနှင့် ကာကင်းစခန်း အများအပြား ချထားပြီး ယခုအခါ ထိုကာကင်းအများအပြားအား သိမ်းပိုက်ရရှိထားပြီးဖြစ်ကာ စခန်းကုန်းတခုကိုသာ သိမ်းပိုက်ရန်ကျန် တော့ခြင်းဟု ဆိုသည်။
နောက်ထပ်မြေပြင်သတင်းရင်းမြစ်တဦးကလည်း “နတ်ရေကန်ကုန်းပေါ် ထီးထီးကြီးပဲ ရှိနေရတာမျိုးပါ။ ကုန်းပေါ်မှာပဲ ရန်သူက အသေခံ၊ အငတ်ခံ ခံစစ်ဆင်နေတာမျိုး။ လေယာဉ်နဲ့ ရိက္ခာလာချပေးတယ်ဆိုပေမယ့် တောင်ကုန်းတခုလုံးကို ရေရှည်ထိန်းထားဖို့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
နတ်ရေကန်စခန်းသို့ စစ်ကော်မရှင်တပ်က လက်နက်၊ စစ်ကူ လုံး၀မပို့နိုင်သည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်ပြီး ယင်းစခန်းမှ လက်ကျန်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် လေကြောင်းတခုကလွဲပြီး စစ်ကူမရဘဲ ပိတ်မိနေသည့်အခြေအနေဟုလည်း ၎င်းက ဆိုသည်
“စကမ ဘက်က ထပ်ဖြည့်အင်အားလည်း ခြေကျင်ရော၊ ကားရော တက်မရတာ ဆယ်ရက်ကျော်ပါပြီ” ဟု ၎င်းက ပြောသည်။
လက်ရှိ လက်ကျန်စခန်းကုန်းပတ်လည်ကို ပူးပေါင်းတပ်ဖွဲ့က ဝန်းရံပိတ်ဆို့ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ် ကြောင်း အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြောသည်။
“ဒီကောင်တွေ ငတ်နေပြီ၊ ရေတောင် မသောက်ရလောက်တော့ဘူး။ အခု အကုန်မရသေးပေမယ့် မကြာတော့ပါဘူး။ ဒီကောင်တွေ ဘယ်လောက်တောင့်ခံနိုင်ဦးမလဲ။ အခု ကိုယ့်ဘက်ကလည်း ဆက်ချနေတယ်၊ ထွက်ပြေးတဲ့ကောင်တွေ ကိုလည်း လိုက်ရှင်းနေတယ်” ဟု AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

နတ်ရေကန်စခန်းသည် ပဒါန်းမြို့နှင့် ၁၂ မိုင်ဝန်းကျင်အကွာ၊ ကပစ ၁၄ နှင့် ၉ မိုင်ဝန်းကျင်အကွာတွင် တည်ရှိပြီး ထိုစခန်းနှင့် ပဒါန်းမြို့ကြားရှိ ကာကင်းစခန်းကြီးများဖြစ်သော ပဇီ၊ ဂုတ်ကြီးတို့ အပါအဝင် အဓိကထောက်ပို့စခန်းကြီးများကိုလည်း AA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားပြီးဖြစ်ကာ စစ်ကူပို့ရာလမ်းကြောင်းနှစ်ခုလုံးအား ဖြတ်တောက်ထားသည်။
နတ်ရေကန်စခန်းမှ တပ်စခန်းများကို သိမ်းပိုက်ရရှိထားပြီဆိုသော သတင်းနှင့်ပတ်သက်၍ AA က အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။
နတ်ရေကန်ဗျူဟာစခန်းကို ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်ပြီးလျှင် ပဒါန်းတပ်နယ်နှင့် ယင်းအနီးဝန်းကျင် ပုသိမ်-မုံရွာလမ်းမပေါ်ရှိ ကပစ စက်ရုံများဆီ တိုက်ရိုက်ထိုးဖောက်ခြိမ်းခြောက်နိုင်တော့မည်ဟု ရခိုင်ဒေသခံ စစ်ရေးလေ့လာသူ တဦးက သုံးသပ်သည်။
“နတ်ရေကန်ကျသွားရင် ရိုးကိုကျော်ပြီး ရခိုင်ဘက်၊ အမ်းဘက်ကို တန်ပြန်ထိုးစစ်လုပ်ဖို့ဆိုတာ လုံး၀မဖြစ်နိုင်တော့ဘူး။ ပြီးရင် ကပစ စက်ရုံတွေအတွက်လည်း အခြေအနေမကောင်းတော့ဘူး။ ဒါကြောင့် သူတို့ အခုလောက်ထိ တော်တော်ကြာ ခုခံနေခဲ့ကြတာ” ဟု ၎င်းက ဆိုသည်။
နတ်ရေကန်ဗျူဟာစခန်းသည် တပ်အင်အား ငါးရာထက်မနည်း အထိုင်ချထားသည့် စခန်းကြီးတခုဖြစ်ပြီး ထိုစခန်းမကျစေ ရေး ပဒါန်းမြို့ဘက်မှ ရာနှင့်ချီသော စစ်ကူအင်အားများ မကြာခဏဖြည့်တင်းကာ ကာကွယ်ခုခံခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားသော AA သည် ရိုးမရှေ့ဘက်ခြမ်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ နှင့် ပူးပေါင်းကာ အမ်း-ပဒါန်းလမ်းတလျောက် ဦးတည်ထိုးစစ်ဆင်သလို တောင်ကုတ်-ပန်းတောင်းနှင့် ဂွ-ငသိုင်းချောင်း လမ်းတလျောက်ရှိ စစ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်နေပြီး ယခုအခါ စစ်လက်နက်ထုတ်စက်ရုံများရှိရာ မကွေးတိုင်း ပဒါန်းမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်နှင့် ဧရာ၀တီတိုင်း ငသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည်။
ထိုတိုက်ပွဲဖြစ်ပွားရာဒေသများသည် ရခိုင်ရိုးမအရှေ့ဘက်ခြမ်း ပုသိမ်-မုံရွာလမ်းမကြီးတလျောက် လမ်းမအနီးဝန်းကျင်တွင် တည်ရှိသည်။
You may also like these stories:
နတ်ရေကန် အဓိက ကာကင်းစခန်းကြီး AA သိမ်း၊ လေကြောင်းရန်စခန်းမှ စစ်သားများ ထွက်ပြေး
တော်လှန်ရေးတပ်တွေ ဝေါလေဗျူဟာကို လက်လွှတ်ထားရတော့မလား
ရွေးကောက်ပွဲ စိုင်းပြင်းမှုနှင့်အတူ ပိုမိုပြင်းထန်လာနေသည့် တိုက်ခိုက်မှုများ













