ကမ္ဘာတဝန်းရှိ သားကောင်များထံမှ ဘီလီယံပေါင်းများစွာ လိမ်လည်နေသည့် မြန်မာမှ ငွေလိမ်ဂိုဏ်းများသည် ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်လိုက်သည်ဟု ယူဆရသည့် ဖြိုခွဲမှု လအနည်းငယ်အတွင်း အလျင်အမြန် ကျယ်ပြန့်လာနေကြောင်း AFP သတင်းဌာန၏ စုံစမ်းစစ်ဆေးမှုအရ သိရသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီပတ်ဝန်းကျင်မှ အကြီးအကျယ် အစောင့်ချထားသည့် ခြံဝင်းကြီးများတွင် အဆောက်အအုံသစ်များ အလွန်လျင်မြန်စွာ ပေါ်ပေါက်လာနေပြီး အခြားအဆောက်အအုံများသည် အီလွန်မတ်စ်၏ စတားလင့်ခ် ဝန်ဆောင်မှုအတွက် စလောင်းများ တပ်ဆင်ထားကြောင်း ဂြိုဟ်တုဓာတ်ပုံများနှင့် AFP ဒရုန်းရိုက်ကူးမှုများက ပြသနေသည်။
ဖေဖော်ဝါရီလက ဖြိုခွဲမှုဖြစ်ချိန်တွင် စတားလင့်ခ်သည် မည်သည့်နေရာတွင်မှ မရှိသော်လည်း စတားလင့်ခ်သည် ဇူလိုင်လ ၃ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း မြန်မာ၏ အကြီးမားဆုံး အင်တာနက် ဝန်ဆောင်မှုပေးသူ နေ့စဉ်ဖြစ်လာသည်ဟု Apmic Asian ဒေသဆိုင်ရာ အင်တာနက် မှတ်တမ်းအရ သိရသည်။
အမေရိကန် ကွန်ဂရက် ပူးတွဲစီးပွားရေးကော်မတီက ထိုငွေလိမ်လုပ်ငန်းများတွင် စတားလင့်ခ် ပါဝင်ပတ်သက်မှုကို စတင် စုံစမ်းစစ်ဆေးနေကြောင်း AFP သတင်းဌာနသို့ ပြောသည်။
ထိုကော်မတီသည် မတ်စ်ကို ၎င်းတို့ရှေ့မှောက်တွင် လာရောက်ထွက်ဆိုရန် ဆင့်ခေါ်နိုင်သည့် အာဏာရှိသည်။
စတားလင့်ခ်ကို ပိုင်ဆိုင်သည့် SpaceX က AFP က မှတ်ချက်တောင်းသည်ကို အကြောင်းမပြန်ပေ။
တရုတ်၊ ထိုင်းနှင့် မြန်မာတို့က ထိုငွေလိမ်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့် စစ်အုပ်စု လိုလားသော လက်နက်ကိုင်အဖွဲ့များက ထိုခြံဝင်းများကို အမြစ်ဖြတ် သုတ်သင်ရန် ဖေဖော်ဝါရီလတွင် ကတိပြုသည်။

အလုပ်သမား အများအပြားက ၎င်းတို့သည် ကမ္ဘာတဝန်းမှ သားကောင်များကို ဖုန်း၊ အင်တာနက်နှင့် လူမှုကွန်ရက်အတုများဖြင့် ပစ်မှတ်ထားသည့် ငွေလိမ်ဂိုဏ်း ခေါင်းဆောင်များ၏ ရိုက်နှက်ခြင်းကိုခံရပြီး နာရီပေါင်းများစွာ အတင်းအကျပ် အလုပ်ခိုင်းစေခံရကြောင်း AFP သို့ ပြောသည်။
စတားလင့်ခ်သည် ဇူလိုင်လ ၃ ရက်နေ့နောက်ပိုင်းတွင် ရက်သတ္တပတ် တပတ်မှအပ Apnic ၏ မြန်မာအင်တာနက် ဝန်ဆောင်မှုပေးသူစာရင်းတွင် ထိပ်ဆုံးရောက်နေသည်။ ထိုစာရင်းတွင် စတားလင့်ခ် စတင်ပါဝင်သည့် ဧပြီလ နှောင်းပိုင်းက အဆင့် ၅၆ တွင်ရှိသည်။
ထိုသို့ သတင်းခေါင်းစဉ်များတွင် ပါဝင်လာသည့် ရက်သတ္တပတ်များအတွင်း ငွေလိမ်ဂိုဏ်းအဆောက်အအုံ အများအပြား တည်ဆောက်သည့်လုပ်ငန်းများကို ထိုင်းနှင့်နယ်စပ် သောင်းရင်မြစ်တလျှောက်တွင် စတင်သည်။
Planet Labs PBC က ဂြိုဟ်တုဓာတ်ပုံများကို AFP မှ လေ့လာကြည့်ရာ မတ်လနှင့် စက်တင်ဘာလအကြားတွင် အကြီးဆုံးသော အဆောက်အအုံများဖြစ်သည့် KK Park တွင် ဒါဇင်နှင့်ချီသော အဆောက်အအုံများ ဆောက်နေကြောင်း၊ ပြုပြင်ပြောင်းလဲနေကြောင်း တွေ့ရှိခဲ့သည်။
လမ်းသစ်များနှင့် အဝိုင်းတခု ထပ်မံတည်ဆောက်ပြီး ဝင်ပေါက်မှ လုံခြုံရေး စစ်ဆေးရေးစခန်းကိုလည်း အကြီးအကျယ် တိုးချဲ့သည်။
ကရိန်းများ၊ အလုပ်သမားများသည် အလွန်ကြီးမားသည့် ရုံးခန်းအဆောက်အအုံဖြစ်ပုံရသော အဓိကကျသည့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေသည်ကိုလည်း AFP ဒရုန်းရိုက်ကူးမှုအရ သိရသည်။
သောင်ရင်းမြစ်ဖြတ်ကူးသည့် သင်္ဘောဆိပ်အသစ် အနည်းဆုံး ငါးခုသည်လည်း ထိုင်းဘက်မှ ထိုငွေလိမ်လုပ်ငန်းများသို့ ထောက်ပံ့နေပုံရကြောင်း ဂြိုဟ်တုဓာတ်ပုံများက ပြသနေသည်။
ဆောက်လုပ်ရေးလုပ်ငန်းများသည် မြဝတီမြောက်ပိုင်းရှိ အမည်ဆိုးကျော်ကြားသည့် ရွှေကုက္ကို အပါအဝင် ငွေလိမ်ဂိုဏ်းများဟု အမေရိကန် ဘဏ္ဍာရေးဌာနက သံသယရှိသည့် အခြားနေရာ ၂၇ ခုတွင်လည်း ဆက်လက် လုပ်ဆောင်နေသည်ကို AFP ၏ သရုပ်ခွဲလေ့လာမှုများအရ သိရသည်။

စက်ဆုပ်စရာကောင်းခြင်း
စက်တင်ဘာလတွင် အမေရိကန်သည် ရွှေကုက္ကိုနှင့် ယထိုင်မြို့သစ် အထပ်မြင့်မြို့ကြီးကို တည်ထောင်သူ တရုတ်ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် ရှီကျီကျန်းနှင့် ပတ်သက်သူ ကိုးဦးကို အရေးယူပိတ်ဆို့သည်။
အမေရိကန် ကွန်ဂရက်ကော်မတီမှ ထိပ်တန်းဒီမိုကရက် အထက်လွှတ်တော်အမတ် မက်ဂီ ဟက်ဆန်က ထိုငွေလိမ်လုပ်ငန်းများသို့ စတားလင့်ခ်ဝန်ဆောင်မှု ပိတ်ပင်ရန် မတ်စ်ကို တောင်းဆိုသည်။
“လူအများစုက ငွေလိမ်စာတိုပေးပို့မှု၊ ဖုန်းခေါ်ဆိုမှုနှင့် အီးမေးလ်များ ပိုမိုများပြားလာသည်ကို သတိထားမိကောင်း ထားမိပေမဲ့ ကမ္ဘာတဖက်ခြမ်းက နိုင်ငံဖြတ်ကျော် ရာဇဝတ်သားတွေက စတားလင့်ခ် အင်တာနက်သုံးပြီး ဒီငွေလိမ်မှုတွေ ကျူးလွန်နေတယ်ဆိုတာ သူတို့သိချင်မှသိမယ်” ဟု ၎င်းကပြောသည်။
ထိုအထက်လွှတ်တော် အမျိုးသမီးအမတ်သည် မတ်စ်ထံသို့ ဇူလိုင်လတွင် စာတစောင်ရေးသားပြီး စတားလင့်ခ်၏ အခန်းကဏ္ဍနှင့်ပတ်သက်သည့် မေးခွန်း ၁၁ ခု မေးခဲ့သည်။
ယခင်က ကယ်လီဖိုးနီးယားမှ အစိုးရ ရှေ့နေဟောင်း၊ ယခုအခါ ငွေလိမ်ဂိုဏ်းများကို ဆန့်ကျင်သည့် Operation Shamrock အုပ်စုကို ဦးဆောင်နေသူ အာရင် ဝက်စ်က “အမေရိကန်ကုမ္ပဏီတခုက ဒီလိုလုပ်နိုင်စေတာ စက်ဆုပ်စရာကောင်းတယ်” ဟု ပြောသည်။

ငွေလိမ်ဂိုဏ်းများကို စီမံသည့် တရုတ်ရာဇဝတ်ဂိုဏ်းအများစု၊ ဆိုက်ဘာရာဇဝတ်ဂိုဏ်း အများစုသည် စတားလင့်၏ စလောင်းများကို အသုံးပြုနေကြောင်း အစိုးရ ရှေ့နေအဖြစ် လုပ်ကိုင်နေစဉ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် သူက စတားလင့်ခ်ကို သတိပေးခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။
အရှေ့တောင်အာရှမှ ငွေလိမ်သူများ၏ ထိပ်တန်းပစ်မှတ်များတွင် အမေရိကန်များလည်း ပါဝင်နေပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးကာ ၁၂ လအတွင်း ၆၆ ရာခိုင်နှုန်း တိုးလာသည်ဟု အမေရိကန် ဘဏ္ဍာရေးဌာနက ပြောသည်။
လူ ၁၂၀,၀၀၀ ခန့်သည် မြန်မာမှ ‘ငွေလိမ်ဂိုဏ်းများတွင် အတင်းအကျပ် စေခိုင်းခံနေရသည်’ ဟု ကုလသမဂ္ဂ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ သိရသည်။
ကမ္ဘောဒီးယားတွင်လည်း နောက်ထပ် လူ ၁ သိန်းကို အလားတူ အခြေအနေဖြင့် ဖမ်းဆီးထားသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုးကား ။ ။ AFP သတင်း Myanmar scam centres booming despite crackdown, using Musk’s Starlink
You may also like these stories:
ကျားဖြန့်စင်တာများမှ ကျားဖြန့်နိုင်ငံတော်ဆီသို့ (ရုပ်/သံ)
ဗိုလ်မှူးကြီး စောချစ်သူနဲ့ ကျားဖြန့်ခေါင်းဆောင်ကို အမေရိကန်အရေးယူ (ရုပ်/သံ)
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ
ကျားဖြန့်၊ အောက်ဆိုက်ဝင်ငွေနဲ့ အကျင့်ပျက် စစ်တပ်
ထိုင်းနဲ့ တရုတ်ဖိအားကြားက မြဝတီ ကျားဖြန့်လုပ်ငန်း













