စက်တင်ဘာလ မတိုင်မီအထိ မြဝတီဒေသတွင် မြို့ပေါ်နှင့် မြို့အခြေစိုက် ခလရ (၂၇၅) မှအပ စစ်တပ်ကွပ်ကဲမှုအောက် ရှေ့တန်းစခန်းအဖြစ် တော်လှန်ရေးဘက်က သိမ်းယူရန် ကျန်နေသည်မှာ ဝေါလေဗျူဟာစခန်း ဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် ယခင်က မြဝတီမြို့နှင့် အနီးတဝိုက်ကိုသာ ထိန်းချုပ်နိုင်သည့်အပြင် စစ်ကူစေလွှတ်နိုင်ခြင်း မရှိ၍ ဝေါလေစခန်းကို လေကြောင်းမှ ပစ်ကူ အဆမတန်ပေးခဲ့ရသလို လေထီးဖြင့် ခဲယမ်း၊ ရိက္ခာများ ချပေးရသည်အထိ ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရသည်။
ကာလကြာရှည်စွာ ပိတ်ဆို့ထားသည့် ထိုဝေါလေစခန်းတွင် အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၃) လက်အောက်ခံ နည်းဗျုဟာမှူးနှင့် နည်းဗျုဟာအဖွဲ့ အခြေပြုလျက်ရှိသည်။ ယခု ဒေါနတောင်ကို ကျော်လာနိုင်ခဲ့သည့် စစ်ကြောင်းများ သင်္ကန်းညီနောင်နှင့် မြဝတီဒေသများကို ရောက်ရှိလာကြခြင်းကြောင့် ဝေါလေဗျုဟာကိုလည်း စစ်ကူများ ရောက်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိလာသည်။
ထိုသို့ မြေပြင်စစ်ကူများ ရောက်ရှိလာနိုင်ခဲ့သည့်အခါ ဝေါလေစခန်းသည်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ သိမ်းပိုက်ခြင်းမှ ကင်းလွတ်ခွင့်ရသွားနိုင်ကြောင်း ယူဆမှုများရှိလာခဲ့သည်။
ဝေါလေစခန်း၏ အနေအထားကို လေ့လာသည့်အခါ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေတွင်ရှိပြီး မြဝတီဒေသ အပေါ်ဘက် ထိုင်း-မြန်မာနယ်စပ်တလျှောက် စစ်တပ်စခန်းများကို ကွပ်ကဲရသည့် အရေးပါသောစခန်းအဖြစ် တွေ့ရသည်။
ဝေါလေစခန်း၏ အနေအထားကို လေ့လာသည့်အခါ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေတွင်ရှိပြီး မြဝတီဒေသ အပေါ်ဘက် ထိုင်း-မြန်မာနယ်စပ်တလျှောက် စစ်တပ်စခန်းများကို ကွပ်ကဲရသည့် အရေးပါသောစခန်းအဖြစ် တွေ့ရသည်။
နည်းဗျုဟာမှူးအဆင့် ဦးဆောင်သည့် ထိုစခန်းသည် စစ်တပ်အတွက် အရေးပါသည့် နယ်စပ်စခန်းတခုလည်း ဖြစ်သည်။ ထိုစခန်းရှိရာဒေသ ထိုင်း-မြန်မာ နယ်စပ်အနီး KNU တပ်မဟာ ၆ နှင့် ၇ အတွင်းက အာဏာသိမ်းစစ်တပ်စခန်းများကို ယခု ၂၀၂၅ ခုနှစ်၊ မတ်လခန့်ကစပြီး KNU, ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်များက ဆက်တိုက်ဆိုသလို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း တွေ့ရသည်။
ထိုသို့ တိုက်ခိုက် သိမ်းပိုက်နိုင်သည့် စခန်းများမှာ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း၊ တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ သေ့ဘောဘိုးစခန်း၊ ထီးကပလယ်စခန်းနှင့် ဥကရစ်ထစခန်းတို့ ဖြစ်ကြသည်။
ထိုစခန်းများအနက်မှ ဘလက်ဒိုစခန်း၊ မော်ခီးစခန်း၊ ဘုရင့်နောင်စခန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ သေ့ဘောဘိုးစခန်း၊ ထီးကပလယ်စခန်းနှင့် ဥကရစ်ထစခန်းများမှာ ဝေါလေဗျူဟာ၏ ကွပ်ကဲမှုအောက်မှ စခန်းများဖြစ်ကြသည်။
ထိုဝေါလေဗျုဟာ၏ ကွက်ကဲမှုအောက် နယ်စပ်စခန်းများမှ အာဏာသိမ်းစစ်တပ်၏ အရာရှိ၊ စစ်သည် အများစုသည် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြရသည်။ ထို့နောက် နှစ်နိုင်ငံနယ်ခြားကော်မတီမှတဆင့် မြဝတီသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရကာ စစ်ကော်မရှင်၏ မြဝတီရှေ့တန်းရုံးရှိ တပ်မ ၄၄ တပ်မမှူးအစီအစဉ်ဖြင့် ခလရ ၂၇၅ တွင် ပြန်လည်စုဖွဲ့ခြင်းခံခဲ့ရသည်။
တနည်းအားဖြင့် ဝေါလေစခန်းသည် ကွပ်ကဲမှုအောက်စခန်းအားလုံးကို ဆုံးရှုံးခဲ့ရပြီး ထီးတည်းကြီး ကျန်နေသည့် ကွပ်ကဲမှုစခန်းတခုဟုလည်း ဆိုနိုင်သည်။
ထိုသို့ နယ်စပ်စခန်းများမှ ဆုတ်ခွာထွက်ပြေးလာကြသူများနှင့် စုဖွဲ့ထားသည့်အဖွဲ့များဖြင့် စုစည်းထားသည့် စစ်ကြောင်းသည် နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ခွဲထွက်အဖွဲ့များ၏ အကူအညီကို ရယူကာ ကော့ကရိတ်ဘက်က တက်လာသည့် အောင်ဇေယျ စစ်ကူစီမံချက် စစ်ကြောင်းများနှင့် စက်တင်ဘာလ ၁ ရက်နေ့တွင် ပူးပေါင်းနိုင်ခဲ့ကြသည်။
ထို့ကြောင့် စက်တင်ဘာလ ၅ ရက်တွင် အောင်ဇေယျစစ်ကြောင်းများသည် ဒေါနတောင်ကို ကျော်ကာ သင်္ကန်းညီနောင်သို့ ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် မြဝတီဘက်သို့ နယ်မြေရှင်းလင်းလာခဲ့ပြီး လက်ခတ်တောင်နေရာကို ပြန်လည် ထိန်းချုပ်ခဲ့သည်။
ထိုစစ်ကြောင်းများသည် ယခုအခါ လေးကေ့ကော်ကို ထိုးစစ်ဆင်နေပြီး စွယ်တော်ကုန်းစခန်းနေရာကို ပြန်လည်ရရှိရေး တိုက်ခိုက်နေကြောင်းတွေ့ရသည်။ လေးကေ့ကော်မြို့သည် မြဝတီ-ဝေါလေ လမ်းပိုင်းတွင် အရေးပါသည့်နေရာဖြစ်ပြီး စွယ်တော်ကုန်းစခန်းသည် ထိုမြို့ကို စိုးမိုးထားသည့် စစ်ဗျုဟာ အရေးကြီးနေရာလည်း ဖြစ်သည်။
ထိုစစ်ကြောင်းများသည် ယခုအခါ လေးကေ့ကော်ကို ထိုးစစ်ဆင်နေပြီး စွယ်တော်ကုန်းစခန်းနေရာကို ပြန်လည်ရရှိရေး တိုက်ခိုက်နေကြောင်းတွေ့ရသည်။ လေးကေ့ကော်မြို့သည် မြဝတီ-ဝေါလေ လမ်းပိုင်းတွင် အရေးပါသည့်နေရာဖြစ်ပြီး စွယ်တော်ကုန်းစခန်းသည် ထိုမြို့ကို စိုးမိုးထားသည့် စစ်ဗျုဟာ အရေးကြီးနေရာလည်း ဖြစ်သည်။
စစ်ကော်မရှင်စစ်ကြောင်းများအနေဖြင့် စွယ်တော်ကုန်းစခန်းကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါက လေးကေ့ကော်မြို့ကို ထိုးစစ်ဆင်နေသည့် စစ်ကြောင်းများကို ပစ်ကူကောင်းကောင်းပေးနိုင်သဖြင့် မြို့ကို အလွယ်တကူ သိမ်းပိုက်ထိန်းချုပ်သွားနိုင်သည်။
ထို့ကြောင့်လည်း ယခုရက်ပိုင်းတွင် စွယ်တော်ကုန်းကို စစ်ကော်မရှင်ဘက်က အသည်းအသန် တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။ ခလရ ၂၇၅ နေရာက မစ်ဇိုင်းဒုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ကူခြင်း၊ လေကြောင်းမှ ဗုံးကြဲ၍ ပစ်ကူပေးခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းစသည်ဖြင့် ပစ်ကူအဆမတန်သုံးကာ မြေပြင်စစ်ကြောင်းထိုးနိုင်ရေး ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ထို့ကြောင့် ယခင်က စစ်ကူမရောက်နိုင်သည့် ဝေါလေစခန်းအတွက် အားတက်စရာ အနေအထား ဖြစ်လာစေခဲ့သည်။ KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့်လည်း ယခင်က လေကြောင်းပစ်ကူဖြင့်သာ ခုခံနိုင်သည့်စခန်းကို မြေပြင်စစ်ကူစစ်ကြောင်းများ ရောက်မလာစေရေး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ရမည့်အနေအထားရောက်လာစေခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များ ဖြတ်တောက်ရမည့် စစ်ကြောင်းမှာ ရိုးရိုးစစ်ကူစစ်ကြောင်း မဟုတ်ဘဲ တပ်မ ၂၂၊ ၅၅၊ စကခ ၁၃ လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်များ စုဖွဲ့ထားသည့် စစ်ကြောင်းများ ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်အဆင့်စီမံချက်ဟု စစ်ကော်မရှင်ဘက်က ကြွေးကြော်ထားသဖြင့် လေကြောင်းနှင့်လက်နက်ကြီး ပစ်ကူအဆမတန် ရယူသုံးစွဲခွင့်ရှိသည့် စစ်ကြောင်းများလည်း ဖြစ်ပြန်သေးသည်။
ထိုအခြေအနေတွင် ဒုတပ်ချုပ် စိုးဝင်းကိုယ်တိုင် ကိုင်တွယ်ကွပ်ကဲခဲ့သည့် အောင်ဇေယျစစ်ကြောင်းကို တနှစ်ကျော်ကြာ ခုခံတားဆီးနိုင်ခဲ့သည့် ဒေါနတောင် ခံစစ်သည်ပင်လျှင် အခြေအနေအရ ခွာစစ်သို့ ပြောင်းခဲ့ရသဖြင့် ဝေါလေစစ်ကူစီမံချက်ကရော မည်မျှအထိ ခုခံနိုင်မည်လဲဆိုသည့် စိုးရိမ်မှုများရှိလာခဲ့သည်။
ဝေါလေစခန်းကို တော်လှန်ရေးတပ်များက ဇူလိုင်လ ၂ ရက်နေ့တွင် စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဇူလိုင်လ ၃ ရက်နေ့တွင် ဝေါလေဗျုဟာနှင့်အနီးဆုံး စစ်ကူပစ်ကူစခန်းဖြစ်သည့် ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်များက တပြိုင်နက် တိုက်ခိုက်ခဲ့ကြသည်။
ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်တပ်ဘက်က ‘သက်ရှိစည်းရိုး’ အဖြစ် တင်စားခဲ့ကြသည့် ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ဝေါလေစခန်းကိုမူ မိုးတွင်းကာလ ရာသီဥတုဆိုးရွားခြင်း အပါအဝင် အခြားသော ကန့်သတ်ချက်များကြောင့် ယနေ့တိုင် အပြီးသတ် သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
ထိုသို့ဖြင့် လတ်တလောကာလတွင် ဝေါလေစခန်းမှာ ဆုတ်ခွာထွက်ပြေးရလုနီးနီး အခြေအနေမှ စစ်ကူရပြီး ပြန်ခေါင်းထောင်ရန် မျှော်လင့်၍ရသည့်အနေအထား ဖြစ်လာခဲ့ပြီး အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရန် ခက်ခဲသည့်အနေအထားသို့ တဖြည်းဖြည်း ရောက်ရှိလာသည့်သဘော တွေ့ရသည်။
ထိုသို့ဖြင့် လတ်တလောကာလတွင် ဝေါလေစခန်းမှာ ဆုတ်ခွာထွက်ပြေးရလုနီးနီး အခြေအနေမှ စစ်ကူရပြီး ပြန်ခေါင်းထောင်ရန် မျှော်လင့်၍ရသည့်အနေအထား ဖြစ်လာခဲ့ပြီး အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရန် ခက်ခဲသည့်အနေအထားသို့ တဖြည်းဖြည်း ရောက်ရှိလာသည့်သဘော တွေ့ရသည်။
သို့သော် ထိုဝေါလေစခန်းကို စစ်ကူလာသည့် စစ်ကြောင်းများ ရှေ့ဆက်တိုးနိုင်ရေးမှာ စစ်ကော်မရှင်နှင့် အပစ်အခတ်ရပ်စဲရေး NCA လမ်းကြောင်းအတိုင်း သွားနေသည့် အခြားလက်နက်ကိုင်အဖွဲ့များ၊ စစ်ကော်မရှင် လက်အောက်ခံ BGF အဖွဲ့များနှင့်လည်း သက်ဆိုင်မှုရှိနိုင်ကြောင်း သုံးသပ်ရသည်။
လေးကေ့ကော်နှင့် ဝေါလေအကြားတွင် ထိုလက်နက်ကိုင်တပ်များ၏ ဌာနချုပ်အချို့၊ စခန်းအချို့နှင့် အကျိုးစီးပွားလုပ်ငန်းများ ရှိနေသောကြောင့်လည်း ဖြစ်သည်။ သူတို့အနေဖြင့် တော်လှန်ရေးအင်အားစုများဘက် ရပ်တည်ပေးနိုင်ပါက စစ်ကော်မရှင်စစ်ကြောင်းများ တပ်လန်၍ ဆုတ်ခွာရန်သာရှိသည်။
သို့သော် စစ်ကော်မရှင်ဘက်က ယခုကာလအတွင်း ဒေါနတောင်ကို ဖြတ်ကျော်ခဲ့သည့်ပုံစံကို ကျင့်သုံးလာမည်ဆိုပါက ထိုအဖွဲ့များသည် စစ်ကော်မရှင်အလိုကျသာ ဆောင်ရွက်ပေးဖွယ်ရှိနေပြန်သည်။
စစ်ကော်မရှင်ဘက်က ထိုင်း-မြန်မာနယ်စပ်ဂိတ်ကို ပိတ်ခဲ့သလို ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီ-ဘားအံလမ်းကြောင်းကိုပါ ပိတ်ပြီး ထိုလက်နက်ကိုင်များကို ဖိအားပေးမှုကြောင့် ဒေါနတောင်ကို ဖြတ်ကျော်ခွင့်ရခဲ့သည်။
အလားတူ မြဝတီနှင့် ဝေါလေကြားက လက်နက်ကိုင်များ၏နေရာများနှင့် စီးပွားရေးလုပ်ငန်းများကို ဖိအားပေး၍ ရှေ့ကိုတိုးလာနိုင်သည်။ ထိုအခါ ကရင်လက်နက်ကိုင် အချင်းချင်း ပြန်မတိုက်ရေးမူအရ စစ်ဗျုဟာပိုင်း ပြောင်းလဲပေးရမှုများ ရှိလာနိုင်သည်။
ပို၍အရေးကြီးသည်မှာ အိမ်နီးချင်းထိုင်းနိုင်ငံ၏ အကျိုးစီးပွားဖြစ်သည်။ ဝန်ကြီးချုပ်အပြောင်းအလဲ ဖြစ်ပြီးနောက် နိုင်ငံ့စီးပွားရေး ပိုမိုကောင်းမွန်စေချင်သည့် ဝန်ကြီးချုပ်အသစ် အနုတင်သည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်နေသည်ကို ရေရှည် လက်ခံနိုင်ဖွယ်မရှိပေ။
ထို့ကြောင့် နယ်စပ်တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်စပ်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များကို ထိုင်းနိုင်ငံဘက်ကလည်း ဖိအားပေးလာနိုင်သည်။ ထိုသို့ အမျိုးမျိုးသော ဖိအားများကြောင့် စစ်ကော်မရှင်၏ ဝေါလေဗျုဟာစခန်းသည်လည်း တော်လှန်ရေးတပ်များ၏ သိမ်းပိုက်မှုမှ ကင်းလွတ်ခွင့်ရသွားနိုင်ပါဦးမည်လား တွေးတောနေမိပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ဘာကြောင့် ရက် ၅၀၀ ကျော်မှ စစ်တပ်က ဒေါနတောင်ကို ကျော်နိုင်ခဲ့သလဲ
ထွက်ပြေးစစ်သားများကို စု၍ သင်္ဃန်းညီနောင်ကို သိမ်းရန် စစ်ကောင်စီပြင်
လေးကေ့ကော် ဗျူဟာကုန်းတိုက်ပွဲ ပြင်းထန်လာ
အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ
အားလုံးက BGF ကို စောင့်ကြည့်နေကြသည်
ဝေါလေဗျူဟာနဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ ဝိုင်းထား (ရုပ်/သံ)














